အခန်း (၂၄၇-၂၄၈)
Vol. 24 Ch. 247-248
အခန်း ၂၄၇ အေးခဲခေတ်လက်နက်နှင့် မီးမောင်းများ ယှဉ်ပြိုင်ခြင်း
"မီးပေါက်သေနတ်တွေ အသုံးမဝင်တာက ထုတ်လုပ်တဲ့ နည်းပညာတွေညံ့ဖျင်းလွန်းလို့ပါ၊ နည်းနည်းလောက်ပြုပြင်လိုက်ရင် မီးပေါက်သေနတ်တွေက အစွမ်းထက်လာမှာပါ"
"လုံးဝ မဟုတ်နိုင်ပါဘူး"
သခင်မလေးရွန့်က ရယ်မောရင်း ပြော၏။
"မီးပေါက်သေနတ်က လေးနဲ့မြှားကို ဘယ်လိုမှ မမှီပါဘူး၊ သတ်ဖြတ်နိုင်စွမ်းကလည်း ဓားတွေ လှံတွေလောက် မကောင်းဘူး၊ အလွန်ဆုံးရှိမှ မြေခွေးတို့ ယုန်တို့ကိုပဲ အမဲလိုက်လို့ ရတာ၊ တကယ်လို့ တောဝက်လိုမျိုး ပိုကြီးတဲ့ သားကောင်နဲ့ တွေ့ရင် မီးပေါက်သေနတ်က အလုပ်မဖြစ်တော့ဘူး"
ထိုခေတ်က အရပ်သားသုံး မီးမောင်းများသည် တကယ်ပင် ရှေးကျလွန်းလှသည်။ ဒိုင်းခနဲ မြည်သွားလျှင် သားကောင်ကို သေအောင် ပစ်နိုင်မပစ်နိုင် ဆိုသည်မှာ မသေချာချေ။ ထို့ပြင် ပစ်ခတ်မှုအကွာအဝေးမှာလည်း ရယ်စရာကောင်းလောက်အောင် တိုတောင်းလှ၏။ အကယ်၍ အရေထူပြီး ကြီးမားသော သားကောင်နှင့် တွေ့ပါက သတ်နိုင်မည်မဟုတ်ရုံမျှမက တောရိုင်းတိရစ္ဆာန်၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကိုပါ ဆွပေးသကဲ့သို့ ဖြစ်သွားတတ်သည်။ ထို့ကြောင့် အရပ်သားမုဆိုးများပင် ထိုအရာကို သုံးရန် မနှစ်သက်ကြချေ။
"သခင်မလေး အစ်ကိုကျန်းကို မှတ်မိသေးလား"
"သူက ငါတို့ရဲ့ အောင်သွယ်လေ၊ ဘယ်လိုလုပ် မေ့လို့ရမှာလဲ"
သခင်မလေးရွန့်က ပါးစပ်ကိုပိတ်၍ တခိခိရယ်လျက် ပြော၏။
"မီးပေါက်သေနတ်အကြောင်း ပြောရရင် အစ်ကိုကျန်းစစ်က အသိဆုံးပဲ၊ ဟိုတုန်းက တောဝက်ဝံကြီးတစ်ကောင် တောင်ပေါ်ကို ရောက်လာပြီး နွားတွေ သိုးတွေကို အများကြီး ဖျက်ဆီးခဲ့ဖူးတယ်၊ ရုံးတော်က ဝက်ဝံကို သတ်ဖို့ လူလွှတ်ခဲ့တယ်လေ"
ထိုကိစ္စသည် ဝူကျိရှန်း အချိန်ခရီးမနှင်မီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချင်းချင်းလည်း သိထား၏။ သူမက ၎င်းကို ပြက်လုံးတစ်ခုကဲ့သို့ ဝင်ပြောလိုက်သည်။
"အစ်ကိုကျန်းစစ်နဲ့ သူ့လူ နှစ်ဆယ်ကျော် တောင်ပေါ်မှာ ရက်တော်တော်ကြာအောင် ပတ်ရှာခဲ့ကြတယ်၊ နောက်ဆုံးတော့ ဝက်ဝံကြီးကို တွေ့ရော၊ ဒါပေမဲ့ ဝက်ဝံက အားကြီးလို့အမဲလိုက်ပိုက်ကွန် နှစ်ခုကို ရုန်းထွက်သွားတယ်၊ အစ်ကိုကျန်းစစ်က သေမတတ် ကြောက်လန့်ပြီး သူ့မီးပေါက်သေနတ်ကို ကောက်ကိုင်ပြီး ပစ်လိုက်တာပေါ့"
"ဝက်ဝံကြီးကို မသတ်နိုင်ခဲ့တဲ့အပြင် အဲဒီသားကောင်က ပိုပြီးတော့ ကြမ်းကြုတ်လာပြီး သူ့ဆီကို ပြေးဝင်လာတယ်"
"အဲဒီအချိန်မှာ အစ်ကိုကျန်းက ယမ်းမှုန့်ကို အလောတကြီး ပြန်ထည့်ပေမဲ့ အချိန်မမှီတော့ဘူး"
"ကံကောင်းလို့ အတွေ့အကြုံရှိတဲ့ မုဆိုးအချို့က မြှားအများကြီးနဲ့ ပစ်လို့ ဝက်ဝံက သေလုမျောပါး ဖြစ်သွားတာ၊ အဲဒီနောက် ရဲမက်တွေက လှံတွေ အမဲလိုက်ခွတွေနဲ့ ဝက်ဝံကို သတ်လိုက်ကြတယ်၊ မဟုတ်ရင် အစ်ကိုကျန်းကတော့ အဲဒီသားကောင် ကိုက်လို့ သေလောက်ပြီ၊ အစ်ကိုကျန်းက ဘယ်လောက်တောင် ကြောက်သွားလဲဆိုရင် ဘောင်းဘီထဲ သေးထွက်တဲ့အထိပဲ၊ ဟားဟား... သူတကယ် ဘောင်းဘီထဲ သေးထွက်ခဲ့တာ"
