← Chapters

အခန်း ၁၉၁၂

Vol. 128 Ch. 1912

အခန်း ၁၉၁၂

Vol. 128 Ch. 1912

အခန်း (၁၉၁၂)

နေထွက်နတ်မြို့၌ တွေ့ဆုံခြင်း

ချူးယွမ်ကျိ၏ တုံ့ပြန်မှုကို ကြားလျှင် ယွမ်ချင်းရှု မျက်မှောင် အနည်းငယ် ကြုတ်သွား၏။ သူမကဲ့သို့ပင် ချူးယွမ်ကျိ၏ နတ်ဝိညာဉ် အနက်ရှိုင်းဆုံးအပိုင်း၌လည်း အမည်းရောင်စွမ်းအားထုတစ်ခု ချိပ်ပိတ်ခံထားရ၏။

ပြီးခဲ့သည့်အကြိမ်က ထိုထူးဆန်းသော မြင်ကွင်းများကို သူမ မြင်တွေ့ခဲ့စဉ်က အမည်းရောင်စွမ်းအားမှာ ထင်ရှားခြင်း မရှိခဲ့ပေ။ ထိုစဉ်က သူမ၏ နတ်ဝိညာဉ်ထဲ၌ တစ်ခုခု ရှိနေသည်ဟုသာ ခံစားခဲ့ရပြီး ထိုအရာက ဘာဖြစ်မှန်းကိုတော့ မသိခဲ့ပေ။

သို့သော် ယခုလေးတင်ပင် သူမ၏ နတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာတွင် ချိပ်ပိတ်ထားသည့် အမည်းရောင်စွမ်းအားထုကို ရုတ်တရက် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။

ချူးယွမ်ကျိက အားလုံးကို

“ကျွန်မ အဲ့ဒီအမည်းရောင် စွမ်းအားထုရဲ့ ချိပ်ပိတ်မှုကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ လှုပ်တောင် မလှုပ်ခါစေနိုင်ခဲ့ဘူး။ ဒါပေမဲ့ ချိပ်ပိတ်မှုထဲကနေ အမည်းရောင်စွမ်းအားတစ်မျှင် ရုတ်တရက် ထွက်ပေါ်လာပြီး ချင်းရှု ပြီးခဲ့တဲ့အကြိမ်က မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို ကျွန်မ ချက်ချင်းပဲ မြင်လိုက်ရတယ်။”

ချူးယွမ်ကျိ၏ စကားများကို ကြားလျှင် အမျိုးသမီးများ တစ်ဖန် ပြန်လည် စိုးရိမ်ပူပန်သွားကြပြန်၏။

ဘေးအန္တာရယ်တစ်ခုခု ဧကန်မုချဆိုက်ရောက်တော့မှာလား။

ချူးယွမ်ကျိပင် ထိုမြင်ကွင်းများကို မြင်တွေ့ခဲ့ရပေပြီ။

ချူးယုချင်က

“ချိပ်ပိတ်ထားတဲ့ အမည်းရောင်စွမ်းအားက အတိတ်က မှတ်ဉာဏ်တွေ ဖြစ်ပုံရတယ်။ ကျွန်မတို့ရဲ့ ကျင့်စဉ်အဆင့်က မလုံလောက်သေးလို့ အဲ့ဒီမှတ်ဉာဏ်တွေကို အခုလောလောဆယ် ချိပ်ပိတ် မဖွင့်နိုင်သေးတာ ဖြစ်မယ်။ ဒါပေမဲ့ ချိပ်ပိတ်မှုက လျော့ရဲလာခဲ့လို့ ချင်းရှုရော ယွမ်ကျိပါ အဲဒီမြင်ကွင်းတွေကို မြင်နိုင်ခဲ့တာပဲ။”

ချူးယုချင်၏ စကားကို ကြားလျှင် ချူးယွမ်ကျိလည်း သူမ စောစောက မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကို မှတ်ဉာဏ်ပုလဲအဖြစ် ဖွဲ့စည်းရန် ချက်ချင်း ကြိုးစားကြည့်သော်လည်း ထိုမှတ်ဉာဏ်များမှာ ချိပ်ပိတ်ခံထားရပုံပေါ်ပြီး မှတ်ဉာဏ်ပုလဲအဖြစ် မဖွဲ့စည်းနိုင်သည်ကိုသာ တွေ့လိုက်ရ၏။

