အခန်း ၁၉၀၇
Vol. 128 Ch. 1907
အခန်း (၁၉၀၇)
ရှေးဟောင်းခေတ်မှ ပြန်လည်ဝင်စားသူလား
သားရဲမဟာမိတ်။
ရှီယွဲ့ခန်းမ။
ခမ်းနားလှသော ခန်းမကြီးအတွင်း၌ ပန်းရောင်မြှူခိုးများ ရစ်သိုင်းလှိုင်းထနေ၏။ ခန်းမ၏ အထက်ပိုင်းရှိ နတ်ရွှေဖြင့် ပြုလုပ်ထားသည့် ကုလားထိုင်ပေါ်၌ လရောင်ဝတ်ရုံပါးကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦး ခုံကိုတစ်စောင်းမှီလျက် ထိုင်နေ၏။
သူမ၏ မျက်လုံးထောင့်စွန်းများသည် အပေါ်သို့ အနည်းငယ်ကော့တက်နေ၏။ နီရဲသော မျက်ဝန်းအိမ်များက ညှို့ဓာတ်အပြည့် ရှိနေသော်လည်း မည်သည့်ခံစားချက်မှ မပြပေ။ သူမ၏ ဖြူဖွေးသော ပါးပြင်များကတော့ အေးစက်မြင့်မြတ်သည့် အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
ထိုအမျိုးသမီးသည် သူမ၏ ခြေဖဝါးများကို ခုံပေါ်၌ တင်ထားပြီး သူမ၏ ဖြူဖွေးသွယ်လျသော ခြေတံရှည်များနောက်တွင်တော့ ဖြူဖွေးသော အမြီးမွှေးများ အနည်းငယ် ထွက်ပေါ်နေသည်။
ထိုစဉ် နတ်သခင် ကန်းယာသည် အရိုင်းနယ်မြေတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို မှတ်ဉာဏ်ပုလဲလုံးတစ်လုံးအဖြစ် စုစည်းကာ နတ်သခင် ရှီယွဲ့ထံသို့ ပေးအပ်လိုက်သည်။
နတ်သခင် ကန်းယာက
“မဟာမိတ်ခေါင်းဆောင်... ဒါက ကျုပ် အရိုင်းနယ်မြေမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပါ။”
ထိုအခါ နတ်သခင် ရှီယွဲ့ သူမ၏ လက်ညှိုးကို ညင်သာစွာ မြှောက်လိုက်သည်။ ထို့နောက် သူမ လက်ထိပ်မှ နတ်စွမ်းအားကို ထုတ်လွှတ်ကာ မှတ်ဉာဏ်ပုလဲလုံးကို အသက်သွင်း၍ အတွင်းရှိ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်၏။ မှတ်ဉာဏ်ပုလဲလုံးအတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် နတ်သခင် ရှီယွဲ့ မျက်ခုံးအစုံကို အနည်းငယ် တွန့်လိုက်သော်လည်း မည်သည့်စကားမှ မဆိုပဲ တိတ်ဆိတ်စွာ တွေးတောနေပုံရ၏။
နတ်သခင် ရှီယွဲ့၏ တိတ်ဆိတ်မှုကို သတိပြုမိသဖြင့် နတ်သခင် ကန်းယာက စမ်းသပ်သည့်အနေနှင့် မေးလိုက်၏။
နတ်သခင် ကန်းယာက
“မဟာမိတ်ခေါင်းဆောင်... လုချန်းက သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကိုတောင် ပိုင်ဆိုင်ထားတာဆိုတော့ သူ ကစဉ့်ကလျား ပင်လယ်ထဲကနေ ဧကရာဇ် ဖြစ်နိုင်မယ့် အခွင့်အရေးကို တကယ်ပဲ ရရှိခဲ့တာ ဖြစ်နိုင်ပါတယ်။ အကယ်၍ ကျုပ် တို့ ဒီဧကရာဇ် အခွင့်အရေးကို ရနိုင်မယ်ဆိုရင် မဟာမိတ်ခေါင်းဆောင်အနေနှင့် အဲ့ဒီခြေလှမ်းကို လှမ်းနိုင်ပြီး နောက်ဆုံးအသွင်ပြောင်းလဲခြင်းကို ပြီးမြောက်နိုင်ပါလိမ့်မယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ရှီယွဲ့ သတိပြန်ဝင်လာပြီး သူမ၏ နီရဲသော မျက်ဝန်းများကို နတ်သခင် ကန်းယာထံသို့ လွှဲပြောင်းကာ တည်ငြိမ်စွာ ဆိုလိုက်၏။