သူတို့ပြောသလိုပင်ထိုအရာသည် လက်တွေ့တွင်အသုံးမဝင်လှချေ။တစ်ချက်ပစ်ပြီးတိုင်း ယမ်းမှုန့်နှင့် ခဲကျည်ကို ပြန်ထည့်ရပြီး ခါးတွင်ချိတ်ထားသော မီးစာဖြင့် စနက်တံကို ပြန်ညှိပြီးမှသာ နောက်တစ်ချက် ပစ်နိုင်၏။ ၎င်းသည် အလွန်ပင် လက်ဝင်လှသည်။ ထိုအချိန်အတွင်း အခြားလူများဆိုလျှင် မြှားအနည်းငယ်ပင် ပစ်ပြီးလောက်ပြီ ဖြစ်၏။
ပစ်ခတ်မှုအကွာအဝေး တိုတောင်းခြင်း၊ အစွမ်းထက်မှုနည်းခြင်းနှင့် ကျည်ဖြည့်မှု နှေးကွေးခြင်းတို့ကြောင့် လက်တွေ့တိုက်ပွဲတွင် ၎င်း၏ ထိရောက်မှုမှာ ရိုးရာလေးနှင့်မြှားကို ဘယ်လိုမှ မမှီနိုင်ချေ။
ဝူကျိရှန်းသည် သမားတော်တစ်ဦးသာဖြစ်သဖြင့် လေးနှင့်မြှား သို့မဟုတ် မီးမောင်းများ၏ အားသာချက် အားနည်းချက်ကို ကျွမ်းကျင်သူတစ်ဦးကဲ့သို့ စစ်ရေးရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲလှ၏။ သို့သော် သူက အခြားရှုထောင့်တစ်ခုမှ ရှင်းပြနိုင်ပေသည်။
"ချင်းချင်း နင် အဲလိုတွေးလို့မရဘူး၊ နင်က မီးပေါက်သေနတ်ရဲ့ အတွင်းကျတဲ့ တန်ဖိုးကို မြင်အောင်ကြည့်ရမယ်"
"လေးနဲ့မြှားက မီးပေါက်သေနတ်ထက် ပိုပြီး အစွမ်းထက်တာ မှန်ပေမဲ့ လေးသည်တော်ဆိုတာ ရှားပါးတယ်"
လေးသည်တော်များသည် စစ်တပ်တွင် အရေးပါသော စစ်သည်အမျိုးအစား ဖြစ်သော်လည်း မည်သူမဆို လေးသည်တော် ဖြစ်မလာနိုင်ချေ။
တကယ့် လေးသည်တော်တစ်ဦးဖြစ်ရန် ရေရှည် လေ့ကျင့်ရ၏။ မင်မင်းဆက်၏ စစ်ရေးစံနှုန်းများအရ လက်ချောင်းတစ်ဆယ်ကို ဖြန့်လိုက် ပိတ်လိုက်လုပ်သည့် အချိန်အတွင်း မြှားသုံးစင့်ကို ဆက်တိုက် ပစ်နိုင်ခြင်းသည် (တိကျမှုကို ထည့်မတွေးဘဲ အကွာအဝေးကိုသာ ကြည့်၍) အခြေခံအားဖြင့် အရည်အချင်းပြည့်မီသည်ဟု ယူဆ၏။
လေးကိုဆွဲပြီး မြှားကိုလွှတ်ခြင်းသည် တကယ်တော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အလွန်လိုအပ်လှသည်။ ဆက်တိုက် အကြိမ်အနည်းငယ် ပစ်ပြီးနောက် စံပြလေးပစ်ကွက်အတိုင်းပြီးမြောက် စေရန်ခက်ခဲလှ၏။
"သုံးချက်ပစ်ပြီးရင် ရပ်" ဆိုသည်မှာ မင်စစ်တပ်၏ လေ့ကျင့်ရေးစံနှုန်း ဖြစ်သည်။ အရည်အချင်းပြည့်မီသော လေးသည်တော်တစ်ဦးသည် မြှားသုံးစင့်ကိုသာ ဆက်တိုက် ပစ်နိုင်၏။ ထိုထက်ပိုပါက အကွာအဝေးကို အာမမခံနိုင်တော့ခြင်း ဖြစ်သည်။
ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများ၊ အွန်လိုင်းဂိမ်းအချို့တွင် လေးသည်တော်များကို သွယ်လျပြီး လျင်မြန်ဖြတ်လတ်သူများအဖြစ် ပုံဖော်လေ့ရှိကြရာ ၎င်းမှာမှားယွင်းနေခြင်းဖြစ်၏။
ရှေးခေတ် လေးသည်တော်များသည်သန်မာထွားကြိုင်းသော အမျိုးသားကြီးများသာ ဖြစ်ကြသည်။
ဝူကျိရှန်းကဲ့သို့ သာမန်လူတစ်ယောက်အတွက်မူ စစ်သုံးလေးတစ်စင်းကို အဆုံးထိ တစ်ကြိမ်ဆွဲနိုင်ရုံမျှဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု အလွန်ကောင်းမွန်ရာရောက်နေပြီဖြစ်သည်။ ပရော်ဖက်ရှင်နယ် လေးပစ်သင်တန်း မရှိဘဲ သုံးချက်ပစ်စံနှုန်းသို့ ရောက်ရှိရန် မဖြစ်နိုင်ချေ။