ချူးယွမ်ကျိက

“ချင်းရှုလိုပဲ ကျွန်မလည်း အဲ့ဒီမြင်ကွင်းတွေကို မှတ်ဉာဏ်ပုလဲအဖြစ် မဖွဲ့စည်းနိုင်ဘူး။ ဒီမှတ်ဉာဏ်တွေကို တခြားသူတွေကို ပေးမသိအောင် တားဆီးထားတဲ့ ကန့်သတ်ချက် တစ်ခုခု ရှိနေပုံရတယ်။”

ပေရှုဟွာက

“ချင်းရှုရော ယွမ်ကျိပါ အဲဒီမြင်ကွင်းတွေကို မြင်ခဲ့ရတယ်။ ပြီးတော့ ကျွန်မတို့လည်း အဲဒီမြင်ကွင်းတွေထဲမှာ ရှိနေခဲ့ကြတာပဲ။ ဒါဆိုရင် ကျွန်မတို့ရဲ့ နတ်ဝိညာဉ်တွေထဲမှာလည်း ဒီလိုမှတ်ဉာဏ်မျိုးတွေပဲ ချိပ်ပိတ်ခံထားရပြီး အခုလောလောဆယ် မခံစားရသေးတာ လား။”

ချူးယွမ်ကျိက

“အဲ့ဒါ အလွန်ပဲ ဖြစ်နိုင်ခြေ ရှိပါတယ်”

ဝမ်ချင်းစီက တိုးတိုးလေး ရေရွတ်လိုက်၏။

“အဲဒီမှတ်ဉာဏ်တွေက ဘယ်လောက်တောင် ရှေးကျလဲဆိုတာ သိချင်မိတယ်။”

သူတို့ထဲမှ အများစုမှာ ထျန်းရန်နတ်ဘုရားနယ်မြေမှ မှတ်ဉာဏ်များကို ပြန်လည် ရရှိထားပြီး ဖြစ်သော်လည်း ယွမ်ချင်းရှု စောစောက ပြောခဲ့သည့် မြင်ကွင်းများနှင့် ပတ်သက်၍တော့ လုံးဝ သတိရခြင်း မရှိကြပေ။

ယခု အခြေအနေအရ ထိုမှတ်ဉာဏ်များသည် ထျန်းရန်နတ်ဘုရားနယ်မြေ၌ သူတို့ ကျင်လည်ခဲ့သည့် ဘဝမတိုင်မီက ဘဝများ ဖြစ်ကြောင်း ထင်ရှားနေ၏။

သို့သော် ယခုလောလောဆယ် အခြားပြဿနာတစ်ခု ရှိနေပြန်၏။ ယွမ်ချင်းရှုနှင့် ချူးယွမ်ကျိတို့ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများသည် အတိတ်မှတ်ဉာဏ်များ ဧကန်မုချ ဖြစ်ခဲ့လျှင် ၎င်းတို့သည် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက အချင်းချင်း သိကျွမ်းခဲ့ကြခြင်း ဖြစ်ပေမည်။

မုကျိရွှမ်းက

“အခု ချင်းရှုရော ယွမ်ကျိပါ အဲဒီမြင်ကွင်းတွေကို မြင်ပြီးပြီဆိုတော့ အဲ့ဒါတွေက အတိတ်မှတ်ဉာဏ်တွေပဲ ဖြစ်နိုင်တယ်။ ကျွန်မတို့လည်း အဲဒီမှတ်ဉာဏ်တွေထဲမှာ ရှိနေခဲ့ရင် နောင်အနာဂတ်မှာ ကျွန်မတို့ တစ်ယောက်ချင်းစီလည်း အဲဒီမြင်ကွင်းတွေကို မြင်ရနိုင်တာပဲ။”

မုကျိရွှမ်း၏ စကားကို ကြားလျှင် အမျိုးသမီးများ ခဏခန့် စဉ်းစားကြည့်လိုက်ရာ ထိုအရာက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၏။ သူတို့အနေနှင့် ဆက်လက် စောင့်ဆိုင်းနေရန်သာ လိုအပ်ပေသည်။

