← Chapters

အခန်း ၄၇၁

Vol. 48 Ch. 471

အခန်း ၄၇၁

Vol. 48 Ch. 471

အခန်း (၄၇၁)

" ဒီနေ့ စွမ်းရည်အားလုံး တစ်သောင်းပြည့်လောက်ပြီ။ ငါ တစ်လကျော် ကြိုးစားလေ့ကျင့်ခဲ့တာ နောက်ဆုံးတော့ အထွတ်အထိပ် ရောက်တော့မယ်။ အမှတ်ကိုးထောင်က အဆင့်သုံးရတနာသေတ္တာရခဲ့တာဆိုတော့ အမှတ်တစ်သောင်းက အဆင့်လေး ရတနာသေတ္တာ ရလိမ့်မယ်ထင်တယ်။ " ​ကျောက်ဖုန်းက အိပ်ခန်းထဲသို့ ဝင်လာသည်နှင့် စိတ်လှုပ်ရှားနေသည်။

ချက်ချင်းပင် သူက ခြေချိတ်ထိုင်ပြီး စတင်ကျင့်ကြံလိုက်သည်။ ခဏအတွင်း ရွှေရောင်နဂါးပုံရိပ်လေးခုက ကျောက်ဖုန်း၏ ခေါင်းအထက်တွင် ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူတော့သည်။ ထိုစွမ်းအားများက ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေသည်။

စိတ်ဝိညာဉ်စွမ်းအားများ၏ ထောက်ပံ့မှုဖြင့် ကျောက်ဖုန်း၏ စွမ်းရည်များက တည်ငြိမ်စွာ တိုးတက်လာသည်။ ညဉ့်နက်အချိန်သို့ ရောက်သောအခါ....

ဝုန်း...

ကြောက်စရာကောင်းသော အော်ရာတစ်ခုက ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူ၏ ဒန်တျန်ထဲမှ ယွမ်စွမ်းအားများကလည်း တဟုန်ထိုး တိုးတက်လာသည်။ ထို့နောက် သူ၏ ရုပ်ခန္ဓာကလည်း အဆက်မပြတ် တိုးတက်လာသည်။

သူက ရုပ်ခန္ဓာနှင့် စွမ်းအား နှစ်ခုလုံးကို ကျင့်ကြံသည်။ နဂါးဆင်ကျမ်းက ရုပ်ခန္ဓာကို လေ့ကျင့်ပေးပြီး အခြားကျင့်စဉ်များက ယွမ်စွမ်းအားကို ကျင့်ကြံသည်။

" ကောင်းကင်ဖြစ်စဉ်အဆင့် ယွမ်စွမ်းအားကို ကောင်းကင်နဲ့မြေကြီးနဲ့ ချိတ်ဆက်ပြီး ရန်သူကို တိုက်ခိုက်ဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ငှားရမ်းအသုံးပြုနိုင်တယ်။ ဒါက ကောင်းကင်ဖြစ်စဉ်ကိုတောင် သက်ရောက်မှုရှိနိုင်တယ်။ " ကျောက်ဖုန်းက ချက်ချင်း နားလည်သွားပြီး သူ၏ အချက်အလက်များကို ကြည့်လိုက်သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၂၈နှစ်

အစစ်အမှန်ယွမ် - ၁၀၂၀၃ မှတ်

နဂါးဆင်စွမ်းအား - ၁၀၅၄၅ မှတ်

နတ်ရွေ့လျားခြင်း - ၁၀၂၄၅ မှတ်

ဟောက်ထျန်းခန္ဓာ - ၁၀၂၄၃ မှတ်

နတ်ဘုရားအာရုံ - ၁၀၃၂၉ မှတ်

ဝိညာဉ်စွမ်းအား - ၆၇၅၄ မှတ်

သက်တမ်း - ၅၄၃ နှစ် နယ်ပယ်သက်တမ်း ၅၀၀၀ နှစ်

စွမ်းဆောင်မှုရမှတ် - ၁၂၃၄ မှတ်

သိုလှောင်နေရာ - ၁၀၀၀၉၉ ကုဗမီတာ

ကျင့်စဉ် - သိုင်းဧကရာဇ်နဂါးကျမ်း

သိုင်းပညာ - ခေတ်ကာလများကို ပိုင်းခြားသောဓား၊ နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး။

" ဝိညာဉ်စွမ်းအားကလွဲရင် ကျန်တဲ့စွမ်းရည်အားလုံး အဆင့်တက်သွားပြီ။ အခုဆို ကွေ့ကူကျိတောင် ငါ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