"ချင်းချင်း နင်လို မိန်းကလေးတစ်ယောက်က စစ်သုံးလေးကို ဆွဲဖို့ အသက်ငယ်လွန်းသေးတယ်၊ ပြီးတော့ လေးသည်တော်လည်း ဖြစ်မလာနိုင်ဘူး"
ဝူကျိရှန်းက ရယ်မောရင်း ပြော၏။
"ဒါပေမဲ့ မီးပေါက်သေနတ်ကို သုံးမယ်ဆိုရင်တော့ အဲဒါက တခြားစီပဲ"
မီးပေါက်သေနတ်သည် ခန္ဓာကိုယ်ခွန်အား အများကြီး မလိုချေ၊ မည်သူမဆို သုံးနိုင်၏။ ချင်းချင်းကဲ့သို့ နုနယ်သော မိန်းကလေးပင် ကျည်ဖြည့်ခြင်းနှင့် ပစ်ခတ်ခြင်းဆိုင်ရာ ရိုးရှင်းသော လုပ်ဆောင်ချက်ကို သင်ယူပြီးလျှင် ဆက်တိုက် ပစ်ခတ်နိုင်ပေသည်။
"အဲလိုတော့ မဟုတ်သေးပါဘူး"
ချင်းချင်းက ဇွတ်ငြင်းနေဆဲ ဖြစ်၏။ သူမသည် နှစ်ပေါင်းထောင်ချီ၍ လက်ဆင့်ကမ်းလာခဲ့သောလက်နက်များကို ကိုးကွယ်ယုံကြည်နေဆဲပင်။
"ကျွန်မက မီးပေါက်သေနတ်ကို ဆက်တိုက် ပစ်နိုင်ရင်တောင် ဘာအသုံးဝင်မှာလဲ၊ ကျွန်မကို မီးပေါက်သေနတ်တစ်လက် ပေးထားရင်တောင် စစ်တပ်ထဲက လေးသည်တော်တစ်ယောက်နဲ့ တွေ့ရင် ကျွန်မမြှားမှန်ပြီး သေမှာပဲ၊ ဘာလို့လဲဆိုတော့ မီးပေါက်သေနတ်ရဲ့ ပစ်ခတ်မှုအကွာအဝေးက လေးနဲ့မြှားလောက် မကောင်းဘူးလေ"
"ပြုပြင်မှုအချို့ လုပ်လိုက်ရင် မီးပေါက်သေနတ်တွေက လေးနဲ့မြှားလိုပဲ အဝေးကြီးကို ပစ်နိုင်တယ်လို့ ငါပြောပြီးပြီ မဟုတ်လား"
"အဲဒါလည်း အသုံးမဝင်ပါဘူး၊ တကယ်လို့ ကျွန်မက တစ်ချက်ပစ်လိုက်ပြီးရန်သူကို မသတ်နိုင်ရင်ကျွန်မသေမှာပဲ၊ မီးပေါက်သေနတ်က ကျည်ဖြည့်တာ နှေးတယ်၊ လေးနဲ့မြှားကတော့ ပစ်ခတ်နှုန်း မြန်တယ်လေ၊ သူက ဒုတိယမြှား၊ တတိယမြှားကို ဆက်ပစ်နိုင်တာပဲ"
"တကယ်လို့ နင်က မီးပေါက်သေနတ်တစ်လက်တည်းနဲ့ လေးသည်တော်တစ်ယောက်ကို ရင်ဆိုင်ရင်တော့ နင်သေမှာ သေချာတယ်၊ ဒါပေမဲ့ နင်က ချပ်ဝတ်တန်ဆာ ဝတ်ထားရင်ကော"
ချပ်ဝတ်တန်ဆာသည် အေးခဲလက်နက်ခေတ်တွင် အရေးအကြီးဆုံး ကိရိယာဖြစ်ပြီး မြှားဒဏ်ကိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်၏။ ရှေးခေတ်တွင် စစ်သူကြီးများသည် မြှားအများကြီး မှန်ထားသော်လည်း ဆက်လက် တိုက်ခိုက်နေကြသည်ကို ခဏခဏ တွေ့ရတတ်သည်။ ၎င်းမှာ ချပ်ဝတ်တန်ဆာ၏ ကာကွယ်မှုကြောင့် ဖြစ်၏။
ချပ်ဝတ်တန်ဆာဝတ် စစ်သည်အများအပြားသည် မြှားအများကြီး မှန်ထားသော်လည်း အော်ဟစ်ကာ ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ခိုက်နိုင်ကြခြင်းမှာ ချပ်ဝတ်တန်ဆာကြောင့် ဖြစ်ပေသည်။
"ငါ့ကိုပဲ ချပ်ဝတ်တန်ဆာ ဝတ်ပေးပြီး ရန်သူကိုကျတော့ ပေးမဝတ်တာ တရားမျှတမှု မရှိဘူး"
"ဒါဆို နင်ကော လေးသည်တော်တွေကော အားလုံးကို ချပ်ဝတ်တန်ဆာ ဝတ်ပေးလိုက်မယ်၊ ရလဒ်က ဘာဖြစ်မယ် ထင်လဲ"
