အခန်း ၁၉၀၆
Vol. 128 Ch. 1906
အခန်း (၁၉၀၆ )
နတ်သခင် ဝမ်ကျဲ၏ သဘောထား
လုချန်း သေဆုံးခြင်းမရှိကြောင်း နတ်သခင် လင်ရှု ပြောလိုက်တော့မှ နတ်သခင် ဝမ်ကျဲ နောက်ဆုံးတွင် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
လူမသေလျှင် အဆင်ပြေသေး၏။ ယခုအချိန်အထိ လျှို့ဝှက်ဆန်းကြယ် သတ္တဝါများကို တိုက်ခိုက်ရန် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို ချိပ်ပိတ်ခြင်းဖြစ်ကြောင်း သူတို့ သိထားသော်လည်း သင့်တော်သည့် ချိပ်ပိတ်နည်းဗျူဟာပုံစံ မရှိခဲ့ကြပေ။ သူတို့ ရရှိနိုင်သည့် တစ်ခုတည်းသော နည်းဗျူဟာပုံစံမှာ ကောင်းကင်အဆင့် နည်းဗျူဟာပုံစံဖြစ်သော ကောင်းကင်ကြယ်တာရာ နည်းဗျူဟာပုံစံသာ ရှိသည်။
ဤနည်းဗျူဟာပုံစံကို အတော်အသင့် အားနည်းသော လျှို့ဝှက်ဆန်းကြယ် သတ္တဝါများကို ချိပ်ပိတ်ရန် အသုံးပြုနိုင်သော်လည်း နတ်သခင်အဆင့်ကဲ့သို့ စွမ်းအားကြီးသော သတ္တဝါများဖြစ်ပါက အလုပ်ဖြစ်မှာလားဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်၏။
နတ်သခင် ဝမ်ကျဲ စိတ်အေးသွားသည်ကို မြင်လျှင် နတ်သခင် လင်ရှုက အခွင့်အရေးကို အရယူကာ ဆက်ပြောလိုက်၏။
“ကျောင်းအုပ်ကြီး... ကျုပ်တို့ ခန့်မှန်းချက်အရ လုချန်းရဲ့ ပင်မကိုယ်ဟာ လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ရှိနေဖို့ များပါတယ်။ အခု သူက လျှို့ဝှက်လဝန်း ကျောင်းတော်က နတ်သခင် ကောင်းကင်ရဲ့ တပည့်ရင်း ဖြစ်နေပါပြီ။”
“လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေ ချိပ်ပိတ်မှု လျော့ရဲသွားတာကို လျှို့ဝှက်လဝန်း ကျောင်းတော်က သိနေပေမဲ့ ကူညီဖို့ ဆန္ဒမရှိကြပါဘူး။ လုချန်းမှာ ဒီသတ္တဝါတွေကို ချိပ်ပိတ်နိုင်တဲ့ နည်းဗျူဟာပုံစံ ရှိနေပေမဲ့ ကျုပ်တို့ကို မျှဝေဖို့ ငြင်းဆန်နေပါတယ်။ လျှို့ဝှက်လဝန်း ကျောင်းတော် အတွင်းထဲမှာ တစ်ခုခု ပြဿနာရှိနေပုံရပါတယ်။”
“ဖြစ်နိုင်တာကတော့ လျှို့ဝှက်လဝန်း ကျောင်းတော်ထဲက တစ်ယောက်ယောက်ဟာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားရဲ့ တိုက်စားမှုကို ခံလိုက်ရပြီး လျှို့ဝှက်ဆန်းကြယ် သတ္တဝါအဖြစ် ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ဝမ်ကျဲက ခပ်အေးအေးပင် မေးလိုက်၏။
“ခင်ဗျားပြောချင်တာက လျှို့ဝှက်လဝန်း ကျောင်းတော်ထဲမှာ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေ ရှိနေလို့ လုချန်းက ခင်ဗျားတို့ကို သူတော်စင် အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ လွှဲအပ်မှာကို တားဆီးနေတာလို့ ပြောတာလား။”
