အခန်း ၁၉၀၉
Vol. 128 Ch. 1909
အခန်း (၁၉၀၉ )
ဘဝဆိုသည်မှာ အိမ်မက်တစ်ခုကို အသုံးချခြင်း
ပြီးခဲ့သည့်အကြိမ် လုချန်း သူ၏ မှတ်ဉာဏ်များ ပြသခဲ့စဉ်ကတည်းက နေရာတိုင်း၌ ဟာကွက်များ ရှိနေသဖြင့် လုချန်း တစ်ခုခုကို ဖုံးကွယ်ထားကြောင်း နတ်သခင် ယွမ်မုန့် သံသယဝင်ခဲ့သည်။
ဥပမာအားဖြင့် လုချန်း၏ မှတ်ဉာဏ်ထဲ၌ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာနှင့် ပတ်သက်သည့် မှတ်ဉာဏ် လုံးဝမရှိခြင်းဖြစ်သည်။ ထိုကျမ်းစာကို နတ်ဆိုးဧကရာဇ်က ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသာ လုချန်းက ရှင်းပြခဲ့၏။
ထိုကျမ်းစာနှင့် ပတ်သက်သည့် ရှင်းပြချက်မှာ လိုက်လျောစဉ်းစားပေးလျှင် ယုတ္တိရှိနိုင်သော်လည်း သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကိုလည်း နတ်ဆိုးဧကရာဇ်ကပင် ပေးအပ်ခဲ့သည်ဆိုလျှင်တော့ ဧကန်မုချ မဖြစ်နိုင်ပေ။
နတ်ဆိုးဧကရာဇ်က လုချန်းအပေါ် ထိုမျှအထိ ကြင်နာလိမ့်မည်ဟု သူမ မယုံကြည်ပေ။
နတ်သခင် ယွမ်မုန့်၏ မေးခွန်းကို ကြားလျှင် လုချန်းက
“ကျုပ်က... သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို နတ်ဆိုးဧကရာဇ်က ပေးခဲ့တာလို့ ပြောရင် ကျောင်းတော်သခင် ယုံမှာလား။”
လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ယွမ်မုန့်၏ အေးစက်သော မျက်ဝန်းများက လုချန်းထံ၌ စူးစိုက်ကျရောက်သွားပြီး
“ကျွန်မကို အရူးမှတ်နေတာလား”
ဟု ပြောနေသည့်အလား အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့၏။
နတ်သခင် ယွမ်မုန့် စကားမပြောသည်ကို မြင်လျှင် လုချန်းက ဆက်လက်၍
“ ကျောင်းတော်သခင်လည်း ကျုပ်မှတ်ဉာဏ်ကို မြင်ပြီးပြီပဲ။ နတ်ဆိုးဧကရာဇ်ရဲ့ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်ခြင်းလမ်းစဉ်က အင်မတန် အစွမ်းထက်ပြီး နောက်ထပ် နှစ်သန်းတစ်ထောင်အတွင်း ဖြစ်လာမယ့် အရေးပေါ် အခြေအနေတိုင်းကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတာ ခင်ဗျား သိမှာပါ။”
“တစ်နေ့ကျရင် ထူးဆန်းတဲ့ သတ္တဝါတွေ ချိပ်ပိတ်မှုကို ဖျက်ဆီးလိမ့်မယ်လို့ နတ်ဆိုးဧကရာဇ်က တွက်ချက်မိလို့ပဲ အဲဒီထူးဆန်းတဲ့ သတ္တဝါတွေကို ပြန်ပြီး ချိပ်ပိတ်နိုင်ဖို့ ကျုပ်ကို သူတော်စင်အဆင့် နည်းဗျူဟာပုံစံ သင်ပေးခဲ့တာ ဖြစ်ရမယ်။”
နတ်သခင် ယွမ်မုန့်၏ မျက်ဝန်းများကတော့ လုချန်းထံမှ မခွာပဲ ရှိနေပြီး လုချန်း နောက်ထပ် မည်သည့် အဓိပ္ပာယ်မရှိသော စကားများကို လုပ်ကြံဖန်တီးဦးမလဲ ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေ၏။