အကယ်၍ ချင်းချင်းကို သံချပ်ဝတ်တန်ဆာ ဝတ်ပေးပြီး မီးပေါက်သေနတ်တစ်လက် ကိုင်ခိုင်းကာ သံချပ်ဝတ်တန်ဆာ ဝတ်ထားသော လေးသည်တော်တစ်ဦးနှင့် ရင်ဆိုင်ခိုင်းလျှင် ချင်းချင်း သေဆုံးရဦးမည် ဖြစ်၏။ နှစ်ဖက်စလုံး၏ ချပ်ဝတ်တန်ဆာက အဝေးမှု တိုက်ခိုက်မှုကို ကာကွယ်နိုင်လျှင်ပင် ရန်သူက အနားကို တိုးကပ်လာသည်နှင့် ချင်းချင်းသည် သူမ၏ အားနည်းသော ခွန်အားဖြင့် သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေ မီးပေါက်သေနတ်ကိုင်ထားသော ချင်းချင်းသည် လေးသည်တော်တစ်ဦးကို မယှဉ်နိုင်သည်မှာ သေချာလှ၏။
"တကယ်လို့ ချင်းချင်း အယောက်တစ်ထောင် ဒါမှမဟုတ် အယောက်တစ်သောင်း ရှိနေပြီး အစီအစဉ်တကျ တန်းစီကာ လေးသည်တော် အရေအတွက် တူတူကို အလှည့်ကျ ပြန်ပစ်ရင် ဘယ်လိုဖြစ်မလဲ"
ထိုစကားကို ကြားသောအခါ ချင်းချင်း ဆွံ့အသွားပြီး ဝူကျိရှန်းကို ကြောင်စီစီဖြင့် ငေးကြည့်နေမိသည်။
ဝူကျိရှန်းက သူမ နားလည်သွားသည်ကို သိသဖြင့် ပြုံး၍ ပြောလိုက်၏။
"ညဉ့်နက်နေပြီ၊ နင်လည်း သွားပြီး နားတော့"
ထိုညတွင် ချင်းချင်း အိပ်မပျော်ခဲ့ချေ။
သူမသည် ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင်ဘဲ ရှိနေကာ စိတ်ထဲတွင် မီးပေါက်သေနတ်ကိုင်ထားသော ချင်းချင်းပေါင်း ထောင်ချီကိုသာ မြင်ယောင်နေမိသည်။
မီးပေါက်သေနတ်က ဆက်တိုက် ပစ်နိုင်ပြီး လေးနှင့်မြှားကတော့ သုံးကြိမ်သာ ဆက်တိုက် ပစ်နိုင်သည်ဆိုလျှင် မည်သို့သော အခြေအနေမျိုး ဖြစ်လာမည်နည်း။၎င်းသည် စစ်ပွဲတစ်ခု မဟုတ်တော့ဘဲ တစ်ဖက်သတ် သတ်ဖြတ်ခြင်း၊ ပြင်းထန်သော ဖျက်ဆီးခြင်းသာ ဖြစ်ပေလိမ့်မည်။
ချင်းချင်းသည် မီးမောင်းခေတ်၏ အဓိက အယူအဆများကို သေချာနားမလည်သေးသော်လည်း ခေတ်သစ်တစ်ခု၏ ခြေသံကိုမူ ဝေဝေဝါးဝါး ကြားနေရပြီ ဖြစ်၏။
သူမသည် အခြေခံအချို့ကိုသာ အနည်းငယ်သိပြီး အလွန်ရိုးရှင်းသော အယူအဆအချို့ကို အပေါ်ယံမျှသာ နားလည်ထားကာ နားမလည်နိုင်သေးသော အရေးကြီးသည့် အသေးစိတ်အချက်အလက်များစွာ ရှိနေသေးသော်လည်း ၎င်းတို့မှာ အသေးစိတ်အချက်အလက်များသာ ဖြစ်သည်။ သူမသည်အနာဂတ်၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရပြီ ဖြစ်၏။
*********
အခန်း ၂၄၈ အဝတ်နက်ဝတ် ကျားနာကြီး
ယန့်ဇီကျီသည် မြစ်ပြင်ကျယ်ထဲတွင် တစ်ကိုယ်တည်း ထီးထီးကြီး ရှိနေပြီး ၎င်း၏ ပုံသဏ္ဌာန်မှာ ပျံသန်းနေသော ပျံလွှားငှက်နှင့် တူသောကြောင့် ထိုအမည်ကို ရရှိခဲ့ခြင်း ဖြစ်၏။
ဘုန်းကြီးတစ်ပါးသည် ခန့်ညားထည်ဝါသော နန်ကျင်းမြို့တော်ကို ကျောခိုင်းပြီး လှိုင်းတံပိုး ထန်နေသော ရန်ဇီမြစ်ကို မျက်နှာမူကာ တရားမှတ်နေသကဲ့သို့ တင်ပြင်ခွေ ထိုင်နေ၏။ သူ၏ လက်ထဲတွင်မူ ဝါးစိမ်းငါးမျှားတံတစ်ချောင်းကို ကိုင်ထားသည်။
ဗုဒ္ဓဘာသာဝင်ဘုန်းကြီး တစ်ဦးအနေဖြင့်ငါးမျှားနေခြင်းသည် ဝိနည်းတော်များကို ဖောက်ဖျက်ရာ ရောက်နေသော်လည်းသူကမူ လုံးဝ ဂရုစိုက်ပုံမရချေ။
"ဆရာကြီး တောက်ယန်"
အသားညိုညိုနှင့် ယန့်မင်းသား ကျူးဒီသည် လှည့်လည်သွားလာသူ တစ်ဦးကဲ့သို့ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး ကျယ်ပြောလှိုင်းထန်နေသော ရန်ဇီမြစ်ကြီးကို ငေးကြည့်ရင်း ခေါ်လိုက်၏။
"အိမ်ရှေ့စံရဲ့ ရောဂါက ဘယ်လိုလဲ၊ ငါတို့ တစ်ခုခု..."
