အခန်း ၄၇၇
Vol. 48 Ch. 477
အခန်း (၄၇၇)
" ကျောက်ဖုန်း " တစ်ဖက်တွင် ဟူဟိုက်က ကျောက်ဖုန်းကို စိုက်ကြည့်နေသည်။
ကျောက်ဖုန်းက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဟူဟိုက်ကို ကြည့်လိုက်သည်။
" ဒီကောင် တကယ်သတ္တိကောင်းတာပဲ။ ငါ့ကိုတောင် သတ်ဖို့ ကြံစည်နေသေးတယ်။ ဒါဆိုရင်တော့ မင်းကိုယ်တိုင် အလွယ်တကူ အရှုံးမပေးလိုက်တာ ကောင်းမယ်။ မင်းကို ငါမသတ်ရင် ချင်နိုင်ငံရဲ့ မူလသမိုင်းကြောင်းကို တကယ်ပဲ အားနာရလိမ့်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ တွေးလိုက်သည်။
" အရာရှိအားလုံး ခန်းမထဲ ဝင်ကြပါ။ " ခန်းမအတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ခန်းမတံခါးများ ပွင့်လာသည်။
ကျောက်ဖုန်းနှင့် အရာရှိများအားလုံးက ခန်းမအတွင်းသို့ ဝင်လာကြသည်။
" ဧကရာဇ်မင်းမြတ်ကြွလာပါပြီ။ "
" ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ။ ချင်နိုင်ငံတော် ထာဝရတည်တံ့ပါစေ။ " အရာရှိများအားလုံးက စိတ်အားထက်သန်စွာ အော်ဟစ်လိုက်ကြသည်။
ရင်ကျန့်က နဂါးဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ပြီး သရဖူကို စောင်းကာ ပလ္လင်ဆီသို့ ဖြည်းချင်းစွာ လျှောက်သွားသည်။
" အားလုံး ထကြပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ " အရာရှိများအားလုံးက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။
ရင်ကျန့်က အောက်သို့ ဝေ့ကြည့်လိုက်သည်။ ကျောက်ဖုန်းက စစ်ဦးစီးချုပ်နေရာတွင် ထိုင်နေသည်။ ဟူဟိုက်က လှေကားထစ်အောက်တွင် ရပ်နေသည်။ ဖုစုက အတော်လေး ဉာဏ်ကောင်းပြီး အရပ်ဘက်အရာရှိများကြားတွင် ရပ်နေသည်။
" အခု အိမ်ရှေ့စံမင်းသားကို ခန့်အပ်ပြီးပြီ။ နိုင်ငံရေးကိစ္စတွေကို ကြီးကြပ်ဖို့ မင်းသားနေရာမလိုတော့ဘူး။ ဟူဟိုက် မင်း ညီလာခံကို လာစရာမလိုတော့ဘူး။ အခုထွက်သွားတော့။ " ရင်ကျန့်က ဟူဟိုက်ကို တိုက်ရိုက်ပြောလိုက်သည်။
ဟူဟိုက်၏ မျက်နှာက မဲမှောင်သွားပြီး သူက ဘာမှပြန်မပြောရဲပေ။
" သားတော် အမိန့်ကို နာခံပါတယ်။ " ဟူဟိုက်က ခေါင်းငုံ့ပြီး ခန်းမထဲမှ ထွက်သွားရုံသာ တတ်နိုင်တော့သည်။
" ဖုစု ဝန်ကြီးကိုးယောက်ထဲမှာ ဘယ်ရာထူးကို လိုချင်လဲ။ " ရင်ကျန့်က ဖုစုကို ကြည့်လိုက်သည်။
" သားတော်က ခမည်းတော် အစီအစဉ်အတိုင်း လိုက်နာပါ့မယ်။ " ဖုစုက ချက်ချင်း ပြန်ဖြေလိုက်သည်။