" စွမ်းရည်အားလုံး တစ်သောင်းကျော်ထိ တိုးတက်သွားတဲ့အတွက် အဆင့်လေး ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" အဆင့်လေးရတနာသေတ္တာ အဆင့်မြင့်လေ ကျင့်ကြံရတာ ပိုခက်လေပဲ။ ဒါပေမယ့် ကမ္ဘာကြီးက ကျယ်ဝန်းတယ်။ ရန်သူတွေ အများကြီး ရှိနေတယ်။ သူတို့အားလုံးက ငါ့ရဲ့ စွမ်းရည်အမှတ်တွေ ဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် တွေးလိုက်သည်။

" ရတနာသေတ္တာတွေ ဖွင့်မယ်။ "

" အဆင့်သုံး ရတနာသေတ္တာကို ဖွင့်နေပါပြီ။ အင်မော်တယ်အဆင့် အဆင့်မြင့် သူတော်စင်နန်းတော်ကျင့်စဉ်ကို ရရှိပါတယ်။ "

" အဆင့်လေးရတနာသေတ္တာကို ဖွင့်နေပါပြီ။ အင်မော်တယ်အဆင့် အဆင့်မြင့် ဓာတ်ငါးမျိုးပုလဲကို ရရှိပါတယ်။ "

" သူတော်စင်နန်းတော်ကျင့်စဉ် ထုတ်ယူမယ်။ " ကျောက်ဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။ လျိူ့ဝှက်ဆန်းကြယ်သော ကျင့်စဉ်တစ်ခုက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ သူက ထိုကျင့်စဉ်ကို နားလည်ရန် အပြည့်အဝ နစ်မြှုပ်သွားသည်။

အချိန်အတော်ကြာပြီးနောက် ကျောက်ဖုန်းက မျက်လုံးများဖွင့်လိုက်သည်။

" သိုင်းဧကရာဇ်နဂါးကျမ်းက နိုင်ငံရဲ့ ကံကြမ္မာစွမ်းအားကို အသုံးပြုနိုင်ပေမယ့် အပြည့်အဝ မထုတ်ဖော်နိုင်သေးဘူး။ အပြည့်အဝသာ ထုတ်ဖော်နိုင်ရင် တစ်နေ့ကို စွမ်းရည်အမှတ် ၁၀၀ ထက် ပိုရမှာ။ ဒါပေမယ့် ဒီသူတော်စင်နန်းတော်ကျင့်စဉ်က ကံကြမ္မာစွမ်းအားကို အမှန်တကယ် စုစည်းပေးနိုင်ပြီး ကံကြမ္မာနိုင်ငံတစ်ခု တည်ထောင်ဖို့ နည်းလမ်းတစ်ခုပဲ။ "

" ဒါက သက်ရှိအားလုံးရဲ့ လမ်းစဉ် လူသားတာအိုကိုတောက် နိုးထစေနိုင်တယ်။ ကောင်းကင်တာအိုမဟုတ်ဘဲ လူသားတာအိုဖြစ်တယ်။ ဒီလမ်းစဉ်ကို လျှောက်လှမ်းရင် အနာဂတ်မှာ လူသားတာအိုဘိုးဘေးဖြစ်လာနိုင်တယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

ကံကြမ္မာစွမ်းအားကို စုစည်းပြီး ကံကြမ္မာနိုင်ငံကို တည်ထောင်သော ကျင့်စဉ်။ ထိုကံကြမ္မာနိုင်ငံ၏ ကံကြမ္မာစွမ်းအားနှင့် သူက စည်းမျဉ်းများကို တိုက်ခိုက်ပြီး စည်းမျဉ်းများ၏ ချုပ်နှောင်မှုမှ လွတ်မြောက်ကာ သူ၏ သက်တမ်းကို ပြန်လည်ရရှိနိုင်ပေလိမ့်မည်။

" အနာဂတ်ကတော့ တကယ်အလားအလာကောင်းတယ်။ " ကျောက်ဖုန်းက ​ကျေနပ်စွာ တွေးလိုက်သည်။

" ဓာတ်ငါးမျိုးပုလဲကို ထုတ်ယူမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်နှင့် အရောင်ငါးမျိုးပါဝင်သော ပုလဲတစ်လုံးက သူ၏ ရှေ့တွင် ပေါ်လာသည်။ ၎င်းပေါ်လာသည်နှင့် ကျောက်ဖုန်းက နိယာမများကို နားလည်နိုင်သော အဆင့်သို့ မရောက်သေးသော်လည်း နိယာမများ၏ တည်ရှိမှုကို ခံစားလိုက်ရသည်။

" ဒီပုလဲထဲမှာ နိယာမစွမ်းအားတွေ ပါဝင်နေ​တယ်။ ဓာတ်ငါးမျိုး သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး အခြေခံနိယာမတွေပဲ။ ငါ့ရဲ့ လက်ရှိအဆင့်က နိယာတွေကို နားလည်နိုင်တဲ့အဆင့်ကို မရောက်သေးပေမယ့် ဒီနိယာမတွေကိုတော့ ခံစားမိတယ်။ တကယ်အံ့ဩစရာပဲ။ " ကျောက်ဖုန်းက ဓာတ်ငါးမျိုးပုလဲကို ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။

