← Chapters

နာမည်ကြီးထိုက်ပါပေတယ်

Vol. 11 Ch. 156

နာမည်ကြီးထိုက်ပါပေတယ်

Vol. 11 Ch. 156

အခန်း (၁၅၆) နာမည်ကြီးထိုက်ပါပေတယ်

မိန်းကလေး’ရှဲ့’ ၏ စကားကိုကြားတော့ ရွမ်ပင်းက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ကြေးမုံမှန်မျက်နှာပြင်ကိုကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

ကြေးမုံမှန်ထဲတွင် ရန်ကျောက်ကဲ ခြေလှမ်းလှမ်းလိုက်တိုင်း ကန်ရေပြင်ထက် လေများတိုက်ခတ်လာပြီး တိမ်တိုက်များမြင့်တက်လာသည်ကို တွေ့ရသည်။

လမ်းလျှောက်လာရင်း ရန်ကျောက်ကဲ၏ အကြည့်များက ပတ်ဝန်းကျင်တစ်ခုလုံကို လွှမ်းခြုံသွားပြီး တစ်နေရာအရောက်တွင် ရပ်တန့်သွားသည်။

ဝါးအိမ်ထဲရှိ ကြေးမုံမှန်မျက်နှာပြင်ထက်မှ ရန်ကျောက်ကဲသည် သူ့ထံသို့ တည့်တည့်စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသဖြင့် ရွမ်ပင်း ရင်ထိတ်သွားသည်။

အစီအရင်က ပိုင်းခြားထားပြီး ရှုမျှော်ခင်းအလွှာများဖုံးကွယ်ထားသည့်တိုင် ရန်ကျောက်ကဲ၏ စိတ်အာရုံက အဆုံးမဲ့အကွာအဝေးကို ဖြတ်ကျော်ကာ သူ၏တည်ရှိမှုကို အာရုံခံမိသွားဟန်ရှိသည်။

သူ့ကိုကြည့်နေရင်း ရန်ကျောက်ကဲ အနည်းငယ်ပြုံးလိုက်၏။

ရွမ်ပင်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ အစီအရင်က ပိုင်းခြားထားသဖြင့် ရန်ကျောက်ကဲ အနေဖြင့် သူ မည်သူမည်ဝါဖြစ်ကြောင်း မသိမြင်နိုင်သော်လည်း တစ်စုံတစ်ယောက်က အစီအရင်ကို အပြောင်းအလဲပြုလုပ်ပြီး သူ့ကိုစောင့်ကြည့်နေကြောင်း ခြေရာခံမိသည်ပင်။

ကြေးမုံမှန်ကို နောက်တစ်ကြိမ်ကြည့်လိုက်တော့ ရန်ကျောက်ကဲ၏ ခြေလှမ်းစည်းချက်များ ထူးဆန်းပြီး ရုတ်တရက် ရှေ့တက်လိုက် နောက်ပြန်ဆုတ်သွားလိုက် ရှိနေသည်။ အစီအရင်နှင့် ရင်းနှီးပြီးသားဖြစ်သော ရွမ်ပင်းသည် ရန်ကျောက်ကဲ အစီအရင်အတွင်းမှ လွတ်မြောက်ပြီး ကြည်လင်လျှို့ဝှက်ကျွန်းပေါ်သို့ ပြန်လည်ရောက်တော့မည်ကို သိရှိလိုက်သည်။

သူ လမ်းလျှောက်လိုက်တိုင်း လေထုနှင့်တိမ်တိုက်များ လှုပ်ရှားသွားပြီး အစီအရင်ကို လွှမ်းမိုးသွားသည်။

ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အစီအရင်ဗဟိုချက်သို့ ဝင်ရောက်ပြီး အစီအရင်တည်ဆောက်ထားသည့် ရတနာပစ္စည်းများကို မထိတွေ့ဘဲ ဝိညာဉ်စွမ်းအား စိတ်အာရုံဖြင့် အစီအရင်ကို ချိုးဖျက်ရန် စွမ်းအားနည်းနေသေးသည်။