ထိုစဉ် ကျောင်းယိုယိုက တိုးတိုးလေး ပြောလိုက်၏။

“တကယ်တော့ ကျွန်မရဲ့ နတ်ဝိညာဉ်ထဲမှာလည်း ချိပ်ပိတ်ထားတဲ့ အမည်းရောင် စွမ်းအားထုတစ်ခု ထွက်ပေါ်လာတယ်။”

ထိုအရာကို ကြားလျှင် မိန်းကလေးများ အားလုံး၏ အကြည့်များ ကျောင်းယိုယိုထံသို့ ရောက်ရှိသွားကြ၏။

ကျောင်းယိုယိုက ဆက်လက်၍

“ထျန်းရန်နတ်ဘုရားနယ်မြေမှာ ချိပ်ပိတ်ခံထားရတဲ့ မှတ်ဉာဏ်တွေ မပွင့်သေးတာလို့ ထင်နေလို့ ကျွန်မ ဘာမှမပြောပဲ နေခဲ့တာ။”

ချူးယုချင်က

“ဒါဆိုရင် ကျိရွှမ်းရဲ့ ခန့်မှန်းချက်က အကြမ်းဖျင်းအားဖြင့် မှန်ကန်တယ်လို့ အတည်ပြုနိုင်ပြီပဲ။ တကယ်လို့ တစ်ယောက်ယောက်က သူရဲ့ နတ်ဝိညာဉ်ထဲမှာ ချိပ်ပိတ်ထားတာတစ်ခုခုကို ရှာဖွေတွေ့ရှိရင် ကျွန်မတို့ကို ချက်ချင်း အသိပေးပါ။”

လျိုချင်းယွမ်က

“ကျွန်မတို့နဲ့ လုချန်းအကြားမှာ ကျွန်မတို့ကိုယ်တိုင် မသိသေးတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိနေပုံရတယ်။”

ယခု ပြန်လည်စဉ်းစားကြည့်လျှင် ထိုချိပ်ပိတ်ထားသော အမည်းရောင်စွမ်းအားများသည် သူတို့နှင့် လုချန်းတို့အကြား မျှဝေခဲ့ဖူးသည့် မှတ်ဉာဏ်များလည်း ဖြစ်နိုင်သည်။ လုချန်းသည် ထျန်းရန်နတ်ဘုရားနယ်မြေ၌ ရှိစဉ်က ထိုမှတ်ဉာဏ်များကို ပြန်လည်ရယူရန် နည်းလမ်းအမျိုးမျိုးနှင့် ကြိုးစားခဲ့ဖူးလောက်၏။

ထိုဖြစ်နိုင်ခြေကို စဉ်းစားမိကြပြီးနောက် အမျိုးသမီးများ တိတ်ဆိတ်သွားကြပြီး သူတို့၏ နှလုံးသားထဲ၌ လုချန်းအပေါ် သနားစာနာစိတ်များ ပြည့်နှက်လာခဲ့၏။

ကစဉ့်ကလျားသားရဲ၏ ဝမ်းဗိုက်ထဲ၌ ပိတ်မိနေသည့် လုချန်းသည် သူတို့ကို ရှာဖွေရန် ဘဝအထပ်ထပ် သံသရာလည်ခဲ့ရ၏။ ယခုတော့ သူက ထျန်းရန်နတ်ဘုရားနယ်မြေမှာ ကတည်းကပင် စတင်ရှာဖွေခဲ့ခြင်း ဖြစ်နေသည်။

ဆက်၍တွေးကြည့်လျှင် လုချန်းသည် သူတို့ကို ရှာဖွေရန်နှင့် ရေစက်အသစ် ပြန်လည်စတင်ရန်အတွက် ထျန်းရန်နတ်ဘုရားနယ်မြေ မတိုင်မီကတည်းကပင် အကြိမ်ပေါင်းမြောက်မြားစွာ ဘဝကူးပြောင်းခဲ့ခြင်း များလား။

……

တစ်နှစ်ဟူသော အချိန်ကာလသည် အလွန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ ထိုတစ်နှစ်အတွင်း ခမ်းနားသော ကောင်းကင်ခန်းမ၊ ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့သည် စစ် စတင်ရန် အသင့်ပြင်ဆင်ထားပြီး အလယ်ပိုင်းနယ်၏ နယ်စပ်ဒေသများ၌ စဉ်ဆက်မပြတ် အင်အားဖြည့်တင်းခဲ့ကြ၏။