" နိယာမပစ္စည်းတွေကို ရှာဖွေပါ။ သိုင်းတာအိုနတ်ဘုရားအဆင့်ကို ရောက်ရင် နိယာမစွမ်းအားကို စုဆောင်နိုင်ပါတယ်။ " ကျောက်ဖုန်းက ဓာတ်ငါးမျိုးပုလဲကို ထိလိုက်သည်နှင့် သူ၏ စိတ်ထဲတွင် အကြောင်းအရာတစ်ခု ပေါ်လာသည်။

" နိယာမစွမ်းအားကို စုဆောင်းရမှာလား။ ဒါက သဘာဝတရားကို ဆန့်ကျင်တာမဟုတ်လား။ " ကျောက်ဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။ သို့သော် လက်ရှိအချိန်တွင် စုဆောင်းနိုင်ပုံမရပေ။

ထို့နောက် ကျောက်ဖုန်းက ဓာတ်ငါးမျိုးပုခဲကို ကြည့်ပြီး ကမ္ဘာငယ်အကြောင်းကို တွေးမိသွားသည်။

" ကမ္ဘာငယ်က ပျက်စီးသွားတဲ့ ကမ္ဘာတစ်ခုပဲ။ နိယာမတွေလည်း မရှိတော့ဘူး။ ဒီကမ္ဘာထဲကို နိယာမတွေ ထည့်ပေးလိုက်ရင် ကမ္ဘာငယ်က ပြန်ရှင်သန်လာပြီး အစစ်အမှန်ကမ္ဘာတစ်ခု ဖြစ်လာမှာ မဟုတ်လား။ "

ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ကမ္ဘာငယ်ဆီသို့ ဆင်းသက်သွားသည်။ ကမ္ဘာငယ်က ဆက်လက်တိုးတက်နေဆဲဖြစ်သည်။

" ဓာတ်ငါးမျိုးပုလဲက ကမ္ဘာငယ်ကို ပြောင်းလဲနိုင်ရင် အနာဂတ်မှာ ငါရမယ့် အကျိုးအမြတ်က နိယာမတွေစုဆောင်းတာထက် ပိုလိမ့်မယ်။ ကမ္ဘာငယ်က အစစ်အမှန်ကမ္ဘာဖြစ်လာရင် ငါက ကောင်းကင်တာအိုဖြစ်လို့ အကျိုးအမြတ်အားလုံးကို ရရှိလိမ့်မယ်။ " ကျောက်ဖုန်းက ဓာတ်ငါးမျိုးပုလဲကို ကမ္ဘာငယ်သို့ ယူဆောင်လာသည်။

" ဓာတ်ငါးမျိုးပုလဲကို ကမ္ဘာငယ်ထဲ တိုက်ရိုက်ထည့်လိုက်ရင် နိယာမငါးမျိုးရဲ့ စွမ်းအားကို အလိုအလျောက် စုပ်ယူနိုင်မလားမသိဘူး။ " ကျောက်ဖုန်းက နတ်ဘုရားအာရုံကို အသုံးပြုပြီး ဓာတ်ငါးမျိုးပုလဲကို ကမ္ဘာငယ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

ဝုန်း...

ကမ္ဘာငယ်တစ်ခုလုံးက တုန်ခါသွားပြီး ဓာတ်ငါးမျိုးပုလဲမှ နိယာမစွမ်းအား​များက ကမ္ဘာငယ်အတွင်းသို့ ဖြည်းညင်းစွာ ပေါင်းစပ်သွားသည်။

" တကယ်ဖြစ်နိုင်တာပဲ။ ကမ္ဘာငယ်က ဓာတ်ငါးမျိုးပုလဲကို သန့်စင်ဖို့က အချိန်လိုအပ်တယ်။ "

ကမ္ဘာငယ်က ဓာတ်ငါးမျိုးပုလဲမှ နိယာမစွမ်းအားများကို တဖြည်းဖြည်း စုပ်​ယူပြီး ၎င်း၏ ကိုယ်ပိုင်နိယာမများအဖြစ် ပြောင်းလဲနေသည်ကို ကျောက်ဖုန်းက ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သို့သော် ၎င်းက အချိန်လိုအပ်သည်။

" နောက်တစ်ခုကတော့ ထိုင်တောင်မှာ ချင်ရှီဟွမ်ရဲ့ အခမ်းအနားကို စောင့်ကြည့်ဖို့ပဲ။ "

ထိုက်တောင်အခမ်းအနားကို ချင်ရှီဟွမ်က စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ချင်ရှီဟွမ်၏ ကျောက်စိမ်းတံဆိပ်က ဧကရာဇ်၏ အမှတ်သင်္ကေတဖြစ်လာသည်။