“ကျွန်မက နတ်ဆိုးမျိုးနွယ်ပဲ... လူသားမျိုးနွယ်ရဲ့ ဧကရာဇ်အဆင့် အခွင့်အလမ်းက ကျွန်မနဲ့ သင့်တော်မယ်လို့ ထင်နေတာလား။”
ထိုစကားများကြောင့် နတ်သခင် ကန်းယာ မှင်တက်သွား၏။ ယခင်က ဤအချက်ကို သူ ထည့်သွင်းမစဉ်းစားခဲ့မိပေ။
ယခုအခါ နတ်သခင် ရှီယွဲ့၏ စကားကို ကြားရပြီးနောက်မှ အခွင့်အလမ်းများဟူသည် လူတစ်ဦးချင်းစီအပေါ် မူတည်သည်ကို သဘောပေါက်သွား၏။ အဆုံးစွန်တွင်တော့ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကြား၌ ကွဲပြားခြားနားမှုများ ရှိနေသည်။
နတ်သခင် ကန်းယာ ငိုင်နေစဉ် နတ်သခင် ရှီယွဲ့က ဆက်လက်၍
“ဒါပေမဲ့ ဧကရာဇ်အဆင့် အခွင့်အလမ်းက ကျွန်မအတွက် အသုံးမဝင်နိုင်ပေမယ့် ထူးဆန်းတဲ့ သတ္တဝါတွေကို ကိုင်တွယ်တဲ့ နည်းလမ်းတွေကိုတော့ ကျွန်မတို့ မဖြစ်မနေ ရယူရမယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ကန်းယာ ချက်ချင်းပင် အာရုံပြန်စုစည်းလိုက်ပြီး နတ်သခင် ရှီယွဲ့အနေနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးရန် သဘောတူလိမ့်မည်ဖြစ်ကြောင်း သိသွား၏။
ဤနေရာ၌ နတ်သခင် ကန်းယာက ထပ်မံ၍ မေးမြန်းလိုက်၏။
“မဟာမိတ်ခေါင်းဆောင်... လျှို့ဝှက်လဝန်း ကျောင်းတော်က လုချန်းကို လွယ်လွယ်နဲ့ လွှဲအပ်ပေးမှာ မဟုတ်လောက်ဘူး။ ကျုပ် တို့ အလယ်ပိုင်းနယ်မြေကို ဖိအားပေးဖို့ တပ်ဖွဲ့တွေ စေလွှတ်သင့်သလား။”
ခဏခန့် တွေးတောပြီးနောက် နတ်သခင် ရှီယွဲ့က
“ကျွန်မတို့ စစ်ပွဲအတွက် ပြင်ဆင်ထားနိုင်တယ်။ လျှို့ဝှက်လဝန်း ကျောင်းတော်ကို တိုက်ခိုက်ဖို့ မဟုတ်ရင်တောင် ထူးဆန်းတဲ့ စစ်တပ်ရဲ့ ကျူးကျော်မှုကိုတော့ သတိထားရမယ်။”
နတ်သခင် ကန်းယာက
“နားလည်ပါပြီ”
နတ်သခင် ရှီယွဲ့ ဆက်လက်၍
“နောက်တစ်လမှာ သားရဲမဟာမိတ် ညီလာခံ ကျင်းပဖို့ အမိန့်ထုတ်လိုက်။ နတ်ဘုရင် အဆင့်နဲ့ အထက်ရှိတဲ့သူတွေ အားလုံး ကောင်းကင်မြေခွေးမြို့တော်မှာ စုဝေးရမယ်။”
နတ်သခင် ကန်းယာ ချက်ချင်းပင် ရိုသေစွာဖြင့်
“ဟုတ်ကဲ့ပါ မဟာမိတ်ခေါင်းဆောင်”
နတ်သခင် ရှီယွဲ့ ခပ်အေးအေးပင်
“ရှင် သွားနိုင်ပြီ။”
ထို့နောက် နတ်သခင် ကန်းယာ လှည့်ထွက်ကာ ခမ်းနားလှသော ခန်းမကြီးအတွင်းမှ ထွက်ခွာသွားသည်။
နတ်သခင် ကန်းယာ ထွက်ခွာသွားပြီးနောက် နတ်သခင် ရှီယွဲ့ လည်း ခုနက ဖတ်ရှုခဲ့သော မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရကာ တစ်ကိုယ်တည်း တွေးတောလိုက်၏။
