← Chapters

အခန်း ၁၉၁၁

Vol. 128 Ch. 1911

အခန်း ၁၉၁၁

Vol. 128 Ch. 1911

အခန်း( ၁၉၁၁ )

လုချန်းနှင့် စာရင်းရှင်းမည့်သူ နောက်တစ်ဦး

နတ်သခင် ယွမ်မုန့်၏ စကားများကို ကြားလျှင် လုချန်း၏ စိတ်ထဲ သံသယတစ်ချက် ဖြစ်ပေါ်လာ၏။ ယွမ်ယုတိ၏ ဖြူစင်မှု ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း နတ်သခင် ယွမ်မုန့်အနေနှင့် ခန့်မှန်းမိသင့်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အိပ်မက်ကမ္ဘာထဲတွင် အလွန် ပြင်းပြခဲ့ကြသော်ကြောင့်ဖြစ်သည်။ ထိုအချက်က လက်တွေ့လောကတွင်လည်း သူတို့ လင်မယားအဖြစ် ပေါင်းသင်းခဲ့ပြီးပြီဟု နတ်သခင် ယွမ်မုန့် သဘောပေါက်သင့်သည်။

သူမ၏ ဖြူစင်မှု မရှိတော့သဖြင့် နတ်ဧကရာဇ် ယူလန် ပြန်လည်ဝင်စားရန် ခန္ဓာကိုယ်အဖြစ် သင့်တော်ခြင်း မရှိတော့ပေ။ ထိုသို့ဆိုလျှင် ယွမ်ယုတိကို လျှို့ဝှက်လဝန်း ကျောင်းတော်သို့ အဘယ်ကြောင့် ပြန်လာခိုင်းရသနည်း။

ထို့ကြောင့် လုချန်းက

“သူက ကိုယ်ပိုင် နတ်ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ထားပြီးသားပါ။ သူအနေနဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ပြန်လာဖို့ မဖြစ်နိုင်ပါဘူး။”

နတ်သခင် ယွမ်မုန့်က အေးစက်စွာ ပြောလိုက်သည်။

“ဒါက သူ့ရဲ့ ဆန္ဒအပေါ်မှာ မူတည်တာ မဟုတ်ဘူး။ သူ ပြန်မလာဘူးဆိုရင် လျှို့ဝှက်လဝန်း ကျောင်းတော်က နောက်ဆုံးမှာ သူ့ကို ဖမ်းဆီးခေါ်ဆောင်လာမှာပဲ။”

လုချန်းက

“ကျုပ် သိချင်တာက လျှို့ဝှက်လဝန်း ကျောင်းတော်က သူ ပြန်လာဖို့ကို ဘာလို့ ဒီလောက်အထိ ဇွတ်အတင်း တောင်းဆိုနေရတာလဲ။”

နတ်သခင် ယွမ်မုန့်က ခပ်အေးအေးပင်

“ဒါက ရှင်သိဖို့ လိုအပ်တဲ့ အရာမဟုတ်ဘူး။”

“ကောင်းပြီ... ရှင်က အိပ်မက်ထဲမှာ ရှိနေသေးတာမို့ ကျွန်မ ရှင်ကို အခက်အခဲဖြစ်အောင် မလုပ်တော့ဘူး။ အခု ရှင် ပြန်လို့ရပြီ။”

လုချန်းသည် အိပ်မက်ကမ္ဘာထဲတွင် ယွမ်ယုတိ၏ အသိစိတ်နှင့်အတူ ကာမဂုဏ်၌ ပျော်မွေ့နေသော်လည်း လက်တွေ့လောကတွင်မူ သတိရှိရှိဖြင့် သူ၏ ရုပ်ခန္ဓာကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကြောင်း နတ်သခင် ယွမ်မုန့်သည် သဘောပေါက်သွားခဲ့သည်။

ဒါက လုချန်း၏ နတ်ဝိညာဉ်သည် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ၏ စွမ်းအားကို တွန်းလှန်နိုင်စွမ်း ရှိကြောင်း ဖော်ပြနေသည်။

လုချန်းသည် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ၏ စွမ်းအားကို တွန်းလှန်နိုင်သူ ဖြစ်နေသည်။ သူမ သူ့ကို အိပ်မက်ထဲသို့ ခေါ်ဆောင်သွားလျှင်ပင် သူ၏ အိပ်မက် နက်ရှိုင်းသော အလွှာများထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်သလို သူ၏ လျှို့ဝှက်ချက်များကိုလည်း စူးစမ်းနိုင်မည်မဟုတ်ဟု ထင်ရသည်။