သို့သော် ဤအတိုင်းသာဆက်သွားနေမည်ဆိုလျှင် အစီအရင်၏ပြောင်းလဲမှုက ပိုမိုကြီးမားလာပြီး လှိုင်းနက်ဂေဟာမှ အကြီးအကဲများ အလျှင်အမြန် ရိပ်မိသွားမည် ဖြစ်သည်။

ဖန်ကျွင်းနှင့် အခြားအကြီးအကဲများလည်းရှိနေကြလေရာ လှိုင်းနက်ဂေဟာက တင်းတင်းကျပ်ကျပ် ကြားနေဝါဒကျင့်သုံးကြောင်း ပြသနေသည့်အချိန် ဖြစ်သည်။ ထိုအချိန်တွင် ယခုကဲ့သို့ကိစ္စပေါ်လာပါက အရာအားလုံး ခက်ခဲကုန်မည်ဖြစ်ပြီး ရွမ်ပင်းသည်လည်း သေချာပေါက် ပြစ်တင်ရှုတ်ချခံရမည်ပင်။

ထို့ပြင် ယခု ရန်ကျာက်ကဲကို သူ ဘာမှမလုပ်နိုင်တော့ပေ။

သူက အစီအရင်စွမ်းအားကို ဆက်လက်မြှင့်တင်ပြီး မရဏအစီအရင်တစ်ခု ပြုလုပ်မည်ဆိုပါက သူ့ဘေးမှ ရှဲ့ယိုချန်က အရင်ဆုံး ကန့်ကွက်မည် ဖြစ်သည်။

ရှဲ့ယိုချန်က အေးဆေးတည်ငြိမ်စွာဖြင့်...

“မင်းက မောင်လေး’ရန်’ ကို ပညာစမ်းချင်တာဆိုရင်တော့ မင်းလုပ်တဲ့အလုပ် အောင်မြင်သွားပြီလို့ ယူဆလို့ရတယ်”

ခဏမျှ ငြိမ်သက်သွားပြီးနောက် ရွမ်ပင်းက...

“တကယ့်ကို ထူးခြားတာပဲ ၊ နာမည်ကြီးထိုက်ပါပေတယ်”

ထိုသို့ပြောပြီးသည်နှင့် ရွမ်ပင်းက လက်ကိုဆန့်ပြီး ကြေးမုံမှန်မျက်နှာပြင်ကို ပွတ်သပ်လိုက်ရာ မှန်ထဲမှမြင်ကွင်းက ချက်ချင်း ပျောက်ကွယ်သွားသည်။

***

ကန်ရေပြင်ထက်တွင်တော့ ရန်ကျောက်ကဲက ရုတ်တရက် ပြုံးလိုက်၏။ အစီအရင်တွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများ ပျောက်ကွယ်သွားပြီကို သိလိုက်သောကြောင့် ဖြစ်၏။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ချိန် သူ့နံဘေးမှ တိမ်တိုက်များနှင့် လေပြင်းတိုက်ခတ်မှုများ တဖြည်းဖြည်းငြိမ်သက်သွားသလို ခြေလှမ်းအရှိန်ကိုလည်း လျှော့ချလိုက်သည်။

သူ့နောက်မှလိုက်လာသည့် အားဟူကလည်း ရိုးရှင်းစွာပင် ရယ်မောလိုက်ရင်း...

“သခင်လေး... တစ်ဖက်လူ ရှုံးသွားပြီလား”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ရင်း...

“ရှုံးတယ်လို့တော့ ပြောလို့မရဘူး ၊ ငါတို့ဂိုဏ်းနဲ့ လှိုင်းနက်ဂေဟာကြားမှာ ဘာရန်ငြိုးမှ မရှိဘူးလေ ၊ ဘယ်သူမဆို သူ့လိုပဲ နောက်ဆုတ်သွားမှာပဲ ၊ ပြဿနာဖြစ်တဲ့အထိ လုပ်မှာမဟုတ်ဘူး”

ထိုအချိန်...