ဆရာကြီး တောက်ယန်သည် သာမန်ဘုန်းကြီးများနှင့် မတူပေ။သူသည် ဘုနကြီးဝတ်ရုံကို မဝတ်ဆင်ဘဲ အဝတ်နက်ဝတ်ရုံကိုသာ ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။ မြစ်လေညှင်းကြောင့် သူသည် ပို၍ပင် ပိန်လှီကာ ဖျားနာနေသူနှင့် တူနေ၏။
တောက်ယန်ဆိုသည်မှာ ထိုဘုန်းတော်ကြီး၏ ဘွဲ့တော်ဖြစ်ပြီး သူ၏ အမည်ရင်းမှာ ယောင်ကွမ်ရှောင် ဖြစ်ပေသည်။
"ဖြစ်တော့ ဘာဖြစ်လဲ"
ယောင်ကွမ်ရှောင်၏ စကားများတွင် ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆများ ပါဝင်နေ၏။
"ဖျားနာတယ်ဆိုတော့ ဘာဖြစ်လဲ၊ မဖျားဘူးဆိုတော့ရော ဘာဖြစ်လဲ၊ အရှင်က ဘာလို့ ဂရုစိုက်နေရတာလဲ"
အကယ်၍ အိမ်ရှေ့စံ၏ ရောဂါက တကယ်ပဲ ပြင်းထန်နေလျှင် ယန့်မင်းသား ကျူးဒီ၏ စိတ်ထဲတွင် မည်သို့သော အတွေးများ ရှိနေမည်ကို သူ၏ လူယုံတော်ဖြစ်သော ယောင်ကွမ်ရှောင်က အသေအချာ သိရှိနေ၏။
"ဗုဒ္ဓဘာသာက အခွင့်အရေးကို အလေးထားတယ်"
သူသည် ဘုန်းတော်ကြီးတစ်ပါးဖြစ်သော်လည်းဗုဒ္ဓတရားတော်များကို စဉ်ဆက်မပြတ် ပြောဆိုနေပုံမှာ ဘာသာရေးဘောင်ထဲက လူတစ်ယောက်မဟုတ်ဘဲ ဘေးကနေ ကြည့်နေသူတစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။
"ဒါပေမဲ့ အခွင့်အရေးဆိုတဲ့ အယူအဆက တိမ်ဖြူတွေနဲ့ ခွေးခိုးစားသလိုပဲ ခဏချင်း ပြောင်းလဲတတ်တယ်၊ အဲဒါရဲ့ အနက်အဓိပ္ပာယ်ကို ဘယ်သူက အဆုံးထိ သိနိုင်မှာလဲ"
"အရှင်က အခွင့်အရေးလို့ ထင်နေတဲ့အရာက တကယ်တော့ အခွင့်အရေး မဟုတ်နိုင်ဘူး"
"ကျွန်ုပ်ကို လမ်းညွှန်ပေးပါဦး ဆရာကြီး"
"အိမ်ရှေ့စံ ဖျားတာ မဖျားတာက အရှင်နဲ့ ဘာဆိုင်လဲ၊ အိမ်ရှေ့စံ ဒီလောကကနေ ထွက်သွားရင်တောင် အရှင့်အလှည့် ရောက်ပါ့မလား"
ယောင်ကွမ်ရှောင်၏ စကားများက ပြဿနာ၏ အဓိကအချက်ကို ကွက်တိ ထောက်ပြလိုက်ခြင်း ဖြစ်၏။ အိမ်ရှေ့စံ ကျူးပြန်တစ်ခုခု ဖြစ်သွားလျှင်ပင် ယန့်မင်းသားအနေဖြင့် အိမ်ရှေ့စံရာထူးမှာသူနှင့် မဆိုင်သော ကိစ္စဖြစ်ပေသည်။
ယန့်မင်းသားသည် မိဖုရားခေါင်ကြီးမာ၏ တရားဝင်သားတော် ဖြစ်သော်လည်း (တရားဝင်သားတော်နှင့်သားတော်အရင်းမှာ ကွာခြား၏) သူ၏ အဆင့်က နိမ့်လွန်းလှပြီး သူ၏ အထက်တွင် အစ်ကိုကြီးများဖြစ်သော ချင်မင်းသားနှင့် ကျင်းမင်းသားတို့ ရှိနေကြသေးသည်။
ချင်မင်းသားနှင့် ကျင်းမင်းသားတို့၏ အာဏာကသူ့ထက်များစွာ ကြီးမားလှ၏။ မည်သည့် ရှုထောင့်ကကြည့်ကြည့် ကျူးပြန်သေဆုံးသွားလျှင်ပင် အိမ်ရှေ့စံရာထူးက သူ့ထံ ရောက်လာမည် မဟုတ်ချေ။
"ဘာလို့ ငါ့အလှည့် မဟုတ်ရမှာလဲ"
ကျူးဒီက လုံးဝ မကျေနပ်ဖြစ်သွားပုံရ၏။
"ချင်မင်းသားက အမှားတွေ အများကြီး လုပ်ထားလို့ ခမည်းတော်ရဲ့ မျက်နှာသာပေးမှုကို မရဘူး၊ ငါ့ထက် အသက်နည်းနည်းကြီးတာကလွဲရင် ဒုတိယအစ်ကိုမှာ ဘာအားသာချက်မှ မရှိဘူး၊ တတိယအစ်ကို ကျင်းမင်းသားကလည်း သစ္စာရှိချင်ယောင်ဆောင်နေတဲ့ ကောက်ကျစ်တဲ့ လူယုတ်မာပဲ၊ ခမည်းတော်က ဒါကို မမြင်ဘဲ နေမလား"
"အရှင်တောင် မြင်နိုင်တာပဲ၊ အရှင်မင်းကြီးကတော့ အလိုအလျောက် မြင်တာပေါ့"
ယောင်ကွမ်ရှောင်က ကျူးဒီကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ငါးမျှားခြင်းကိုသာ အာရုံစိုက်ရင်း ပြော၏။
"အရှင်မင်းကြီးက ချင်မင်းသားနဲ့ ကျင်းမင်းသားတို့ကို မုန်းတာ မှန်ပေမဲ့ အရှင့်ကိုပဲ မျက်နှာသာပေးနေလို့လား"
