← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 24 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 24 Ch. 243-244

အခန်း (၂၄၃) ညီအစ်ကိုများကြားမှ ချစ်ခြင်းနှင့် ရိုသေခြင်း

မြောက်ပိုင်းစစ်ဆင်ရေးမှ စစ်သည်များ ရောက်ရှိလာခြင်းနှင့်အတူ တော်ဝင်နန်းတွင်း၌ ကြီးကျယ်ခမ်းနားသော "ဆုလာဘ်ချီးမြှင့်ပွဲ" ကို ကျင်းပခဲ့သဖြင့် မြောက်ပိုင်းစစ်ဆင်ရေးသည် အောင်မြင်စွာဖြင့် အဆုံးသတ်သွားပြီ ဖြစ်၏။

"ဆုလာဘ်တွေ ဘာတွေ... ငါ ဘာမှဂရုမစိုက်ဘူး"

ချင်မင်းသားသည် ပေါင်နှစ်ရာကျော် လေးသော ဝဖြိုးသည့် လူတစ်ယောက်ဖြစ်ပြီး လှုပ်ရှားလိုက်တိုင်း သူ၏ အဆီပြင်များက လှိုင်းထသကဲ့သို့ ဖြစ်နေသည်။

"အစတုန်းကတော့ အဖိုးကြီး ဖုန်းရှန့်ရဲ့ လုပ်ရပ်တွေကို ငါ တကယ်နားမလည်ခဲ့ဘူး။ သူက စစ်ဗျူဟာကို သဘောအလျောက် ပြောင်းလဲပစ်တာကြောင့် ငါ ဒေါသတကြီးနဲ့ အကြီးအကျယ်တောင် ပြဿနာရှာခဲ့သေးတယ်။ နောက်ပိုင်း ခမည်းတော်ရဲ့ အမိန့်တော်ကို မြင်ရတော့မှ အဲဒီ ခြောက်သွေ့တဲ့ သဲကန္တာရကို ငါတို့ ဘာလို့ အသေအလဲ ကာကွယ်ခဲ့ရလဲဆိုတာ နားလည်သွားတာ"

"သဲကန္တာရထဲက ကျောက်တုံးက မယ်တော့်ရောဂါကို ကုနိုင်တာကိုး။ ဒါက မယ်တော် အလွန်အမင်း လိုအပ်နေတဲ့အရာပဲ။ ငါက ဘာလို့ အသက်နဲ့လဲပြီး မတိုက်ခိုက်ဘဲ နေမလဲ"

မြက်ခင်းပြင်ပေါ်က တိုက်ပွဲများအကြောင်း ပြောသည့်အခါ ချင်မင်းသားသည် သူ၏ ဂုဏ်ယူမှုကို မဖုံးကွယ်နိုင်ပေ။

"မယ်တော် လိုအပ်တဲ့အရာဆိုရင် ကောင်းကင်က ကြယ်တွေဖြစ်ပါစေဦး ငါ ဆွတ်ခူးပြီး ဆက်သမှာပဲ။ ဟိုတုန်းကတော့ အဖိုးကြီးဖုန်းက သတ္တိနည်းပြီး မယ်တော့်ဆေးကုသမှုကို နှောင့်နှေးစေမှာ စိုးတာနဲ့ ငါက ခကိုယ်ရံတော်တွေကို ချက်ချင်းဦးဆောင်ပြီး တိုက်ပွဲထဲ ဝင်မွှေလိုက်တာ။ တိုက်ပွဲက အတော်လေး ပြင်းထန်တယ်... တကယ်ပဲ ကောင်းကင်နဲ့ မြေကြီး မှောင်မိုက်သွားပြီး နေနဲ့ လပါ ကွယ်ပျောက်သွားသလိုပဲ။ ငါ့ရဲ့ စစ်မြင်းတချို့ကိုတောင် လဲခဲ့ရသေးတယ်"

"ဒီတိုက်ပွဲမှာ ဒုတိယညီတော်က တကယ်ပဲ ရဲရဲတောက် စွမ်းဆောင်နိုင်ခဲ့တာပါ"

အိမ်ရှေ့စံ ကျူးပြန်က ပြုံးလျက် ပြောလိုက်သည်။

"ခမည်းတော်က မင်းကို ထပ်တလဲလဲ ချီးမွမ်းရုံတင်မကဘူး မယ်တော်ကိုယ်တိုင်ကလည်း မင်းကို အလွန် သိတတ်တဲ့သားလို့ ပြောရှာတယ်"

ကျူးယွမ်ကျန်း၏ ဒုတိယမြောက်သား ဖြစ်သော ချင်မင်းသားသည် ရက်စက်ကြမ်းကြုတ်ကာ ထောင်လွှားတတ်ပြီး ဥပဒေမဲ့ လုပ်ရပ်များကို မကြာခဏ လုပ်လေ့ရှိ၏။ ထို့ကြောင့် သူသည် ကျူးယွမ်ကျန်း၏ အနှစ်သက်မခံရဘဲ တစ်ကြိမ်ထက်မက အမိန့်ထုတ်ကာ အပြစ်တင်ခြင်းကို ခံခဲ့ရဖူးသည်။

