အခန်း ၁၉၁၀
Vol. 128 Ch. 1910
အခန်း (၁၉၁၀)
ကျောင်းတော်ကို ပြန်လာရမယ်
ယခုအခါ နတ်သခင် ယွမ်မုန့်၏ စိတ်ထဲ၌ သံသယမေးခွန်းများဖြင့် ပြည့်နှက်နေ၏။
တစ်ဖက်တွင် လုချန်းနှင့် ယွမ်ယုတိတို့ ပတ်သက်နေသည်ကို သူမ အံ့အားသင့်မိသလို အခြားတစ်ဖက်တွင်လည်း ယွမ်ယုတိက လုချန်းအပေါ် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို အသုံးပြုပြီးနောက်၌ပင် လုချန်းသည် သတိရှိနေဆဲဖြစ်ကာ ရုပ်သေး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်း အပေါ် ပို၍ပင် မှင်တက်မိနေ၏။
ထို့ကြောင့်ပင် အစောပိုင်းက လုချန်းကို သူမ မြင်စဉ်ကပင် သူ၏ စိတ်များ လွင့်မျောနေသည့်အလား ထူးဆန်းနေသလို ရှိနေခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့၏။
လုချန်း၏ စွမ်းအားများသည် ထိုရုပ်သေးခန္ဓာကိုယ်ထဲ၌ ရှိမနေပဲ အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အခြားသော အငွေ့အသက်တစ်ခုကို တိမ်တိုက်များထဲ၌ ရှိနေသော ယွမ်ယုတိ အာရုံခံမိပြီးနောက် ရုတ်တရက် သတိဝင်လာ၏။
ကောင်းကင်ယံမှ နတ်သခင် ယွမ်မုန့်ကို သူမ ချက်ချင်း အာရုံခံမိသွားပြီး ယွမ်မုန့်၏ သိစိတ်ခန္ဓာကလည်း လုချန်း၏ အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေသည်ကို သိလိုက်ရသဖြင့် သူမ အလွန်အံ့အားသင့် မှင်တက်သွားသည်။
ဒါက ဘာဖြစ်တာလဲ။
နတ်သခင် ယွမ်မုန့်က လုချန်းရဲ့ အိပ်မက်ထဲကို ဘယ်လိုမျိုး ဝင်လာတာလဲ။
နတ်သခင် ယွမ်မုန့်ကလည်း လုချန်းအပေါ် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို အသုံးပြုခဲ့တာလား။
သို့သော် လုချန်းအပေါ် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို သူမက အရင်ဆုံး အသုံးပြုခဲ့ခြင်း မဟုတ်ပါလား။
ထိုသို့ဆိုလျှင် နတ်သခင် ယွမ်မုန့်က အဘယ်ကြောင့် လမ်းခုလတ်ကနေ ဝင်ရောက်နှောင့်ယှက်နိုင်ရသနည်း။
ယခုအခိုက်အတန့်တွင် ယွမ်ယုတိ ရှက်ရွံ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးကို အခြားသူတစ်ဦးက မြင်တွေ့သွားခဲ့ပြီး ဖြစ်သလို နတ်သခင် ယွမ်မုန့် မြင်တွေ့နေရသည့်အရာမှာ သူတို့၏ သိစိတ်ခန္ဓာများသာ ဖြစ်သောကြောင့်ပင်။
သူမအနေနှင့် မရှက်သော်လည်း ပြင်ပလူတစ်ယောက် ရှိနေသည့်တိုင် လုချန်းက စိုးစဉ်းမှ ချုပ်ထိန်းခြင်းမရှိပဲ ပြုမူနေဆဲဖြစ်သဖြင့် ယွမ်ယုတိကို စိတ်ဆိုးဒေါသထွက်စေ၏။
လုချန်းကို သူမ အကြိမ်ကြိမ် တွန်းဖယ်သော်လည်း လုချန်းကို တားဆီးနိုင်ခြင်း မရှိသည့်အပြင် လုချန်းအား ပို၍ပင် ပြင်းပြင်းထန်ထန် ပြုမူလာစေသည်။
