အခန်း ၁၉၁၄
Vol. 128 Ch. 1914
အခန်း (၁၉၁၄ )
နတ်ဆိုးဧကရာဇ်၏ စွမ်းအား ပြန်လည်နိုးထလာခြင်း
ကြယ်မြစ် နတ်သခင်တို့လူစုသည် ခဏခန့် တိတ်ဆိတ်သွားကြပြီးနောက် နတ်သခင် ရှီယွဲ့က ပထမဆုံး စတင်ပြောလိုက်၏။
“ကျွန်မလည်း ကျောင်းတော်သခင် ယွမ်မုန့်ရဲ့ စကားတွေကို ယုံကြည်ပါတယ်။”
နတ်သခင် ရှီယွဲ့၏ စကားကို ကြားလိုက်ရလျှင် ကြယ်မြစ် နတ်သခင်၏ မျက်ခုံးများ နဂိုထက်ပို၍ တွန့်ကွေးသွားတော့သည်။
နတ်သခင် ရှီယွဲ့က နတ်သခင် ယွမ်မုန့်၏ စကားများကို ဤမျှ လွယ်လွယ်ကူကူ ယုံကြည်ရလား။
နတ်သခင် ယွမ်မုန့်က သူတို့အား လှည့်စားနေခြင်း ဖြစ်နေပါက ဘယ်လိုလုပ်မည်နည်း။
နတ်သခင် ယွမ်မုန့်က သူမအနေနှင့် ကောင်းကင်လမ်းစဉ်ကို တိုင်တည် ကျိန်ဆိုနိုင်ကြောင်း ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်တော့ ကျိန်ဆိုခြင်း မပြုရသေးပေ။ အကယ်၍ နတ်သခင် ယွမ်မုန့်က နောက်တစ်လှမ်းဆုတ်၍ ရှေ့တစ်လှမ်းတက်ရန် ကြံစည်နေခြင်း ဖြစ်နေပါက မည်သို့လုပ်မည်နည်း။
ကြယ်မြစ် နတ်သခင်က
“ကျောင်းတော်သခင် ယွမ်မုန့်... ဒီကိစ္စက အလွန် အရေးကြီးပါတယ်။ လုချန်းရဲ့ အခွင့်အရေးက ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ တည်ရှိ ရှင်သန်မှုနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေနိုင်တယ်။ ခင်ဗျားက ကျိန်ဆိုရဲတယ်လို့ ပြောခဲ့တာမို့လို့ အခုပဲ ကျိန်ဆိုလိုက်ပါတော့။”
ကြယ်မြစ် နတ်သခင် စကားပြော၍ ပြီးလျှင်ပြီးချင်း နတ်သခင် ယွမ်မုန့် မတုံ့ပြန်နိုင်မီမှာပင် နတ်သခင် ရှီယွဲ့က ကြားဖြတ်၍
“အဲ့လိုလုပ်ဖို့ မလိုပါဘူး။”
“ကျွန်မတို့ရဲ့ ကောင်းကင်မြေခွေးမျိုးနွယ်စုဟာ လူတစ်ယောက် လိမ်ညာနေသလားဆိုတာကို ခွဲခြားသိမြင်နိုင်စွမ်း ရှိပါတယ်။ ကျောင်းတော်သခင် ယွမ်မုန့်ဟာ ခုနက တကယ် လိမ်ညာပြောဆိုခဲ့ခြင်းမရှိတာကို ကျွန်မ ခံစား သိနိုင်ပါတယ်။”
နတ်သခင် ဝမ်ကျဲကလည်း
“စကားလုံး နိယာမစွမ်းအားကလည်း လူတစ်ယောက် လိမ်ညာနေသလား ဆိုတာကို သတ်မှတ်ပေးနိုင်စွမ်း ရှိပါတယ်။ မဟာမိတ်ခေါင်းဆောင် ရှီယွဲ့ ပြောသလိုပါပဲ... ကျုပ်ကြားခဲ့ရတဲ့ အရာအားလုံးဟာ အမှန်တရားတွေ ဖြစ်ပါတယ်”
ဟု ထောက်ခံပြောကြားလိုက်၏။
နတ်သခင် ရှီယွဲ့နှင့် နတ်သခင် ဝမ်ကျဲ နှစ်ဦးစလုံးက နတ်သခင် ယွမ်မုန့်၏ စကားများ အမှန်တရားဖြစ်ကြောင်း အာမခံပေးလိုက်သည်ကို မြင်လျှင် ကြယ်မြစ် နတ်သခင်လည်း ထပ်မံ၍ ဖိအားပေး မမေးမြန်းတော့ပေ။