ယခုအကြိမ်တွင်မူ မိဖုရားကြီးမာ အရေးပေါ် လိုအပ်နေသော ကျောက်တုံးကို ရရှိရန်အတွက် ချင်မင်းသားသည် တကယ်ပင် အားစိုက်ထုတ်ခဲ့သဖြင့် နောက်ဆုံးတွင် ကျူးယွမ်ကျန်း၏ ချီးမွမ်းစကား အချို့ကို ရရှိခဲ့ကာ မိဖုရားကြီးမာကပင် သူ့ကို "သိတတ်သောသား" ဟု ခေါ်ဆိုခဲ့သည်။

ဒါက ဆုလာဘ်တစ်ထောင်ထက် ပို၍ တန်ဖိုးရှိလှ၏။

"ဒုတိယညီတော်ရဲ့ ကောင်းမှုက ထူးချွန်သလို တတိယညီတော်ကလည်း အများကြီး အားစိုက်ထုတ်ခဲ့တာပဲ"

အိမ်ရှေ့စံ ကျူးပြန်က ပြုံးလျက် ကျင်းမင်းသားထံသို့ အကြည့်ကို ရွှေ့လိုက်သည် ။

"တတိယညီတော်... ဒီတိုက်ပွဲမှာ မင်းရဲ့ ဆောင်ရွက်မှုကလည်း နည်းတာမဟုတ်ဘူး"

ကျောက်တုံးတူးဖော်ခြင်း၏အ‌ကြောင်းအရင်းကိုသိရှိပြီးနောက် ကျင်းမင်းသားသည် တစ်မိနစ်မျှပင် အချိန်မဖြုန်းခဲ့ဘဲ သူ ယုံကြည်ရသော တပ်မှူးချန်ဟူချန်ကို ထိုဒေသသို့ စေလွှတ်ခဲ့ကာ သဲကန္တာရ၏ အနောက်ဘက်တံခါးကို ကာကွယ်ရန် အမိန့်ပေးခဲ့၏။ တစ်ချိန်တည်းမှာပင် သူသည် အရာအားလုံးကို စွန့်စား၍ သူ၏ အထူးကိုယ်ရံတော် အားလုံးကို ထိုတံခါးဝသို့ စေလွှတ်ခဲ့သည်။

ယင်းအပြင် ကျင်းမင်းသားကိုယ်တိုင်က လက်မှုပညာသည်များကို ဦးဆောင်ကာ သဲကန္တာရအနက်ပိုင်းအထိ အသက်စွန့်သွားရောက်ပြီး ကယ်လ်ဆိုက်ကျောက်များကို တူးဖော်ခဲ့၏။ ထို့နောက် သူသည် ထိုကျောက်များကို ကျန်းနန်သို့ ကိုယ်တိုင် လိုက်ပါပို့ဆောင်ခဲ့သဖြင့် ထ်ိုစွမ်း‌ဆောင်မှုကိုမည်သူမျှ ဖျက်ဆီး၍မရပေ။

ချင်မင်းသားနှင့်မတူဘဲ ကျင်းမင်းသားသည် ထောင်လွှားသော အရိပ်အယောင် လုံးဝမပြပေ။ ထိုအစား သူသည် နှိမ့်ချသော အမူအရာဖြင့်သာရှိနေ၏။

"မယ်တော်ရဲ့ မွေးကျေးဇူး ပျိုးထောင်ကျေးဇူးက ကောင်းကင်ထက်မြင့်ပြီး မြေကြီးထက် နက်ရှိုင်းလှပါတယ်။ ငါတို့ လုပ်ခဲ့တာတွေက မယ်တော့်ကျေးဇူးရဲ့တစ်ခုစာလောက်ကိုတောင် ပြန်မဆပ်နိုင်ပါဘူး။ဒါငါတို့ရဲ့ တာဝန်သက်သက်ပါပဲ"

"ဒီနေ့ ညီလာခံခန်းမမှာ ခမည်းတော်က ငါ့မှာ စွမ်းဆောင်မှုရှိတယ်ဆိုပြီး ဆုချချင်တာ။ ဒါပေမဲ့ ငါက ဒါက သားသမီးဝတ္တရား ဖြစ်တာမို့ ငါလုပ်သင့်လုပ်ထိုက်တာပဲလို့ လျှောက်လိုက်တယ်။ ခမည်းတော်ရဲ့ ဆုလာဘ်ကို ငါ ဘယ်လိုလုပ် ယူဝံ့ပါ့မလဲ"

ကျင်းမင်းသားသည် နှိမ့်ချစွာ ပြောဆိုနေသော်လည်း အမှန်တကယ်တော့ သူသည် သူ၏ အောင်မြင်မှုများကို သိမ်မွေ့စွာ ပေါ်လွင်အောင် လုပ်နေခြင်း ဖြစ်သည်။

ချင်မင်းသားက မိမိ၏ စွမ်းဆောင်မှုများကို ကျယ်လောင်စွာ ကြေညာနေချိန်တွင် ကျင်းမင်းသားကမူ မိမိကိုယ်ကို ချီးမြှောက်ရန် သိမ်မွေ့သော စကားလုံးများကို သုံးနေသည်။ အောက်တွင် ထိုင်နေသော ယန့်မင်းသား တစ်ယောက်သာ တိတ်ဆိတ်နေ၏။