နတ်သခင် ယွမ်မုန့်၏ သိစိတ်သည် ပန်းခင်းပင်လယ်၏ အထက်တွင် လွင့်မျောနေရင်း လုချန်းနှင့် ယွမ်ယုတိတို့ ရပ်တန့်ခြင်းမရှိသည်ကို မြင်လျှင် ဆွံ့အသွားရ၏။
ဤနေရာသည် အိပ်မက်ကမ္ဘာ ဖြစ်သော်လည်း ပြင်ပလူတစ်ယောက် ရှိနေသည် မဟုတ်လား။
သို့သော် ဤနှစ်ဦးကတော့ အထိန်းအကွပ်မရှိ ပြုမူနေကြဆဲပင်။
သူတို့ ထိုမျှအထိ ဆာလောင်မွတ်သိပ်နေကြသလားဟု တွေးမိကာ သူမ စကားမဆိုနိုင်တော့ပေ။
သူမ တကယ့်ကို ဆွံ့အသွားရ၏။
ပို၍ ဆွံ့အစရာကောင်းသည်မှာ ယွမ်ယုတိသည် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို သင်ယူတတ်မြောက်ပြီးနောက် ဤကဲ့သို့သော ကိစ္စမျိုးအတွက် အသုံးပြုနေခြင်း ဖြစ်သည်။
ကံကောင်းသည်က ယွမ်ယုတိသည် သူမ၏ တပည့် မဟုတ်ပေ။
ယခုနေ နတ်သခင် ကောင်းကင်သာ ဤအရာကို သိသွားပါက ဒေါသထွက်လွန်း၍ သေဆုံးသွားနိုင်ပေသည်။
နတ်သခင် ယွမ်မုန့် သည် လုချန်း၏ နှလုံးသား နက်ရှိုင်းရာအရပ်ရှိ လျှို့ဝှက်ချက်များကို စုံစမ်းရန်အတွက် လုချန်းကို ပိုနက်ရှိုင်းသော အိပ်မက်ကမ္ဘာထဲသို့ လမ်းပြခေါ်ဆောင်ရန် ရည်ရွယ်ထားသဖြင့် လတ်တလောတွင် ထွက်ခွာရမလား၊ ဆက်နေရမလား မဝေခွဲနိုင်ပဲ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေရသည်။
သို့သော် ယွမ်ယုတိသည် လုချန်းအပေါ် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို အသုံးပြုထားပြီး ဖြစ်သလို ပို၍ အရေးကြီးသည်မှာ ယွမ်ယုတိ၏ သိစိတ်ခန္ဓာသည် လုချန်းနှင့် ရောယှက်နေသဖြင့် သူမအနေနှင့် လုချန်းကို ပိုနက်ရှိုင်းသော အိပ်မက်ကမ္ဘာထဲသို့ လမ်းပြခေါ်ဆောင်ရန် မတတ်နိုင်တော့ပေ။
အတန်ငယ် ကြာအောင် ကြည့်ရှုပြီးနောက်တွင်တော့ သူမ ဆက်လက်၍ မအောင့်အီးနိုင်တော့ပဲ
“ရှင်တို့နှစ်ယောက်... ဘယ်တော့ပြီးမှာလဲ”
ထိုအရာကို ကြားလျှင် လုချန်းနှင့် ယွမ်ယုတိတို့ သတိပြန်ဝင်လာကြ၏။
ပန်းပင်လယ်ထဲရှိ လုချန်း၏ သိစိတ်ခန္ဓာသည် ကောင်းကင်ယံရှိ နတ်သခင် ယွမ်မုန့်ကို မော့ကြည့်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့ ထပ်ဟပ်လျက်
“ဘာလို့ ရပ်ရမှာလဲ”
နတ်သခင် ယွမ်မုန့်၏ မျက်နှာ ချက်ချင်း ညိုမှောင်သွား၏။
ဤနှစ်ဦးသည် အမြဲတမ်း ဤကဲ့သို့ ပြုမူနေကြခြင်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေ လုချန်းသည် တစ်ဝက်တစ်ပျက် အိပ်မက်မက်နေသည့်အခြေအနေတွင် ရှိနေရင်းပင် ရုပ်သေးခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။
နတ်သခင် ယွမ်မုန့်က ယွမ်ယုတိကို
“ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ကို ရှင်က ဒါကို ဒီလိုနေရာမျိုးမှာ အသုံးပြုနေတာပေါ့။”
