အခန်း ၄၇၃
Vol. 48 Ch. 473
အခန်း (၄၇၃)
" မိဖုရားခေါင်ကြီး ပလ္လင်ပေါ်ကို ကြွပါ။ " ဝမ်ကျန့်ကနှင့် ထိုအကြောင်းကို သိသော ဝန်ကြီးများက ရှတုန်အာကို ဦးညွှတ်လိုက်ကြသည်။
" သူတို့ သိနေကြတာလား။ " ဟွိုက်ကျွမ်းနှင့် အခြားသူများက ဝမန်ကျန့်တို့ကို ကြည့်ပြီး မှင်သက်သွားကြသည်။
" အကိုရင်က ချင်နိုငငံဟာ ဖုန်းအာမပါလို့မဖြစ်ဖူးလို့ ပြောခဲ့တယ်။ ပြီးတော့ ဖုန်းအာကလည်း အဲ့ဒီအာဏာကို လိုချင်တယ်။ ဒီလိုဆိုမှတော့..." ရှတုန်အာက သူမ၏ စိတ်ကို ထိန်းချုပ်လိုက်ပြီး လှေကားထစ်များဆီသို့ လျှောက်သွားသည်။
ရှတုန်အာကို မြင်သောအခါ တောင်ထိပ်ပေါ်မှ လူအားလုံးက မှင်သက်သွားကြသည်။
" အကြီးဆုံးသားတော်က ကျောက်ဖုန်းလား။ ငါ သူ့ကို တကယ်ပဲ ယှဉ်နိုင်ပါ့မလား။ " ဟူဟိုက်က ကျောက်ဖုန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
အခြားသူဆိုလျှင် ဟူဟိုက်က တစ်မျိုးတွေးမိပေလိမ့်မည်။ သို့သော် ကျောက်ဖုန်းဖြစ်နေသောကြောင့် ဟူဟိုက်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုတစ်ခု ပေါ်လာသည်။ ကျောက်ဖုန်းက သတ်ဖြတ်ခြင်းနတ်ဘုရားဟု ဂုဏ်သတင်းကြီးသူဖြစ်သည်။
" ဒါကြောင့်ကိုး။ ခမည်းတော်က ဝူအန်းကျွင်းကို ဘာလို့ ဒီလောက်မျက်နှာသာပေးလဲဆိုတာ အခုမှသိတော့တယ်။ သူက ငါတို့ရဲ့ အကိုဖြစ်နေတာကိုး။ သူ့ရဲ့ အထောက်အထားကို သိလိုက်တဲ့အချိန်ကတည်းက ခမည်းတော်က သူ့နေရာကို ဆုံးဖြတ်ပြီးသားဖြစ်လိမ့်မယ်။ ခမည်းတော်က ငါနဲ့ ဟူဟိုက်ကို ညီလာခံတက်ခွင့်ပေးခဲ့တာ သူ့ဆီက အာရုံတွေကို ငါတို့ဆီ လွှဲပေးဖို့ပဲ။ ခမည်းတော်က တကယ်ကို ဗျူဟာကျွမ်းကျင်တဲ့သူပဲ။ " ဖုစုက အားလုံးကို နားလည်သွားသည်။
" ငါတို့တော့ သွားပြီ။ " ဟွိုက်ကျွမ်းက ကျောက်ဖုန်းကို ကြည့်ပြီး သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားသည်။
ချွန်းယွီယွဲ့၏ မျက်နှာကလည်း ဖြူဖျော့သွားပြီး ကွန်ဖြူရှပ်ပညာရှင်များလည်း အတူတူပင်ဖြစ်သည်။ ကျောက်ဖုန်းက အိမ်ရှေ့စံဖြစ်လာလျှင် စစ်ရေးဗျူဟာကို အသုံးပြုမည်ဖြစ်ပြီး ကွန်ဖြူရှပ်ဝါဒကို ဘေးဖယ်ထားမည်ဖြစ်သည်။
" အာဖန်း တက်လာခဲ့ပါ။ " ရင်ကျန့်က နူးညံ့စွာ ပြောလိုက်သည်။
နှစ်ပေါင်းမျာစွာကြားသော ချစ်ခင်မှုများ၊ လွမ်းဆွတ်မှုများ၊ အပြစ်ရှိသလိုခံစားချက်များ အရာအားလုံးက ရင်ကျန့်၏ အကြည့်ထဲတွင် ပါဝင်နေသည်။