ထို့နောက် နတ်သခင် ယွမ်မုန့်က သူမ၏ လက်ကို မြှောက်လိုက်ရာ ခန်းမထဲတွင် အာကာသ အက်ကြောင်းတစ်ခု ပေါ်လာ၏။ လုချန်း၏ ခန္ဓာကိုယ်သည် ထိုအာကာသ အက်ကြောင်းထဲသို့ စုပ်ယူခံလိုက်ရပြီး သူ၏ မြင်ကွင်းတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။ အလင်းရောင် ပြန်လည်ပေါ်ပေါက်လာချိန်တွင် လုချန်းသည် ကောင်းကင်တောင်ထိပ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

လုချန်းကို ပို့ဆောင်ပြီးနောက် နတ်သခင် ယွမ်မုန့် ခေါင်းကိုက်သလို ခံစားလိုက်ရ၏။ လုချန်းသည် တကယ်ပင် ကိုင်တွယ်ရခက်သော အာလူးပူတစ်လုံး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သူ၏ နှလုံးသား နက်ရှိုင်းသော နေရာတွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေကြောင်းသူမ ကြည့်ရှုလိုသော်လည်း သူက “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ၏ စွမ်းအားကို တွန်းလှန်နိုင်ခဲ့သည်။

ထားလိုက်ပါတော့...

ဘိုးဘေးကို သွားရောက်မေးမြန်းရမည့် အချိန်ပင် ဖြစ်သည်။

ထိုသို့ တွေးတောရင်း နတ်သခင် ယွမ်မုန့်သည် နတ်ဂိုဏ်း၏ တားမြစ်နယ်မြေသို့ တိုက်ရိုက် သွားရောက်ခဲ့၏။

နတ်ဧကရာဇ် ယူလန်၏ သလင်းကျောက်ခေါင်းတလားရှေ့သို့ ရောက်ရှိလျှင် နတ်သခင် ယွမ်မုန့်က ရိုသေစွာ ဂါရဝပြုရင်း

“ဘိုးဘေးကို နှုတ်ခွန်းဆက်သပါတယ်။”

နောက်တစ်ခဏ၌ ခုနစ်ရောင်ခြယ် နတ်စွမ်းအားများသည် သလင်းကျောက်ခေါင်းတလား၏ အထက်၌ စုစည်းလာပြီး စာလုံးတစ်လုံးအဖြစ် ပုံပေါ်လာသည်။

“ပြောပါ။”

နတ်သခင် ယွမ်မုန့်က ချက်ချင်းပင် တင်ပြလိုက်သည်။

“အခုအချိန်မှာ မဟာအင်အားကြီးအုပ်စု အားလုံးက လုချန်းကို အပ်နှံဖို့ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးနေကြပါတယ်။ တောင်ထိပ်သခင် အချို့ကတော့ အဲဒီ နတ်ဂိုဏ်းတွေဟာ ဘိုးဘေးရဲ့ တည်ရှိမှုကို သိနေကြပြီလို့ သံသယဝင်နေကြပြီး ဒါကို အကြောင်းပြချက်တစ်ခုအနေနှင့် အသုံးပြုပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ကို စစ်ပွဲဆင်နွှဲပြီး ဘိုးဘေးရဲ့ အစီအစဉ်ကို နှောင့်ယှက်ဖို့ ကြိုးစားနေကြတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။”

“ကျွန်မ အစက လုချန်းကို လျှို့ဝှက်လဝန်း ကျောင်းတော်ထဲ ဝင်ခွင့်ပြုခဲ့တာက လုချန်းမှာ ထူးခြားတဲ့ပါရမီနဲ့ အားကောင်းတဲ့ ကံစွမ်းအား ရှိတယ်လို့ ထင်မှတ်ခဲ့လို့ ဖြစ်ပါတယ်။ သူဟာ မကြာခင်မှာပဲ နတ်သခင်အဆင့်ကို တက်ရောက်နိုင်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့လို့ပါ။”

“ကျွန်မ အခု လုချန်းကို အပ်နှံလိုက်သင့်တယ်လို့ ထင်ပါသလား။”

နတ်သခင် ယွမ်မုန့်၏ စကားများ ဆုံးသွားပြီးနောက် သလင်းကျောက်ခေါင်းတလား၏ အထက်တွင် စာလုံးငါးလုံး ထပ်မံပေါ်လာ၏။

“ဂရုမစိုက်နဲ့။”

ထိုစာလုံးများကို မြင်လျှင် နတ်သခင် ယွမ်မုန့် မှင်တက်သွားသည်။

နတ်သခင် ယွမ်မုန့်သည် လျင်မြန်စွာပင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဆက်လက်မေးမြန်းလိုက်၏။