“ဘာကြောင့်လဲတော့ မသိဘူး... ဒီလုချန်းက ငါ့ကို ရင်းနှီးတဲ့ ခံစားချက်မျိုး ပေးနေတယ်။ သူက ရှေးဟောင်းခေတ်က ပုဂ္ဂိုလ်ကြီး တစ်ယောက်ယောက် ပြန်လည်ဝင်စားတာများ ဖြစ်နေတာလား။”
သူမ၏ မျိုးရိုးလိုက်မှတ်ဉာဏ်များထဲရှိ အချက်အလက်များစွာကို ချိပ်ပိတ်ခံထားရဆဲ ဖြစ်သည်။ နတ်ဧကရာဇ် အဆင့်သို့ တက်ရောက်နိုင်မှသာ ထိုမျိုးရိုးလိုက်မှတ်ဉာဏ်များ အားလုံးကို ဖွင့်ဟနိုင်လိမ့်မည် ဖြစ်သည်။
ထိုရင်းနှီးသော ခံစားချက်သည် သူမ၏ ချိပ်ပိတ်ထားသော မျိုးရိုးလိုက်မှတ်ဉာဏ်များထဲ၌ လုချန်းနှင့် ပတ်သက်သည့် အချက်အလက်များ ဧကန်မုချ ရှိနေနိုင်ကြောင်း ညွှန်ပြနေသည်။
သူမ၏ ချိပ်ပိတ်ထားသော မျိုးရိုးလိုက်မှတ်ဉာဏ်များသည် အလွန်ဝေးကွာလှသော အတိတ်များ၊ မည်သည့်ခေတ်မှမှန်းမသိသော အချိန်ကာလများမှ ဆင်းသက်လာခြင်း ဖြစ်ရာ အကယ်၍သာ လုချန်းသည် ထိုချိပ်ပိတ်မှတ်ဉာဏ်များထဲတွင် တကယ်ပဲ ရှိနေခဲ့ပါက သူသည် အတိတ်ကာလ၌ ထူးခြားထင်ရှားသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးကြောင်း သက်သေပြနေ၏။
ကောင်းကင်မြေခွေးမျိုးနွယ်စု၏ မျိုးရိုးလိုက်မှတ်ဉာဏ်များထဲတွင် သာမန်လူဟူ၍ မရှိပေ။ ယခုမျက်မှောက်ခေတ်အထိ အကြိမ်ကြိမ် ဘဝသံသရာ လည်ပတ်ဝင်စားနိုင်သူဆိုလျှင် ပို၍ပင် သာမန်လူ ဖြစ်နိုင်စရာ မရှိပေ။
နတ်သခင် ရှီယွဲ့ ခဏခန့် တွေးတောပြီးနောက် သူမ၏ လက်ကို မြှောက်ကာ နားထင်ကို ပွတ်သပ်ရင်း အတွေးစများကို ဖြတ်တောက်ပစ်လိုက်၏။ ယခုအချိန်၌ အများကြီး တွေးတောနေခြင်းသည် အပိုသာ ဖြစ်ပေလိမ့်မည်။ သူမ နတ်ဧကရာဇ် အဆင့်သို့ မတက်ရောက်နိုင်သရွေ့ ကျန်ရှိနေသေးသော မျိုးရိုးလိုက်မှတ်ဉာဏ်များကို ဖွင့်လှစ်နိုင်မည် မဟုတ်ရာ အတွေးပိုနေရုံဖြင့် မည်သည့်အရာကိုမှ ပို၍ သိလာနိုင်မည် မဟုတ်ပေ။
ထို့ပြင် လုချန်းသည် ရှေးဟောင်းခေတ်မှ ပြန်လည်ဝင်စားလာသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် မဖြစ်စေ ထူးဆန်းသော စစ်တပ်တစ်တပ် ပေါ်ထွက်လာနိုင်သည့် အန္တရာယ်ကြောင့် သူတို့အနေနှင့် လုချန်းကို ဖမ်းဆီးကာ ထူးဆန်းသော သတ္တဝါများကို ချိပ်ပိတ်သည့် နည်းလမ်းကို မဖြစ်မနေ ရယူရမည် ဖြစ်သည်။
လုချန်းသည် ရှေးဟောင်းခေတ်မှ ပြန်လည်ဝင်စားလာသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေပါစေဦးတော့ သူ၏ စွမ်းအားများ အပြည့်အဝ ပြန်လည်မရရှိသေးသရွေ့ ကြောက်ရွံ့နေစရာ မလိုပေ။
……
ခြောက်လအကြာတွင်။
