← Chapters

အခန်း ၁၉၁၅

Vol. 128 Ch. 1915

အခန်း ၁၉၁၅

Vol. 128 Ch. 1915

အခန်း (၁၉၁၅ )

လုချန်းမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလဲ

ကောင်းကင်ယံထက်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းလှသည့် ဖိအားများကို ခံစားမိလိုက်ကြသဖြင့် အင်အားစု အသီးသီးမှ နတ်သခင်များ၏ မျက်နှာအမူအရာများ အလွန်တရာ လေးနက် သွားခဲ့ကြ၏။

အထူးသဖြင့် ယခင်က နတ်ဆိုးဧကရာဇ်ကို သွားရောက် တိုက်ခိုက်ချေမှုန်းရာတွင် ပါဝင်ခဲ့ကြဖူးသည့် မြောက်ပိုင်းနယ်သို့ သွားခဲ့ကြသော နတ်သခင်များဖြစ်သည်။ ယခု သူတို့၏ ရင်ထဲ၌ အလွန် စိုးရိမ်ပူပန်နေကြပြီ ဖြစ်သည်။

နတ်ဆိုးဧကရာဇ်၏ စွမ်းအားများ ပြန်လည် နိုးထလာခဲ့ပြီဖြစ်ရာ နောက်တစ်ဆင့်အနေနှင့် သူတို့နှင့် စာရင်းဟောင်းများ လာရောက်ရှင်းလင်းမည်မှာ ဧကန်မုချပင်။

……

ထိုအချိန်တွင်။

မြောက်ပိုင်းနယ်။

မြင့်မားလှသော ကောင်းကင်ယံထက်တွင် ရွှမ်ချင်းယွမ် တင်ပလ္လင်ခွေ ထိုင်နေ၏။ ထိုစဉ် အရပ်မျက်နှာအနှံ့မှ နက်မှောင်သော မြူခိုးတန်းများ သူမ၏ ခန္ဓာကိုယ်ထဲသို့ တရဟော တိုးဝင်နေကာ သူမ၏ စွမ်းအားများလည်း အလျင်အမြန်ပင် မြင့်တက်လာနေသည်။

ထူးဆန်းသော သတ္တဝါကြီးများ ချိပ်ပိတ်မှုကို ဖျက်ဆီးပြီး ထွက်ပေါ်လာတော့မည်ဟူသော သတင်း ထျန်းရန်နတ်ဘုရားနယ်မြေ တစ်ခွင်လုံး ပျံ့နှံ့သွားခဲ့သည့် အချိန်မှစ၍ ထျန်းရန်နတ်ဘုရားနယ်မြေအတွင်းရှိ လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ လွှမ်းမိုးနေခဲ့၏။ ထိုကြောက်ရွံ့မှုများမှ ဖြစ်ပေါ်လာသည့် အပျက်သဘောဆောင်သော စွမ်းအားများမှာ ရွှမ်ချင်းယွမ် အလိုအပ်ဆုံးအရာ ဖြစ်ပေသည်။

လူတို့၏ ကြောက်ရွံ့ထိတ်လန့်မှုများက ရွှမ်ချင်းယွမ်၏ စွမ်းအားများ ပြန်လည်နိုးထမှုကို ပိုမိုမြန်ဆန်စေခဲ့ပြီး နောက်ဆုံးတွင် သူမအား နတ်ဧကရာဇ် နယ်ပယ်သို့ တစ်ကျော့ပြန် တက်ရောက်နိုင်စေခဲ့သည်။

သူမ၏ စွမ်းအားများ ပြန်လည်နိုးထလာသည်နှင့်အမျှ ချိပ်ပိတ်ခံထားရသော မှတ်ဉာဏ်အချို့မှာလည်း သူမ၏ စိတ်အာရုံထဲသို့ လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာခဲ့၏။ ယခင်က ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်ချိန်တွင် ကျင့်စဉ်အဆင့် ကျဆင်းသွားမှုကြောင့် ဤမှတ်ဉာဏ်များကို ချိပ်ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

ယခု သူမ၏ စွမ်းအားများ ပြန်လည်ရရှိလာပြီ ဖြစ်ရာ သူမ၏ ကျင့်စဉ် အဆင့်အတန်းသည် ထိုမှတ်ဉာဏ်များ သယ်ဆောင်လာသည့် ကံကြမ္မာ အကျိုးဆက်များကို ခံနိုင်ရည် ရှိသွားပြီ ဖြစ်သဖြင့် သဘာဝအတိုင်း ချိပ်ပိတ်မှု ပွင့်သွားခြင်း ဖြစ်သည်။