သူတို့ရှေ့မှ တိမ်ခိုးများကြားတွင် အစိမ်းရောင်ဝတ်ဆင်ထားသည့် မိန်းမပျို (၂)ယောက် ထွက်ပေါ်လာသည်။ သူတို့က မျက်နှာကိုဖုံးကွယ်သောပုဝါတပ်ဆင်ထားသည့် ဝါးခမောက်များကို ဆောင်းထားပြီး တစ်ယောက်က အရပ်မြင့်မြင့် ၊ တစ်ယောက်က အရပ်ပုပုဖြစ်သည်။

သူတို့က ကန်‌ရေပြင်ထက် လမ်းလျှောက်လာပြီး ရန်ကျောက်ကဲနှင့် အားဟူရှေ့သို့ ရောက်ရှိလာသည်။

အရပ်မြင့်မြင့်မိန်းမပျိုက ပုဝါနှင့်ချိတ်တွဲထားသည့် ဝါးခမောက်ကို ဖယ်ရှားလိုက်ရာ ကိုယ်ပိုင်ဟန်ဖြင့် တစ်မျိုးလေးလှပသော မျက်နှာလေးကို တွေ့မြင်ကြရသည်။ အခြားသူမဟုတ် ၊ ရှဲ့ယိုချန်ပင် ဖြစ်၏။

“မောင်လေး’ရန်’က အစီအရင်ပညာမှာလည်း တော်တာပဲကိုး”

ရှဲ့ယိုချန်က ပြုံးရင်းဆိုသည်။

“ငါ မင်းကို ပညာစမ်းချင်တာ မနေနိုင်တော့လို့ နည်းနည်းပါးပါး စ နောက် လိုက်တာပါနော် ၊ တောင်းပန်ပါတယ် ၊ မောင်လေး’ရန်’ စိတ်ထဲ မထားပါနဲ့”

ရှဲ့ယိုချန်ကိုတွေ့တော့ ရန်ကျောက်ကဲက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ရယ်မောလိုက်သည်။

“အစ်မ’ရှဲ့’ စကားတွေက အရမ်းလေးနက်နေပြီ ၊ အသေးအမွှားကိစ္စလေးတွေကို ကျွန်တော်က ဘာလို့ စိတ်ထဲထားပြီး အစ်မကို အပြစ်တင်နေရမတုန်း ၊ ဂိုဏ်းတူအစ်ကို’ရွှီဖေး’သာသိရင် ကျွန်တော့်ကို အပြစ်တင်မှာပေါ့”

“ဒါပေမဲ့ နောက်တစ်ခါ ပညာစမ်းမယ်ဆိုရင်တော့ ကြိုတင်သတိပေးပြီးမှ လုပ်ပေါ့ဗျာ ၊ အား... အခု ဘာမှပြင်ဆင်မထားတော့ ခက်ခဲတယ်လေ”

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ ရန်ကျောက်ကဲက ရှဲ့ယိုချန်နှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည်။

ရှဲ့ယိုချန်သည် လှိုင်းနက်ဂေဟာ၏ လူငယ်မျိုးဆက်သစ်များထဲတွင် ထိပ်တန်းအဆင့် တပည့်တစ်ယောက် ဖြစ်သည်။ ရှန်ထျန်း ‌နှောင်းပိုင်းအဆင့် သိုင်းပညာရှင်ဖြစ်ပြီး ရွမ်ပင်းထက်ပင် စွမ်းအားမြင့်မားသည်ဟု ဆိုနိုင်သည်။ သူမက ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။

အသက် (၃၀) ရှိပြီဖြစ်သောကြောင့် သေမျိုးလူသားများအမြင်တွင် အပျိုကြီးဖြစ်ပြီဟု ဆိုနိုင်သော်လည်း သူမက အလားအလာကောင်းသည့် ပါရမီရှင်တစ်ယောက်ဖြစ်လေရာ အသက်ရှည်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းနိုင်မည်ဟု ယူဆရသည်။ သို့ဆိုလျှင် အသက် (၃၀)ဆိုသည်က အသက်ကြီးပြီဟု မယူဆနိုင်တော့ပေ။

တစ်သက်လုံးလက်မထပ်ဘဲ ကျင့်ကြံနေကြသည့် မိန်းကလေးသိုင်းသမားများသည်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဒုနှင့်ဒေးပင်။

