အခန်း ၁၉၁၃
Vol. 128 Ch. 1913
အခန်း( ၁၉၁၃ )
ပွင့်လင်းသော ဆွေးနွေးပွဲ
အလယ်ပိုင်းနယ်မြေ။
နေထွက်နတ်မြို့။
ယခုအခိုက်အတန့်တွင် နေထွက်နတ်မြို့ ပတ်ဝန်းကျင်၌ စစ်နတ်လှေများ ပုရွက်ဆိတ်အုံသဖွယ် ပြည့်နှက်နေပြီး အမျိုးမျိုးသောစွမ်းအားကြီး ပုဂ္ဂိုလ်များ၏ အရှိန်အဝါများလည်း တစ်ခုနှင့်တစ်ခု ရောယှက် လှုပ်ခတ်နေကြသည်။
ခမ်းနားသော ကောင်းကင်ခန်းမ၊ ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့၏ စစ်နတ်လှေများအားလုံး နေထွက်နတ်မြို့အနီးသို့ ရောက်ရှိနေကြပြီဖြစ်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်၏ စစ်နတ်လှေများသာ ရောက်ရှိလာရန် ကျန်ရှိတော့၏။
ကြယ်မြစ် နတ်သခင်၊ နတ်သခင် ရှီယွဲ့နှင့် နတ်သခင် ဝမ်ကျဲတို့၏ ခန္ဓာကိုယ်များသည် သူတို့၏ စစ်နတ်လှေများအထက် ကောင်းကင်တွင် အသီးသီး ပျံဝဲနေကြသည်။
အမှန်စင်စစ် ၎င်းတို့သည် ပင်မကိုယ်ဖြင့် ရောက်ရှိလာကြခြင်း မဟုတ်ပဲ ကိုယ်ပွားများဖြင့်သာ ရောက်လာကြခြင်း ဖြစ်၏။
ထိုအခိုက်အတန့်တွင် နေထွက်နတ်မြို့၏ ကောင်းကင်ယံထက်၌ “ယွမ်မုန့်ကျောင်းတော်သခင် ရောက်ရှိလာပါပြီ” ဟူသော အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ် လာခဲ့သည်။
ထိုအသံ ဆုံးသွားသည်နှင့် အဝေးတစ်နေရာမှ လျှို့ဝှက်လဝန်း ကျောင်းတော်၏ အလံများ လွှင့်ထူထားသော စစ်နတ်လှေများသည် နေထွက်နတ်မြို့ဆီသို့ ဦးတည်၍ ခရီးနှင်လာကြသည်။
ဦးဆောင်လာသော စစ်နတ်လှေကြီးမှာ အလွန်တရာ ကြီးမားလှပြီး အခန်းပေါင်း မြောက်မြားစွာ ပါရှိရာ ကောင်းကင်တွင် မျောလွင့်နေသော နန်းတော်ကြီးတစ်ခုနှင့်ပင် တူလှပေသည်။
မကြာမီပင် လျှို့ဝှက်လဝန်း ကျောင်းတော်၏ စစ်နတ်လှေများသည် အဓိက အင်အားကြီးအုပ်စု သုံးခု၏ စစ်နတ်လှေများနှင့် ပူးပေါင်းမိသွားကြ၏။
ထိုစဉ် ကြယ်မြစ် နတ်သခင်က အမြင့်ပိုင်းမှနေ၍ လှမ်းပြောလိုက်သည်။
“ကျောင်းတော်သခင်ယွမ်မုန့်... ခင်ဗျား ရောက်လာမှာ မဟုတ်ဘူးလို့ ကျုပ် ထင်နေတာ။”
နတ်သခင် ယွမ်မုန့်က မည်သည့်ခံစားချက်မှ မရှိသော မျက်နှာထားဖြင့်
“ဒီလို အဓိပ္ပာယ်မရှိတဲ့ ဆွေးနွေးပွဲမျိုးကို တက်ရောက်ဖို့ ကျွန်မ တကယ်ပဲ အစီအစဉ် မရှိခဲ့ပါဘူး”
ဟု အေးစက်စွာ ပြောလိုက်၏။
ကြယ်မြစ် နတ်သခင်က
“အဓိပ္ပာယ်မရှိဘူး ဟုတ်လား။ ဒါဆို ကျောင်းတော်သခင်ယွမ်မုန့်က လုချန်းဆီမှာ ရှိတဲ့ အခွင့်အရေးတွေကို တစ်ယောက်တည်း သိမ်းပိုက်ထားဖို့ တကယ်ပဲ ရည်ရွယ်ထားတာပေါ့”
ဟု ပြန်လည် မေးခွန်းထုတ်လိုက်သည်။
နတ်သခင် ယွမ်မုန့်က ချက်ချင်း ပြန်မပြောပဲ ချင်းယွမ်ကျောင်းတော်၏ ကျောင်းအုပ်ကြီး ဖြစ်သော နတ်သခင် ဝမ်ကျဲကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်ကို သားရဲမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင် နတ်သခင် ရှီယွဲ့ဆီသို့ ရွှေ့လိုက်၏။