"စတုတ္ထညီတော်"

အိမ်ရှေ့စံက ပြုံးလျက် ယန့်မင်းသား ကျူးဒီအတွက် ဝိုင်တစ်ခွက်ကို ကိုယ်တိုင် ငှဲ့ပေးလိုက်သည်။

"ခမည်းတော်က မင်းကို ထိုက်ထိုက်တန်တန် ဆုမချခဲ့ပေမဲ့ တကယ့် စစ်သူရဲကောင်းကောင်းတွေက အောင်မြင်မှုတွေကို အမွှမ်းမတင်တတ်ဘူးဆိုတဲ့ သဘောကို ခမည်းတော် နားလည်မှာ အသေအချာပဲ..."

ဤမြောက်ပိုင်းစစ်ဆင်ရေးအတွင်း "မြောက်ပိုင်းနယ်စပ်၏ စွမ်းအားကြီးမားသော မင်းသားသုံးပါးထဲမှ တစ်ပါးဖြစ်သည့် ယန့်မင်းသားသည် ထူးခြားထင်ရှားသော စွမ်းဆောင်ရည်မျိုး မရှိခဲ့သဖြင့် အိမ်ရှေ့စံ ကျူးပြန်က သူ့ကို အထူးတလည် နှစ်သိမ့်စကား ပြောပေးခြင်း ဖြစ်သည်။

ညီအစ်ကို လေးယောက်ထဲတွင် ယန့်မင်းသား ကျူးဒီသည် အငယ်ဆုံးဖြစ်ပြီး စကားအနည်းဆုံးလည်း ဖြစ်၏။အိမ်ရှေ့စံ ကျူးပြန်က တမင်တကာ စကားမစခဲ့ပါက ကျူးဒီတွင် စကားပြောရန် အခွင့်အရေး ရှိလိမ့်မည်မဟုတ်ပေ။

"ညီတော်မြောက်ပိုင်းနယ်မြေအပိုင်စား ရကတည်းက မြို့တော်ကို မရောက်တာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ခမည်းတော်နဲ့ မယ်တော်ကို လာရောက်ဂါရဝပြုခွင့်ရပြီး ညီအစ်ကိုတွေနဲ့ အခုလို ဆုံတွေ့ခွင့်ရတာတင် ညီတော်အလွန် စိတ်ကျေနပ်လှပါပြီ"

အိမ်ရှေ့စံ ကျူးပြန်သည် သူ၏ ကြင်နာမှုနှင့် သဒ္ဓါတရားကောင်းမှုတို့ကြောင့် လူသိများ၏။ သူတို့ ငယ်စဉ်က ချင်မင်းသား၊ ကျင်းမင်းသားနှင့် ယန့်မင်းသားတို့သည် ကျူးယွမ်ကျန်း၏ အပြစ်ပေးခြင်းကို ခံရသည့် အကြိမ်တိုင်းတွင် ကျူးပြန်ကသာ သူတို့ကို အမြဲတမ်း ကယ်တင်ပေးခဲ့သည်။

ထို့ကြောင့်ညီ‌တော်မင်းသားများသည် ကျူးပြန်နှင့် အတော်ပင် ရင်းနှီးသော ပုဂ္ဂိုလ်ရေး ဆက်ဆံရေး ရှိကြပြီး သူ၏ ရှေ့တွင် လွတ်လပ်စွာ ပြုမူကြ၏။

ဝဖြိုးလှသော ချင်မင်းသားက ချက်ချင်းပင် အော်ပြောလိုက်သည်။

"နောင်တော်... လွန်ခဲ့တဲ့ ရက်ပိုင်းက နောင်တော် ဖျားနာတယ်လို့ ငါကြားတယ်။ အတော်လေး ပြင်းထန်ပုံပဲ။ ဒါက ဘာရောဂါလဲ။ အခု သက်သာသွားပြီလား"

"ဒုတိယနောင်တော်"

အိမ်ရှေ့စံ ကျူးပြန့်စကားမပြောမီ ကျင်းမင်းသားက အရင်ဦးအောင် ပြောလိုက်သည်။

"နောင်တော်ကြီး ဘယ်လောက် တက်ကြွလန်းဆန်းနေလဲဆိုတာ ကြည့်ပါဦး။ လူနာတစ်ယောက်နဲ့ လုံးဝမတူဘူး။ နောင်တော်ကြီးရဲ့ ရောဂါက ပျောက်ကင်းသွားတာ ကြာလှပြီ ထင်တယ်..."

"အဲဒီအချိန်တုန်းကတော့ အတော်လေး အန္တရာယ်များခဲ့တာ အမှန်ပဲ"

အိမ်ရှေ့စံ ကျူးပြန်က ရယ်မောလိုက်သည်။

"ဒါပေမဲ့ ဝူကျိရှန်း ရှိနေလို့ပေါ့..."