ရန်ကျောက်ကဲ သူမနှင့်ခင်မင်သည်ဆိုခြင်းက ရဲ့ကျုန်းကျိုးနှင့် ခင်မင်သကဲ့သို့ပင် ဖြစ်သည်။ ရန်ကျောက်ကဲ၏ ဂိုဏ်းတူအစ်ကို ‘ကောင်းကင်ဂဠုန်’ ရွှီဖေးနှင့် ရှဲ့ယိုချန်က ရင်းနှီးသည့်အတွက် သူနှင့်လည်း ခင်မင်လာခြင်း ဖြစ်သည်။

ရှဲ့ယိုချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း...

“မောင်လေး’ရန်’ကတော့ နောက်ပြီ ၊ အစ်ကို’ရွှီဖေး’နဲ့ ဆုံတုန်းက သူက မင်းဘယ်လောက်တော်ကြောင်း ၊ မင်းကြောင့် ဝါဒတောင်တစ်ခုလုံး ဂုဏ်တက်ရတဲ့အကြောင်းတွေ တစ်နေကုန် ချီးကျူးနေတာလေ”

ရန်ကျောက်ကဲက...

“ဗျာ... တစ်နေကုန် ဟုတ်လား ၊ မဖြစ်နိုင်ဘူး... တစ်ခုခုတော့ မှားနေပြီထင်တယ် ၊ တစ်ခုခု‌တော့မှားနေပြီထင်တယ်”

ရှဲ့ယိုချန်က ရန်ကျောက်ကဲကို လက်ညှိုးထိုးလိုက်ရင်း...

“မင်းကတော့လေ...”

ထို့နောက် သူမက နံဘေးမှ အရပ်ပုပုမိန်းကလေးဘက်သို့ လှည့်ကြည့်လိုက်ပြီး...

“ဒါက ငါ့ရဲ့ဂိုဏ်းတူညီမလေး ကျန်းယောင် ၊ မင်းနဲ့တစ်ခါမှ မတွေ့ဖူးဘူး ၊ သူနဲ့ နည်းနည်းပါးပါးခင်အောင်လုပ်ပြီး ယောင်အာလေးကို အပြင်မှာတွေ့ရင်လည်း ဂရုစိုက်ပေးပါဦးနော်”

မိန်းကလေးက ဝါးခမောက်ကို ချွတ်လိုက်သည့်အခါ ပန်းနုရောင်သမ်းသည့် မျက်နှာဝိုင်းဝိုင်းလေးပေါ်လာသည်။ သူမက စစ်ခုန်ချင်းနှင့် ရွယ်တူခန့် ဖြစ်သည်။

သူမက ချက်ချင်းပင် ရန်ကျောက်ကဲကို ဦးညွှတ်လိုက်ရင်း...

“လှိုင်းနက်ဂေဟာက ကျန်းယောင် အစ်ကိုကြီး’ရန်’ကို ဂါရဝပြုပါတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ငါလည်း ညီမလေး’ကျန်း’နဲ့တွေ့ရတာ ဝမ်းသာပါတယ်”

ရှဲ့ယိုချန်က...

“ကောင်းပြီ ၊ ဒါနဲ့... မောင်လေး’ရန်’... ဒီရေကန်ပေါ်က တာအိုတရားကို ဆက်လေ့လာဦးမှာလား”

ရန်ကျောက်ကဲက...

“စောစောက အများကြီးလေ့လာထားပြီးပြီ ၊ ပြန်ပြီးခွဲခြမ်းစိတ်ဖြာကြည့်ဖို့ပဲ ကျန်တော့တယ် ၊ ဒါကြောင့် ဒီနေရာမှာ ဆက်နေဖို့ မလိုတော့ဘူး”

သူက ဆက်ပြောသည်။

“ဒီ ကြည်လင်လျှို့ဝှက်ရေကန်အနီးတစ်ဝိုက်မှာ တခြားလှပတဲ့ရှုခင်းတွေလည်းရှိတယ်လို့ ကျွန်‌တော်ကြားဖူးတယ် ၊ အဲဒါ လျှောက်ကြည့်လို့ရနိုင်မလား အစ်မ ၊ ပြီးတာ့ ဒီဒေသထွက် ထူးခြားရတနာပစ္စည်းတွေဘာတွေလည်း ကြည့်ချင်သေးတယ် ၊ အဆင်ပြေမယ်ဆိုရင် ဝယ်ချင်တယ်လေ”

ရှဲ့ယိုချန်က...