“ဒါနဲ့... ဘိုးဘေး... ကျွန်မ လုချန်းအပေါ်မှာ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို အသုံးပြုဖို့ ကြိုးစားခဲ့ပေမဲ့ သူရဲ့ နတ်ဝိညာဉ်က ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ရဲ့ စွမ်းအားကို ကြံ့ကြံ့ခံနိုင်ပြီး သူ့ကိုယ်သူ သတိတစ်ဝက်ရှိနေတဲ့ အခြေအနေမှာ ထိန်းသိမ်းထားနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။”

ယခုအကြိမ်က သူမအနေနှင့် တစ်စုံတစ်ယောက်အပေါ် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို ပထမဆုံး အသုံးပြုခြင်း ဖြစ်ခဲ့သလို ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းလည်း ဖြစ်သဖြင့် နတ်ဧကရာဇ် ယူလန်အား မလွဲမသွေ အသိပေးရမည် ဖြစ်သည်။

နတ်သခင် ယွမ်မုန့်၏ စကားများ ဆုံးသွားပြီးနောက် သလင်းကျောက်ခေါင်းတလား၏ အထက်တွင် အခြားသော စာသားအပိုင်းအစတစ်ခု ထပ်မံပေါ်ပေါက်လာသည်။

“သူက အားကောင်းတဲ့ နတ်ဝိညာဉ်ရှိပြီး ပြန်လည်ဝင်စားလာတဲ့ မဟာစွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်တယ်။ ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ က သူ့အပေါ်မှာ သက်ရောက်မှု မရှိဘူး။”

ထိုစာသားကို မြင်ရသောအခါ နတ်သခင် ယွမ်မုန့် နောက်တစ်ကြိမ် တုန်လှုပ်မှင်တက်သွားရပြန်သည်။

ပြန်လည်ဝင်စားလာသည့် မဟာစွမ်းအားကြီးပုဂ္ဂိုလ် ဟုတ်လား။

နတ်ဧကရာဇ် ယူလန်ကိုယ်တိုင်ကပင် သူ့ကို မဟာစွမ်းအားကြီးပုဂ္ဂိုလ်ဟု ခေါ်ဆိုခဲ့လျှင် လုချန်း၏ အတိတ်ဘဝသည် အနည်းဆုံး နတ်ဧကရာဇ်အဆင့် ဖြစ်ခဲ့မှာ ဧကန်မုချပင်။

လုချန်းတွင် ဤမျှ အားကောင်းသော ကံစွမ်းအား ရှိနေသည်မှာ မဆန်းတော့ပေ။

လုချန်း ထုတ်ဖော်ပြသခဲ့သည့် သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံသည် သူ ကစဉ့်ကလျား ပင်လယ်ထဲတွင် ရရှိခဲ့သည့် အခွင့်အလမ်းအချို့ကြောင့်သာ မဟုတ်နိုင်ပဲ နတ်ဧကရာဇ်တစ်ဦး ပြန်လည်ဝင်စားလာသူ ဖြစ်သောကြောင့် အရာများစွာကို သိထားခြင်းလည်း ဖြစ်နိုင်သည်။

နတ်သခင် ယွမ်မုန့် အတွေးနက်နေစဉ်မှာပင် သလင်းကျောက်ခေါင်း၏ အထက်တွင် အခြားသော စာသားအပိုင်းအစတစ်ခု ထပ်မံပေါ်လာပြန်၏။

“အခြားကိစ္စ မရှိတော့ရင် ထွက်ခွာသွားတော့။ ကျွန်မ နောက်တစ်ကြိမ် အိပ်စက်ခြင်းထဲကို နစ်မြုပ်တော့မယ်။ ဒီတစ်ကြိမ် အိပ်စက်ပြီးရင်တော့ ထူးဆန်းတဲ့ သတ္တဝါအပေါ်က ချိပ်ပိတ်မှု ပျက်စီးသွားတဲ့အချိန်ကျမှ ကျွန်မ ပြန်လည်နိုးထလာလိမ့်မယ်။”

ထိုစာသားများကို မြင်လျှင် နတ်သခင် ယွမ်မုန့်၏ စိတ်ထဲ၌ ထိတ်လန့်သွားပြီးနောက် ရိုသေစွာဖြင့်

“ကောင်းပါပြီ ဘိုးဘေး။”

သူမ၏ စကားများ ဆုံးသွားပြီးနောက် နတ်သခင် ယွမ်မုန့် လှည့်ပြန်ကာ တားမြစ်နယ်မြေမှ ထွက်ခွာသွားခဲ့သည်။

