အခန်း ၄၈၀
Vol. 48 Ch. 480
အခန်း (၄၈၀)
" ဒါနဲ့ ခမည်တော် ကမ္ဘာကြီးကို စုစည်းပြီးရင် အင်မော်တယ်တွေနဲ့ပက်သက်တာ ပြမယ်လို့ ပြောခဲ့တယ်မဟုတ်လား။ အခု မပြတော့ဘူးလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" ငါ့နောက်လိုက်ခဲ့။ " ရင်ကျန့်က ကျောက်ဖုန်းကို အတွင်းအခန်းဆီသို့ ခေါ်သွားသည်။
ကျောက်ဖုန်းက နောက်မှ လိုက်ပါသွားသည်။ အခန်းထဲတွင် ကမ္ဘာမြေပုံတစ်ခုရှိပြီး ၎င်းအပေါ်တွင် ချင်နိုင်ငံ၏ အလံများကို စိုက်ထူထားသည်။ ထိုနေရာသို့ ရောက်သောအခါ ရင်ကျန့်က သေတ္တာတစ်လုံး ထုတ်ပြီး ကျောက်ဖုန်းကို ပေးလိုက်သည်။ ကျောက်ဖုန်းက ယူပြီး ဖွင့်ကြည့်လိုက်ရာ ဝါးချပ်စာလိပ်တစ်ခုကို တွေ့လိုက်ရသည်။
" ဝါးချပ်စာလိပ်တစ်ခုတည်းလား။ " ကျောက်ဖုန်းက အံ့အားသင့်စွာ ပြောလိုက်သည်။
" ဖွင့်ကြည့်လိုက်ပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ကျောက်ဖုန်းက ဝါးချပ်စာလိပ်ကို ဖွင့်ပြီး အတွင်းမှ အကြောင်းအရာများကို ဖတ်ကြည့်လိုက်သည်။
" ကျိုးမင်းဆက် ဝူဘုရင်က နိုင်ငံကို တည်ထောင်ချိန်မှာ အင်မော်တယ်တွေက ကောင်းကင်ကဆင်းသက်လာပြီး ကျိုးမင်းဆက် ကောင်းကင်သားတော်ကို ဂုဏ်ပြုခဲ့ကြတယ်။ ဝူဘုရင်က အင်မော်တယ်တွေကို ပူဇော်ဖို့အတွက် ကလေးသုံးထောင်ကို ပေးအပ်ခဲ့တယ်။ ကျိုးမင်းဆက် မုဘုရင်လက်ထက်မှာ ခွန်လွန်တောင်မှာ အင်မော်တယ်တွေရဲ့ အရိပ်အယောင်တွေပေါ်လာပြီး မုဘုရင်က အင်မော်တယ်တွေကို ရှာဖွေရင်း ထာဝရအသက်ရှည်ခြင်းကို ရရှိခဲ့တယ်။ "
" လွန်ခဲ့တဲ့ နှစ်ခြောက်ရာက ချင်နယ်စားမင်းလက်ထက် ရှန်းယန်ရဲ့ ကောင်းကင်မှာ အင်မော်တယ်တစ်ပါး ပေါ်လာပြီး ကလေးငယ်တစ်ထောင်ကို ခေါ်သွားခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ငါးရာက ဖန်လိုင်အင်မော်တယ်ကျွန်းမှာ အင်မော်တယ်တွေရဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး ဖန်လိုင်ကျွန်းပေါ်မှာ တုံထျန်းတံခါးရှိတယ်။ အဲ့ဒီနှစ်တွေမှာ နိုင်ငံအသီးသီးက ကလေးတွေကို အင်မော်တယ်တွေက ခေါ်သွားတယ်လို့ ကောလဟာလတွေရှိခဲ့တယ်။ "
" လွန်ခဲ့တဲ့နှစ်လေးရားက အင်မော်တယ်တွေရဲ့ သွေးတွေက သွေးတိမ်တိုက်တွေအဖြစ် ပြောင်းလဲသွားပြီး ကြီးမားတဲ့ ကပ်ဘေးနဲ့ ကပ်ရောဂါတွေ ဖြစ်ပေါ်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်သုံးရာက အင်မော်တယ်တွေရဲ့ အရိပ်အယောင်တွေ ပျောက်ကွယ်သွားပြီး အင်မော်တယ်တွေနဲ့ ပက်သက်တဲ့ မှတ်တမ်းတွေလည်း မရှိတော့ဘူး။ "