ရွှမ်ချင်းယွမ်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ခန္ဓာကိုယ်အတွင်း၌ လှိုင်းတံပိုးများကဲ့သို့ တလိပ်လိပ် တက်လာနေသော နတ်စွမ်းအားများကို ခံစားနေ၏။

ထိုစဉ် လုချန်း၏ ပုံရိပ် သူမ၏ စိတ်အာရုံထဲတွင် ဖျတ်ခနဲ ဖြတ်ပြေးသွားခဲ့သည်။

သူမသည် ကစဉ့်ကလျား ပင်လယ်အတွင်း၌ လုချန်းနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကို မှတ်မိနေဆဲ ဖြစ်၏။ ထိုစဉ်က နှစ်ဘက်စလုံး လက်ပမ်းကျကာ မည်သူမှ အနိုင်မရရှိခဲ့ကြသော်လည်း ယခုတော့ သူမ၏ စွမ်းအားများ ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်ရာ ထိုစာရင်းကို ရှင်းလင်းရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကစဉ့်ကလျား ပင်လယ်အတွင်း၌ ကစဉ့်ကလျား စွမ်းအားများ၏ တိုက်စားမှုကြောင့် သူမ၏ စိတ်အာရုံများ ထိန်းချုပ်မရ ဖြစ်ခဲ့ရသဖြင့် လုချန်းက တိုက်ခိုက်ခဲ့သည်ဟု ဆိုသော်ငြားလည်း မည်သို့ပင်ဖြစ်စေ လုချန်းသည် နတ်ဧကရာဇ် တစ်ပါးဖြစ်သော သူမအား စော်ကားခဲ့သည်မှာ အမှန်ပင်။

နတ်ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို နည်းနည်းမှ ထိပါး၍ မရနိုင်ပေ။ ဤအကြွေးကို မဖြစ်မနေ ပြန်လည်ပေးဆပ်ခိုင်းရမည် ဖြစ်၏။

ထိုသို့ တွေးတောရင်း ရွှမ်ချင်းယွမ်သည် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဉ်ကို လွှမ်းမိုးချုပ်ကိုင်ရန် ပြင်ဆင်လိုက်သော်လည်း နောက်တစ်ခဏ၌ သူမ မှင်တက်သွားခဲ့ရသည်။ ကောင်းကင်လမ်းစဉ်ကို သူမ ယခုထိတိုင် အာရုံခံ၍ မရသေးကြောင်း ရုတ်တရက် သိလိုက်ရခြင်း ဖြစ်၏။

ဒါက...

ရွှမ်ချင်းယွမ်သည် ကောင်းကင်လမ်းစဉ်ကို အာရုံခံနိုင်ရန် ထပ်မံ ကြိုးစားကြည့်သော်လည်း ၎င်း၏ တည်ရှိမှုကို အာရုံခံ၍ မရသေးပေ။ တစ်စုံတစ်ယောက်၏ စွမ်းအားက သူမ၏ အာရုံခံမှုကို ပိတ်ဆို့ထားသည့်အလား ဖြစ်နေသည်။

ယုတ္တိဗေဒအရ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာပြီးနောက် ကောင်းကင်လမ်းစဉ်ကို ကျိန်းသေအာရုံခံနိုင်ရမည် ဖြစ်သည်။ အကယ်၍ ခေတ်ပြိုင်မရှိသည့် တစ်ပါးတည်းသော နတ်ဧကရာဇ် ဖြစ်ပါက ကောင်းကင်လမ်းစဉ်ကိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်ကာ နိယာမစွမ်းအား အမျိုးမျိုးကို အသုံးပြုနိုင်ပြီး ကောင်းကင်လမ်းစဉ်၏ စည်းမျဉ်းများကိုပင် ပြင်ဆင်ပြောင်းလဲနိုင်ခွင့် ရှိသည်။

သို့သော် ယခုတော့ သူမသည် ကောင်းကင်လမ်းစဉ်ကို လွှမ်းမိုးချုပ်ကိုင်ရန် မဆိုထားနှင့် အာရုံခံမိခြင်းပင် မရှိပေ။

ရွှမ်ချင်းယွမ် မျက်မှောင်ကြုတ်လိုက်မိ၏။ လက်ရှိအခြေအနေက အလွန် ထူးဆန်းလွန်းလှသဖြင့် သူမ၏ ရင်ထဲ၌ မသက်မသာ ခံစားချက်များ ဖြစ်ပေါ်လာ၏။