အိမ်ရှေ့စံ ကျူးပြန်သည် သူ၏ ရောဂါအကြောင်းကို ညီတော်များရှေ့တွင် ပြောလိုပုံမရဘဲစကားလမ်းကြောင်းကို ဝူကျိရှန်းထံသို့ တမင်တကာ လွှဲလိုက်၏။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ဝူကျိရှန်းက တကယ်ပဲ စွမ်းဆောင်နိုင်စွမ်း ရှိတယ်။ သူက ငါ့ကို ချက်ချင်း လက်ငင်း ကုပေးလိုက်တာ... ဒါနဲ့ ပြောရဦးမယ် ဝူကျိရှန်းက ရှန်းရှီးကနေ တက်လာတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ တတိယညီတော်... မင်းက ဘာလို့ သူ့ကို ရာထူးကြီးကြီး မပေးခဲ့တာလဲ"

ကျင်းမင်းသားက ရယ်မောလိုက်သည်။

"ဝူကျိရှန်းရဲ့ ဆေးပညာကို ညီတော်သိပါတယ်။ သူက အသားမည်းကပ်ရောဂါ ဖြစ်တုန်းက စွမ်းဆောင်ရည် ပြခဲ့တဲ့သူပဲ... ဒုတိယနောင်တော်နဲ့ စတုတ္ထညီတော်တို့ မသိဘူး ထင်တယ်။ သူက ယွမ်ချွမ်းတပ်စခန်းက ချန်ဟူချန်ကို ကယ်တင်ခဲ့တာ... သူ ဘယ်လိုကယ်ခဲ့လဲ သိလား"

"သူက အသွားထက်တဲ့ ပုဆိန်နဲ့ ချန်ဟူချန်ရဲ့ဦးခေါင်းကို ဖြတ်ခွဲပြီး ဦးနှောက်ထဲကို ဆေးဝါးတွေထည့်ပြီးချန်ဟူချန်ကို အံ့ဩစရာကောင်းလောက်အောင် အသက်ပြန်ရှင်စေခဲ့တာ။ ဒါက တကယ်ပဲ နတ်သက်ကြွေတဲ့ ဆေးပညာပဲ။ ဟွာထော် ပြန်လည်မွေးဖွားလာရင်တောင် ဒါထက် ပိုလုပ်နိုင်မှာ မဟုတ်လောက်ဘူး"

"သူက ရောဂါကုဖို့ လူ့ဦးခေါင်းကို တကယ်ပဲ ခွဲခဲ့တာလား။ ငါ ကြားဖူးပေမဲ့ ဒါက ချဲ့ကားထားတဲ့ ကောလာဟလလို့ပဲ ထင်နေတာ"

ချင်မင်းသားက ခေါင်းကို အထပ်ထပ် ညိတ်သည်။

"တတိယညီတော် ပြောတာကို ကြားမှပဲ ဒါက အမှန်ပဲဆိုတာ သိတော့တယ်။ ဒီ ဝူကျိရှန်းက တကယ်ပဲ စွမ်းတာပဲ။ ငါ့ရဲ့ ဒီအဝလွန်တဲ့ ရောဂါကို ကုပေးဖို့ သူ့ကို အကူအညီတောင်းရမယ်..."

စကားတစ်ခွန်းမျှ မပြောသလောက်ဖြစ်နေသော ယန့်မင်းသားက နောက်ဆုံးတွင် ပြုံးလိုက်၏။

"ဝူကျိရှန်းကို ယမမင်းရဲ့ ရန်သူလို့ လူသိများပြီး သူက ကူကယ်ရာမဲ့တံတားပေါ်က မကျွတ်မလွတ်တဲ့ ဝိညာဉ်ပဲဖြစ်ဖြစ်၊ မရဏလမ်းပေါ်က သရဲတစ္ဆေပဲဖြစ်ဖြစ် ဘယ်ဝိညာဉ်ကိုမဆို ကယ်တင်နိုင်တယ်လို့ ငါ ကြားဖူးတယ်။ သူက သေလူကို အသက်သွင်းနိုင်ပြီး အရိုးပေါ် အရေတင်အောင် လုပ်နိုင်တဲ့ ဆေးပညာရှိတယ်လို့လည်း ကြားဖူးတယ်၊ ဒါပေမဲ့ သူ့ရဲ့ ဆေးပညာက ဘယ်လောက်ပဲ အံ့ဩစရာကောင်းပါစေ ဒုတိယနောင်တော်ရဲ့ အဝလွန်တာကိုတော့ ကုနိုင်မှာ မဟုတ်ဘူး ထင်တယ်"

"ဘာလို့ ကုလို့မရရမှာလဲ"

"ဒုတိယနောင်တော်... နောင်တော့်ကိုယ်ပေါ်က အဆီတွေအားလုံးက အစားအလွန်အကျွံ စားလို့ ဖြစ်လာတာ"

ယန့်မင်းသား ကျူးဒီသည် ခဲခဲယဉ်းယဉ်း ပြက်လုံးထုတ်လိုက်၏။

"တကယ်လို့ နောင်တော် အစားမစားဘဲ နေလိုက်ရင် အလိုအလျောက် ပိန်သွားမှာပဲ။ ဘာကုသမှုမှ မလိုပါဘူး"