ယွမ်ယုတိက နတ်သခင် ယွမ်မုန့်ကို
“ကျွန်မက လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တပည့် မဟုတ်တော့ဘူး။ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ကျွန်မ ဘယ်လိုသုံးသုံး ကျောင်းတော်သခင်ယွမ်မုန့်နဲ့ ဘာမှမဆိုင်တော့ပါဘူး။”
သူမအား ပြန်လည်ပြောဆိုလာသော ယွမ်ယုတိကို ကြည့်ပြီး နတ်သခင် ယွမ်မုန့် မျက်ခုံးများကို ပြင်းပြင်းထန်ထန် ကျုံ့လိုက်၏။
သို့သော် ယွမ်ယုတိ၏ သိစိတ်ခန္ဓာထံမှ ထွက်ပေါ်နေသော အငွေ့အသက်ကို အခြေခံ၍ ယွမ်ယုတိ နတ်သခင်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သူမ လျင်မြန်စွာ သဘောပေါက်သွား၏။
နတ်သခင် ယွမ်မုန့်က
“ရှင်က နတ်သခင်အဆင့်ကို ရောက်သွားတာကိုး။ ဒါကြောင့်လည်း ကျွန်မကို ဒီလိုမျိုး ရဲရဲတင်းတင်း ပြောရဲတာပေါ့။”
ယွမ်ယုတိက
“ကျောင်းတော်သခင်ယွမ်မုန့်အနေနဲ့ ကျွန်မနဲ့ လုချန်းရဲ့ အိပ်မက်ထဲကို ဝင်ရောက်နှောင့်ယှက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သိပါရစေ။”
နတ်သခင် ယွမ်မုန့်က ယွမ်ယုတိ၏ မေးခွန်းကို ပြန်လည်ဖြေကြားခြင်း မရှိပဲ လုချန်း၏ သိစိတ်ခန္ဓာကို ကြည့်ကာ
“လုချန်း... ရှင်က တကယ့်ကိုပဲ ကျွန်မကို အမြင်ကျယ်စေခဲ့တာပဲ။”
အိပ်မက်ထဲမှတစ်ဆင့် လုချန်း၏ လျှို့ဝှက်ချက်များကို မစုံစမ်းနိုင်တော့သဖြင့်
တိရစ္ဆာန်များကဲ့သို့ ကာမဂုဏ်ခံစားနေကြသော ဤစုံတွဲကို ဆက်လက်ကြည့်ရှုရန် နတ်သခင် ယွမ်မုန့် စိတ်မပါတော့ပေ။
ထို့နောက် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို သူမ အသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီး သိစိတ်ခန္ဓာကို ပြန်လည်ရုပ်သိမ်းလိုက်တော့၏။
နတ်သခင် ယွမ်မုန့် ထွက်ခွာသွားပြီးနောက် လုချန်းကို ယွမ်ယုတိက အေးစက်စွာ စိုက်ကြည့်လျက်
“ဘာလဲ... ရှင်က သူ့ကို ခေါ်သွင်းပြီး အိပ်မက်ထဲမှာ အတူတူ ပျော်ပါးချင်လို့လား။”
လုချန်းက
“ခင်ဗျား သဝန်တိုနေတာလား။”
ယွမ်ယုတိက မည်သည့်စကားမှ ဆက်မပြောတော့ပဲ ကျင့်စဉ်ကို ရပ်တန့်ကာ သူမ၏ သိစိတ်ခန္ဓာကို ပြန်လည်ရုပ်သိမ်းလိုက်၏။
လက်တွေ့လောကသို့ ပြန်ရောက်သောအခါ ယွမ်ယုတိ မျက်လုံးများ ပွင့်လာပြီး ရုတ်တရက် ခန္ဓာကိုယ်ကို လှန်ကာ လုချန်း၏ ခန္ဓာကိုယ်အပေါ်မှ ဖိလျက် သူ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်၏။
အေးစက်လှပသော နတ်သမီး၏ ခရမ်းရောင် မျက်ဝန်းများက သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်လျှင်