နတ်သခင် ယွမ်မုန့် တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်သဖြင့် လုချန်းက ပြုံးလိုက်ပြီး
“ကျောင်းတော်သခင်က ကျုပ်ကို မယုံဘူးလား”
ဟု မေး၏။
ထိုအခါမှ နတ်သခင် ယွမ်မုန့်က
“ရှင်က ကျွန်မကို အရူးလို့ ထင်နေတာလား”
ဟု မေးခွန်းပြန်ထုတ်လိုက်၏။
လုချန်းက
“ကျုပ်မှာ အဲ့လိုအတွေးမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။”
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“မဟာအင်အားကြီးအုပ်စုတွေအားလုံးက ရှင့်ကို လိုချင်နေကြတာ။ ဒီအခြေအနေအထိ ရောက်နေပြီဆိုတော့ ရှင် ဖုံးကွယ်ထားစရာ မလိုတော့ဘူး။ ကစဉ့်ကလျား ပင်လယ်ထဲမှာ နတ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရှင် တကယ်ပဲ ရခဲ့တာလားဆိုတာ ကျွန်မကို အမှန်အတိုင်း ပြောစမ်းပါ။”
လုချန်းက သက်ပြင်းချလိုက်ပြီး
“ ကျောင်းတော်သခင်က ကျုပ်ကို မယုံကြည်သေးဘူးပဲ။”
နတ်သခင် ယွမ်မုန့်က
“ကျွန်မရှေ့မှာ ရှိနေတာက ရှင့်ရဲ့ ကိုယ်ပွားတစ်ခုပဲလေ။ ရှင် ကံကောင်းခြင်း အခွင့်အရေးတွေ တစ်ချို့ရခဲ့တယ်လို့ ဝန်ခံရင်တောင် အဲ့ဒါတွေကို ရှင့်ဆီကနေ ကျွန်မ လုယူလို့ရမှာ မဟုတ်ဘူး။”
“ဒါ့အပြင် အထွတ်အထိပ် နတ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ ကျောင်းတော်သခင်က တပည့်တစ်ယောက်ရဲ့ အခွင့်အရေးတွေကို လုယူလိမ့်မယ်လို့ ရှင် ထင်နေတာလား။”
လုချန်းက
“ကျုပ် ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ ဘာမှထူးခြားသွားမှာ မဟုတ်ပါဘူး။ အကယ်၍ ကျုပ်က ကစဉ့်ကလျား ပင်လယ်ထဲမှာ အခွင့်အရေးတစ်ခုခု ရခဲ့တယ်လို့ ဝန်ခံလိုက်ရင် အင်အားစုအားလုံးက အဲဒါကို ကျုပ်ဆီကနေ လုယူချင်ကြလိမ့်မယ်။”
“အကယ်၍ ကျုပ်က အဲ့ဒါကို မထုတ်ပေးနိုင်ရင် သူတို့က ကျုပ်ကို ဝိညာဉ်ရှာဖွေဖို့ ဧကန်မုချ ကြိုးစားကြလိမ့်မယ်။ ဒါပေမဲ့ ကျုပ်ဘက်က အဲဒီလိုအဖြစ်ခံလို့ မရဘူးလေ။”
“တကယ်လို့ ကျုပ်က မဝန်ခံရင်လည်း လူတွေက ကျုပ် လိမ်ညာနေတယ်လို့ပဲ ထင်ကြမှာ။ ကစဉ့်ကလျား ပင်လယ်ထဲကနေ ကြီးမားတဲ့ အခွင့်အရေးတစ်ခုခု ရထားလို့ပဲ ဝန်ခံဖို့ ကြောက်နေတာလို့ ထင်ကြလိမ့်မယ်။”
ထိုစကားကို ကြားလျှင် နတ်သခင် ယွမ်မုန့်လည်း လုချန်း၏ လက်ရှိ ဘေးကျပ်နံကျပ် အခြေအနေကို နားလည်သွားပြီး ထပ်မံ တိတ်ဆိတ်သွားပြန်၏။ လုချန်း အမှန်အတိုင်းပြောသည်ဖြစ်စေ၊ လိမ်ညာသည်ဖြစ်စေ လူများက သူ့ကို ဝိညာဉ်ရှာဖွေရန်သာ အလိုရှိကြပေလိမ့်မည်။
လုချန်းက ဆက်လက်၍
“အကယ်၍ ကျောင်းတော်သခင်က ကျုပ်ကို လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် ပြဿနာထုပ်တစ်ခုလို့ ထင်ရင် ကျုပ်ကို အပ်နှံလိုက်လို့ ရပါတယ်။”