နတ်သခင် လင်ရှုက
“ဒီဖြစ်နိုင်ခြေကိုလည်း ကျုပ်တို့ ချန်လှပ်ထားလို့ မရပါဘူး”
ဟု တုံ့ပြန်၏။
နတ်သခင် ဝမ်ကျဲက ကွေ့ဝိုက်မနေပဲ
“လျှို့ဝှက်လဝန်း ကျောင်းတော်မှာ တကယ်ပဲ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေ ရှိနေရင် ဝူယာနတ်သခင်ကို ချိပ်ပိတ်ဖို့ လုချန်းက ခင်ဗျားတို့ကို ကူညီမှာ မဟုတ်သလို အခုအချိန်အထိလည်း သူ အသက်ရှင်နေမှာ မဟုတ်ဘူး။”
“လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေက သူတို့ကို ချိပ်ပိတ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို အခုအချိန်အထိ အသက်ရှင်ခွင့် ပေးပါ့မလား။”
နတ်သခင် ဝမ်ကျဲ၏ မျက်လုံးများက သူ့ထံ စိုက်ကြည့်နေသည်ကို မြင်လျှင် သူ၏ အကြံအစည်လေးကို နတ်သခင် ဝမ်ကျဲ ရိပ်မိသွားပြီဖြစ်ကြောင်း နတ်သခင် လင်ရှု ချက်ချင်း နားလည်လိုက်၏။
နတ်သခင် ဝမ်ကျဲက ဆက်ပြောပြန်၏။
“ကစဉ့်ကလျား ပင်လယ်ထဲက လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေကို ချိပ်ပိတ်ဖို့ သူတော်စင် အဆင့် နည်းဗျူဟာပုံစံကို ရရှိခဲ့တာအပြင် လုချန်းမှာ အခြား အခွင့်အရေးတွေလည်း ရှိနေသေးတယ် မဟုတ်လား။”
နတ်သခင် လင်ရှုက
“အဲဒါကိုတော့ ကျုပ်တို့ မသိပါဘူး”
“ဒါပေမဲ့ လုချန်းမှာ သူတော်စင် အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ ရှိ နေတာကို ထောက်ရှုရင် သူဟာ နတ်ဧကရာဇ်ရဲ့ ဂူဗိမာန် ဒါမှမဟုတ် နတ်ဧကရာဇ် ကွယ်လွန်ပြီးနောက် ချန်ထားခဲ့တဲ့ ကမ္ဘာငယ်လေးကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ရပါမယ်။ ဒီအချက်ကနေ ကြည့်ရင် လုချန်းမှာ သူတော်စင် အဆင့် နည်းဗျူဟာပုံစံ တစ်ခုတည်း ရှိနေတာ မဟုတ်နိုင်တာက ဧကန်မုချပါပဲ။”
“ဖြစ်နိုင်တာကတော့ သူ့မှာ နတ်ဧကရာဇ်ရဲ့ အခြားအမွေအနှစ်တွေ ရှိနေနိုင်ပြီး ဧကရာဇ်အဆင့် ဖြစ်လာမယ့် အခွင့်အရေးတောင် ရှိနေနိုင်ပါတယ်။”
နတ်သခင် ဝမ်ကျဲက
“ခင်ဗျား ဒါတွေ ကျုပ်ကို ပြောဖို့ မလိုပါဘူး။ ခင်ဗျား ဘာလုပ်ချင်လဲဆိုတာ ကျုပ်သိတယ်။”
ဧကရာဇ်အဆင့် ဖြစ်လာမည့် အခွင့်အရေးကို ထည့်ပြောခြင်းမှာ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးဖို့ သူ့အား စည်းရုံးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
တကယ်လည်း နတ်သခင် ဝမ်ကျဲသည် ဧကရာဇ်အဆင့် ဖြစ်လာရန် အနည်းငယ် စိတ်ဝင်စားသော်လည်း သူ၏ အလိုဆန္ဒမှာ အခြားနတ်သခင်များကဲ့သို့ ပြင်းထန်ခြင်းမရှိပေ။ သူသည် သက်စောင့်ဆေးကို သောက်သုံးကာ ယနေ့တိုင် အသက်ရှင်နေခြင်းဖြစ်ပြီး သူ၏ သက်တမ်းမှာ သာမန်နတ်ဧကရာဇ်တစ်ပါးထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