ဧကရာဇ်သည် ဒုတိယသားနှင့် တတိယသားကို မနှစ်သက်သော်လည်း စတုတ္ထသားဖြစ်သော သူ့ကိုလည်း နှစ်သက်ချင်မှ နှစ်သက်လိမ့်မည်။
"အရှင်မင်းကြီးက ရှားပါးတဲ့ အစွမ်းထက်အုပ်ချုပ်သူတစ်ယောက်ပဲ၊ ချင်မင်းသားနဲ့ ကျင်းမင်းသားတို့ရဲ့ လှည့်ကွက်လေးတွေကို အရှင်မင်းကြီးရဲ့ စူးရှတဲ့မျက်လုံးတွေကနေ ဘယ်လိုလုပ် လွတ်မှာလဲ"
ယောင်ကွမ်ရှောင်က တည်ငြိမ်စွာ ပြော၏။
"ကျွန်ုပ် အရှင့်ကို အကြံပေးချင်တာကတော့ တည်တည်ငြိမ်ငြိမ်နေပြီး ဘာမှမလုပ်ပါနဲ့၊ ယန့်ပြည်နယ်ကို အမြန်ဆုံး ပြန်တာက အကောင်းဆုံးပဲ"
အိမ်ရှေ့စံ၏ ရောဂါသည် နန်းတော်တစ်ခုလုံးနှင့် ပတ်သက်နေသော အရေးကြီးသည့် ကိစ္စဖြစ်သဖြင့် အုပ်စုအသီးသီးက လှုပ်ရှားနေကြသည်။ အထူးသဖြင့် ချင်နှင့် ကျင်းမင်းသားတို့သည် အိမ်ရှေ့စံ၏ အခြေအနေကို သိရှိရန် နည်းလမ်းမျိုးစုံဖြင့် စုံစမ်းနေကြပြီး နန်းတွင်းအရာရှိများနှင့် တိတ်တဆိတ် ဆက်သွယ်နေကြရာ သူတို့ လှုပ်ရှားရန် အဆင်သင့်ဖြစ်နေကြောင်း ထင်ရှားလှ၏။
ယောင်ကွမ်ရှောင်၏ ဆိုလိုရင်းမှာ မြို့တော်သည် ဒုက္ခပေးမည့် နေရာတစ်ခု ဖြစ်လာပြီဖြစ်သဖြင့် ယန့်မင်းသားအနေဖြင့် အမြန်ဆုံး ထွက်ခွာသင့်ပြီး မည်သည့် တိုက်ခိုက်မှုတွင်မဆို မပါဝင်ဘဲ ဘာမှမလုပ်ဘဲ မိမိပိုင်နက်သို့ အေးအေးချမ်းချမ်း ပြန်သင့်သည်ဟူ၍ ဖြစ်၏။
"အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားပြီး အစွမ်းထက်တယ်၊ သူက ကျားကွက်ကို ကိုင်ထားတဲ့သူပဲ"
ယောင်ကွမ်ရှောင်က ငါးမျှားခြင်းကိုသာ အာရုံစိုက်နေဆဲ ဖြစ်သော်လည်း သူ၏ လေသံမှာ ဘေးကနေ ကြည့်နေရင်းလှိုင်းထန်နေသော အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရသည့်အတိုင်း ဖြစ်၏။
"ချင်နဲ့ ကျင်းတို့က အရှင်မင်းကြီးရဲ့ လက်ထဲက နယ်ရုပ်တွေ ဖြစ်လာကြပြီ၊ အပယ်ခံရမယ့် နယ်ရုပ်နှစ်ခု ဖြစ်ဖို့ ကံပါလာပြီးသားပဲ၊ တကယ်လို့ ရန်မင်းသားက ဒီဒုက္ခနယ်မြေကနေ အမြန်မထွက်ရင် ချင်နဲ့ ကျင်းတို့ရဲ့ လမ်းစဉ်အတိုင်း လိုက်သွားရလိမ့်မယ်"
လက်ရှိ ချင်မင်းသားနှင့် ကျင်းမင်းသားတို့သည် အိမ်ရှေ့စံ၏ ရောဂါကို ပုံမှန်ထက် ပို၍ ဂရုစိုက်နေကြသည်။ သူတို့သည် နည်းလမ်းမျိုးစုံဖြင့် စုံစမ်းရုံသာမက နန်းတွင်းအရာရှိများနှင့်လည်း တိတ်တဆိတ် မိတ်ဖွဲ့နေကြ၏။ ဤလှုပ်ရှားမှုအသေးစားလေးများကို ကျူးယွမ်ကျန်းက မသိဘဲ နေမည်မဟုတ်ပေ။
ချင်မင်းသားနှင့် ကျင်းမင်းသားတို့ မကြာခင် ဒုက္ခရောက်တော့မည်။ မင်း အမြန်မထွက်ရင် နောက်တစ်ယောက်က မင်းပဲဟုယောင်ကွမ်ရှောင်၏စကားများကသတိပေးနေ၏။
ယန့်မင်းသားသည် ထိုအမှန်တရားများကို နားလည်သော်လည်း ထွက်ခွာရန် ဝန်လေးနေ၏။ မြို့တော်၏ အခြေအနေက အလွန် ထိလွယ်ရှလွယ် ဖြစ်နေပြီး တစ်ခုခုဖြစ်လာလျှင် သူက မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာတွင် ရှိနေပါက မည်သည့် အခွင့်အရေးမှ ရှိတော့မည် မဟုတ်ချေ။
၎င်းသည် စိတ်ကူးယဉ်ဆန်လွန်းသော အတွေးပင် ဖြစ်၏။
အိမ်ရှေ့စံရာထူး၏ ဆွဲဆောင်မှုက ကြီးမားလွန်းလှသဖြင့် အခွင့်အရေး တစ်ရာခိုင်နှုန်းသာ ရှိလျှင်ပင် ရာနှုန်းပြည့် ကြိုးစားရမည် ဖြစ်သည်။
"အိမ်ရှေ့စံ အသက်ရှင်နေသရွေ့တော့ ဘယ်သူ့မှာမှ အခွင့်အရေး မရှိဘူး၊ အနည်းငယ်တောင် မရှိဘူး၊ အိမ်ရှေ့စံ မရှိတော့ရင်တောင် လောကကြီးက အရှင်မင်းကြီးရဲ့ လက်ထဲမှာပဲ ရှိနေဦးမှာ၊ ဘယ်သူမှ ဒုက္ခမပေးနိုင်ဘူး"
"ဆရာကြီး ဆိုလိုတာက..."