နတ်သခင် ယွမ်မုန့်က မည်သည့်ခံစားချက်မှမရှိသော မျက်နှာထားဖြင့်
“ရှင့်ကို အပ်နှံလိုက်ရင်တောင် လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ လက်ရှိ ဘေးကျပ်နံကျပ် အခြေအနေက ပြောင်းလဲသွားမှာ မဟုတ်ဘူး။”
လုချန်းသည် ကိုယ်ပွားတစ်ခုမှသာ ဖြစ်ပြီး သေခြင်းတရားကို မကြောက်သဖြင့် သူ့ကို အပ်နှံလိုက်ခြင်းက အမှန်တရားကို ရိုးရိုးသားသား ပေါ်ပေါက်လာစေမည် မဟုတ်ပေ။
သူက အမှန်အတိုင်း ပြောပြလျှင်ပင် ဝိညာဉ်ရှာဖွေခြင်း မပြုလုပ်ပဲ မည်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။ သူ့အပေါ် ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ပြီးမှသာလျှင် လူများက လုချန်း၏ စကားကို ယုံကြည်ကြပေလိမ့်မည်။
နတ်သခင် ယွမ်မုန့်သည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရပြီး သူမ၏ တင်းမာသော မျက်နှာထား တဖြည်းဖြည်း လျော့ပါးသွားကာ မျက်ခုံးများ ပင့်တက်လျက်
“ရှင့်ရဲ့ အိပ်မက်ထဲကို ကျွန်မကို ပေးဝင်ရဲလား”
ဟု မေးလိုက်၏။
ထိုစကားကို ကြားလျှင် လုချန်း မှင်တက်သွားတော့သည်။
အိပ်မက်ထဲ ဝင်မယ် ဟုတ်လား။
ဒါက ဘာကို ဆိုလိုတာလဲ။
လုချန်းက
“ကျုပ်အိပ်မက်ထဲကို ဝင်မယ် ဟုတ်လား”
ဟု နားမလည်နိုင်စွာ ပြန်မေးလိုက်၏။
နတ်သခင် ယွမ်မုန့်က
“ကျွန်မက လူတစ်ယောက်ရဲ့ အိပ်မက်ထဲကို ဝင်ရောက်ပြီး သူ့ရဲ့ နှလုံးသားအောက်ခြေမှာ ဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေကို မြင်နိုင်စွမ်းရှိတဲ့ ထူးခြားတဲ့ နတ်ဝိညာဉ်နိယာမတစ်ခုကို ကျင့်ကြံထားတာ။”
“ဝိညာဉ်ရှာဖွေခြင်းလုပ်ရင် ရှင့်ရဲ့ ဝိညာဉ်ကို ထိခိုက်မှာ စိုးရိမ်လို့ နေတာမလား။ ဒါပေမဲ့ ဒီနတ်ဝိညာဉ်နိယာမကို အသုံးပြုရင်တော့ ရှင့်ရဲ့ ဝိညာဉ်ကို ဘာမှ ထိခိုက်စေမှာ မဟုတ်ဘူး။”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် လုချန်းလည်း “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ချက်ချင်း သတိရသွား၏။
လက်ရှိတွင် သူ၏ သိစိတ်ခန္ဓာသည် ယွမ်ယုတိ ဖန်တီးထားသော အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေပြီး တစ်ဝက်တစ်ပျက် သတိရှိနေသော အခြေအနေ၌ ရှိနေခြင်း ဖြစ်သည်။
လုချန်း မျက်မှောင်ကြုတ်မိသွားပြီး စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်လာ၏။ ယွမ်ယုတိ သူ့အပေါ် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို အသုံးပြုခဲ့စဉ်က သူ့ကို ပန်းခင်းပင်လယ်ဆီသို့သာ ခေါ်ဆောင်သွားခဲ့ပြီး သူ၏ လျှို့ဝှက်ချက်ကိုတော့ ဘာကြောင့် မရှာဖွေနိုင်ခဲ့သနည်း။