" မင်းရဲ့ စိတ်နှလုံးက ကြင်နာတတ်ပြီး လောကီကိစ္စတွေကို စိုးရိမ်ပေးတတ်တယ်။ ငါမင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ တစ်ခုက ဝန်ကြီးယောက်ထဲက အကူအရာရှိတစ်ယောက်အနေနဲ့ ရာထူးရယူတာ။ နောက်တစ်ခုက ခရိုင်တစ်ခုကို အုပ်ချုပ်ဖို့ပဲ။ " ရင်ကျန့်က ဖြည်းချင်းစွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ဟွိုက်ကျွမ်းနှင့် အခြားဝန်ကြီးများက စိုးရိမ်သွားကြသည်။ ဖုစုသာ ရှန်းယန်တွင် ဆက်နေလျှင် သူတို့အတွက် အခွင့်အရေးရနိုင်သည်။ ရင်ကျန့်က သူ၏ အကောင်းဆုံးအရွယ်တွင် ရှိနေပြီး အနာဂတ်က ခန့်မှန်း၍ မရပေ။ ကျောက်ဖုန်းသာ အချိန်မတိုင်မီ သေဆုံးသွားလျှင် ဖုစုတွင် အခွင့်အရေးရှိလာနိုင်သည်။ သို့သော် ဖုစုက ရှန်းယန်မှ ထွက်ခွာသွားလျှင် အခွင့်အရေးက လုံးဝဆုံးရှုံးသွားပေလိမ့်မည်။
" သားတော် ခရိုင်တစ်ခုကို အုပ်ချုပ်ချင်ပါတယ်။ " ဖုစုက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။ " ရှန်းယန်မှာ အရာရှိတွေ အများကြီး ရှိပါတယ်။ သားတော်က လူပိုတစ်ယောက်လိုဖြစ်နေတာပါ။ ဒါပေမယ့် ခရိုင်တစ်ခုကို သွားပြီး အုပ်ချုပ်မယ်ဆိုရင် အဲ့ဒီကလူတွေရဲ့ ဘဝတိုးတက်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ "
" မဆိုးဘူး။ မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါထောက်ခံတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ခမည်းတော်ကို ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင် သားတော်ကို လူတွေ ဒုက္ခရောက်နေတဲ့ ခရိုင်တစ်ခုကို ပေးပါ။ သားတော် အစွမ်းကုန် ကြိုးစားပါမယ်။ " ဖုစုက ပြောလိုက်သည်။
" ဝန်ကြီးချုပ်ဟန် " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် တိုက်နယ်မြေက ယန်မင်ခရိုင်က တိုင်းတစ်ပါးမျိုးနွယ်စုတွေနဲ့ နယ်မြေချင်းထိစပ်နေပြီး ဆင်းရဲတဲ့ ခရိုင်တစ်ခုဖြစ်ပါတယ်။ " ဟန်ဖေးက ဖြည်းညင်းစွာ ပြောလိုက်သည်။
" သားတော်ကို အဲ့ဒီခရိုင်ကို ရွေးချယ်ပါတယ်။ " ဖုစုက ချက်ချင်းပြန်ဖြေလိုက်သည်။
" ဖုစု သေချာလား။ ယန်မင်ခရိုင်က ရှန်းယန်ကနေ မိုင်ပေါင်းထောင်ချီဝေးပြီး ဆင်းရဲနွမ်းပါးတဲ့ မြောက်ဘက်နယ်စပ်မှာ ရှိနေတာပဲ။ " ရင်ကျန့်က အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
" ခမည်းတော်က သားတော်ကို အရည်အချင်းရှိတဲ့သူ ဖြစ်လာဖို့ အမြဲတမ်း ပျိုးထောင်ပေးခဲ့ပေမယ့် သားတော် ခမည်းတော်ကို စိတ်ပျက်အောင် လုပ်ခဲ့မိတယ်။ အခု ရွေးချယ်စရာရှိနေပါပြီ။ သားတော်အနေနဲ့ ခမည်းတော်အတွက် အကောင်းဆုံး လုပ်ပေးချင်ပါတယ်။ ချင်ပြည်သူတွေရဲ့ ဘဝကို အကောင်းဆုံး တိုးတက်အောင် လုပ်ဆောင်ချင်ပါတယ်။ သားတော်ရဲ့ ဆန္ဒကို ဖြည်းဆည်းပေးဖို့ တောင်းဆိုပါတယ်။ " ဖုစုက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဒါဆိုလည်း မင်းရဲ့ ဆန္ဒအတိုင်းဖြစ်စေရမယ်။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " ဒါပေမယ့် ယန်မင်ခရိုင်က တိုင်းတစ်ပါးမျိုးနွယ်စုတွေနဲ့ ထိစပ်နေပြီး လုံခြုံမှုမရှိဘူး။ မင်းကို စောင့်ရှောက်ဖို့အတွက် နန်းတွင်းကိုယ်ရံတော်တစ်ထောင်ကို ငါ စေလွှတ်ပေးမယ်။ ဒါကိုတော့ ငြင်းဆန်ခွင့်မရှိဘူး။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ခမည်းတော်။ " ဖုစုက ဦးညွှတ်ပြီး ပြောလိုက်သည်။