"စောင့်ပါ"
"ဘယ်အချိန်ထိ စောင့်ရမှာလဲ"
"အရှင့်ရဲ့ ခေါင်းပေါ်က တောင်ကြီးနှစ်လုံး မရှိတော့တဲ့ အချိန်အထိပေါ့"
ကျူးဒီ၏ ခေါင်းပေါ်ရှိ တောင်ကြီးနှစ်လုံးမှာ အိမ်ရှေ့စံ ကျူးပြန်နှင့် ဧကရာဇ် ကျူးယွမ်ကျန်းတို့ ဖြစ်ကြသည်။
ထိုအခွင့်အရေးအတွက် အကြာကြီး စောင့်ရလိမ့်မည်.။သို့မဟုတ်လျှင်လည်း ထိုမျှအကြာကြီး စောင့်ရန် မလိုချေ။
လူ့သက်တမ်းသည် အဆုံးသတ် ရှိစမြဲဖြစ်ပြီး မည်သူမျှ မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း သဘာဝတရားမှ မလွတ်မြောက်နိုင်ချေ။ ကျူးယွမ်ကျန်းသည် ယခုအခါ အလွန်အိုမင်းနေပြီဖြစ်ပြီး အိမ်ရှေ့စံ၏ ကျန်းမာရေးကလည်း သိသိသာသာ ဆိုးရွားနေပြီ ဖြစ်သည်။ အခွင့်အရေးက ဘယ်အချိန် ရောက်လာမည်ကို မည်သူမှ သိနိုင်မည်မဟုတ်ပေ။
ဘာမှမလုပ်ဘဲ အခွင့်အရေး ရောက်လာမည့်အချိန်ကို ငြိမ်ခံစောင့်နေခြင်းမှာ ကျူးဒီ၏ ပုံစံမဟုတ်ချေ။
"ဒါဆို ငါတို့က ဒီအတိုင်းပဲ ဆက်စောင့်နေရမှာလား"
ကျူးဒီက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ယောင်ကွမ်ရှောင်က ထိုမေးခွန်းကို မဖြေချေ။ သူသည် ဖြည်းညင်းစွာ လှည့်လိုက်ပြီး နှစ်ပေါင်းထောင်ချီ၍ စီးဆင်းနေသော ရန်ဇီမြစ်ကြီးကို ကျောခိုင်းကာ သူ့ရှေ့ရှိ ခန့်ညားထည်ဝါသော မြို့တော်ကြီးကို မျက်နှာမူပြီး တည်ငြိမ်စွာ မေးလိုက်၏။
"ဒီနေရာက ဘာနေရာလဲဆိုတာ အရှင် သိပါတယ်နော်"
ကျူးဒီ သိပါသည်။ ဤနေရာမှာ ရန်ဇီမြစ်၏ ပထမဆုံးသော ကျွန်းငယ်ဟု ကျော်ကြားသည့် ယန့်ဇီကျီ ဖြစ်၏။ ဟိုတုန်းက ကျူးယွမ်ကျန်းသည် မြစ်ကို ဖြတ်ကျော်ပြီးနောက် ထိုနေရာတွင် ကုန်းပေါ်သို့ တက်ခဲ့ပြီး ခန့်ညားထည်ဝါသော မင်မင်းဆက်ကို တည်ထောင်ရန် ပထမဆုံးသော ခြေလှမ်းကို တရားဝင် စတင်ခဲ့ခြင်း ဖြစ်သည်။
"ဒီနေရာက အရှင်မင်းကြီး အာဏာရလာတဲ့နေရာ၊ မင်မင်းဆက်ကို စတင်တည်ထောင်ခဲ့တဲ့ နေရာပဲ၊ အဲဒီတုန်းက လျူချန်ရိက အရှင်မင်းကြီးကို ဒီပျံလွှားကျောက်ဆောင်ပေါ်မှာ အရေးကြီးတဲ့ စကားသုံးခွန်း ပြောခဲ့တယ်၊ အရှင် သိတယ်မဟုတ်လား"
လျူချန်ရိဆိုသည်မှာ လျူကျိ (လျူပေါ်ဝန်) ဖြစ်၏။ သူသည် ချန်ရိနယ်စားအဖြစ် လေးစားခြင်း ခံရသဖြင့် လူများက သူ့ကို လျူချန်ရိဟု ခေါ်ကြသည်။
လျူပေါ်ဝန်က ကျူးယွမ်ကျန်းကို ပြောခဲ့ဖူးသော ထိုစကားသုံးခွန်းသည် မင်မင်းဆက် တည်ထောင်ခြင်း၏ သော့ချက် ဖြစ်လာခဲ့ပြီး မင်မင်းဆက်အတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့ကာ ကျူးယွမ်ကျန်းကို ယွမ်မင်းဆက်နှောင်းပိုင်း စစ်ဘုရင်များ ကွဲပြားနေသော ပရမ်းပတာလောကတွင် နောက်ဆုံး၌ ထူးချွန်ထင်ရှားလာစေခဲ့သည်။