"အစားမစားရဘူး ဟုတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ချင်မင်းသားက ရယ်မောရင်း ဆဲရေးလိုက်သည် ။

"စတုတ္ထညီတော် မင်းကတော့မင်းရဲ့ ဒုတိယနောင်တော်ကို အငတ်ထားပြီး သတ်မလို့လား"

သူတို့ လေးယောက်စလုံးက ငယ်စဉ်က သဟဇာတဖြစ်ခဲ့သော အချိန်များသို့ ပြန်ရောက်သွားသည့်အလား အတူတကွ ရယ်မောလိုက်ကြပြီး ညီအစ်ကိုများကြားမှ ချစ်ခြင်းနှင့် ရိုသေခြင်း မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေတော့၏။

*********

အခန်း (၂၄၄) ချင်မင်းသား၏ နှလုံးသား

"ဝူကျိရှန်းက ချင်မင်းသားကို ဂါရဝပြုပါတယ်"

"မလိုဘူး မလိုဘူး"

သူသည် အလွန်အမင်း ဝဖြိုးလွန်းသဖြင့် မျက်လုံးများမှာ မှေးကျဉ်းနေပြီး ပြုံးလိုက်သည့်အခါ မျက်လုံးများ လုံးဝပျောက်ကွယ်သွားသည့်အလား ထင်ရ၏။ သူက လက်ပြလိုက်ရာ သူ၏ ကိုယ်ရံတော်က နီရဲသော ယွန်းဗန်းတစ်ခုကို ချက်ချင်း သယ်ဆောင်လာသည်။

ဗန်းထဲတွင် သပ်ရပ်စွာ စီထားသော ငွေတုံးကြီး ရှစ်တုံး ရှိနေ၏။

"ဒါက မင်းအတွက် ငွေအချို့ပဲ"

တွေ့တွေ့ချင်းငါ့ကို ငွေအများကြီး ပေးတာလား။ချင်မင်းသား၏ ငွေတုံးများကို လက်ခံရန်မှာ ထင်သလောက် လွယ်ကူမည်မဟုတ်ပေ။

ဝူကျိရှန်းသည် ဆက်လက်ဦးညွှတ်ထားဆဲ ဖြစ်၏ ။

"ကျွန်တော်မျိုးမှာ ဘာလုပ်ဆောင်မှုမှမရှိဘဲ ဆုလာဘ်ကို မခံယူဝံ့ပါဘူး။ ချင်မင်းသားရဲ့ ဆုလာဘ်ကို တကယ်ပဲ မယူဝံ့ပါဘူး..."

"လုပ်ဆောင်မှုမရှိဘဲ ဆုမယူဘူး ဟုတ်လား။ မဟုတ်တာ မဟုတ်တာ။ မင်းမှာလုပ်‌ ဆောင်မှုမှုအကြီးကြီး ရှိတာပေါ့"

ချင်မင်းသားက သူ၏ အဆီပြန်နေသော မျက်နှာကြီးဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

"မယ်တော်ကြီးရဲ့ ရောဂါကို ကုသပေးနိုင်တာက အကြီးမားဆုံးစွမ်း‌ဆောင်မှုပဲ။ မင်းအတွက်ကတော့ ဒါက သစ္စာစောင့်သိမှုဖြစ်ပြီး ငါ့အတွက်ကတော့ ဒါက သားသမီးဝတ္တရားပဲ။ ဒီလို ပြည့်စုံတဲ့ သစ္စာစောင့်သိမှုနဲ့ ဝတ္တရားကို ဆုမချသင့်ဘူးလား"

နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး လူထုအပေါ် ဝတ္တရားကျေပွန်ခြင်းလား။ဒါက နည်းနည်းတော့ ကြီးကျယ်လွန်းနေသည်။

သမားတော်တစ်ဦးအနေဖြင့် လူနာကို ကုသပြီး အသက်ကယ်ခြင်းမှာ ဝူကျိရှန်း၏ တာဝန်သာ ဖြစ်၏။ ၎င်းက နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ သားသမီးဝတ္တရားတို့နှင့် မည်သို့ ဆက်စပ်သွားသနည်း။

"ငါက ချင်နယ်မြေမှာ အကြာကြီးနေရပြီး မြို့တော်ကို ခဲခဲယဉ်းယဉ်း လာရတာ။ မင်းလို နတ်သမားတော်မျိုး မယ်တော့်ဘေးမှာ ရှိနေတော့မှ ငါ စိတ်အေးရတော့တယ်။ နောက်နောင်ကျရင် မင်းက ခမည်းတော်နဲ့ မယ်တော်ကို စိတ်ရောကိုယ်ပါ ပြုစုရမယ်။ ဒါက မင်းက ငါ့ကိုယ်စား သားသမီးဝတ္တရားကို ဖြည့်ဆည်းပေးတာပဲ။ ဒါကို မင်း ဆုမရသင့်ဘူးလား"

၎င်းတို့က ဆုလာဘ်နှင့် ထိုက်တန်သည်မှာ အသေအချာပင် ဖြစ်၏။

တကယ်လို့ ဆုလာဘ်ကို မယူသင့်ဘူးဟု ပြောပါက ချင်မင်းသားသည် သားသမီးဝတ္တရား ပျက်ကွက်သည်ဟု ပြောခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။