သို့သော် ယခုတော့ အကြီးမားဆုံး ပြဿနာတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
အကယ်၍ နတ်သခင် ယွမ်မုန့် ပြောသည့်စကားသာ အမှန်ဆိုလျှင် လုချန်း၏ ပင်မကိုယ်ကို သူတို့ မည်သည့်နေရာတွင် သွားရောက် ရှာဖွေရမည်နည်း။
အကယ်၍ လုချန်း၏ ပင်မကိုယ်ကို ရှာမတွေ့နိုင်လျှင် သူ၏ဝိညာဉ်ကို ရှာဖွေစစ်ဆေးနိုင်မည်မဟုတ်သလို သူ၏ အခွင့်အရေးများကိုလည်း ရယူနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် နတ်သခင် ရှီယွဲ့က နတ်သခင် ယွမ်မုန့်ကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ကျောင်းတော်သခင် ယွမ်မုန့်... အခု နေဝင်တောင်တန်းရဲ့ ချိပ်ပိတ်မှုတွေက လျော့ရဲလာနေပြီး ထူးဆန်းတဲ့ သတ္တဝါတွေက ဘယ်အချိန်မဆို ချိပ်ပိတ်မှုကို ဖောက်ထွက်လာနိုင်တဲ့ အခြေအနေမျိုးမှာ လျှို့ဝှက်လဝန်း ကျောင်းတော်အနေနဲ့ ဒီကပ်ဘေးကို ဘယ်လိုမျိုး ရင်ဆိုင်တုံ့ပြန်ဖို့ စဉ်းစားထားပါသလဲ။”
ပြီးခဲ့သည့်အကြိမ် ဝူယာနတ်သခင်ကို ချိပ်ပိတ်ရန် ကြိုးစားစဉ်က လျှို့ဝှက်လဝန်း ကျောင်းတော်က ပါဝင်ကူညီခြင်း မရှိခဲ့သည့် အချက်က နတ်သခင် ရှီယွဲ့၏ အာရုံကို ဆွဲဆောင်ထားခဲ့ခြင်း ဖြစ်သည်။ လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် ထိုထူးဆန်းသော သတ္တဝါများကို ပူးပေါင်းတွန်းလှန်ရန်အတွက် အခြားအင်အားစုများနှင့် မဟာမိတ်ဖွဲ့လိုစိတ် လုံးဝမရှိဟု ထင်ရသည်။
လျှို့ဝှက်လဝန်း ကျောင်းတော်က အခြားသူများနှင့် မဟာမိတ်မဖွဲ့ပဲ သူတို့၏ ကိုယ်ပိုင်အင်အားတစ်ခုတည်းနှင့်ပင် ထိုလျှို့ဝှက်ဆန်းကြယ် စစ်တပ်၏ ကျူးကျော်မှုကို တွန်းလှန်ရန် လုံလောက်သည်ဟု ယုံကြည်နေခြင်းလား။
လျှို့ဝှက်လဝန်း ကျောင်းတော်သည် ဤမျှအထိတော့ ရိုးအ သွားမည် မဟုတ်တာတော့ သေချာသည်။ သူမ၏ အမွေဆက်ခံထားသော မှတ်ဉာဏ်များအရ လျှို့ဝှက်လဝန်း ကျောင်းတော်၌ ရှည်လျားလှသော သမိုင်းကြောင်းရှိပြီး ထိုထူးဆန်းသော သတ္တဝါများ၏ ကြောက်မက်ဖွယ်ရာ ကောင်းလှပုံကို မသိပဲနေမည် မဟုတ်ပေ။
ထို့ကြောင့် နတ်သခင် ရှီယွဲ့စိတ်ထဲ သူတို့၏ ယုံကြည်ချက်အပေါ် အလွန်ပင် စူးစမ်းလိုစိတ် ဖြစ်နေရသည်။
နတ်သခင် ယွမ်မုန့်က တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့်
“ကျွန်မတို့လည်း အဲဒီကိစ္စကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကို မစဉ်းစားရသေးပါဘူး။”
ကြယ်မြစ် နတ်သခင်က