သူ့ကို ထောက်ခံသော ဝန်ကြီးများက မျက်နှာပျက်သွားကြသော်လည်း ဖုစုက ဂရုစိုက်ခဲ့ပေ။ သို့သော် ဖုစုက ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။
" ဖုစုက တကယ်တော်တာပဲ။ ဒါက ဟွိုက်ကျွမ်းနဲ့ အခြားသူတွေရဲ့ အတွေးတွေကို ဖြတ်တောက်ပစ်လိုက်တာပဲ။ ဒါက သူတို့အတွက် ရှင်သန်နိုင်မယ့် လမ်းကြောင်းတစ်ခု ပေးလိုက်တာလို့ ပြောလို့ရတယ်။ ငါသာ လှုပ်ရှားလိုက်ရင် ဘယ်သူမှ ကျန်တော့မှာမဟုတ်ဘူးဆိုတာ သူသိထားတယ်။ " ကျောက်ဖုန်းက ပြုံး၍ တွေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုး တင်ပြစရာရှိပါတယ်။ " ချွန်းယွီယွဲ့က ရှေ့တက်လာပြီး အော်ဟစ်လိုက်သည်။
ချွန်းယွီယွဲ့ကို မြင်သောအခါ ရင်ကျန့်က မျက်မှောင်ကြုတ်သွားသော်လည်း ငြင်းပယ်ခြင်းမရှိခဲ့ပေ။
" ပြောပါ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် လက်ထက်မှာ ချင်နိုင်ငံက ချင်ဘုရင်တွေနဲ့ ချင်လူမျိုးတွေရဲ့ ဆန္ဒကို ပြည့်ဝစေခဲ့ပြီး ကမ္ဘာကြီးကို စုစည်းနိုင်ခဲ့တယ်။ ကမ္ဘာကြီးကို ထိန်းချုပ်ထားနိုင်ပေမယ့် နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေက လျို့ဝှက်လှုပ်ရှားနေကြပါတယ်။ ချင်နိုင်ငံအတွက် ကမ္ဘာကြီးကို တည်ငြိမ်စေဖို့ ဘိုးဘေးတွေရဲ့ ဓလေ့ထုံးတမ်းအတိုင်း နယ်မြေတွေခွဲဝေပြီး ဘုရင်ဘွဲ့တွေ ပေးအပ်သင့်ပါတယ်။ ဧကရာဇ်မင်းမြတ်အနေနဲ့ မင်းသားတွေကို ဘွဲ့ထူးတွေပေးအပ်ပြီး နယ်မြေအသီးသီးကို ခွဲဝေပေးသင့်ပါတယ်။ " ချွန်းယွီယွဲ့က ကျယ်လောင်စွာ ပြောလိုက်သည်။
ချင်ရှီဟွမ်က သားတော်များကို ဘုရင်ဘွဲ့ပေးအပ်ခြင်းမှာ ကျိုးကြောင်းဆီလျော်သည်။ သာမန်ဧကရာဇ်တစ်ပါးဆိုလျှင် ၎င်းကို လုပ်ဆောင်ပေလိမ့်မည်။ အဆုံးတွင် ကမ္ဘာကြီးက မငြိမ်မသက်ဖြစ်ခဲ့လျှင်တောင် ချင်ရှီဟွမ်၏ မျိုးဆက်များသာဖြစ်ပြီး ကမ္ဘာကြီးက ချင်နိုင်ငံအတွက်သာ ဖြစ်နေပေလိမ့်မည်။
" ကျွန်တော်မျိုး ထောက်ခံပါတယ်။ ချင်နိုင်ငံက ကမ္ဘာကြီးကို စောင့်ရှောက်ဖို့ ဘုရင်ဘွဲ့ပေးအပ်တာက သင့်လျော်ပါတယ်။ "
" မှန်ပါတယ်။ ဧကရာဇ်မင်းမြတ်က မင်းသားတွေကို ဘုရင်ဘွဲ့ပေးအပ်ခြင်းက ကမ္ဘာကို တည်ငြိမ်စေပါလိမ့်မယ်။ "
" မင်းသားများက စောင့်ရှောက်ပြွး ဧကရာဇ်မင်းမြတ်က မျိုးနွယ်မတူသူတွေ ဘုရင်မဖြစ်ရအမိန့်ထုတ်လိုက်ရင် ချင်နိုင်ငံက ထာဝရတည်တံ့နေပါလိမ့်မယ်။ "