ထိုသူသုံးဦး၏ နတ်အာရုံ အရှိန်အဝါများ အတော်အတန် အားနည်းနေသည်ကို ခံစားမိသဖြင့် ၎င်းတို့သည် ကိုယ်ပွားများကိုသာ စေလွှတ်ထားကြောင်း သူမ သိသွားပြီး သူတို့အနေနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် တကယ် စစ်မက်ဖြစ်ပွားရန် ရည်ရွယ်ချက် မရှိကြောင်းကိုလည်း နားလည်သွားခဲ့သည်။
ထို့ကြောင့်လည်း ဘိုးဘေးဖြစ်သူက သူမအား စိုးရိမ်ပူပန်ခြင်းမရှိရန် မှာကြားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့နောက် နတ်သခင် ယွမ်မုန့်က
“ရှင်တို့က ကိစ္စရပ်တွေကို ဒီနေရာမှာပဲ ဆွေးနွေးဖို့ ပြင်ထားတာလား။”
ထိုအရာကို ကြားလျှင် ကြယ်မြစ် နတ်သခင် အပါအဝင် ထိုသုံးဦး၏ ခန္ဓာကိုယ်များသည် ကောင်းကင်အမြင့်သို့ ချက်ချင်း ပျံတက်သွားကြပြီး နောက်တစ်ခဏ၌ နတ်သခင် ယွမ်မုန့်လည်း ထိုနေရာမှ ကွယ်ပျောက်သွားကာ မီတာတစ်သောင်းအမြင့် ကောင်းကင်ယံထက်တွင် ပြန်လည် ပေါ်လာခဲ့၏။
ထို့နောက်တွင် ထိုသုံးဦးသည် နတ်စွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြရာ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံ၌ စုံစမ်းထောက်လှမ်းမှု အားလုံးကို တားဆီးပိတ်ဆို့နိုင်သော သီးသန့်ခွဲထုတ်ခြင်း နည်းဗျူဟာပုံစံတစ်ခု ပေါ်ပေါက်လာခဲ့သည်။
သီးသန့်ခွဲထုတ်ခြင်း နည်းဗျူဟာပုံစံကို တည်ဆောက်ပြီးသည်နှင့် နတ်သခင် ဝမ်ကျဲက
“ကျောင်းတော်သခင် ယွမ်မုန့်... ကျုပ်အနေနဲ့ လုချန်းဆီမှာ ရှိတဲ့ တခြား အရာတွေကို စိတ်မဝင်စားပါဘူး။ ကျုပ်အလိုရှိတာက အဲဒီ လျှို့ဝှက်ဆန်းကြယ်သတ္တဝါတွေကို ချိပ်ပိတ်နိုင်စွမ်းရှိတဲ့ နည်းဗျူဟာပုံစံပါပဲ”
ဟု စကားစတင် ပြောဆိုလိုက်၏။
ထိုအရာကို ကြားရသောအခါ ကြယ်မြစ် နတ်သခင်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သူ အလိုရှိသည်ကတော့ လျှို့ဝှက်ဆန်းကြယ်သတ္တဝါများကို ချိပ်ပိတ်သည့် နည်းဗျူဟာပုံစံ တစ်ခုတည်း မဟုတ်ပေ။
နတ်သခင် ဝမ်ကျဲက အဘယ်ကြောင့် အစကတည်းက ဤမျှအထိ လိုက်လျောပေးလိုက်ရသနည်း။
မည်သို့ပင်ဖြစ်စေ လုချန်း၏ ထံ၌ ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အရေးများ ရှိနေနိုင်သည် မဟုတ်ပါလား။
နတ်သခင် ဝမ်ကျဲက ဧကရာဇ် ဖြစ်ချင်မှ ဖြစ်ချင်မည် ဖြစ်သော်လည်း သူကတော့ ဧကရာဇ်အဆင့်သို့ တက်လှမ်းလိုသူ ဖြစ်၏။
ကြယ်မြစ် နတ်သခင် အာရုံလွင့်နေစဉ် နတ်သခင် ရှီယွဲ့၏ အေးစက်သော အသံကလည်း ကောင်းကင်ယံ၌ ဟိန်းထွက်လာပြန်သည်။
“ကျွန်မလည်း နတ်သခင် ဝမ်ကျဲလိုပါပဲ။ အဲဒီ ချိပ်ပိတ်နည်းဗျူဟာပုံစံကိုပဲ အလိုချင်ဆုံးပါ။ အကယ်၍ လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် အဲဒီ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်မတို့ သားရဲမဟာမိတ်က တပ်ဖွဲ့တွေကို ချက်ချင်း ပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပါတယ်။”