" ဖတ်ပြီးပြီလား။ ဘယ်လိုထင်လဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" သားတော်က အင်မော်တယ်တွေရှိတယ်ဆိုတာ သိတယ်။ ဒါပေမယ့် ခမည်းတော်ဒီအင်မော်တယ်တွေမှာ ပုံစံတစ်ခုကို သတိမထားမိဘူးလား။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဘယ်လိုပုံစံလဲ။ " ရင်ကျန့်က နားမလည်နိုင်စွာ မေးလိုက်သည်။
" အင်မော်တယ်တွေက ရှန်းကျိုးကို အမြဲတမ်း ရောက်လာနိုင်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်သုံးရာက အင်မော်တယ်တွေရဲ့ အရိပ်အယောင်တွေ ပျောက်ကွယ်သွားတဲ့ အကြောင်းရင်းကို ခမည်းတော်သိလား။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
" မသိဘူး။ " ရင်ကျန့်က ခေါင်းခါလိုက်သည်။
" လွန်ခဲ့တဲ့ နှစ်သုံးရာက ရှန်ကျိုးနယ်မြေမှာ နိုင်ငံတွေ ယှဉ်ပြိုင်နေတဲ့အချိန်ပဲ။ နိုင်ငံခုနှစ်ခုတည်းမဟုတ်ပေမယ့် ရှေးခေတ်တုန်းကလောက် နိုင်ငံတွေ မများတော့ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒါက အင်မော်တယ်တွေနဲ့ ဘာဆိုင်လို့လဲ။ " ရင်ကျန့်က နားမလည်စွာဖြင့် မေးလိုက်သည်။
" ရှန်းကျိုးမှာ မငြိမသက်ဖြစ်တာ နည်းလေ၊ ကျန်ရှိတဲ့နိုင်ငံနည်းလေ နိုင်ငံတော်ကံကြမ္မာက ပိုအားကောင်းလေပဲ။ နိုင်ငံတော်ကံကြမ္မာအားကောင်းလာတဲ့အခါ ရှန်းကျိုးနယ်မြေရဲ့ ကံကြမ္မာစွမ်းအားကလည်း အားကောင်းသွားတယ်။ ဒါကြောင့် အင်မော်တယ်တွေ ဝင်မလာနိုင်တော့တာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ရှေးခေတ်ကာလများမှစ၍ ရှန်းကျိုးနယ်မြေတွင် အင်မော်တယ်များ ပေါ်လာခြင်းနည်းပါးရသည့်အကြောင်းရင်းမှာ ထို့ကြောင့်ပင်ဖြစ်သည်။
" မင်းပြောတာကို ငါနားမလည်ဘူး။ " ရင်ကျန့်က ခေါင်းခါလိုက်သည်။
" မယ်တော်က ခမည်းတော်ကို သိုင်းတာအိုအကြောင်း ပြောပြထားတယ်မဟုတ်လား။ " ကျောက်ဖုန်းက ပြုံး၍ ရင်ကျန့်ကို ကြည့်လိုက်သည်။
" ဟဲဟဲ " ရင်ကျန့်က ရယ်လိုက်သည်။
" ခမည်းတော် သိုင်းပညာဆိုတာ ဘယ်လိုမျိုးလို့ ထင်လဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ငါ ပထမဆုံးမြင်လိုက်ရတုန်းက ချီအာက အသက်ငယ်ငယ်လေးနဲ့ ကျောက်တုံးကြီးကို မနိုင်ခဲ့တယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" သားတော်သာ ခမည်းတော်ရဲ့သားမဟုတ်ခဲ့ရင် ပိုင်ယွဲ့ကနေ ကမ္ဘာကို သိမ်းပိုက်ပြီးရင် ဘယ်လိုနိုင်ငံမျိုး တည်ထောင်မလဲဆိုတာ သိလား။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
ရင်ကျန့်က ဘာမှမပြောဘဲ ကျောက်ဖုန်းကိုသာ ကြည့်နေသည်။