နတ်သခင် ယွမ်မုန့် ထွက်ခွာသွားပြီးနောက် နတ်ဧကရာဇ် ယူလန်၏ သလင်းကျောက်ခေါင်းတလားထဲမှ နက်မှောင်သော မြူခိုးလှိုင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး နောက်တစ်ခဏ၌ အခန်းတစ်ခန်းလုံးအား နက်မှောင်သော မြူခိုးများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ခေါင်းတလားထဲတွင် လျောင်းစက်နေသော နတ်ဧကရာဇ် ယူလန်လည်း ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။ သူမ၏ မျက်လုံးများသည် အသက်မဲ့နေပြီး လမ်းလျှောက်နေသော အလောင်းကောင်တစ်ခုနှင့် တူနေသည်။

ထိုအချိန်တွင် သူမ၏ နက်မှောင်သော မျက်လုံးများ၏ ဗဟို၌ ရွှေရောင် အလင်းစက်တစ်ခု စတင်ပေါ်ပေါက်လာသည်။ ထိုရွှေရောင် အလင်းစက်သည် တဖြည်းဖြည်း ကြီးမားလာပြီး ရွှေရောင် မျက်စီသူငယ်အိမ် အဖြစ် ပြောင်းလဲသွားကာ အလွန် ထူးဆန်းသလို ထိတ်လန့်ဖွယ်လည်း ကောင်းနေသည်။

ထို့နောက် နတ်ဧကရာဇ် ယူလန်၏ အေးစက်လှသော အသံ အခန်းထဲတွင် ပဲ့တင်ထပ်သွား၏။

“လုချန်း... ရှင်က သူတို့ကို ညစ်ညမ်းအောင် လုပ်ဝံ့တယ်ပေါ့။ ကျွန်မ စွမ်းအားပြန်ရတာနဲ့ ရှင်ဆီကို လာပြီး ကံကြမ္မာစာရင်း ရှင်းပစ်မယ်။”

…..

ထျန်းချန် ကမ္ဘာ။

ရှ နန်းတော်။

ချူးယွမ်ကျိသည် ပြတင်းပေါက်နားတွင် ရပ်လျက် နန်းတော်အတွင်းရှိ ဝင်းခြံကို ငေးကြည့်နေခဲ့သည်။ အေးမြသော လရောင်သည် မြေပြင်ပေါ်သို့ ကျရောက်နေပြီး သစ်ပင်ရိပ်များကို ရေထဲတွင် ရှိနေသကဲ့သို့ ပုံပေါ်စေသည်။

ချူးယွမ်ကျိသည် သူမ၏ ဦးခေါင်းကို အနည်းငယ် မော့ကာ ကောင်းကင်ယံရှိ လပြည့်ဝန်းကို ကြည့်လိုက်၏။ အေးစက်သော လရောင်သည် သူမ၏အပေါ်သို့ သန့်ရှင်းမွန်မြတ်သော အလင်းရောင်တစ်ခုသဖွယ် ကျရောက်နေလျက်ရှိသည်။

ကောင်းကင်ရှိ လပြည့်ဝန်းကို ကြည့်ရင်း ချူးယွမ်ကျိ၏ ချောမောလှပသော ပါးပြင်ပေါ်တွင် အထီးကျန်သော အရိပ်အယောင်တစ်ခု ယှက်သန်းသွား၏။

“လုချန်းတစ်ယောက် အခု ဘယ်လိုနေမလဲ မသိဘူး။”

နတ်တစ်ပါးအတွက် လုချန်းနှင့် ခွဲခွာနေရသော အချိန်သည် ကြာမြင့်လှသည်ဟု မဆိုနိုင်သော်လည်း ဤမျှရှည်ကြာသော နှစ်များအတွင်း သူ့ကို မမြင်တွေ့ရသဖြင့် လုချန်းအပေါ် သူမ၏ လွမ်းဆွတ်တမ်းတမှုများသည် ပြည့်လျှံကျလုနီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ချူးယွမ်ကျိ၏ စိတ်ထဲ ရုတ်တရက် စူးခနဲ ဖြစ်သွားပြီး သူမ၏ အသိစိတ်ထဲတွင် တစ်စုံတစ်ခု တည်ရှိနေသကဲ့သို့ ရုတ်ချည်း ခံစားလိုက်ရသည်။

သူမ ချက်ချင်းပင် မျက်လုံးများကို ပိတ်ကာ သူမ၏ အသိစိတ်ပင်လယ်ကို စူးစမ်းလိုက်ရာ သူမ၏ ဝိညာဉ်နက်ရှိုင်းသော နေရာတွင် နက်မှောင်သော မြူခိုးတစ်ခု ချိပ်ပိတ်ထားပုံရသည်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။