နတ်သခင် ရှီယွဲ့ကလည်း ထိုသို့ ပြောလိုက်သည်ကို မြင်လျှင် ကြယ်မြစ် နတ်သခင်၏ မျက်နှာတစ်ခုလုံး လုံးဝ ညိုမှောင်သွားခဲ့တော့၏။ သူသည် နတ်သခင် ယွမ်မုန့်အား ဆွေးနွေးပွဲဖြစ်မြောက်အောင် ခဲရာခဲဆစ် ဖိတ်ခေါ်ခဲ့ရသော်လည်း ထိုနှစ်ဦးကတော့ ဆွေးနွေးပွဲ၏ နောက်ဆုံး အနိမ့်ဆုံးသတ်မှတ်ချက်ကို ချက်ချင်းပင် ထုတ်ဖော်ပြသလိုက်ကြသည်။
သူတို့၏ မူလ အစီအစဉ်မှာ လုချန်းအား မရရှိနိုင်လျှင်ပင် သူ၏ထံမှ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို မဖြစ်မနေ ရယူရန်ဖြစ်၏။ ထိုအရာက လျှို့ဝှက်ဆန်းကြယ်သတ္တဝါများကို ချိပ်ပိတ်ရာတွင် အလွန်တရာ အရေးပါသောကြောင့် ဖြစ်သည်။
အခြားသော အခွင့်အရေးများနှင့် ပတ်သက်၍တော့ လျှို့ဝှက်လဝန်း ကျောင်းတော်အား တဖြည်းဖြည်းချင်း ဖိအားပေးသွားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ သို့သော် နတ်သခင် ဝမ်ကျဲနှင့် နတ်သခင် ရှီယွဲ့တို့က သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကိုသာ လိုချင်သကဲ့သို့ ဖဲချပ်များကို အစောတလျင် လှန်ပြလိုက်သည့်အတွက် ဆွေးနွေးစရာ ဘာကျန်တော့မည်နည်း။
ထိုနှစ်ဦး၏ စကားကို ကြားရသောအခါ နတ်သခင် ယွမ်မုန့်လည်း အံ့အားသင့်သွားခဲ့သည်။ ထိုအင်အားကြီး သုံးစုသည် လျှို့ဝှက်လဝန်း ကျောင်းတော်အား တိုက်ခိုက်ရန် အကြောင်းပြချက် ရှာနေသည်ဟု အစက သူမ ထင်မှတ်ခဲ့သော်လည်း ယခုမူ ၎င်းတို့၏ ရည်ရွယ်ချက်က တကယ်ပင် လုချန်း ဖြစ်နေသည်။
ပို၍တိကျစွာဆိုရလျှင် လုချန်း ပိုင်ဆိုင်ထားသောလျှို့ဝှက်ဆန်းကြယ်သတ္တဝါများကို ချိပ်ပိတ်နိုင်သည့် သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
အကယ်၍ ထိုသို့သာ ဖြစ်ပါက လုချန်းအား ထိုသူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို ၎င်းတို့ထံ လွှဲပြောင်းပေးခိုင်းလိုက်လျှင် အဆင်ပြေသွားပေလိမ့်မည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမသည် ယခုအကြိမ်တွင် လုချန်း၏ ကိုယ်ပွားကိုလည်း အတူတကွ ခေါ်ဆောင်လာခဲ့သည်။
နတ်သခင် ယွမ်မုန့် ထိုသို့ တွေးတောနေစဉ်မှာပင် သူမ၏ စိတ်အာရုံမှာ ရုတ်တရက် တောင့်တင်းသွားကာ တစ်စုံတစ်ခုကို သတိရသွားခဲ့၏။
သူတို့၏ ဘိုးဘေးက ဤကပ်ဘေးသည် သူမအတွက် အကျိုးရှိနိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။ အကယ်၍ သူမက အခြား အင်အားစုများထံသို့ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို ပေးအပ်လိုက်ပြီး ၎င်းတို့က ထိုအရာကို အသုံးပြု၍ ချိပ်ပိတ်မှုများကို ပိုခိုင်မာစေကာ ထျန်းရန် နတ်ဘုရားနယ်မြေအတွင်းသို့ လျှို့ဝှက်ဆန်းကြယ်သတ္တဝါများ ကျူးကျော်ဝင်ရောက်လာခြင်းကို တားဆီးလိုက်ပါက ဘိုးဘေး၏ အစီအစဉ်များကို ပျက်စီးစေပြီး ဒုတိယအကြိမ်မြောက် အသက်ရှင်သန်ခွင့် ရရှိမည့် အခွင့်အရေးကိုလည်း တားဆီးရာ ရောက်သွားမည် မဟုတ်ပါလား။