“အခုအချိန်မှာ အရေးအကြီးဆုံးကတော့ လုချန်းက အဲဒီ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို ထုတ်ပေးဖို့ပဲ။ ဒါဆိုရင် ကျုပ်တို့ နေဝင်တောင်တန်းပေါ်က ချိပ်ပိတ်မှုတွေကို အားဖြည့်ပြီး အဲ့ဒီထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ကျူးကျော်မှုကို အချိန်ဆွဲထားနိုင်လိမ့်မယ်။”
“လက်ရှိ ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာ နတ်ဧကရာဇ် တစ်ပါးမှ ရှိမနေဘူး။ နတ်ဧကရာဇ်ရဲ့ လမ်းညွှန်မှု မရှိပဲနဲ့ ဒီမသေနိုင်တဲ့ သတ္တဝါတွေကို အလွယ်တကူ ချိပ်ပိတ်နိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပဲ။”
နတ်သခင် ဝမ်ကျဲကလည်း
“ကြယ်မြစ် ခန်းမသခင် ပြောတာ မှန်ပါတယ်။ ပြီးခဲ့တဲ့အကြိမ် ထူးဆန်းတဲ့ သတ္တဝါတွေ ကျူးကျော်ဝင်ရောက်လာတုန်းကလည်း နတ်ဧကရာဇ်တွေ ရှိခဲ့လို့သာ ကျုပ်တို့တွေ သူတို့ကို ချိပ်ပိတ် တားဆီးနိုင်ခဲ့တာ ဖြစ်တယ်”
ဟု ထောက်ခံပြောဆိုလိုက်သည်။
ထိုသို့ပြောပြီးနောက် နတ်သခင် ဝမ်ကျဲက သူ၏ မှတ်ဉာဏ်ပုလဲလုံးတစ်လုံးကိုထုတ်ဖော်လိုက်ရာ နောက်တစ်ခဏ၌ ထိုပုလဲလုံး လေထဲသို့ ပျံတက်သွားခဲ့သည်။
နတ်သခင် ဝမ်ကျဲက
“ဒါက ထျန်းရန် နတ်ဘုရား နယ်မြေကို ထူးဆန်းတဲ့ သတ္တဝါတွေ ကျူးကျော်ဝင်ရောက်ခဲ့စဉ်က ကျုပ်ရဲ့ မှတ်ဉာဏ်တွေပဲ ဖြစ်ပါတယ်။ ဒီမှတ်ဉာဏ်တွေကတစ်ဆင့် အဲဒီ ထူးဆန်းတဲ့ သတ္တဝါတွေအကြောင်းကို ခင်ဗျားတို့ ပိုပြီး နားလည်သဘောပေါက်နိုင်ပါလိမ့်မယ်။”
နတ်သခင် ဝမ်ကျဲ၏ စကားကို ကြားလိုက်ရလျှင် နတ်သခင် ယွမ်မုန့်တို့လူစု အံ့အားသင့် မှင်တက်သွားကြသည်။ ထျန်းရန် နတ်ဘုရား နယ်မြေကို ထူးဆန်းသော သတ္တဝါများ ကျူးကျော်ဝင်ရောက်ခဲ့သည့် မှတ်ဉာဏ်တွေလား။
နတ်သခင် ဝမ်ကျဲက ဤမှတ်ဉာဏ်များကို မည်သို့ မည်ပုံ ပိုင်ဆိုင်ထားနိုင်ရသနည်း။
နတ်သခင် ယွမ်မုန့်သည် သူမ၏ နတ်စွမ်းအားကို လျင်မြန်စွာ အသုံးပြု၍ ထိုမှတ်ဉာဏ်ပုလဲလုံးအတွင်းရှိ မှတ်ဉာဏ်များကို ဆက်သွယ်ကြည့်ရှုလိုက်၏။ နတ်သခင် ဝမ်ကျဲ၏ မှတ်ဉာဏ်ထဲမှ မြင်ကွင်းများကို မြင်တွေ့လိုက်ရပြီးနောက် သူမ၏ မျက်နှာအမူအရာ ပို၍ပင် လေးနက်သွားတော့သည်။
နတ်သခင် ဝမ်ကျဲက ယခင်က ထိုထူးဆန်းသော သတ္တဝါများ၏ စရိုက်လက္ခဏာအချို့ကို ပြောပြခဲ့ဖူးသော်လည်း ဤမှတ်ဉာဏ်ပုလဲလုံးမှတစ်ဆင့် မြင်ကွင်းများကို ကိုယ်တိုင်မျက်မြင် တွေ့လိုက်ရခြင်းကတော့ ကြည့်ရသူတို့၏ စိတ်နှလုံးကို ကွဲပြားခြားနားသော တုန်လှုပ်သက်ရောက်မှုတစ်ခု ပေးစွမ်းလိုက်၏။