“ကျုပ် သူ့ကို ပေးဝင်ခဲ့တာ မဟုတ်ပါဘူး။ သူက ကျုပ်ရဲ့ အိပ်မက်ထဲက လျှို့ဝှက်ချက်တွေကို စုံစမ်းဖို့အတွက် ကျုပ်ကို အိပ်မက်ထဲ အတင်းအကျပ် ဆွဲသွင်းဖို့ ကြိုးစားခဲ့တာ။”
လုချန်း၏ စကားကို ကြားလျှင် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ၌ ထိုကဲ့သို့သော အစွမ်းအာနိသင် တကယ် ရှိကြောင်း ယွမ်ယုတိ ချက်ချင်း သဘောပေါက်သွား၏။
သို့သော် ဤနေရာတွင်မူ ၎င်းသည် ပျော်ရွှင်မှုအတွက် အသုံးပြုသည့် ကျင့်စဉ်တစ်ခု ဖြစ်နေခဲ့ပေပြီ။
ယွမ်ယုတိသည် မည်သည့်မေးခွန်းမှ ထပ်မမေးတော့သလို စုံတွဲကျင့်စဉ်ကိုလည်း ဆက်လက်မပြုလုပ်တော့ပေ။ ထို့နောက် သူမ၏ မျက်လုံးများကို ပြန်မှိတ်ကာ တရားထိုင် ကျင့်ကြံနေလိုက်တော့သည်။
လုချန်း၌ ဆောင်ရွက်ရန် အခြားကိစ္စရပ်များ ရှိနေသည်ကို သူမ သိထားသဖြင့် ကျင့်စဉ်များကို အသုံးပြု၍ လုချန်း၏ အာရုံကို မလွှဲပြောင်းစေလိုခြင်းကြောင့်လည်း ဖြစ်သည်။
ယွမ်ယုတိ ကျင့်စဉ်ကို မဆက်တော့သည်ကို မြင်လျှင် လုချန်းက
“မြန်မြန်လေး... ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ပြန်လည် လည်ပတ်လိုက်။ ခင်ဗျားတည်ဆောက်ထားတဲ့ အိပ်မက်ထဲမှာ ကျုပ် ရှိနေရင် နတ်သခင် ယွမ်မုန့်က အိပ်မက်အသစ်တစ်ခုကို မတည်ဆောက်နိုင်ဘူးလို့ ကျုပ် ထင်တယ်။ သူ တည်ဆောက်မယ့် အိပ်မက်က ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားမှာ စိုးလို့။”
နတ်သခင် ယွမ်မုန့် တည်ဆောက်မည့် အိပ်မက်က အိပ်မက်နှင့် လက်တွေ့ကို ရှုပ်ထွေးစေပြီး သူ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြသသွားနိုင်မည်ကို လုချန်း စိုးရိမ်မိခြင်း ဖြစ်သည်။
လုချန်း၏ စကားကို ကြားလျှင်
“’ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ရှင် ခံယူပြီးပြီဆိုရင် အဲ့ဒီအိပ်မက်ထဲက ကမ္ဘာတစ်ခုလုံးက ရှင့်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ်ဆိုတာ ရှင်မသိဘူးလား။”
“ရှင်လည်း တစ်ခါတလေ ကြောက်တတ်လိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး။”
လုချန်းအပေါ် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို သူမ စတင် အသုံးပြုခဲ့ကတည်းက သူမသည် လုချန်း၏ အိပ်မက်ထဲတွင် အမြဲတစေ အားနည်းသော အခြေအနေ၌သာ ရှိနေခဲ့ခြင်း ဖြစ်၏။ သူမအနေနှင့် လုချန်း၏ အိပ်မက်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူမ၏ သိစိတ်ခန္ဓာသည် လုချန်း၏ စိတ်ကြိုက် စီမံခွဲမှုကိုသာ ခံရနိုင်သည်။