ဤအချက်ကို တွေးမိသည်နှင့် နတ်သခင် ယွမ်မုန့်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သူမ ယခု မည်သို့လုပ်ဆောင်ရမည်ကို မဝေခွဲနိုင်တော့ပေ။ နတ်ဧကရာဇ် ယူလန်သည် သူတို့၏ ဘိုးဘေးဖြစ်သဖြင့် ဘိုးဘေး၏ စကားကို သဘာဝကျကျပင် နာခံရမည် ဖြစ်သည်။
သို့သော်လည်း သူမ၏ ဆင်ခြင်တုံတရားက ဤလမ်းစဉ်အတိုင်း မသွားသင့်ကြောင်း သတိပေးနေ၏။ အကယ်၍ လျှို့ဝှက်ဆန်းကြယ်သတ္တဝါများက ထျန်းရန် နတ်ဘုရားနယ်မြေသို့ တကယ် ကျူးကျော်ဝင်ရောက်လာပါက ကြီးမားလှသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး အဆုံးသတ်တွင် လျှို့ဝှက်လဝန်း ကျောင်းတော်ပင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
နတ်သခင် ယွမ်မုန့် နှုတ်ဆိတ်နေသည်ကို မြင်လျှင် နတ်သခင် ရှီယွဲ့က ဆက်လက်၍
“ကျောင်းတော်သခင်ယွမ်မုန့်... ရှင်က ကျွန်မတို့ကို အဲဒီ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကိုတောင် ထုတ်ဖော်ပြသဖို့ ဆန္ဒမရှိဘူးလား။”
“ဒါမှမဟုတ် လျှို့ဝှက်လဝန်း ကျောင်းတော်က အဲဒီ လျှို့ဝှက်ဆန်းကြယ်သတ္တဝါတွေရဲ့ ထိန်းချုပ်မှုကို ခံနေရလို့လား။”
ထိုအရာကို ကြားလျှင် နတ်သခင် ယွမ်မုန့် အတွေးကမ္ဘာထဲမှ ရုတ်တရက် နိုးထလာပြီး မျက်ခုံးများကို တင်းကျပ်စွာ တွန့်လိုက်မိသည်။ ထိုအင်အားကြီး သုံးစုက သူတို့အပေါ် ဤကဲ့သို့ စွပ်စွဲပုတ်ခတ်လာနိုင်ကြောင်း သူမ ကြိုတင်၍ တွက်ဆထားခဲ့ပြီးသား ဖြစ်သည်။
သို့သော် အမှန်အတိုင်း ပြောရလျှင် နတ်သခင် ယွမ်မုန့်၏ စိတ်ထဲတွင်လည်း အနည်းငယ် သံသယဖြစ်နေမိသည်။ ၎င်းတို့၏ ဘိုးဘေးသည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ ငြိစွန်းခြင်းကို ခံရကာ လျှို့ဝှက်ဆန်းကြယ်သတ္တဝါတစ်ကောင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခြင်း ရှိမရှိကို သိလိုစိတ် ပြင်းပြနေမိသည်။ မဟုတ်ပါက အဘယ်ကြောင့် ကပ်ဘေးဆိုးကြီး ကျရောက်လာရန် မျှော်လင့်နေရမည်နည်း။
ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်က
“လုချန်းရဲ့ ပင်မကိုယ်က လျှို့ဝှက်လဝန်း ကျောင်းတော်မှာ မရှိပါဘူး။”
ထိုစဉ် ကြယ်မြစ် နတ်သခင်က ချက်ချင်းပင် ကြားဖြတ်ပြောလိုက်သည်။
“မဖြစ်နိုင်တာ”
“ကျောင်းတော်သခင်ယွမ်မုန့်... ခင်ဗျားက...”
ကြယ်မြစ် နတ်သခင်က ဆက်လက်ပြောဆိုရန် ပြင်လိုက်သော်လည်း နတ်သခင် ယွမ်မုန့်၏ ဖြတ်ပြောခြင်းကို ခံလိုက်ရ၏။
“ကျွန်မအနေနှင့် ကောင်းကင်လမ်းစဉ်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။ လုချန်းရဲ့ ပင်မကိုယ် ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကျွန်မ တကယ်ကို မသိပါဘူး။”
ဒါက...