“ဒါလည်းကောင်းတယ် ၊ အစ်မ မင်းကို လိုက်ပို့ပေးမယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒါဆိုရင်တော့ အစ်မ’ရှဲ့’နဲ့ ညီမလေး’ကျန်း’ကိုပဲ ဒုက္ခပေးရတော့မယ်”

(၄)ယောက်သားထွက်ခွာလာကြပြီး ကြည်လင်လျှို့ဝှက်ကျွန်း၏ ရတနာပစ္စည်းများ ရရှိနိုင်သည့် နေရာသို့ သွားရောက်လည်ပတ်ကြသည်။ ထိုနေရာမှ ပစ္စည်းအတော်များများ ဝယ်ယူခဲ့ပြီး ရန်ကျောက်ကဲ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ သူ ရရှိခဲ့သည့် ပစ္စည်းများက သူလိုချင်နေသည့်ပစ္စည်းများသာ ဖြစ်သည်။

အခြားသူများ၏ အမြင်တွင်တော့ သူတို့က သာမန်ထက် မပိုပေ။

သူတို့ လမ်းလျှောက်လာကြရင်း ကောင်းကင်ထက်တွင် ထူးဆန်းသည့် ငှက်တစ်ကောင်က တိမ်လွှာများကို ထိုးဖောက်ပျံသန်းလာသည်ကို တွေ့လိုက်ကြရသည်။ ထိုငှက်က ရန်ကျောက်ကဲတို့ အုပ်စုကို တွေ့မြင်သွားသည်။

ကောင်းကင်ထက်မော့ကြည့်လိုက်တော့ ထိုငှက်က ငန်းတစ်ကောင်နှင့်တူသည့်တိုင် အရွယ်အစား ပိုမိုသေးငယ်ပြီး သူ့တစ်ကိုယ်လုံးက မီးရောင်တောက်ပနေသည့်အတွက် တိမ်တိုက်များကြားတွင် ထူးခြားပေါ်လွင်နေသည်။

ရန်ကျောက်ကဲက...

“အဲဒါ အစ်မတို့ဂိုဏ်းက လေ့ကျင့်ပေးထားတဲ့ မီးငန်း မဟုတ်လား ၊ သူက ကြည်လင်လျှို့ဝှက်ရေကန်က တိမ်တိုက်တွေကြားထဲမှာ အတားအဆီးမရှိ ပျံသန်းနိုင်စွမ်း ရှိတယ်လေ ၊ ပြီးတော့ အစ်မတို့ဂိုဏ်းက တပည့်တွေကို အတိအကျ ရှာဖွေနိုင်ပြီး လျှင်မြန်တဲ့ စာပို့ဆက်သွယ်မှုကိုလည်း ပြုလုပ်နိုင်တယ်မလား ၊ အရမ်းကောင်းတာပဲ”

ထို့နောက် သူကပြုံးပြီး ချီးကျူးစကားဆိုသည်။

“အခု ဒီနေ့တွေ့လိုက်ရတော့ ကြားထားတဲသတင်းနဲ့ ကျော်ကြားမှုက တကယ့်ကိုထိုက်တန်တာပဲ”

ရှဲ့ယိုချန်က...