ထို့ပြင် မဟာအင်အားစု သုံးခုသည် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ သံတမန်များကို မကြာခဏ စေလွှတ်ကာ လောကကြီးအတွက် လုချန်းကို အပ်နှံရန် တိုက်တွန်းခဲ့သော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်ကတော့ လုံးဝ အလျှော့မပေးခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ မဟာအင်အားစု သုံးခု၏ စိတ်ရှည်မှုများ လျော့နည်းလာခဲ့၏။ လျှို့ဝှက်လဝန်း ကျောင်းတော်၏ သဘောထားအရ လုချန်းကို လွှဲအပ်ရန် လုံးဝ အလိုမရှိကြောင်း ထင်ရှားစွာ ပြသနေသည်။

လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးရန်အတွက် မဟာအင်အားစု သုံးခုသည် အလယ်ပိုင်းနယ်ကို ကျူးကျော်ရန် သဘောတူညီခဲ့ကြပြီး နယ်မြေအချို့ကို ဦးစွာ သိမ်းပိုက်ရန် စဉ်းစားခဲ့ကြ၏။

၎င်းတို့သည် လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် အလုံးစုံစစ်ပွဲ ဆင်နွှဲရန် ရည်ရွယ်ချက် မရှိသော်လည်း မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ပါက လျှို့ဝှက်လဝန်း ကျောင်းတော်သည် ၎င်းတို့ စစ်ကိုစတင်ရန် ကြောက်ရွံ့နေသည်ဟု ဧကန်မုချ ထင်မြင်သွားမည်ဖြစ်သည်။ ထိုအခါ လုချန်းကို လွှဲအပ်ခိုင်းရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။

မဟာအင်အားစု သုံးခု ကျူးကျော်လာသည်နှင့်အမျှ အလယ်ပိုင်းနယ်၏ အင်အားစုများလည်း မနေနိုင်တော့ပေ။ ၎င်းတို့သည် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ သံတမန်များ စေလွှတ်ကာ အလယ်ပိုင်းနယ်၏ အကျိုးအတွက် လုချန်းကို စွန့်လွှတ်ရန် အသနားခံခဲ့ကြ၏။

လျှို့ဝှက်လဝန်း ကျောင်းတော်သည် အလယ်ပိုင်းနယ်၏ အထွတ်အထိပ် အုပ်စိုးသူအဆင့် အင်အားစုတစ်ခု ဖြစ်သော်လည်း အလယ်ပိုင်းနယ်၏ လက်အောက်ခံ အင်အားစုများသည်လည်း ကျောင်းတော်ပိုင်ဆိုင်သာ အလုံးစုံအင်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အကယ်၍ ထိုအင်အားစုအားလုံးသည် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ပုန်ကန်ပါက ကျောင်းတော်၏ စုစုပေါင်းအင်အား သိသာထင်ရှားစွာ လျော့နည်းသွားမည်မှာတော့ မလွဲမသွေပင်။

အဆုံး၌ လျှို့ဝှက်လဝန်း ကျောင်းတော်၌ ရှိနေသည့် လုချန်းမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး သူ၏ ပင်မကိုယ် မည်သည့်နေရာ၌ ရှိသည်ကို လုံးဝ မသိကြောင်း ကျောင်းတော်မှ သတင်းထုတ်ပြန်ခဲ့၏။ ခမ်းနားသော ကောင်းကင်ခန်းမနှင့် အရှေ့ပိုင်းနယ်မှ အင်အားစုများသည် ပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေခြင်းသာ ဖြစ်ကြောင်းလည်း သတင်းဖြန့်ထားသည်။

ထို့ကြောင့် လျှို့ဝှက်လဝန်း ကျောင်းတော်သည် စစ်တပ်ကို စတင် စုစည်းခဲ့ပြီး ၎င်း၏ စစ်အင်အားကို နှစ်ပိုင်းခွဲကာ တစ်ပိုင်းကို တောင်ဘက်သို့လည်းကောင်း၊ အခြားတစ်ပိုင်းကို အရှေ့ဘက်သို့လည်းကောင်း စေလွှတ်၍ ခမ်းနားသော ကောင်းကင်ခန်းမနှင့် အရှေ့ပိုင်းနယ်တို့ကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြသခဲ့၏။