ထိုစကားသုံးခွန်းကို လူတိုင်း သိကြရာ ယန့်မင်းသား ကျူးဒီလည်းသိ၏။
"တံတိုင်းမြင့်မြင့် ဆောက်ပါ၊ ရိက္ခာအမြောက်အမြား စုဆောင်းပါ၊ မင်းသားအဖြစ် ကြေညာဖို့ အချိန်ဆွဲပါ"
"မှန်တယ်၊ "မှန်တယ်"
ယောင်ကွမ်ရှောင်ထံတွင်ဘုန်းတော်ကြီးတစ်ပါး ရှိသင့်သည့် တည်ငြိမ်အေးချမ်းမှု အရိပ်အယောင်မျှ မရှိတော့ချေ။ သူ၏ တြိဂံပုံစံ မျက်လုံးများထဲတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။
ယောင်ကွမ်ရှောင်ဟူသော "အဝတ်နက်ဝတ် ကျားနာကြီး" သည် သူ၏ စရိုက်အမှန်ကို ပထမဆုံးအကြိမ် ထုတ်ပြလိုက်ခြင်း ဖြစ်သည်။
"ဘာမှမလုပ်နဲ့၊ ဘာကိုမှ မပြိုင်ဆိုင်နဲ့၊ ခွန်အားတွေ စုဆောင်းဖို့ မင်းရဲ့ပိုင်နက်ကို ပြန်ပါ၊ အုပ်ချုပ်သူတစ်ယောက် ဖြစ်ချင်ရင် မင်းရဲ့အရည်အချင်းကို ဖျောက်ထားပြီး အခွင့်အရေးကို စောင့်ရမယ်၊ လောကကြီး ပြောင်းလဲသွားတာနဲ့ မင်းရဲ့ဓားနဲ့ သူ့လည်ပင်းကို တစ်ချက်တည်း ဖြတ်လိုက်ရမယ်၊ အရှင်မင်းကြီးက အဲလိုလုပ်ခဲ့လို့ပဲ သူရဲကောင်းဆန်တဲ့ အောင်မြင်မှုတွေကို ရခဲ့တာ၊ အရှင်လည်း သူ့ကို အတုယူလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
သူတို့ စကားပြောနေစဉ် ငါးမျှားတံက အနည်းငယ် လှုပ်ခါသွား၏။
ယောင်ကွမ်ရှောင်က အားရပါးရ ရယ်မောလိုက်ပြီး ငါးမျှားတံကို မတင်လိုက်ရာ ရွှေရောင်ငါးကြင်းကြီး တစ်ကောင် ပါလာခဲ့သည်။
သာမန်ငါးမျှားသမားများနှင့် မတူဘဲ သူသည် ရွှေရောင်ငါးကြင်းကို ငါးမျှားချိတ်မှ ဖြုတ်ပြီးနောက် ငါးခြင်းတောင်းထဲသို့ မထည့်ဘဲ မြစ်ထဲသို့ ပြန်လွှတ်ပေးလိုက်၏။
"ဆရာကြီးက ငါးမျှားပြီး ငါးကိုကျတော့ ပြန်လွှတ်ပေးတာ ဘာအဓိပ္ပာယ်လဲ"
"ငါ ဗုဒ္ဓရဲ့ သားတပည့်ပဲ၊ ဘယ်သက်ရှိကိုမှ မသတ်ဘူး၊ အသားမစားရတဲ့ ဝိနည်းကိုလည်း မဖောက်ဖျက်ဘူး"
အဝတ်နက်ဝတ် ကျားနာကြီး၏ မာနထောင်လွှားသော အရှိန်အဝါများက သဲလွန်စမျှမကျန် ပျောက်ကွယ်သွားခဲ့ပြီ။ ယခုအချိန်တွင် ယောင်ကွမ်ရှောင်သည် ကရုဏာတရားနှင့် ပြည့်စုံသော ဘုန်းတော်ကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြန်၏။
"ငါက ငါးမစားဘူး၊ ဒါကြောင့် ဒီသက်ရှိကို မြစ်ထဲ ပြန်လွှတ်ပေးတာ သဘာဝကျပါတယ်"
"ဆရာကြီးက ငါးမစားရင် ဘာလို့ ငါးမျှားနေတာလဲ"
"ငါးမျှားတာက ငါးမျှားရတဲ့ ပျော်ရွှင်မှုအတွက်ပဲ၊ ငါးကတော့... လုံးဝ အရေးမကြီးပါဘူး"
ယောင်ကွမ်ရှောင် ငါးမျှားနေခြင်းမှာ ငါးစားရန်မဟုတ်ဘဲ ငါးမျှားရသည့် ပျော်ရွှင်မှုကို ခံစားရန်သာ ဖြစ်ပေ၏။