ဝန်ကြီးများက တစ်ယောက်ပြီး တစ်ယောက် ရှေ့တိုးလာကြသည်။ ချွန်းယွီယွဲ့က ရှေ့ဆုံးမှ ဦးဆောင်ပြီး သူတို့က ထောက်ခံကြသည်။ ဝန်ကြီးအများစုအတွက် ၎င်းက သူတို့၏ နောက်ဆုံးလောင်းကြေးဖြစ်သည်။ အောင်မြင်ခဲ့လျှင် သူတို့ထောက်ခံသော မင်းသားများနှင့်အတူ နယ်မြေများသို့ လိုက်ပါသွားပြီး ရာထူးများလည်း ရရှိပေလိမ့်မည်။
သို့သော် သူတို့က ရင်ကျန့်ကို လျှော့တွက်နေကြသည်။ ဝန်ကြီးကိုးယောက်က တစ်ယောက်မှ ထွက်မလာခဲ့ပေ။ ၎င်းက လုံလောက်သော အကြောင်းပြချက်ပင်ဖြစိသည်။
" သမိုင်းကြောင်းအရာ ချင်ရှီဟွမ်က အဲ့ဒီပြောင်းလဲမှုကို လုပ်ခဲ့ပြီး ဖုစုကိုသာ အိမ်ရှေ့စံမင်းသားခန့်အပ်ခဲ့ရင် ချင်နိုင်ငံက ပိုပြီး တည်တံ့နိုင်လိမ့်မယ်။ ဒါပေမယ့် ချင်ရှီဟွမ်က ပဒေသရာဇ်စနစ်ကို မလိုချင်ဘူး။ သူက ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်တဲ့ ဧကရာဇ်အာဏာကို လိုချင်တာပဲ။ အခု ငါရှိနေပြီဆိုတော့ အရာအားလုံး ပြောင်းလဲသွားပြီ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ တွေးလိုက်သည်။
" ချင်နိုင်ငံမှာ နယ်မြေခွဲဝေတဲ့ စနစ်ကို ကျင့်သုံးမှာမဟုတ်ဘူး။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
နယ်မြေခွဲဝေခြင်းစနစ်ကို ထောက်ခံသော ဝန်ကြီးများက မျက်နှာပျက်သွားကြသည်။
" ဧကရာဇ်မင်းမြန်က ဘိုးဘေးတွေရဲ့ စနစ်ကို လျစ်လျူရှုမလို့လား။ နယ်မြေခွဲဝေပေးတာက ချင်နိုင်ငံကို တည်ငြိမ်စေလိမ့်မယ်။ ပြီးတော့ မင်းသားတွေသာ ဘုရင်ဖြစ်နေရင် ချင်နိုင်ငံက ထာဝရတည်တံ့နေလိမ့်မယ်။ " ချွန်းယွီယွဲ့က အလျှော့မပေးဘဲ ပြောလိုက်သည်။
" ကျိုးမင်းဆက်က နယ်မြေတွေ ခွဲဝေခဲ့ပြီး ကမ္ဘာကြီးက နှစ်ပေါင်းရှစ်ရာတိုင်အောင် မငြိမ်မသက်ဖြစ်ခဲ့တယ်။ ဒါကို မင်းတို့ မမြင်တာလား။ မင်းတို့က ငါ့သားတော်တွေကို ဘုရင်အဖြစ် ခန့်အပ်ဖို့ တင်ပြနေတယ်။ အချိန်ကြာရင် ဘယ်သူများ မပြောင်းလဲဘဲ ရှိနေလို့လဲ။ ငါ့ရဲ့ မျိုးဆက်တွေ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တာကို မင်းတို့မြင်ချင်တာလား။ ဒီနယ်မြေမှာ မငြိမ်မသက်ဖြစ်နေတာကို မင်းတို့က မြင်ချင်တာလား။ " ရင်ကျန့်က အာဏာဖြင့် ပြောလိုက်သည်။
ထိုစကားများအောက်တွင် ဝန်ကြီးများက ဘာပြောရမှန်းမသိကြတော့ပေ။
" အမိန့်စာရေးလိုက်။ ဒီနေ့ကစပြီး နယ်မြေခွဲဝေတဲ့ စနစ်နဲ့ ပက်သက်ပြီး ဆွေးနွေးတဲ့သူမှန်သမျှ ချက်ချင်း သေဒဏ်ပေးမယ်။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
၎င်းကို မြင်သောအခါ နယ်မြေခွဲဝေခြင်းစနစ်ကို ထောက်ခံသော ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။ အမိန့်ထုတ်ပြန်ပြီးပြီဖြစ်သောကြောင့် သူတို့က ဘာမှမပြောရဲကြတော့ပေ။