လျှို့ဝှက်လဝန်း ကျောင်းတော်၏ ရဲရင့်ပြတ်သားမှုကို စောင့်ကြည့်နေရင်း မဟာအင်အားစု သုံးခုလည်း သံသယ မဖြစ်ပဲ မနေနိုင်ခဲ့ပေ။

လျှို့ဝှက်လဝန်း ကျောင်းတော် ပြောနေသည်မှာ တကယ်ပင် ဟုတ်မှန်နေပြီး လုချန်းသည် ကိုယ်ပွားတစ်ခုသာ ဖြစ်နေသလား။

မဟုတ်ပါက စစ်တပ်များ အလယ်ပိုင်းနယ်သို့ ကျူးကျော်ဝင်ရောက်လာသည့်တိုင်အောင် လျှို့ဝှက်လဝန်း ကျောင်းတော်သည် ပျက်စီးဆုံးရှုံးရမည့် အရေးကို မကြောက်ရွံ့ပဲ လုချန်းကို လွှဲအပ်ရန် ငြင်းဆိုနေပါဦးမလား။

အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်သွားခဲ့၏။ ထိုအင်အားစုများ၌ စစ်ဆင်နွှဲရန် ရည်ရွယ်ချက် တကယ် မရှိပေ။ လုချန်း၏ အခွင့်အရေးများကို ခွဲဝေယူရန်အတွက် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးခဲ့ကြခြင်း ဖြစ်၏။

သို့သော် ကျောင်းတော်က သူတို့တွက်ဆထားသလို မတုံ့ပြန်ပဲ တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားမှုကြောင့် ထိုအင်အားစုများလည်း နောက်ထပ် မည်သို့လုပ်ရမည်ကို မရေမရာ ဖြစ်သွားခဲ့ကြ၏။

သူတို့ အနေနှင့် အလယ်ပိုင်းနယ်နှင့် တကယ် စစ်ပွဲဆင်နွှဲရန် လိုအပ်ပါသလား။

အကယ်၍ စစ်ပွဲဖြစ်ပွားခဲ့လျှင် အရှေ့ပိုင်းနယ်နှင့် တောင်ပိုင်းနယ်တို့ ပူးပေါင်းကာ အလယ်ပိုင်းနယ်ကို အနိုင်ယူနိုင်သော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်ကို အနိုင်ယူရန်အတွက် ကြီးမားသော တန်ဖိုးများ ပေးဆပ်ရမည် ဖြစ်၏။

အလားအလာ အားလုံးကို ဆင်ခြင်ပြီးနောက် ခမ်းနားသော ကောင်းကင်ခန်းမ၊ ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့၏ ခေါင်းဆောင်များသည် ဖြစ်လာနိုင်ခြေ ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းဖို့ ဆွေးနွေးရန်အတွက် ကျောင်းတော်သခင် ယွမ်မုန့်ကို နေထွက်နတ်မြို့သို့ လာရောက်ရန် ဖိတ်ကြားစာ ပေးပို့ခဲ့ကြ၏။

အလယ်ပိုင်းနယ်၏ အရှေ့တောင်ဘက်ထောင့်တွင် တည်ရှိပြီး အရှေ့ပိုင်းနယ်နှင့် တောင်ပိုင်းနယ်တို့နှင့် နီးကပ်သော နေထွက်နတ်မြို့သည် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် သင့်တော်သော နေရာတစ်ခု ဖြစ်သည်။

အစပိုင်းတွင် နတ်သခင် ယွမ်မုန့်သည် ထိုဖိတ်ကြားချက်ကို ဂရုစိုက်ရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း အလယ်ပိုင်းနယ်၏ အင်အားစုများသည် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ သံတမန်များကို အဆက်မပြတ် စေလွှတ်ကာ အလယ်ပိုင်းနယ်၏ အကျိုးအတွက် မဟာအင်အားစု သုံးခုနှင့် ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်းခဲ့ကြ၏။

သေချာစွာ စဉ်းစားသုံးသပ်ပြီးနောက် နတ်သခင် ယွမ်မုန့်လည်း မဟာအင်အားစု သုံးခု၏ ခေါင်းဆောင်များနှင့် နေထွက်နတ်မြို့၌ တွေ့ဆုံရန် နောက်ဆုံးတွင် သဘောတူညီခဲ့ တော့သည်။

--

All Chapters