ခမ်းနားသော ကောင်းကင်ခန်းမ။
ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့သည် မကြာမီ ကျရောက်တော့မည့် လျှို့ဝှက်ဆန်းကြယ်သော ကပ်ဘေးကို ရင်ဆိုင်ရန်အတွက် လုချန်းကို လွှဲပြောင်းပေးပါရန် လျှို့ဝှက်လဝန်း ကျောင်းတော်ကို တိုက်တွန်းသည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြ၏။
ထိုကြေညာချက်သည် မျက်စိတစ်မှိတ်အတွင်း၌ပင် ကြီးကျယ်သော ထိတ်လန့်တုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့၏။ မဟာမိတ်အဖွဲ့၏ ကြေညာချက်တွင် ထူးဆန်းသော သတ္တဝါများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို လူသိရှင်ကြား ချပြခဲ့ပြီး အခြားသော အင်အားစုများကိုလည်း သူတို့၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိစေရန် ရည်ရွယ်ခဲ့၏။
ထူးဆန်းသော သတ္တဝါများသည် သေမျိုးမဟုတ်ပဲ ချိပ်ပိတ်၍သာ ရနိုင်ကြောင်းနှင့် လုချန်းတစ်ဦးတည်းသာ ၎င်းတို့ကို ချိပ်ပိတ်နိုင်သည့် နည်းဗျူဟာပုံစံများကို ပိုင်ဆိုင်ထားကြောင်း ထျန်းရန် နတ်ဘုရား နယ်မြေ၏ အင်အားစုများ သိသွားကြပြီးနောက် အားလုံးက ခမ်းနားသော ကောင်းကင်ခန်းမ မဟာမိတ်အဖွဲ့ဘက်သို့ ကူးပြောင်းရပ်တည်ခဲ့ကြ၏။
ထို့ကြောင့်လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် သက်ရှိအားလုံးအတွက် လုချန်းကို လွှတ်ပေးပြီး ကစဉ့်ကလျား ပင်လယ်ထဲမှ ရရှိခဲ့သော အခွင့်အလမ်းများကို မျှဝေပေးရန် မတူကွဲပြားသော အင်အားစုများစွာက သူတို့၏ မျှော်လင့်ချက်များကို ထုတ်ဖော်ပြောဆိုလာကြ၏။
အခြေအနေများ ဆက်လက် တင်းမာလာသည်နှင့်အမျှ အလယ်ပိုင်းနယ်မြေရှိ အချို့သော အင်အားစုများလည်း ငြိမ်သက်စွာ မနေနိုင်တော့ပေ။ လျှို့ဝှက်လဝန်း ကျောင်းတော်သည် အလယ်ပိုင်းနယ်မြေ၌ လွှမ်းမိုးချုပ်ကိုင်ထားသော အင်အားစုကြီး ဖြစ်သဖြင့် ထိုနေရာရှိ အင်အားစုအများစုသည် ၎င်း၏ အမိန့်များကို နာခံကြရ၏။
သို့သော် ယခုအခါ ထိုအင်အားစုများအကြား၌ပင် မကျေနပ်မှုများ မြင့်တက်လာခဲ့ပြီဖြစ်သည်။ သူတို့သည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ အမိန့်ကို အမြဲတစေ နာခံခဲ့ကြပြီး အတွင်းစည်းမဟာမိတ်များအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ကပ်ဘေးဆိုးကြီး ကျရောက်ခါနီးအချိန်တွင် လျှို့ဝှက်လဝန်း ကျောင်းတော်က လုချန်း၏ အခွင့်အလမ်းများကို သူတို့နှင့် မျှဝေရန် ငြင်းဆန်ခဲ့သောကြောင့် ဖြစ်၏။
ဤအရာကို အလွန် အတ္တဆန်သည်ဟု သူတို့ ယူဆကြသည်။
……..