ယွမ်ယုတိအတွက် ထိုနတ်ဝိညာဉ်နိယာမ၏ အကြီးမားဆုံး အသုံးဝင်မှုမှာ အဆုံးစွန်သော ကာမသုခကို ရှာဖွေခြင်းသာ ဖြစ်သည်။ ထိုနိယာမက နှလုံးသားအောက်ခြေရှိ လျှို့ဝှက်ချက်များကိုပါ ဖော်ထုတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ နတ်သခင် ယွမ်မုန့်က
“ဘဝဆိုသည်မှာ အိပ်မက်တစ်ခု”
ကို အသုံးပြုပါက စနစ်နှင့် ပတ်သက်သည့် အရာများကို မြင်သွားနိုင်မည်ကို လုချန်း စိုးရိမ်မိ၏။ အကယ်၍ စနစ်၏ လျှို့ဝှက်ချက် ပေါက်ကြားသွားပါက ပြဿနာအကြီးအကျယ် တက်ပေလိမ့်မည်။
ထိုအတွေးနှင့်အတူ လုချန်းက
“ကျောင်းတော်သခင်က အိပ်မက်တွေကတစ်ဆင့် တခြားလူတွေရဲ့ လျှို့ဝှက်ချက်တွေကို မြင်နိုင်တယ်ဆိုရင် ဒါက ဝိညာဉ်ရှာဖွေခြင်းနဲ့ ဘာမှ ထူးခြားမှာ မဟုတ်တော့ဘူး။”
လုချန်းက သူမကို သူ၏ အိပ်မက်ကမ္ဘာထဲသို့ ဝင်ခွင့်မပြုလိုကြောင်း မြင်လျှင် နတ်သခင် ယွမ်မုန့်က မည်သည့်ခံစားချက်မှ မရှိသော မျက်နှာထားဖြင့်
“ဒါဆို ရှင် နတ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို တကယ်ပဲ ရခဲ့တာပေါ့။”
လုချန်း
“အဲလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်စီလျှို့ဝှက်ချက်တွေ ရှိကြတာ သဘာဝပဲ။ အခွင့်အရေးတွေကိုပဲ လျှို့ဝှက်ချက်လို့ သတ်မှတ်လို့ရတာမှ မဟုတ်တာ။”
လုချန်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် နတ်သခင် ယွမ်မုန့်ထံမှ ထွက်ပေါ်လာသော ဖိအားများ ပိုပြင်းထန်လာပြီး သူ့အပေါ် သက်ရောက်နေသော အလေးချိန်မှာလည်း ပို၍ လေးလံလာသည်ကို ခံစားလိုက်ရ၏။ မကြာမီပင် သူ၏ ပုခုံးပေါ်သို့ ဧရာမတောင်ကြီးတစ်လုံး ဖိထားသည့်အလား လုချန်း ခံစားလိုက်ရသည်။
နတ်သခင် ယွမ်မုန့်က သူ့ကို ခပ်အေးအေး စိုက်ကြည့်ကာ
“ဒါက ရှင့်သဘောအတိုင်း ဆုံးဖြတ်ရမယ့်အရာ မဟုတ်ဘူး”
မဟာအင်အားကြီးအုပ်စုအားလုံးသည် လက်ရှိတွင် လျှို့ဝှက်လဝန်း ကျောင်းတော်ကို စောင့်ကြည့်နေကြသည်။ ထိုမျှလောက် ကြီးမားသော ဖိအားများအောက်တွင် လုချန်းထံ၌ ကြီးမားသော အခွင့်အရေး ရှိမရှိကို မသိပဲ နေခြင်းမှာ လက်ခံနိုင်စရာ မရှိပေ။
နတ်သခင် ယွမ်မုန့်၏ အေးစက်သော လေသံကို ကြားလျှင် လုချန်းလည်း အန္တရာယ်ကျ ရောက်လာတော့မည်ကို အာရုံရသွားပြီး သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ထွက်ပြေးချင်သွား၏။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်သည် လှုပ်ရှား၍မရအောင် ချုပ်နှောင်ခြင်း ခံထားရပြီးသား ဖြစ်နေပေပြီ။
နောက်ထပ် အခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်သည် သက်တံ့ရောင် နတ်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး တစ်ဆက်တည်း ဆိုသလိုပင် လုချန်းလည်း အလွန်ပြင်းထန်သော အိပ်ငိုက်ခြင်းကို ခံစားလိုက်ရ၏။