ထို့ပြင် ထိုကဲ့သို့သော အခွင့်အရေးများသည် လူတစ်ဦးနှင့်တစ်ဦး ကွာခြားတတ်ကြောင်း သူ ကောင်းစွာသိ၏။
အချို့သောအမွေအနှစ်များသည် လုချန်းအတွက် ကံကောင်းခြင်း ဖြစ်နိုင်သော်လည်း သူတို့အတွက်မူ အသုံးမဝင်ပေ။ အထူးသဖြင့် ဧကရာဇ်အဆင့် ဖြစ်လာမည့် အခွင့်အရေးမျိုး ဖြစ်၏။
နတ်သခင် ဝမ်ကျဲကို တကယ် စိတ်ဝင်စားစေသည့်အရာမှာ လုချန်း၏ လျှို့ဝှက်ဆန်းကြယ် သတ္တဝါများကို ချိပ်ပိတ်နိုင်စွမ်းနှင့် ထိုသတ္တဝါများကို ရင်ဆိုင်ရန် လုချန်း ပိုင်ဆိုင်ထားနိုင်သည့် နည်းလမ်းများသာ ဖြစ်သည်။
နတ်သခင် ဝမ်ကျဲသည် လျှို့ဝှက်ဆန်းကြယ် သတ္တဝါများ၏ ကျူးကျော်မှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်း တိုက်ပွဲများတွင်တော့ ပါဝင်ခဲ့ခြင်း မရှိသလောက်ပင်။
ထိုစဉ်က သူသည် စွမ်းအားနည်းပါးခဲ့ပြီး အရှေ့ပိုင်းနယ်မှ ထွက်ပြေးခဲ့ပြီးနောက် စစ်ပွဲပြီးဆုံးသည်အထိ ပုန်းအောင်းနေခဲ့သည်။
ထို့ကြောင့် လျှို့ဝှက်ဆန်းကြယ် သတ္တဝါများကို ချိပ်ပိတ်ခြင်းအကြောင်းကိုသာ သူ သိပြီး ထိုနတ်ဧကရာဇ်များ အသုံးပြုခဲ့သည့် နည်းလမ်းများကိုတော့ မသိခဲ့ပေ။
ယခု လုချန်း ရရှိထားသော အမွေအနှစ်သည် လျှို့ဝှက်ဆန်းကြယ် သတ္တဝါများ၏ ကျူးကျော်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် နတ်ဧကရာဇ်တစ်ပါးထံမှ လာခြင်းဖြစ်ရန် များသည်ဟု နတ်သခင် ဝမ်ကျဲ တွေးမိ၏။
ထိုသို့သာဆိုလျှင် လုချန်း ရရှိခဲ့သော အမွေအနှစ်ထဲတွင် လျှို့ဝှက်ဆန်းကြယ် သတ္တဝါများကို ရင်ဆိုင်ရန် အခြားနည်းလမ်းများ ဧကန်မုချ ပါဝင်ပေလိမ့်မည်။
အကယ်၍ သူတို့သာ လျှို့ဝှက်ဆန်းကြယ် သတ္တဝါများကို ရင်ဆိုင်ရန် ထိုနည်းလမ်းများကို ရရှိနိုင်ပါက ထိုသတ္တဝါများ ချိပ်ပိတ်မှုကို ထပ်မံဖျက်ဆီးလာလျှင်ပင် နတ်ဧကရာဇ်များ ချန်ထားခဲ့သည့် နည်းလမ်းများအတိုင်း ၎င်းတို့ကို ပြန်လည်ချိပ်ပိတ်နိုင်မည် ဖြစ်သည်။
နတ်သခင် ဝမ်ကျဲ၏ စကားကို ကြားပြီးနောက် နတ်သခင် လင်ရှုက သတိကြီးစွာဖြင့်
“ကျောင်းတော်သခင်... ဘာလုပ်ဖို့ အစီအစဉ်ရှိပါသလဲခင်ဗျာ။”
နတ်သခင် ဝမ်ကျဲက
“လုချန်းမှာ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေကို ချိပ်ပိတ်နိုင်တဲ့ သူတော်စင် အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ တကယ်ရှိတယ်ဆိုရင် ဒီနည်းဗျူဟာပုံစံဟာ ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးနဲ့ ဆိုင်သင့်ပါတယ်။”
“လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေ ထွက်ပေါ်လာတာက ချိပ်ပိတ်မှု လျော့ရဲလာတာကို ပြနေတာပဲ။ သူတို့ရဲ့ တပ်ကြီး ထျန်းရန် နတ်ဘုရား နယ်မြေကို ဘယ်အချိန်မှာ ထပ်ပြီး ကျူးကျော်လာမလဲဆိုတာ မပြောနိုင်ဘူး။”
“လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေကို ချိပ်ပိတ်တာက သူတို့ကို တိုက်ခိုက်ဖို့ အခုလောလောဆယ် ကျုပ်တို့သိတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီသူတော်စင် အဆင့် နည်းဗျူဟာပုံစံကို ကျုပ်တို့ မဖြစ်မနေ ရယူရမယ်။”
“ဒါပေမဲ့ အခု ကပ်ဘေးက နီးကပ်နေပြီဖြစ်လို့ စစ်ကို မဆင်မခြင် စတင်တာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ကျုပ်တို့ရဲ့ အင်အားကိုလည်း နည်းသွားစေနိုင်တယ်။ အဲ့ဒါဆိုရင် လျှို့ဝှက်ဆန်းကြယ် တပ်ကြီး ကျူးကျော်လာတဲ့အခါ ခုခံဖို့ ကျုပ်တို့တွေ ရုန်းကန်ရလိမ့်မယ်။”
နတ်သခင် ဝမ်ကျဲထံမှ စကားများကို ကြားလျှင် နတ်သခင် လင်ရှုလည်း သူ၏ သဘောထားကို ချက်ချင်း နားလည်သွားပြီး လျင်မြန်စွာပင်
“ကျုပ် ဘာလုပ်ရမလဲဆိုတာ သိပါပြီ ကျောင်းအုပ်ကြီး။”
နတ်သခင် ဝမ်ကျဲ၏ စကားမှာ ရိုးရှင်းလှသည်။ လုချန်း၏ ချိပ်ပိတ်နည်းဗျူဟာပုံစံသည် ထျန်းရန် နတ်ဘုရား နယ်မြေနှင့် ဆိုင်သည်ဟု ပြောခြင်းက နက်နဲသော အဓိပ္ပာယ်ရှိ၏။ ယင်းက လုချန်းတွင် လျှို့ဝှက်ဆန်းကြယ် သတ္တဝါများကို ချိပ်ပိတ်နိုင်သည့် နည်းဗျူဟာပုံစံ ရှိကြောင်း အားလုံးကို အသိပေးရန်နှင့် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးရန် သူတို့ ပူးပေါင်းရမည်ဟု ဆိုလိုခြင်း ဖြစ်၏။
ကပ်ဘေးနီးကပ်နေသဖြင့် စစ်ပွဲများဖြစ်ပွားအောင် လှုံ့ဆော်ခြင်းမှာ အကျိုးမရှိဟုလည်း နတ်သခင် ဝမ်ကျဲက ထည့်ပြောခဲ့သေး၏။ ယင်းက ဖိအားပေးမှုကို ပြုလုပ်နိုင်သော်လည်း တကယ့်စစ်ပွဲကိုတော့ ရှောင်ရှားရမည်ဟု အဓိပ္ပာယ်ရသည်။
ယခုအခါ နတ်သခင် ဝမ်ကျဲ၏ သဘောထားကို နားလည်သွားပြီဖြစ်၍ နတ်သခင် လင်ရှုလည်း လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးရန် သူတို့၏ မူလအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
နတ်သခင် လင်ရှု ထပ်ပြောရန် ပြင်နေစဉ်မှာပင် ရုတ်တရက် အဝေးဆီမှ အလင်းတန်းတစ်ခု အဆောင်ဆီသို့ ပျံသန်းလာပြီး မကြာမီ အပြင်ဘက်တွင် လူရိပ်တစ်ခုအဖြစ် ပြောင်းလဲထင်ရှားလာ၏။
ရောက်ရှိလာသူမှာ နတ်သခင်တစ်ပါး ဖြစ်သည်။ ထိုသူ၏ မျက်နှာသည် ဖြူလျော်နေပြီး ကြောက်မက်ဖွယ်ရာ တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသည့်နှယ် ရှိနေ၏။
ထိုနတ်သခင်ကို မြင်လျှင် နတ်သခင် လင်ရှုက တိုက်ရိုက်ပင်