ချူးယွမ်ကျိလည်း ဤအရာက ဘာလဲဆိုသည်ကို မတွေးတောပဲ မနေနိုင်ဖြစ်သွားရသည်။

ထို့နောက် ထိုနက်မှောင်သော မြူခိုး၏ ချိပ်ပိတ်မှုကို ဖြေဖျောက်ရန် သူမ ကြိုးစားခဲ့သော်လည်း သူမ၏ လက်ရှိ နတ်ဝိညာဉ်စွမ်းအားဖြင့် ထိုမြူခိုး၏ ချိပ်ပိတ်မှုကို လုံးဝ မလှုပ်ရှားနိုင်စေကြောင်း တွေ့ရှိခဲ့ရသည်။

သို့သော်လည်း နောက်တစ်ခဏ၌ ထိုနက်မှောင်သော မြူခိုးသည် ရုတ်တရက် တုန်ခါသွားပြီးနောက် ချိပ်ပိတ်မှုထဲမှ နက်မှောင်သော စွမ်းအားတစ်မျှင် လွတ်မြောက်လာခဲ့သည်။

ရုတ်တရက် ချူးယွမ်းကျိ၏ မြင်ကွင်း ပြောင်းလဲသွားပြီး သူမကိုယ်သူမ အဆုံးမဲ့သော ကစဉ့်ကလျား လောထဲတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုကစဉ့်ကလျား ဖြစ်တည်မှုထဲတွင် အမျိုးသမီးတစ်စု ချူးယွမ်းကျိ၏ ရှေ့မှောက်၌ ပေါ်လာခဲ့၏။ သူတို့၏ မျက်လုံးများသည် အလွန်အသက်မဲ့ နေကာ အလွန်ပင် ထူးဆန်းထိတ်လန့်ဖွယ် ကောင်းနေသည်။

ချူးယွမ်းကျိ ဤအမျိုးသမီးအများစုကို မှတ်မိနေ၏။ အဘယ်ကြောင့်ဆိုသော် သူမတို့အားလုံးသည် အခြေခံအားဖြင့် လုချန်း၏ အမျိုးသမီးများ ဖြစ်ကြသောကြောင့် ဖြစ်သည်။

ယွမ်ချင်းရှု ယခင်က သူမတို့ကို ပြောပြခဲ့သည့် စကားများကို ချူးယွမ်ကျိ ချက်ချင်းပင် တွေးမိသွားသည်။

ဒါက အနာဂတ်ရဲ့ မြင်ကွင်းတစ်ခု ဖြစ်နိုင်မလားဟု ချူးယွမ်ကျိ တွေးတောမိခြင်းဖြစ်သည်။

ချူးယွမ်ကျိ အတွေးနက်နေစဉ်မှာပင် သူမ၏ရှေ့မှ မြင်ကွင်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ချူးယွမ်ကျိ မျက်လုံးများကို ပြန်လည်ဖွင့်လိုက်ချိန်တွင် လုချန်း၏ အမျိုးသမီးများထံသို့ သူမ ချက်ချင်း သတင်းစကား ပေးပို့လိုက်သည်။

“အားလုံး လေပြင်းမိုးတိမ်နန်းဆောင်ကို ချက်ချင်းလာခဲ့ကြပါ။ ကျွန်မ အခုတင်ပဲ ထူးဆန်းတဲ့ အရာတစ်ခုကို မြင်လိုက်ရလို့ပါ။”

ထျန်းချန်ကမ္ဘာတွင် ညအချိန် ရောက်ရှိနေပြီ ဖြစ်သော်လည်း ချူးယွမ်းကျိ၏ သတင်းစကားကို ကြားပြီးနောက် မကြာမီမှာပင် အမျိုးသမီးများ လေပြင်းမိုးတိမ်ဆောင်သို့ စုရုံးရောက်ရှိလာကြသည်။

အမျိုးသမီးများအားလုံး လေပြင်းမိုးတိမ် ဆောင်သို့ ရောက်ရှိလာချိန်တွင် ယွမ်ချင်းရှုက ပထမဆုံး မေးမြန်းလိုက်သည်။

“ရှင် ဘာကို မြင်လိုက်တာလဲ။”

ချူးယွမ်းကျိက

“ကျွန်မရဲ့ နတ်ဝိညာဉ် နက်ရှိုင်းတဲ့ နေရာမှာ နက်မှောင်တဲ့ မြူခိုးတစ်ခု ချိပ်ပိတ်ခံထားရပုံရတာကို အခုတင်ပဲ ရှာတွေ့ခဲ့လို့ပါ။”

--

…………..

All Chapters