" ဧကရာဇ်မင်းမြတ် ဝန်ကြီးချုပ်ဟန်က ထိုက်တောင်ကို သွားမယ့် လမ်းကြောင်းကို ပြီးစီးသွားပြီလို့ သတင်းပို့ပါတယ်။ ဧကရာဇ်မင်းမြတ် အခု ထိုက်တောင်ကို ထွက်ခွာနိုင်ပါပြီ။ " ကျောက်ကောင်းက ရင်ကျန့်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ရှန်းယန်မှာ ကျန်ခဲ့မယ့် ဝန်ကြီးတွေကလွဲရင် အခြားဝန်ကြီးတွေအားလုံး တံဆိပ်ခတ်နှိပ်ခြင်းအခမ်းအတားအတွက် ထိုက်တောင်ကို ငါနဲ့အတူ လိုက်ခဲ့ရမယ်။ နန်းတွင်းကိုယ်ရံတော်ငါးထောင်က လိုက်ပါရမယ်။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

" အာဖန်း အချိန်ကျပြီ။ မင်းနဲ့ ဖုန်းအာကို အားလုံးရှေ့မှာ ကြေညာတော့မယ်။ မင်းတို့ထိုက်တန်တာကို ပြန်ရစေရမယ်။ " ရင်ကျန့်က မျှော်လင့်ချက်များဖြင့် တွေးလိုက်သည်။

ထိုက်တောင်။

၎င်းက ရှန်းကျိုးတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီး ကောင်းကင်နှင့် အနီးဆုံးနေရာဟု သတ်မှတ်ကြသည်။ ယခု ကမ္ဘာတစ်ဝန်းလုံးတွင် သတင်းများ ပျံ့နှံ့နေသည်။ ကမ္ဘာကို စုစည်းခဲ့သော ပထမဆုံးဧကရာဇ် ချင်ရှီဟွမ်က ထိုက်တောင်တွင် တံဆိပ်ခတ်နှိပ်ခြင်း အခမ်းအနားကို လုပ်ပြီး ကောင်းကင်ကို ပူဇော်မည်ဖြစ်သည်။

ချင်ရှီဟွမ်၏ ထိုက်တောင်ခရီးစဉ်က ယခင်နိုင်ငံဟောင်းများကို ဖြတ်သန်းသွားမည်ဖြစ်သည်။ ဟန်ဖေးက ချင်ရှီဟွမ်အတွက် အမြန်ဆုံးလမ်းကြောင်းတစ်ခုကို စီစဉ်ထားပြီးသားဖြစ်သည်။ စစ်ရွှေခရိုင်မှ ချူနယ်မြေကို ဖြတ်ပြီး ချီနယ်မြေသို့ ဝင်မည်ဖြစ်သည်။

စစ်ရွှေခရိုင်။

လူများသွာက မြို့လမ်းမကြီးဆီသို့ တိုးဝေ့လာနေကြပြီး မျှော်လင့်ချက်များဖြင့် ကြည့်နေကြသည်။

" ချင်ရှီဟွမ် ရောက်လာတော့မယ်။ သူက ခေတ်အဆက်ဆက်မှာ ပထမဆုံး ဧကရာဇ်ပဲ။ "

" ဒီနေ့တော့ ဧကရာဇ်က ဘယ်လိုပုံစံလဲဆိုတာ မြင်တွေ့ရတော့မယ်။ "

လမ်းမ၏ ဘေးနှစ်ဖက်တွင် ခရိုင်စစ်သည်များက အလုပ်ရှုပ်နေကြပြီး နန်းတွင်းကိုယ်ရံတော်များကလည်း နေရာအသီးသီးတွင် စောင့်ကြပ်နေကြသည်။

" ဟေ့ လူမိုက်လျိုကျိ မင်းလည်း ဒီနေ့ ဧကရာဇ်ကို လာကြည့်တာလား။ "

" မင်းအလုပ်မင်းလုပ်ပါ။ "

" ဟားဟား လူမိုက်လျိုကျိက လူမိုက်ဖြစ်ပေမယ့် အစိုးရအရာရှိဖြစ်​ချင်နေတာ။ မင်းသာ အရာရှိဖြစ်လာရင် ငါတို့က ခရိုင်အုပ်ချုပ်ရေးမှူးတွေ ဖြစ်နေလောက်ပြီ။ "

လမ်းဘေးတွင် လူအနည်းငယ်က ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကို စနောက်လှောင်ပြောင်နေကြသည်။ သို့သော် ပတ်ဝန်းကျင်မှ လှောင်ပြောင်မှုများကို လျိုကျိက ဂရုမစိုက်ဘဲ ကျင့်သားရနေပုံရသည်။

All Chapters