“နတ်သခင် ရှုယွမ်... ဘာဖြစ်လို့လဲ။”
“ခင်ဗျား ကြည့်ရတာ အဆင်မပြေ သလိုပဲ။”
နတ်သခင် ရှုယွမ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် နတ်သခင် ဝမ်ကျဲကို
“ကျောင်းအုပ်ကြီး... နတ်ဆိုးဧကရာဇ်က သဘောမတူပါဘူး။”
နတ်သခင် ဝမ်ကျဲ၏ မျက်ခုံးများ နက်ရှိုင်းစွာ တွန့်ကွေးသွားပြီး သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာ၏။
နတ်ဧကရာဇ်တစ်ပါး ပါဝင်ခြင်းမရှိပါက လုချန်းထံမှ လျှို့ဝှက်ဆန်းကြယ် သတ္တဝါများကို ရင်ဆိုင်မည့် နည်းလမ်းများ ရရှိခဲ့လျှင်ပင် နတ်သခင် ဝမ်ကျဲတွင် ယုံကြည်မှု သိပ်မရှိပေ။
လျှို့ဝှက်ဆန်းကြယ် သတ္တဝါများထဲတွင် နတ်ဧကရာဇ် စွမ်းအားမျိုး ပိုင်ဆိုင်ထားသည့် သတ္တဝါတစ်ကောင် ထွက်ပေါ်လာမည်ကို သူ အလွန်ကြောက်ရွံ့နေ၏။ ထိုသို့ဖြစ်လာပါက သူတို့ဘက်မှ နတ်ဧကရာဇ်ကသာ ၎င်းကို ပြန်လည်ချိပ်ပိတ်နိုင်မည်ဖြစ်သည်။
ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် အခွင့်အရေးအရှိဆုံးသူမှာ နတ်ဆိုးဧကရာဇ် ဖြစ်၏။ သူမသည် နဂိုကတည်းက နတ်ဧကရာဇ်ဖြစ်ပြီး သူမ၏ ထူးခြားသော ပါရမီကြောင့် မကြာမီ သူမ၏ စွမ်းအားကို ပြန်လည်ရရှိနိုင်ပေသည်။
သို့သော် ယခု နတ်ဆိုးဧကရာဇ်က သူတို့နှင့် မဟာမိတ်ဖွဲ့ရန် ငြင်းဆန်လိုက်ခြင်းမှာ သူတို့ဘက်မှ ရပ်တည်ရန် ဆန္ဒမရှိခြင်းကို ဖော်ပြနေသည်။ ထျန်းရန် နတ်ဘုရား နယ်မြေ၏ လက်ရှိ အလုံးစုံ စွမ်းအားနှင့်ဆိုလျှင် သူတို့သည် လျှို့ဝှက်ဆန်းကြယ် တပ်၏ ကျူးကျော်မှုကို ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
နတ်သခင် ဝမ်ကျဲ၏ လေးနက်သော မျက်နှာအမူအရာကို သတိပြုမိလျှင် သူ စကားမှားသွားကြောင်း နတ်သခင် ရှုယွမ် ရိပ်မိသွားပြီး လျင်မြန်စွာပင် ရှင်းပြလိုက်၏။
“နတ်ဆိုးဧကရာဇ်က မဟာမိတ်ဖွဲ့ဖို့ သဘောမတူခဲ့ပေမဲ့ သူပြောတဲ့ စကားအရဆိုရင် သူ ဝင်ရောက်စွက်ဖက်မယ့် ပုံပါပဲ။”
ထိုသို့ပြောပြီးနောက် နတ်သခင် ရှုယွမ်က အလျင်အမြန်ပင် အရိပ်ဖမ်းကျောက်တုံးတစ်ခုကို စုစည်းကာ နတ်သခင် ဝမ်ကျဲထံသို့ ဆက်သလိုက်၏။
အရိပ်ဖမ်းကျောက်တုံးကို အသက်သွင်းပြီး အကြောင်းအရာကို ကြည့်ရှုပြီးနောက် နတ်သခင် ဝမ်ကျဲ စိတ်အနည်းငယ် ပြန်လည်အေးချမ်းသွား၏။
နတ်ဆိုးဧကရာဇ်အနေနှင့် လှုပ်ရှားရန် ဆန္ဒရှိနေသရွေ့ မဟာမိတ်ဖွဲ့ခြင်း၊ မဖွဲ့ခြင်းက အရေးမကြီးလှပေ။
ထို့နောက်တွင် နတ်သခင် ဝမ်ကျဲက နတ်သခင် လင်ရှုကို
“ခင်ဗျား လုပ်ချင်တာကို လုပ်ပါ။ ကျုပ်စကားကိုတော့ မှတ်မိပါစေ။”
နတ်သခင် လင်ရှုက
“ကောင်းပါပြီ ကျောင်းအုပ်ကြီး... ကျုပ်ကို ခွင့်ပြုပါဦး။”
--
…………