သေဆုံးနိုင်ခြင်းမရှိသော ထိုထူးဆန်းသည့် သတ္တဝါများသည် ၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းကို မရဏ နယ်မြေများအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး မည်သည့်သက်ရှိတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်ထားခဲ့ခြင်း မရှိပေ။
နတ်သခင် ယွမ်မုန့်၏ မျက်နှာအမူအရာ တုန်လှုပ်ချောက်ချားစွာ ပြောင်းလဲသွားသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့နှင့် ကြယ်မြစ် နတ်သခင်တို့လည်း မှတ်ဉာဏ်ပုလဲလုံးထဲသို့ နတ်စွမ်းအားတစ်မျှင်စီကို အလျင်အမြန် ထည့်သွင်းလိုက်ပြီး အတွင်းရှိ မှတ်ဉာဏ်များကို လှမ်း၍ ကြည့်ရှုလိုက်ကြတော့သည်။ မှတ်ဉာဏ်ပုလဲလုံးအတွင်းရှိ မြင်ကွင်းများကို ကြည့်ရှုပြီးနောက် သူတို့နှစ်ဦး၏ မျက်နှာအမူအရာများလည်း သိသိသာသာကြီး ပျက်ယွင်းသွားခဲ့တော့သည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့က
“ရှင့်ရဲ့ သက်တမ်းက နတ်ဧကရာဇ်တစ်ပါးရဲ့ သက်တမ်းထက်တောင် ပိုပြီး ရှည်လျားနေတာပဲ။ ကျွန်မ အတော်လေး သိချင်မိတယ်... ဒါကို ရှင် ဘယ်လိုမျိုး လုပ်ဆောင်နိုင်ခဲ့တာလဲ”
ဟု မေးမြန်းလိုက်သည်။
ထိုထူးဆန်းသော သတ္တဝါများ၏ ကျူးကျော်မှုသည် ရှေးခေတ်ဦးကာလက ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း နတ်သခင် ဝမ်ကျဲကတော့ ထိုမှတ်ဉာဏ်များကို လက်ရှိအချိန်အထိ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
သူသည် တိုင်းတာ၍ မရသော ကာလတစ်လျှောက်လုံး အသက်ရှင်သန်နေခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် နတ်သခင်အဆင့် တစ်ဦးပင်လျှင် ဤမှအထိ ရှည်လျားသော သက်တမ်းမျိုးကို ပိုင်ဆိုင်နိုင်စွမ်း မရှိသင့်ပေ။
နတ်သခင် ဝမ်ကျဲက မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိပဲ တိုက်ရိုက်ပင် ပြောလိုက်၏။
“ကျုပ်တစ်ခါက လျှို့ဝှက်နယ်မြေတစ်ခုထဲမှာ သက်ရှည်ဆေးတစ်မျိုးကို ရှာတွေ့ခဲ့ဖူးတယ်။ ဒါကြောင့်မို့လို့ပဲ အခုအချိန်အထိ အသက်ရှင် နေထိုင်နိုင်ခဲ့တာပါ။”
“ဒါပေမဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေက ဖန်တီးခြင်း လမ်းစဉ်ကို တိုက်စား ဖျက်ဆီးမှု ပိုပြီး ပြင်းထန်လာတာနဲ့အမျှ... ကျုပ်ရဲ့ နောက်ဆုံးအချိန်က တဖြည်းဖြည်း နီးကပ်လာနေပြီဆိုတာကို ကျုပ် ခံစားသိနေရတယ်။”
နတ်သခင် ဝမ်ကျဲ၏ စကားကို ကြားလိုက်ရလျှင် နတ်သခင် ယွမ်မုန့်လည်း ၎င်းမှာ သက်ရှည်ဆေးကြောင့် ဖြစ်ကြောင်း သဘောပေါက် နားလည်သွားခဲ့သည်။