လျှို့ဝှက်လဝန်း ကျောင်းတော်။
ယွမ်မုန့်ခန်းမ။
ခန်းမကြီးအတွင်းရှိ စိတ်ခံစားမှု လေထု အနည်းငယ် လေးလံနေပြီး နတ်သခင်များ အားလုံး တိတ်ဆိတ်နေကြစဉ် အထက်တစ်နေရာ၌ ထိုင်နေသည့် နတ်သခင် ယွမ်မုန့်က စတင် မေးခွန်းထုတ်လိုက်၏။
“မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအပေါ် ရှင်တို့ ဘယ်လို ထင်မြင်ချက် ရှိကြလဲ။”
နတ်သခင် ကောင်းကင်လင်းယုန်က လေးနက်စွာဖြင့်
“ကျောင်းတော်သခင်... ချန်းလုက တကယ်ပဲ လုချန်း ဖြစ်နေတာလား။”
နတ်သခင် ယွမ်မုန့်က
“ဟုတ်တယ်... သူက လုချန်းပဲ”
ဤအချိန်တွင် ဖုံးကွယ်ထားစရာ အကြောင်း မရှိတော့ပေ။ ခမ်းနားသော ကောင်းကင်ခန်းမသည် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေး၍ လုချန်းကို လွှတ်ခိုင်းရန်အတွက် သူ၏ သရုပ်မှန်ကို လူသိရှင်ကြား ဖော်ထုတ်ပြီးသား ဖြစ်နေ၍ ဖြစ်သည်။
ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ နတ်သခင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့၏ အကြည့်များကို နတ်သခင် ကောင်းကင်ထံသို့ ပို့ဆောင်လိုက်ကြ၏။
နှစ်ပေါင်းများစွာတိုင်အောင် ခမ်းနားသော ကောင်းကင်ခန်းမသည် လုချန်းတွင် အမျိုးမျိုးသော အခွင့်အလမ်းများ ရှိနေကြောင်း သတင်းများ ဖြန့်ဝေခဲ့ပြီး သူသည် ဧကရာဇ်အဆင့် တက်ရောက်နိုင်မည့် အခွင့်အလမ်းကိုပင် ပိုင်ဆိုင်ထားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့၏။
ထို့ကြောင့် ထျန်းရန် နတ်ဘုရား နယ်မြေရှိ နတ်သခင် အများစုသည် လုချန်းကို ဖမ်းဆီးကာ သူ၏ အခွင့်အရေးများကို လုယူလိုစိတ် ဖြစ်ပေါ်ခဲ့ကြသည်။
ဖန်တီးခြင်း လမ်းစဉ်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ တိုက်စားမှုကို ခံနေရသဖြင့် နတ်သခင်များသည် သက်တမ်း ကုန်ဆုံးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေကြရပြီး သက်ကြီးဝါရင့် နတ်သခင် အများစုမှာ သူတို့၏ သက်တမ်းကို ဆွဲဆန့်ရန်အတွက် နတ်ဧကရာဇ် အဆင့်သို့ တက်ရောက်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေကြရသည်။
ခန်းမအတွင်းရှိ ဆွေးနွေးမှုများ လမ်းကြောင်း ပြောင်းသွားခဲ့၏။ လုချန်းသည် နတ်သခင် ကောင်းကင်၏ တပည့်ရင်း ဖြစ်လာခဲ့သဖြင့် နတ်သခင် ကောင်းကင်အနေနှင့် လုချန်းထံမှ ဧကရာဇ်အဆင့် အခွင့်အလမ်းကို ကြိုတင် ရရှိထားပြီးသား ဖြစ်နေမလားဟူ၍လည်း တွေးတောလာကြတော့သည်။
အားလုံး၏ အကြည့်များက နတ်သခင် ကောင်းကင်ထံသို့ ရောက်ရှိနေသည်ကို သတိပြုမိသဖြင့် နတ်သခင် ယွမ်မုန့်က
“ပြင်ပမှာ ပြန့်နှံ့နေတဲ့ လုချန်းနဲ့ ပတ်သက်တဲ့ သတင်းတွေ အများစုက အမှားတွေပဲ။”
ဒါက…
ခန်းမအတွင်းရှိ နတ်သခင်များ ထပ်မံ၍ အံ့အားသင့်သွားကြရပြန်၏။
အမှားတွေလား။
ခမ်းနားသော ကောင်းကင်ခန်းမက လုချန်း၏ ကိုယ်ပွားသည် ၎င်းတို့အား ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ချိပ်ပိတ်ရာတွင် ကူညီပေးခဲ့သည်ဟု အခိုင်အမာ ပြောခဲ့သည် မဟုတ်လား။
--
………..