ယွမ်ယုတိ၏ စကားကို ကြားမှပင် လုချန်းလည်း ယွမ်ယုတိ ပြောသည့်အတိုင်း ဖြစ်နေကြောင်း သဘောပေါက်သွား၏။ သူမ “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို အသုံးပြုသည့် အကြိမ်တိုင်း၌ ထိုအိပ်မက်ကမ္ဘာထဲတွင် သူသည် ယွမ်ယုတိကို သူစိတ်ကြိုက် ပြုမူနိုင်ခဲ့သည် မဟုတ်ပါလား။
ထိုသို့ဆိုလျှင်တော့ စိုးရိမ်ပူပန်စရာ ဘာမှ ရှိမနေတော့ပေ။
……
တစ်ဖက်တွင်တော့။
ယွမ်မုန့်ဆောင်အတွင်း၌ ဖြစ်၏။
နတ်သခင် ယွမ်မုန့်၏ သိစိတ်ခန္ဓာ ပြန်လည်ရောက်ရှိလာပြီးနောက် သူမရှေ့ရှိ လုချန်းကို အေးစက်စွာ ကြည့်လိုက်၏။
အမျိုးသားနှင့် အမျိုးသမီးကြား ချစ်ခင်စုံမက်ခြင်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းတို့မှာ သာမန်ကိစ္စရပ်များ ဖြစ်သော်လည်း “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ဤကဲ့သို့သော ကိစ္စမျိုးအတွက် အသုံးပြုနေခြင်းက နတ်သခင် ယွမ်မုန့်ကို အလွန် စိတ်မသက်မသာ ဖြစ်စေ၏။
နတ်သခင် ယွမ်မုန့်က
“အိပ်မက်ထဲကို ဆွဲသွင်းခံရပြီးတာတောင် ရှင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သေးတာပဲ။ ကျွန်မ ရှင့်ကို တကယ်ပဲ အထင်သေးမိသွားတာပဲ။”
နတ်သခင် ယွမ်မုန့်က
“ယွမ်ယုတိက ရှင့်အပေါ် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို အသုံးပြုခဲ့ကတည်းက ရှင်နဲ့ သူ အတူတူရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ။ သူက လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ သူတော်စင်မ မဟုတ်တော့ပေမဲ့ သူရဲ့ နတ်ကျင့်စဉ် အမွေအနှစ်တွေအားလုံးက ဒီနေရာကနေ လာတာဖြစ်ကြောင်း သူ့ကို စကားပါးပေးပါ။
လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တပည့်ဖြစ်တစ်ကြိမ်ခဲ့ရင် အမြဲတမ်း လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တပည့်ပဲ။ သူ ချက်ချင်း ပြန်လာရမယ်။”
သူတို့၏ ဘိုးဘေးသည် သူတော်စင်မ ဖြစ်နိုင်ခြေရှိသူများ အားလုံးကို လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ခေါ်ဆောင်လာရမည်ဟု အမိန့်ထုတ်ပြန်ထားခဲ့၏။
ယွမ်ချင်းရှုသည် ကစဉ့်ကလျား ပင်လယ်ထဲ၌ ရှိနေသဖြင့် ပြန်လည်ခေါ်ဆောင်ရန် မတတ်နိုင်သော်လည်း ယွမ်ယုတိကတော့ ထျန်းရန် နတ်ဘုရား နယ်မြေ ထဲ၌ ရှိနေဆဲဖြစ်ရာ လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် ယွမ်ယုတိကို ပြန်လည်ခေါ်ဆောင်ရန် အခိုင်အမာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
သို့သော် ယခု ယွမ်ယုတိသည် နတ်သခင်အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ရာ သူမကို ပြန်လည်ခေါ်ဆောင်ရန်ကတော့ လွယ်ကူလှမည် မဟုတ်ပေ။
--
…………….