နတ်သခင် ဝမ်ကျဲ၏ ကုသိုလ်ကံက အမှန်တကယ်ပင် ထူးခြားဆန်းပြားလှ၏။ သက်ရှည်ဆေးသည် အကန့်အသတ်များကို ချိုးဖျက်ကာ ဒုတိယအကြိမ်မြောက် ဘဝသစ်ကို ရှင်သန်ခွင့် ပေးနိုင်တာ မှန်သော်လည်း ခေတ်တစ်ခုလုံးစာအထိ အသက်ရှင်နိုင်ခဲ့ခြင်းကတော့ နတ်သခင် ဝမ်ကျဲ စားသုံးခဲ့သည့် သက်ရှည်ဆေးသည်လည်း ခေတ်တစ်ခုလုံးစာ တည်ရှိခဲ့သော ဆေးမျိုး ဖြစ်နိုင်ခြေ အလွန်များကြောင်း ဖော်ပြနေသည်။
ဤမျှ မြင့်မားလှသော အဆင့်အတန်းရှိသည့် သက်ရှည်ဆေးကို ရှာဖွေတွေ့ရှိနိုင်ခြင်းမှာ စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့သော ကြီးမားလှသည့် ကံစွမ်းအားမျိုးကြောင့်သာ ဖြစ်နိုင်သည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့က လှောင်ပြောင်သရော်သော အမူအရာဖြင့်
“ဒီလောက်ခေတ်အဆက်ဆက် အသက်ရှင်နေခဲ့တာတောင် အခုထိ နတ်ဧကရာဇ် နယ်ပယ်ကို မတက်နိုင်သေးဘူးပဲ။ ကြည့်ရတာ အဲဒီသက်ရှည်ဆေးကို ရှာတွေ့လိုက်တာကပဲ ရှင့်ရဲ့ ကံစွမ်းအားတွေအားလုံးကို ကုန်ခမ်းသွားစေခဲ့ပုံရတယ်။”
ထိုစဉ် နတ်သခင် ယွမ်မုန့်က နတ်သခင် ဝမ်ကျဲကို အနည်းငယ် အတွေးများသွားဟန်ဖြင့် လှမ်းကြည့်လိုက်၏။ အကယ်၍ နတ်သခင် ဝမ်ကျဲသည် ခေတ်တစ်ခောတ်လုံးစာ တကယ် အသက်ရှင်ခဲ့ခြင်း ဖြစ်ပါက သူသည် နတ်ဧကရာဇ် ယူလန်၏ တည်ရှိမှုကို ဧကန်မုချ သိနေပေလိမ့်မည်။
လျှို့ဝှက်လဝန်း ကျောင်းတော်အတွက်တော့ နတ်ဧကရာဇ် ယူလန်ဟူသည်မှာ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကြီး ဖြစ်သည်။ အကယ်၍ အပြင်လူတစ်ယောက်ယောက်က နတ်ဧကရာဇ် ယူလန်၏ တည်ရှိမှုကို သိသွားခဲ့လျှင် ၎င်းက လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် လုံးဝ ကောင်းကျိုးရှိမည် မဟုတ်ပေ။
သို့သော်လည်း နတ်သခင် ဝမ်ကျဲက နတ်ဧကရာဇ် ယူလန်အကြောင်းကို သိနေလျှင်ပင် နတ်ဧကရာဇ် ယူလန်သည် ဟိုးယခင်ကတည်းက ကွယ်လွန်ပျက်စီးသွားခဲ့ပြီဟုသာ ယူဆနေမည် ဖြစ်ရာ အလွန် စိုးရိမ်ပူပန်နေရန်တော့ မလိုပေ။
ထို့နောက် နတ်သခင် ဝမ်ကျဲက နတ်သခင် ယွမ်မုန့်အား
“ကျောင်းတော်သခင် ယွမ်မုန့်... မကြာခင် ကျရောက်တော့မယ့် မဟာကပ်ဘေးကြီးအတွက် ထျန်းရန် နတ်ဘုရား နယ်မြေထဲက အင်အားစုအားလုံး ပူးပေါင်းပြီး ဒီဘေးအန္တရာယ်ကို အတူတကွ ရင်ဆိုင်ကြရပါလိမ့်မယ်။ လျှို့ဝှက်လဝန်း ကျောင်းတော်အနေနဲ့ ကျုပ်တို့နဲ့ နောက်တစ်ကြိမ် မဟာမိတ် ဖွဲ့ဖို့ ဆန္ဒရှိပါသလား”
ဟု မေးမြန်းလိုက်၏။
နည်းနည်းမှ တုံးဆိုင်းမှုမရှိဘဲ နတ်သခင် ယွမ်မုန့်က