" သားတော်က သိုင်းတာအိုနိုင်ငံတစ်ခု တည်ထောင်မှာပဲ။ ရှန်းကျိုးနယ်မြေမှာ သားတော်ရဲ့ လက်အောက်ခံတွေအားလုံး သိုင်းတာအိုကို လေ့ကျင့်နိုင်မယ်။ သိုင်းတာအိုနဲ့ နိုင်ငံကို သန်မာအောင်လုပ်ရမယ်။ သားတော်ရဲ့ မင်းဆက်က ထာဝရတည်တံ့နေလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဒီသိုင်းတာအိုက ထာဝရအသက်ရှည်ခြင်းကို ရရှိနိုင်လား။ " ရင်ကျန့်က မေးလိုက်သည်။
" သေချာတာပေါ့။ ဒါပေမယ့် ဒီကမ္ဘာမှာ ကန့်သတ်ချက်အချို့ ရှိနေတယ်။ သိုင်းတာအိုရဲ့ အဆင့်တစ်ခုကို ရောက်ချိန်မှာ သက်တမ်းက တိုးလာပေမယ့် တိုးမရဖြစ်နေတယ်။ သားတော်က အကြောင်းရင်းကို ရှာဖွေနေတာကြာပြီ။ ဒါပေမယ့် အခုထိ မတွေ့သေးဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အခု မင်းက ဘယ်လောက်ကြာကြာနေနိုင်လဲ။ " ရင်ကျန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
" နှစ်ခုနှစ်ရာ၊ ရှစ်ရာလောက်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အိုး..." ရင်ကျန့်က အံ့အားသင့်သွားသည်။
" အဖေ သိုင်းတာအိုရဲ့ စွမ်းအားကို ခံစားကြည့်ချင်လား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" ဘယ်လိုခံစားကြည့်ရမှာလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ဒါဆိုရင် မကြောက်နဲ့နော်။ " ကျောက်ဖုန်းက စနောက်သလိုပြောလိုက်ပြီး ရင်ကျန့်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် သူက လေပေါ်သို့ ခုန်တက်လိုက်ပြီး ကျောက်ဖုန်းနှင့် ရင်ကျန့်တို့၏ ပုံရိပ်က ခန်းမထဲမှ ပျောက်ကွယ်သွားသည်။
ကောင်းကင်ထက်တွင် ကျောက်ဖုန်းက ယွမ်စွမ်းအားဖြင့် ထောက်ပံ့ပေးထားသည်။
" ဒါ ဒါ..." ရင်ကျန့်က ကောင်းကင်ထက်တွင် ရပ်ပြီး ရှန်းယန်မြို့ကို အံ့အားသင့်စွာ ကြည့်နေသည်။ သူက ထိုနေရာမှ ပြုတ်ကျသွားလျှင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။ သာမန်လူဆိုလျှင် ကြောက်လန့်နေမည်ဖြစ်သော်လည်း ရင်ကျန့်က အံ့ဩခြင်းနှင့်အတူ ကြောက်ရွံ့မှုမရှိပေ။
" ခမည်းတော် ဘယ်လိုခံစားရလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" အင်မော်တယ်စွမ်းအားပဲ။ ငါ့သားက အင်မော်တယ်ပဲ။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။
" အင်မော်တယ်ဆိုတာ ဝေးကွာသေးပါတယ်။ ပြီးတော့ သိုင်းတာအိုရဲ့ အဓိကရည်ရွယ်ချက်က အင်မော်တယ်ဖြစ်ဖို့မဟုတ်ဘူး။ သိုင်းတာအိုရဲ့ ရည်ရွယ်ချက်က သန်မာဖို့ပဲ။ ဒါပေမယ့် အင်မော်တယ်တွေနဲ့ တန်းတူအဆင့်ကို ရောက်တဲ့အခါ အင်မော်တယ်ဖြစ်သွားမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ကွေ့ကူကျိနှင့် ဆွေးနွေးပြီးနောက် ကျောက်ဖုန်းက ဤကမ္ဘာတွင် သိုင်းတာအိုမရှိကြောင်း သေချာသွားခဲ့သည်။ အင်မော်တယ်လမ်းစာည်တစ်ခုတည်းသာ ရှိသည်။ အနာဂတ်တွင် ကျောက်ဖုန်းက သိုင်းတာအိုဘိုးဘေးဖြစ်လာပေလိမ့်မည်။