လူတိုင်း၏ အကြည့်အောက်တွင် ချင်နိုင်ငံ၏ မိဖုရာခေါင်ကြီး ရှတုန်အာက ယဇ်ပလ္လင်ပေါ်သို့ တက်လှမ်းသွားသည်။ သူမက ချင်နိုင်ငံ၏ မိဖုရာခေါင်ကြီး နိုင်ငံတော်၏ မိခင်ဟူသော အမြင့်မြတ်ဆုံးနေရာသို့ တက်လှမ်းသွားခဲ့သည်။
ရှတုန်အာက ရင်ကျန့်၏ ရှေ့သို့ ရောက်သွားပြီး ရင်ကျန့်က ရှေ့တိုးကာ ရှတုန်အာ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
" တုန်အာ နောက်ဆုံးတော့ ငါလုပ်နိုင်ခဲ့ပြီ။ ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုနဲ့ ငါမင်းကို ပြန်ခေါ်လာနိုင်ခဲ့ပြီ။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ရှန်တုန်အာက တစ်ချိန်က သူနှင့်အတူ ချင်နိုင်ငံသို့ ပြန်လာခဲ့သော ဆယ်ကျော်သက်အရွယ် မိန်းကလေးမဟုတ်ဘဲ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း ရင်ကျန့်အတွက်တော့ သူမက ကမ္ဘာပေါ်တွင် အလှဆုံး အမျိုးသမီးတစ်ယောက် ဖြစ်ပေသည်။ ရင်ကျန့်က ရှတုန်အာကို ပွေ့ဖက်လိုက်သည်။
" သေချာတွေးကြည့်တော့ ငါက တကယ် ချင်ရှီဟွမ်ရဲ့ သားဖြစ်နေတာထင်တယ်။ ငါ တကယ်ကို ဟာသကြီးတစ်ခု လုပ်လိုက်တာပဲ။ " ကျောက်ဖုန်းက ကူကယ်ရာမဲ့စွာဖြင့် တွေးလိုက်သည်။
ရင်ကျန့်နှင့် သူ၏ မိခင်တို့ ရင်နှီးစွာ ပွေ့ဖက်ထားသည်ကို မြင်သောအခါ သူတို့၏ နက်ရှိုင်းသော ချစ်ခင်မှုကို ခံစားလိုက်ရသည်။ ယခုအချိန်တွင် သူ၏ မိခင် ရှန်းယန်သို့ လာရန် အမြဲတမ်း ငြင်းနေရသည့်အကြောင်းရင်းကို ကျောက်ဖုန်းက နားလည်သွားသည်။ အကြောင်းမှာ သူမက ထိုနေရာမှ ထွက်ပြေးလာခဲ့သောကြောင့်ဖြစ်သည်။
" အစ်ကို ငါတို့ရဲ့ အဖေက ဘယ်လိုလုပ် ဧကရာဇ်မင်းမြတ်ဖြစ်နေတာလဲ။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ကျောက်ရင်က မယုံကြည်နိုင်သေးပေ။
" ငါလည်း ဒီအချက်ကို မတွေးမိခဲ့ဘူး။ ဘယ်သူကများ ဒီလိုတွေးမိမှာလဲ။ " ကျောက်ဖုန်းက ခါးသီးစွာ ပြုံးလိုက်သည်။
သူတို့မောင်နှမနှစ်ယောက်သာမက ကျောက်ဖုန်း၏ ဇနီးများကလည်း မှင်သက်နေကြသည်။ သူတို့က ချင်နိုင်ငံ အကြီးဆုံးမင်းသား အိမ်ရှေ့စံမင်းသား၏ ဇနီးများ ဖြစ်လာခဲ့သည်။