ကြယ်မြစ် နတ်သခင် အပါအဝင် ထိုသုံးဦး လုံးဝမှင်တက်သွားကြပြီးနောက် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
နတ်သခင် ယွမ်မုန့်က ဤမျှအထိ ပြောဆိုလာနေသဖြင့် လုချန်း၏ ပင်မကိုယ်က လျှို့ဝှက်လဝန်း ကျောင်းတော်မှာ တကယ်ပဲ မရှိတာလား။
ထိုသုံးဦး နှုတ်ဆိတ်နေသည်ကို မြင်ရလျှင် နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“ဒါ့အပြင် လုချန်းရဲ့ ကိုယ်ပွားက အလွန်ထူးခြားပြီး ရုပ်သေးတစ်ရုပ်လိုပဲဖြစ်လို့ သူ ကြိုက်တဲ့အချိန်မှာ စွန့်လွှတ်နိုင်ပါတယ်။ ကိုယ်ပွား သေဆုံးသွားရင်တောင် သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်တဲ့အတွက် သူ့ရဲ့ကိုယ်ပွားဆီကနေ တစ်ခုခု နှိုက်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”
“လုချန်းက အခု လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်နေပေမဲ့ ကျောင်းတော်အနေနဲ့ သူ့ရဲ့ ကံကြမ္မာကို တကယ် ဆုံးဖြတ်ပေးလို့မရပါဘူး။”
“ရှင်တို့က လုချန်းဆီကနေ တစ်ခုခုကို တကယ်ပဲ ရယူချင်တယ်ဆိုရင် လျှို့ဝှက်လဝန်း ကျောင်းတော်ကို လာပြီး ပြဿနာရှာနေမယ့်အစား လုချန်းကို တိုက်ရိုက် ရှာဖွေတာက အသင့်တော်ဆုံး လုပ်ဆောင်ချက် ဖြစ်ပါလိမ့်မယ်။”
နတ်သခင် ယွမ်မုန့်ထံမှ ဤစကားကို ကြားရသောအခါ ထိုသုံးဦး၏ မျက်နှာအမူအရာများ ပိုမိုလေးနက် တည်ကြည်သွားခဲ့ကြသည်။ နတ်သခင် ယွမ်မုန့်၏ လေသံအရ ၎င်းတို့အား လှည့်စားနေခြင်း မဟုတ်ပေ။
အကယ်၍ နတ်သခင် ယွမ်မုန့် ပြောသကဲ့သို့သာ တကယ် ဖြစ်နေပါက အကျိုးကျေးဇူး ရှိသကဲ့သို့ ဒုက္ခလည်း ရောက်နိုင်ပေသည်။
နတ်သခင် ယွမ်မုန့်၏ အဆိုအရ လျှို့ဝှက်လဝန်း ကျောင်းတော်သည် လုချန်း၏ ကံကြမ္မာကို မဆုံးဖြတ်နိုင်ဟု ဆိုသောကြောင့် ၎င်းတို့အနေနှင့် လုချန်း၏ ပင်မကိုယ်ကို ရှာဖွေတွေ့ရှိသည်နှင့် လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် ပဋိပက္ခဖြစ်ပွားရန် မလိုပဲ သူ၏ ဝိညာဉ်ကို တိုက်ရိုက် စစ်ဆေးနိုင်မည် ဖြစ်သည်။
သို့သော် ခက်ခဲလှသော အချက်မှာ ၎င်းတို့အနေနှင့် လုချန်း၏ ပင်မကိုယ် မည်သည့်နေရာတွင် ရှိနေသည်ကို လုံးဝ မသိခြင်းပင် ဖြစ်၏။
အစက ထိုအင်အားကြီး သုံးစုသည် လုချန်း၏ ပင်မကိုယ် လျှို့ဝှက်လဝန်း ကျောင်းတော်၌ ရှိနေသည်ဟု ထင်မှတ်ကာ ဖိအားပေးခဲ့ကြခြင်း ဖြစ်သော်လည်း ကျောင်းတော်အတွင်းရှိ လုချန်းမှာလည်း ကိုယ်ပွားတစ်ခုမှသာ ဖြစ်ကြောင်း နတ်သခင် ယွမ်မုန့်က ယခု အသိပေးလိုက်သဖြင့် ၎င်းတို့ ကြိုးပမ်းသမျှမှာ အချည်းနှီးသာ ဖြစ်သွားခဲ့ရတော့သည်။
--
………….