" မင်းပြောတာကို ငါနားမလည်ပေမယ့် မင်းကို ငါ အပြည့်အဝ ထောက်ခံပေးမယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
ကမ္ဘာကို စုစည်းခဲ့သော ပထမဆုံးဧကရာဇ်အနေဖြင့် ရင်ကျန့်က သူ့သား၏ ရည်မှန်းချက်က မည်မျှကြီးမားသည်ကို ခံစားမိသည်။ ရင်ကျန့်၏ စကားကို ကြားသောအခါ ကျောက်ဖုန်းက ပြုံးလိုက်သည်။
သူ၏ အဆင့်အတန်းကို သိလိုက်ရချိန်တွင် ရင်ကျန့်က သူ့အတွက် လုပ်ပေးခဲ့သော အရာများကိုလည်း နားလည်အောင် လုပ်ပေးခဲ့သည်။ ရင်ကျန့်က သူ့ကို သူ့သားမှန်းသိလိုက်ရချိန်တွင် သူ့ကို အစွမ်းကုန်မြှင့်တင်ပေးခဲ့ပြီး အာဏာနှင့် ဂုဏ်သတင်းရရှိအောင်လည်း လုပ်ပေးခဲ့သည်။ နောက်ဆုံးတွင် ဘယ်သူမှ ငြင်းမရအောင် နိုင်ငံတော်အာဏာကို လွှဲအပ်ပေးခဲ့သည်။
" ခမည်းတော် နဂါးစီးချင်လား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" နဂါးလား။ နဂါးက တကယ်ရှိတာလား။ " ရင်ကျန့်က ကျောက်ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ရှေးခေတ်ကတည်းက နဂါးက မြင့်မြတ်သော သတ္တဝါဖြစ်သည်။ ဟွာရှလူမျိုးများကြားတွင် နဂါးက အရေးပါသော နေရာတွင် ရှိနေသည်။ ချင်နိုင်ငံ၏ နတ်သင်္ကေတက အနက်ရောင်နတ်ငှက်ဖြစ်သော်လည်း နဂါးက ဘုရင်သင်္ကေတဖြစ်သည်။
" ရှိတာပေါ့။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ ရုတ်တရက် အလင်းရောင်တစ်ခု လင်းလက်သွားပြီး ပေတစ်ရာကျော်ရှည်လျားသော အနက်ရောင်နဂါးကြီးတစ်ကောင်က တိမ်တိုက်များထက်တွင် ပေါ်လာသည်။
" ဒါက ..." သူ၏ ရှေ့မှ နဂါးနက်ကြီးကို ကြည့်ပြီး ဒဏ္ဍာရီလာနတ်နဂါးနှင့် ပုံသဏ္ဍန်ချင်းတူသည်ကို သိလိုက်သည်။
" ခမည်းတော် ဒီနေ့ ခမည်းတော်ကို ချင်နိုင်ငံရဲ့ ကျယ်ပြောတဲ့ နယ်မြေကို ပြမယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်ပြီး ယွမ်စွမ်းအားကို သုံးကာ ရင်ကျန့်ကို နဂါးခေါင်းပေါ်သို့ တင်ပေးလိုက်သည်။
" ကောင်းပြီ။ အင်မော်တယ်သားတစ်ယောက်ကို ပိုင်ဆိုင်ရတာ တကယ်ကို အံ့ဩဖို့ ကောင်းတယ်။ နဂါးကိုစီပြီး ကမ္ဘာကို အပေါ်စီးက ကြည့်ရှုရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး။ " ရင်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထို့နောက် နဂါးနက်က လေဟာနယ်ထဲသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။ ရင်ကျန့်က ရှန်းကျိုးနယ်မြေတစ်ခုလုံးကို မြင်တွေ့လိုက်ရသည်။