" အဖေ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဝူအန်းကျွင်းက ဧကရာဇ်မင်းမြတ်ရဲ့ သားတော်ဖြစ်နေတာလား။ ဒါဆို ယင်အာက..." လီယောင်က လီစီကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
" အဲ့ဒါကြောင့် မင်းကံကောင်းတယ်လို့ ပြောတာပေါ့။ မင်းရဲ့ ဇွဲလုံ့လကြောင့်သာမဟုတ်ရင် မင်းသမီးတစ်ပါးနဲ့ လက်ထပ်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ အနာဂတ်မှာ ငါတို့ လီမိသားစုအတွက် နေ့ရက်ကောင်းတွေပဲ ရှိတော့တယ်။ " လီစီက ပြုံး၍ ပြောလိုက်သည်။
ခဏကြာသောအခါ ယဇ်ပလ္လင်ပေါ်တွင် ရင်ကျန့်နှင့် ရှတုန်အာတို့က လူချင်းခွာလိုက်ကြသည်။ ထို့နောက် သူက ရှတုန်အာ၏ လက်ကို ဆွဲကာ ယဇ်ပလ္လင်ဆီသို့ လျှောက်သွားလိုက်သည်။
" ကောင်ကင်ဘုံနဲ့ ချင်ပြည်သူတွေကို သက်သေပြုတယ်။ ဒီနေ့ ငါရဲ့ ဇနီး ရှတုန်အာကို မိဖုရားခေါင်ကြီး နိုင်ငံတော််ရဲ့ မိခင်အဖြစ် သတ်မှတ်လိုက်တယ်။ "
" မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်။ " ဝမ်ကျန့်က ဦးဆောင်ပြီး ဟန်ဖေးနှင့် အခြားဝန်ကြီးများက လေးစားစွာ ဦးညွှတ်လိုက်ကြသည်။ ထိုအချိန်တွင် မကျေနပ်သော လူများကလည်း ဘာမှမတတ်နိုင်ဘဲ ဦးညွှတ်လိုက်ကြရသည်။
" တုန်အာ မင်းမြင်လား။ ဒီနေ့ ချင်နိုင်ငံက လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကလို မဟုတ်ဘဲ ငါ့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပြီ။ အခုဆိုရင် မင်းရော ငါတို့ရဲ့ ကလေးတွေနဲ့ မြေးတွေကိုရော ငါ ကာကွယ်ပေးနိုင်ပြီ။ " ရင်ကျန့်က ရှတုန်အာကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ရှတုန်အာက ခေါင်းညိမ့်လိုက်သည်။
" လာ အောက်ကို ဆင်းရအောင်။ ဖုန်းအာ ဘယ်လိုအမူအရာရှိနေလဲ ကြည့်ရအောင်။ " ရင်ကျန့်က ပြုံးပြီး ရှတုန်အာ၏ လက်ကို ဆွဲကာ ယဇ်ပလ္လင်ပေါ်မှ ဆင်းလာသည်။
အောက်သို့ ဆင်းလာချိန်တွင် ရင်ကျန့်၏ အကြည့်က ကျောက်ဖုန်းတို့ မောင်နှမပေါ်သို့ ကျရောက်သွားသည်။
" ချင်နိုင်ငံရဲ့ ရိုသေလေးစားရတဲ့ ငါတို့ ဝူအန်းကျွင်းက ဘယ်လိုအမူအရာဖြစ်နေတာလဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို စနောက်လိုက်သည်။
ကျောက်ဖုန်းက ဘာပြောရမှန်းမသိဘဲ ထူးဆန်းစွာ ကြည့်နေမိသည်။ ကျောက်ဖုန်း၏ အမူအရာကို ကြည့်ပြီး ရင်ကျန့်က အလွန်ကျေနပ်နေသည်။