“တောင်းပန်ပါတယ်... လျှို့ဝှက်လဝန်း ကျောင်းတော်မှာ လက်ရှိအချိန်အထိတော့ အဲဒီလို မဟာမိတ်ဖွဲ့ဖို့ အစီအစဉ် မရှိသေးပါဘူး”
ဟု ကွေ့ဝိုက် ပြောဆိုမနေပဲ ငြင်းပယ်လိုက်သည်။
နတ်သခင် ယွမ်မုန့်၏ ပြတ်သားလှသော ငြင်းပယ်မှုကို ကြားလိုက်ရလျှင် နတ်သခင် ဝမ်ကျဲ ခဏခန့် အံ့အားသင့် မှင်တက်သွားခဲ့ရသည်။ နတ်သခင် ယွမ်မုန့်သည် သူ၏ မှတ်ဉာဏ်များကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ ထိုထူးဆန်းသော သတ္တဝါများ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိနားလည်သင့်သော်လည်း မဟာမိတ်ဖွဲ့ရန် ငြင်းဆန်နေဆဲ ဖြစ်သည်။
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“တခြား ပြောစရာ အကြောင်းအရာ မရှိတော့ရင် ဒီနေ့ ဆွေးနွေးမှုကို ဒီတင်ပဲ အဆုံးသတ်ကြရအောင်။ လုချန်းနဲ့ ပတ်သက်လို့ကတော့ ကျွန်မ သူ့ရဲ့ ကိုယ်ပွားကို ခေါ်ဆောင်လာခဲ့ပါတယ်။”
“ရှင်တို့ အဲဒီကိုယ်ပွားကို ဘာပဲလုပ်လုပ် အဲဒါ ရှင်တို့အပိုင်းပဲ... ဒါပေမဲ့ ရှင်တို့ ပြန်သွားပြီးရင်တော့ ရှင်တို့ သုံးဦးရဲ့ အင်အားစုတွေအားလုံး အလယ်ပိုင်းနယ်မြေထဲကနေ ချက်ချင်း ဆုတ်ခွာသွားကြဖို့ ကျွန်မ မျှော်လင့်ပါတယ်။”
ထိုသို့ ပြောဆိုပြီးနောက် နတ်သခင် ယွမ်မုန့် လှည့်၍ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် နတ်သခင် ရှီယွဲ့က
“ခဏစောင့်ပါဦး...”
ဟု အလျင်အမြန် လှမ်းတားလိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း...
နတ်သခင် ရှီယွဲ့ စကား ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံး၏ ကောင်းကင်ယံထက်တွင် ကြီးမားလှသော နက်မှောင်သည့် ဝဲကရက်ကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် လူတိုင်း၏ ခန္ဓာကိုယ်များထဲမှ နက်မှောင်သော စွမ်းအားငွေ့အမျှင်တန်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံရှိ ထိုနက်မှောင်သော ဝဲကရက်ကြီးဆီသို့ အကုန်လုံး စုစည်း ပျံတက်သွားကြတော့သည်။
နောက်တစ်ခဏ၌ ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ နတ်များအားလုံးသည် စကားလုံးဖြင့် ဖော်ပြ၍မရနိုင်သော ဖိအားဆိုးကြီးတစ်ခုကို အတူတကွ ခံစားလိုက်ကြရတော့သည်။
ကြယ်မြစ် နတ်သခင်၏ မျက်နှာအမူအရာသည် အနည်းငယ် ပျက်ယွင်းသွားပြီး
“ဒါ... ဒါက နတ်ဧကရာဇ်တစ်ပါးရဲ့ ဖိအား ပဲ”
ဟု ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်၏။
“နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားတွေ တကယ် ပြန်လည်နိုးထလာခဲ့ပြီပဲ။”
--
…………