လုချန်း လန့်ဖျပ်သွားသည်။
မကောင်းတော့ပေ။
နတ်သခင် ယွမ်မုန့်၏ “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” သည် ကိုယ်ပွားတစ်ခုမှတစ်ဆင့်ပင် သူ၏ ဝိညာဉ်ထုကို သက်ရောက်မှု ရှိနေပေပြီ။
ခန္ဓာကိုယ်နှင့် သိစိတ်ချိတ်ဆက်မှုကို ဖြတ်တောက်ရန် လုချန်း ကပျာကယာ ကြိုးစားလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
နတ်သခင် ယွမ်မုန့်သည် လုချန်း၏ အိပ်မက်ကမ္ဘာထဲသို့ အလွယ်တကူ ဝင်ရောက်သွားသော်လည်း ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လုချန်း၏ အိပ်မက်ကမ္ဘာထဲတွင် ရင်းနှီးသော စွမ်းအားတစ်ခု ရှိနေသည့်အလား တစ်ခုခု မမှန်ကန်ကြောင်း သတိပြုမိသွား၏။ ထို့ထက် ပို၍ အရေးကြီးသည်မှာ ထိုအိပ်မက်ကမ္ဘာသည် သူမ၏ စွမ်းအားဖြင့် တည်ဆောက်ထားခြင်း ဟုတ်ပုံမရခြင်းပင်။
သက်တံ့ရောင် တိမ်တိုက်များအောက်ရှိ အဆုံးမဲ့သော ပန်းပင်လယ်ကို မြင်လျှင် နတ်သခင် ယွမ်မုန့်၏ သိစိတ်ခန္ဓာသည် လေဟာနယ်ထဲတွင် ရပ်တန့်သွား၏။
ဒါက... “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” လား။
တစ်စုံတစ်ယောက်က လုချန်းအပေါ် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို အသုံးပြုထားပြီးသား ဖြစ်နေတာလား။
လုချန်းသည် သူမနှင့် စကားပြောနေစဉ်ကတည်းက အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေခြင်း ဖြစ်ပြီး သူသည် သတိတစ်ဝက်သာ ရှိနေသော အခြေအနေ၌ ရှိနေခဲ့ခြင်းလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
“ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို အသုံးပြုထားသူသည် လက်တွေ့လောက၏ ကိစ္စရပ်များကို အာရုံစိုက်နေရင်း အိပ်မက်ကမ္ဘာကိုလည်း ထိန်းချုပ်နိုင်သော်လည်း လုချန်းသည် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို အသုံးပြုသူ မဟုတ်တာ ထင်ရှားလှ၏။
သူသည် အိပ်မက်ကမ္ဘာထဲတွင်သာ လုံးဝ နစ်မြုပ်နေသင့်သည်။
ထိုစဉ် ပန်းခင်းပင်လယ်၏ အလယ်ဗဟိုတွင် တိုက်ခိုက်နေကြသော သိစိတ်နှစ်ခုကို နတ်သခင် ယွမ်မုန့် လျင်မြန်စွာ သတိပြုမိသွား၏။
ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရလျှင် နတ်သခင် ယွမ်မုန့်မှာ ဆွံ့အသွားသည်။
ဒါက...
သူမ အကြည့်မမှားဘူးဆိုလျှင် လုချန်း၏ သိစိတ်ခန္ဓာ၏ နှိပ်စက်ခြင်းကို ခံနေရသော သိစိတ်မှာ ယွမ်ယုတိ ဖြစ်နေသည် မဟုတ်ပါလား။
ဒါဆို ဤအိပ်မက်ကမ္ဘာကို ယွမ်ယုတိ၏ စွမ်းအားဖြင့် တည်ဆောက်ထားခြင်းလား။
--
…………..