" ငါ ဒီမှာရောက်နေတာတောင် မင်းက ခမည်းတော်လို့ မခေါ်တော့ဘူးလား။ " ရင်ကျန့်က ရယ်မောပြီး ထပ်မံစနောက်လိုက်သည်။
သူ၏ မိခင်က အာဖန်းဖြစ်နေပြီး သူက ချင်ရှီဟွမ်၏ သားဖြစ်နေမှန်း သိသွားသော်လည်း ယခုအချိန်တွင် ရင်ကျန့်ကို ခမည်းတော်ဟု မခေါ်နိုင်သေးပေ။
" ဧကရာဇ်မင်းမြတ် သွေးစစ်ဆေးဖို့အတွက် ကျွန်တော်မျိုး ပြင်ဆင်ထားပါတယ်။ ဧကရာဇ်မင်းမြတ် စစ်ဆေးပေးပါ။ " ရင်ရှီက ရေတစ်ခွက်ကို ကိုင်ပြီး လျှောက်လာသည်။
ရင်ရှီကို မြင်သောအခါ ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။
" ဇုံကျန်း မင်းအခုထိ လက်မလျှော့သေးဘူးလား။ ဒါပေမယ့် ငါမင်းကို သတိပေးလိုက်မယ်။ ဒီရေထဲမှ တစ်ခုခုလုပ်ထားရင် ငါမင်းကို ခွင့်မလွှတ်ဘူး။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုး မလုပ်ရဲပါဘူး။ အရာအားလုံးက ချင်တော်ဝင်မိသားစုအတွက်ပါ။ " ရင်ရှီက သူ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။
" ကောင်းတယ် ချင်တော်ဝင်မိသားစုအတွက်ပေါ့။ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ " ရင်ကျန့်က အေးစက်စွာ ရယ်မောလိုက်သည်။ " ဒါပေမယ့်... ထိုက်တောင်ထိပ်မှာ မြူခိုးရေတွေရှိတယ်။ ငါ့အတွက် ရေနည်းနည်းသွားယူပေးစမ်း။ "
" ဧကရာဇ်မင်းမြတ်က ကျွန်တော်မျိုးကို မယုံကြည်ဘူးလား။ " ရင်ရှီက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
" မယုံဘူး။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။ ယခုအချိန်တွင် သူက ဘယ်သူမျက်နှာမှ ထောက်ထားစရာမလိုတော့ပေ။
ရင်ကျန့်၏ လေသံကို နားထောင်ပြီး ရင်ရှီ၏ အမူအရာက ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ဝန်ကြီးများက ရင်ကျန့်၏ အမိန့်အတိုင်း ဆီးနှင်းရေများ ခပ်လာကြသည်။ ဟန်ဖေး၊ ဟွိုက်ကျွမ်း၊ ဝမ်ကျန့်နှင့် ဖုန်းချွီကျိ တစ်ယောက်ချင်းစီတိုင်းက ရေအပြည့်နှင့် ပန်ကန်လုံးများကို ကိုင်ဆောင်လာကြသည်။
" ဧကရာဇ်မင်းမြတ် ရေတွေ ပြင်ဆင်ပြီးပါပြီ။ " ဟန်ဖေးက ပန်ကန်လုံးကို မြှောက်ပြီး ပြောလိုက်သည်။
" ဝန်ကြီးတို့ လာပြီး သက်သေပြုကြ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။