သမိုင်းတစ်လျှောက်တွင် သားသမီးဝတ္တရား ပျက်ကွက်ခြင်းသည် ဘဝ၏ အကြီးမားဆုံး အမည်းစက် ဖြစ်၏။ ဝူကျိရှန်းသည် ချင်မင်းသားကို ဝတ္တရားပျက်ကွက်သူ အဖြစ်သို့ လုံးဝ အရောက်မခံနိုင်သဖြင့် ထိုငွေများကို လက်ခံရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

ဝူကျိရှန်းက ဆုလာဘ်ကို လက်ခံသည်ကို မြင်သောအခါ ချင်မင်းသားသည် ပို၍ သဘောကျကာ ပြုံးလိုက်ရာ သူ၏ မှေးကျဉ်းသော မျက်လုံးလေးများသည် အဆီပြင်များကြားတွင် လုံးဝ ကွယ်ပျောက်သွားတော့သည်။

"ဝူကျိရှန်း... ငါ ရှန်းရှီးမှာ ရှိတုန်းကတည်းက မင်းရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးတယ်။ လူတွေက မင်းကို ယမမင်းရဲ့ ရန်သူလို့တောင် ခေါ်ကြတယ်..."

"ဒါက ကောလာဟလသက်သက်ပါ အရှင်... စိတ်ထဲမထားပါနဲ့"

"ယမမင်းကို ယှဉ်နိုင်တယ်ဆိုတာကတော့ နည်းနည်း ချဲ့ကားထားတာ ဖြစ်နိုင်ပေမဲ့ မင်းရဲ့ ဆေးပညာကတော့ အတော်လေး ကောင်းမွန်တာ အမှန်ပဲ"

ချင်မင်းသားက ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်ရာ သူ၏ ကိုယ်ပေါ်ရှိ အဆီပြင်များက လှိုင်းထသကဲ့သို့ ဖြစ်သွား၏။

"မင်း မြင်တဲ့အတိုင်းပဲ... ငါက အတော်လေး ဝဖြိုးနေတာမို့ ဒီအဆီတွေကို ဖယ်ရှားပစ်ဖို့က အလွန် အဆင်မပြေဖြစ်နေတယ်"

"ဒါက အဝလွန်တာသက်သက်ပဲ ဖြစ်ပြီး ရောဂါမဟုတ်ရင်တော့ သီးသန့် ကုသစရာ မလိုပါဘူး။ ရောဂါလက္ခဏာတစ်ခုခု ရှိမှသာ လျော်ကန်တဲ့ ကုသမှုကို ပေးလို့ရမှာပါ"

"ရောဂါလက္ခဏာ ရှိပါတယ်။ နည်းနည်းလှုပ်ရှားလိုက်တာနဲ့ ချွေးတွေ အလွန်အမင်း ထွက်လာပြီး လမ်းလျှောက်ရင် ဒါမှမဟုတ် ထိုင်ရင်လည်း တစ်ခါတလေ ခေါင်းမူးတတ်တယ်..."

ဝူကျိရှန်းသည် ပုံမှန်အတိုင်း သာမန်မေးခွန်းအချို့ကို မေးမြန်းပြီးနောက် သွေးခုန်နှုန်းကို စမ်းသပ်ကာ နောက်ဆုံး ရောဂါအဖြေကို ချက်ချင်း ထုတ်ပြန်လိုက်၏။

"အရှင်မင်းသားရဲ့ ခန္ဓာကိုယ်က အခြေခံအားဖြင့် ကျန်းမာပါတယ်။ ဒီအဝလွန်တာက ပြင်းထန်တဲ့ ရောဂါမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ဆေးမသောက်တာ အကောင်းဆုံးပါပဲ။ အစားနည်းနည်းလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ပေးရင် ရပါပြီ"

ချင်မင်းသားသည် ရောဂါဖြစ်နေခြင်း လုံးဝမဟုတ်ပေ။ သူ အလိုအပ်ဆုံးအရာမှာ ဆေးဝါးမဟုတ်ဘဲ ဝိတ်ချရန်သာ ဖြစ်၏။

ဝိတ်ချရန် နည်းလမ်းများစွာ ရှိသော်လည်း အ‌ကောင်းဆုံးမှာအစားလျှော့စားရန်နှင့် ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ရန်သာ ဖြစ်သည်။ တကယ်လို့ အစားအသောက်ကို မထိန်းဘဲ အမြဲတမ်း အလွန်အကျွံ စားသုံးနေပြီး ကိုယ်လက်လှုပ်ရှားမှု မရှိသည့် စည်းစိမ်ရှိသော ဘဝကို ဖြတ်သန်းနေပါက အဝမလွန်ဘဲ နေလျှင်သာ အံ့ဩစရာ ဖြစ်‌ ပေလိမ့်မည်။

ချင်မင်းသားသည် မိမိအဝလွန်နေသည်ကို သိရှိပြီး သူ၏ သမားတော်များကလည်း ယင်းကို သတိပေးဖူးကြ၏။