“အဲဒီငှက်ရဲ့ စိတ်ပျက်စရာတွေကိုလည်း မောင်လေး’ရန်’သိအောင် ပြရမယ်”

သူမက လက်ကိုဆန့်ထုတ်လိုက်ရာ မီးငန်းသည် အောက်သို့ဆင်းသက်လာပြီး လက်ပေါ်တွင်နားလိုက်သည်။

ရှဲ့ယိုချန်က ငှက်ခြေထောက်တွင်ချိတ်ထားသော စာတိုလေးကို ယူလိုက်ပြီး မျက်ခုံးအနည်းငယ်ပင့်ကာ ဖတ်လိုက်သည်။

“အိုး... ဒီနားတစ်ဝိုက်မှာ ဖီရှိုးတကယ်ရောက်နေပြီပဲ”

ဖီရှိုးတစ်ကောင် ရေကန်တွင်ရောက်ရှိနေသည့်သတင်းကိုကြားရသည့်အခါ လှိုင်းနက်ဂေဟာအကြီးအကဲများက အလျင်လိုခြင်း မရှိပေ။ သူတို့က စွမ်းအားမြင့်မားသည့် ပညာရှင်များကို အလောတကြီး မစေလွှတ်ကြပေ။

သတင်းရသည်နှင့် သူတို့က ရေကန်တွင်ရှိနေသည့် တပည့်တစ်ယောက်ကို ထိုပြဿနာဖြေရှင်းရန် တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ရှဲ့ယိုချန်နှင့် ကျန်းယောင်တို့ ရေကန်အနီးအနားတွင် ရှိနေကြသည့်အတွက် ထိုကိစ္စကိုဖြေရှင်းရန် မီးငန်းစေလွှတ်ကာ အကြီးအကဲများက တာဝန်ပေးလိုက်ကြခြင်းပင်။

“အစ်မတို့တော့ မောင်လေး’ရန်’ကို ဆက်ပြီးလိုက်ပို့မပေးနိုင်တော့ဘူး ၊ ကိစ္စတစ်ခုခု ရှိလာပြီ”

ထို့နောက် သူမက ရန်ကျောက်ကဲကို ကြည့်လိုက်ရင်း...

“ဒါပေမဲ့ ဖီရှိုးက ရှားပါးသတ္တဝါတစ်ကောင်ပဲ ၊ မင်း သူ့ကို လိုက်ကြည့်ချင်လား မောင်လေး’ရန်”

ရန်ကျောက်ကဲက ပြုံးရင်းခေါင်းညိတ်လိုက်သည်။

“အစ်မ ခွင့်ပြုမယ်ဆိုရင် လိုက်ကြည့်ချင်တာပေါ့ ၊ ဒဏ္ဍာရီလာဖီရှိုးသတ္တဝါကို ကျွန်တော် တစ်ခါမှ အပြင်မှာ မတွေ့ဖူးဘူး”

မကြာမီ သူတို့အုပ်စု အနီးအနားမှ ကျွန်းငယ်လေးတစ်ခုသို့ လျှင်မြန်စွာ ရောက်ရှိလာကြသည်။

ရန်ကျောက်ကဲတို့အုပ်စု ကျွန်းပေါ်သို့ ရောက်ရှိလာစဉ် ထိုကျွန်း၏ တောအုပ်ထဲဝယ် တစ်စုံတစ်ယောက် ကြိုတင်ရောက်ရှိနေခဲ့သည်။

သို့သော် ထိုသူက ပုန်းအောင်းနေပြီး ရန်ကျောက်ကဲတို့ လမ်းလျှောက်သွားသည်ကို တိတ်တဆိတ်ကြည့်နေသည်။

ရန်ကျောက်ကဲကို တွေ့သည့်အခါ အလွန်တရာ အံ့အားသင့်သွားဟန်ရှိသော်လည်း သူ့ကို သတိမပြုမိစေရန် ချက်ချင်းပင် အကြည့်လွှဲလိုက်၏။

ထိုသူ၏ မျက်လုံးများက သွေးဆာနေသည့်အလား တဖျတ်ဖျတ်လင်းလက်နေပြီး သူ့မျက်နှာထက်တွင် အေးစက်သည့်အပြုံးတစ်ခု လွှမ်းခြုံထားသည်။

သူသည်ကား အဆုံးမဲ့တောင်တန်းမှ ‘လျိုရှန်းဖုန်း’မှ လွဲပြီး အခြားသူ မဟုတ်ပေ။

All Chapters