ဝန်ကြီးများက လမ်းလျှောက်လာကြပြီး ရင်ရှီကတော့ မျက်နှာပျက်နေသည်။ သူက ရေပန်ကန်လုံးကို မသန့်ရှင်းအောင် လုပ်ထားခြင်းဖြစ်သည်။ သူက လူအများ၏ ရှေ့တွင် ရင်ကျန့်က ဘာမှပြောမည်မဟုတ်ဟု ထင်ခဲ့သော်လည်း သူက ရင်ကျန့်ကို အထင်သေးခဲ့မိသည်။ သူက ပန်းကန်ကို ဖျက်ဆီးပစ်လျှင်တောင် ရှန်းယန်သို့ ပြန်ရောက်လျှင် သေချာပေါက် သေရမည်ဖြစ်သည်။
" ဓားမြှောင်ယူခဲ့စမ်း။ " ရင်ကျန့်က အမိန့်ပေးလိုက်ပြီး ရန်ရှောင်က ဓားမြှောင်တစ်ခုကို ထုတ်ပေးလိုက်သည်။
ရင်ကျန့်က ဓားမြှောင်နှင့် သူ၏ ဘယ်လက်ညှိုးကို လှီးပြီး ပန်ကန်လုံးထဲသို့ သွေးစက်များ ချလိုက်သည်။ ပန်းကန်လုံးများထဲသို့ သွေးငါးစက်စီ ချလိုက်သည်။
" သွေးစစ်ဆေးခြင်းလား။ တကယ်အခြေအမြစ်မရှိဘူး။ " ကျောက်ဖုန်းက ဘာပြောရမှန်းမသိတော့ပေ။
" ဖုန်းအာ ဒီကိုလာခဲ့။ " ရင်ကျန့်က ပြုံးပြီး ဓားမြှောင်ကို ကျောက်ဖုန်းကို ပေးလိုက်သည်။
ကျောက်ဖုန်းကလည်း ထိုအခြေအနေကြောင့် ငြင်းဆန်ခြင်းမရှိဘဲ ဓားမြှောင်ကို ယူလိုက်သည်။ သူက ယွမ်စွမ်းအားကို ထုတ်လွှတ်ပြီး သူ၏ လက်ကို ဓားနှင့် လှီးက သွေးစက်များ ထည့်လိုက်သည်။ ယွမ်စွမ်းအားကို ထုတ်လွှတ်လိုက်သောကြောင့် သူ၏ အသားက ပျော့ပျောင်းသွားခြင်းဖြစ်သည်။ မဟုတ်လျှင် ဓားမြှောင်က သူ၏ အရေပြားကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။
သွေးစက်များက ပန်ကန်လုံးထဲသို့ ကျသွားသောအခါ သွေးများက တဖြည်းဖြည်း ရောနှောသွားသည်။ သို့သော ရင်ရှီ၏ ပန်းကန်ထဲတွင်တော့ သွေးများက ရောနှောခြင်းမရှိပေ။
" ဇုံကျန်း ငါအစောက ပြောခဲ့တဲ့စကားကို မှတ်မိလား။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
ရင်ရှီ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားပြီး ထိတ်လန့်သွားသည်။
" ဇုံကျန်း ရင်ရှီက ငါ့သွေးသားကို ညစ်ညမ်းစေဖို့ မိဖုရားခေါင်ကြီးရဲ့ နာမည်ကို ပျက်ပြားစေဖို့ ကြံစည်ခဲ့တယ်။ ဒီပြစ်မှုက ခွင့်လွှတ်လို့မရဘူး။ ရင်ရှီရဲ့ ဘွဲထူးနဲ့ရာထူးအားလုံးကို ဖယ်ရှားလိုက်။ ပြစ်ဒဏ်စီရင်ဖို့ တရားရေးဝန်ကြီးဆီ လွှဲပြေားပေးလိုက်။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
ထိုပြစ်ဒဏ်နှင့် ရင်ဆိုင်ရသောအခါ ရင်ရှီက တောင်းပန်ခြင်းမပြုပေ။ တောင်းပန်ခြင်းက အလကားဖြစ်သည်ကို သူသိနေသည်။ သူက ဧကရာဇ်၏ တားမြစ်ချက်ကို ထိပါးခဲ့ပြီဖြစ်သည်။