အမှန်တကယ်တော့ သူသည် သူ၏ အဝလွန်ခြင်းကို အရေးတစိုက် ရှိလှသည်မဟုတ်ပေ။ သူက ဝူကျိရှန်းကို ကုသရန် ခေါ်ယူခြင်းလည်း မဟုတ်ဘဲ သူ၏ တကယ့်ရည်ရွယ်ချက်မှာ အခြားတစ်ခု ဖြစ်သည်။

"သမားတော်ကြီးဝူ... မင်းရဲ့ ဆေးပညာက တကယ်ကို ထူးခြားတာပဲ"

အပေါ်ယံတွင်မူ ချင်မင်းသားက ဝူကျိရှန်း၏ ဆေးပညာကို ချီးမွမ်းနေခြင်း ဖြစ်သော်လည်း အမှန်တကယ်တော့ သူသည် စကားလမ်းကြောင်းကို အိမ်ရှေ့စံထံသို့ တမင်တကာ ဆွဲခေါ်နေခြင်း ဖြစ်၏။

"အိမ်ရှေ့စံမင်းသား ရောဂါထဖောက်တုန်းက အခြေအနေက အလွန် စိုးရိမ်ရတယ်လို့ တခြားလူတွေပြောတာ ငါကြားတယ်။ တကယ်လို့ မင်းရဲ့ အံ့ဩစရာကောင်းတဲ့ ဆေးပညာသာ မရှိရင် အိမ်ရှေ့စံမင်းသားက..."

ဤနေရာတွင် ချင်မင်းသားက စကားကို တမင်တကာ ဖြတ်လိုက်ပြီး ဝူကျိရှန်း၏ တုံ့ပြန်မှုကို ကြည့်လို၏။

ဝူကျိရှန်းကမူ ဘာတုံ့ပြန်မှုမျှ မပြပေ။

"တကယ်လို့ မင်းရဲ့ ထူးခြားတဲ့ ရှေးဦးကုသမှုသာ မရှိရင် အိမ်ရှေ့စံမင်းသားရဲ့ အခြေအနေက အခုလို ဖြစ်လာမှာ မဟုတ်ဘူး"

ချင်မင်းသားသည် စကားလမ်းကြောင်းကို အိမ်ရှေ့စံထံသို့ ဆက်လက် ဆွဲခေါ်နေပြီး ကျူးပြန်၏ ရောဂါကို အထူးတလည် ရည်ညွှန်းပြောဆိုလိုက်သည်။

"အိမ်ရှေ့စံမင်းသားရဲ့ အခြေအနေက အလွန် စိုးရိမ်ရတယ်လို့ ငါကြားတယ်။ ဒါက အမှန်ပဲလား"

"ဒါက..."

ဝူကျိရှန်းသည် ချင်မင်းသား၏ အတွေးကို ချက်ချင်း နားလည်လိုက်၏။ သူသည် ကျူးပြန်၏ ခန္ဓာကိုယ်အခြေအနေကို သိလိုခြင်း ဖြစ်သည်။

ဝူကျိရှန်းသည် ဘာတွန့်ဆုတ်မှုမျှ မရှိဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

"ဧကရာဇ်အရှင်က အိမ်ရှေ့စံရဲ့ ရောဂါအခြေအနေကို အပြင်လူကို မပြောဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ချင်မင်းသားအရှင် နားလည်ပေးဖို့ မျှော်လင့်ပါတယ်"

အိမ်ရှေ့စံ၏ ရောဂါသည် ကဏ္ဍပေါင်းစုံနှင့် သက်ဆိုင်နေသဖြင့် မည်သူ့ကိုမျှ လုံးဝ ပြောဆို၍မရပေ။

တကယ်လို့ အိမ်ရှေ့စံ၏ ရောဂါအသေးစိတ်ကို သိချင်ပါက ဘုရင်မင်းမြတ်နှင့် ကျူးပြန့်ကိုယ်တိုင်ထံတွင်သာ သွားရောက်မေးမြန်းမှရပေမည်။ သူကကတော့ မင်းသားကို ဘာမှပြောပြမည်မဟုတ်‌ချေ။

ချင်မင်းသားသည် ကြမ်းတမ်းပြီး ပေါ့ဆတတ်သော ဝတုတ်ကြီးတစ်ဦးဟု ထင်ရသော်လည်း ဟန်ဆောင်ထားခြင်းသာ ဖြစ်၏။ သူသည် ဝူကျိရှန်း၏ စကားလုံးများထဲမှ တန်ဖိုးရှိသော အချက်အလက်အချို့ကို ရိပ်မိသွားပြီ ဖြစ်သည်။

အိမ်ရှေ့စံရဲ့ ရောဂါက တကယ်ပဲ ပျောက်ကင်းသွားခဲ့ရင် ကျူးယွမ်ကျန်းက ဝူကျိရှန်းကို မပြောဖို့ တားမြစ်မှာ မဟုတ်သလို အိမ်ရှေ့စံရဲ့ ကျန်းမာရေးကိုလည်း အရေးကြီးတဲ့ လျှို့ဝှက်ချက် အဖြစ် သတ်မှတ်ထားမှာ မဟုတ်ပေ။

ချင်မင်းသားသည် အလွန် ပါးနပ်သော လူတစ်ယောက်ဖြစ်သဖြင့် အိမ်ရှေ့စံ၏ ကျန်းမာရေးမှာ အကြီးအကျယ် ထိခိုက်နေပြီ ဖြစ်ကြောင်း သူ သဘောပေါက်သွား၏။

ချင်မင်းသားသည် ကြီးမားသော စစ်အာဏာကို ကိုင်စွဲထားသည့် တန်ခိုးထွားသော မင်းသားတစ်ပါး ဖြစ်သော်လည်း သူ၏ အင်အားမှာ အိမ်ရှေ့စံ ကျူးပြန်နှင့် နှိုင်းယှဉ်ပါက သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်သည်။

ကျူးပြန်သည် မင်မင်းဆက်၏ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝ စတင်ကိုင်တွယ်နေပြီ ဖြစ်၏။ ကျူးယွမ်ကျန်း၏ ပံ့ပိုးမှုနှင့် ကျူးပြန်ကိုယ်တိုင်၏ အရှိန်အဝါတို့ကြောင့် သူသည် ညီအစ်ကိုမင်းသားအားလုံးကို လုံးဝ ဖိနှိပ်ထားနိုင်သဖြင့် ၎င်းတို့အား မလျော်ကန်သော အတွေးများ မတွေးဝံ့အောင် လုပ်ထားနိုင်သည်။

ချင်မင်းသားသည် ထိုအရာကို ကောင်းစွာ သိရှိ၏။ သူသည် အိမ်ရှေ့စံ၏ ရာထူးကို ဘယ်တော့မှ မခြိမ်းခြောက်နိုင်ပေ။ တကယ်လို့ သူ့၌ မကောင်းသော အတွေးများ ရှိနေလျှင်ပင် ၎င်းတို့ကို စိတ်ထဲ၌သာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားရုံသာ ရှိပြီး ဘာမှမလုပ်ဝံ့ချေ။ သို့မဟုတ်ပါက ကျူးယွမ်ကျန်းက ကောင်းကင်နဲ့ မြေကြီးရဲ့ အာဏာစက်ဆိုသည်မှာ ဘာလဲဆိုတာကို သူ့အား ချက်ချင်း ပြသပေလိမ့်မည်။

ဒါပေမဲ့ အိမ်ရှေ့စံရဲ့ ကျန်းမာရေးက ဆိုးရွားသွားရင်တော့... ဒါက တစ်မျိုး ဖြစ်သွားမည်ဖြစ်၏။

အိမ်ရှေ့စံ ကျူးပြန်က မိဖုရားကြီး၏ သားဦးဖြစ်သဖြင့် တရားဝင် ဆက်ခံပိုင်ခွင့် ရှိ၏။ ချင်မင်းသားက မိဖုရားကြီး၏ ဒုတိယမြောက်သား ဖြစ်သည်။အကယ်၍ အိမ်ရှေ့စံသာ တစ်ခုခုဖြစ်သွားပါက သူသည် ထီးနန်းကို ဆက်ခံရန် ပထမဆုံးအဆင့် ဖြစ်လာပေလိမ့်မည်။

၎င်းမှာ အခြေခံကျသော အပြောင်းအလဲတစ်ခု ဖြစ်ပြီး ၎င်းက ဘာကို ဆိုလိုသည်ကို သူ ကောင်းစွာသိ၏။

ကျယ်ပြောလှသော မင်အင်ပါယာ၏ နယ်မြေကြီး၊ အမြင့်မြတ်ဆုံးသော ဧကရာဇ်ထီးနန်းနှင့် ဟိုတုန်းက တွေးပင်မတွေးဝံ့ခဲ့သော အရာများကို ယခုအခါတွင်သူတို့အိပ်မက်မက်နိုင်ပြီဖြစ်၏။

ချင်မင်းသားသည် တစ်ခါမျှ ယခုကဲ့သို့ ပြင်းပြသော ဆန္ဒမျိုး မရှိခဲ့ဖူးသော်လည်း သူသည် ထူးခြားသည့် အမူအရာမျိုးကို လုံးဝ မပြပေ။

သူ၏ အလွန်အမင်း ဝဖြိုးသော မျက်နှာကြီးပေါ်တွင် ကြင်နာတတ်သော အပြုံးတစ်ခု ရှိနေဆဲ ဖြစ်၏။

"သမားတော်ကြီးဝူ... မင်းက ပဉ္စမအဆင့် အရာရှိတစ်ယောက်မျှသာ ဖြစ်ပေမဲ့ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နေရတာမို့ အစွမ်းကုန် ကြိုးစားရမယ်။ အထူးသဖြင့် မယ်တော်ကြီးနဲ့ အိမ်ရှေ့စံမင်းသားရဲ့ ရောဂါတွေကို ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး။ နောက်ကျရင် ငါ ရှန်းရှီးက ထွက်တဲ့ အကောင်းဆုံး ထုကျုံးနဲ့ ထျန်းမေတွေကို မင်းဆီ ပို့ပေးမယ်..."

All Chapters