သူမသည် ကောင်းကင်လမ်းစဉ်ကို လွှမ်းမိုးချုပ်ကိုင်ပြီးနောက် ကျင့်ကြံခြင်းလမ်းစဉ်ကို ပြန်လည်ပြုပြင်ရန်နှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ တိုက်စားခြင်းခံနေရသည့် ပြဿနာကို ဖြေရှင်းရန် အစီအစဉ် ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း၌ အခြားသော နတ်ဧကရာဇ်တစ်ပါး ရှိနေသေးသလားဟု ရွှမ်ချင်းယွမ် မတွေးပဲ မနေနိုင် ဖြစ်သွားခဲ့သည်။ သို့သော် သူမ၏ နတ်အာရုံဖြင့် ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးကို ဖြန့်ကြက်ရှာဖွေကြည့်သောအခါ မည်သည့် နတ်ဧကရာဇ်၏ အငွေ့အသက်ကိုမှ မတွေ့ရှိရပေ။ ထို့ပြင် အခြားသော နတ်ဧကရာဇ်တစ်ပါး ရှိနေလျှင်ပင် သူမအနေဖြင့် ကောင်းကင်လမ်းစဉ်ကို အာရုံခံနိုင်ရဦးမည် ဖြစ်သည်။

ဤအချက်က သူမကို အလွန်စိတ်အနှောင့်အယှက် ဖြစ်စေ၏။ အကြောင်းမှာ ကောင်းကင်လမ်းစဉ်ကို အာရုံခံ၍ မရပါက ကျင့်ကြံခြင်းလမ်းစဉ်ကိုလည်း ပြန်လည်ပြုပြင်နိုင်မည် မဟုတ်ပေ။

လက်ရှိအနေအထားအရ ထျန်းရန်နတ်ဘုရားနယ်မြေသည် အနှေးနှင့်အမြန် ပျက်စီးခြင်းသို့ ဦးတည်သွားနိုင်သည်။ ထျန်းရန်နတ်ဘုရားနယ်မြေကို အသုံးချကာ ပိုမြင့်မားသော နယ်ပယ်တစ်ခုသို့ တက်ရောက်ရန်၊ ချုပ်နှောင်မှုများကို ဖြတ်ကျော်ပြီး ထျန်းရန်နတ်ဘုရားနယ်မြေမှ ထွက်ခွာရန်လည်း သူမ အလိုရှိခဲ့သည်။

သို့သော် ကောင်းကင်လမ်းစဉ်တွင် ပြဿနာ ရှိနေပြီး ကောင်းကင်လမ်းစဉ်ကိုလည်း လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိရာ ထျန်းရန်နတ်ဘုရားနယ်မြေမှ ထွက်ခွာနိုင်ဖို့ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ပေ။

ဘယ်နေရာမှာ ပြဿနာရှိနေတာလဲ။

ရွှမ်ချင်းယွမ်အချိန်အတော်ကြာအောင် စဉ်းစားတွေးတောနေခဲ့သော်လည်း ပြဿနာ၏ မြစ်ဖျားခံရာကို ရှာမတွေ့နိုင်ခဲ့ပေ။

နောက်ဆုံးတွင် သူမစိတ်ထဲ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ထားလိုက်ပါတော့… အရင်ဆုံး လုချန်းကို ရှာပြီး သူ့မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ ကြည့်ရတာပေါ့။”

ကောင်းကင်လမ်းစဉ်၏ ပြဿနာသည် အချိန်တိုအတွင်း ဖြေရှင်းနိုင်မည့်အရာ မဟုတ်သဖြင့် ဦးတည်ချက်မရှိပဲ တွေးတောနေခြင်းမှာလည်း အဓိပ္ပာယ်မရှိပေ။ သူမ၏ စွမ်းအားများ ပြန်လည်နိုးထလာခဲ့ပြီဖြစ်ရာ သူမကို စော်ကားခဲ့သည့် လုချန်းကို အရင်ဆုံး ရှာဖွေဖမ်းဆီးရမည် ဖြစ်သည်။

ယခင်က ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲတွင် ရှိနေစဉ်ကပင် လုချန်း၏ ထူးခြားမှုကို သူမ အာရုံခံမိခဲ့၏။ လုချန်းသည် နတ်ဧကရာဇ်ဝင်စားသူ သို့မဟုတ် သူမကဲ့သို့ပင် နယ်ပယ်ပြင်ပမှ ရောက်ရှိလာသူတစ်ဦး ဖြစ်လိမ့်မည်ဟု အမြဲတစေ ခံစားခဲ့ရသည်။

သူသည် ကျင့်ကြံအားထုတ်ရန် မလိုပဲ နေ့စဉ် မိန်းမလှလေးများ၏ အလယ်တွင် အချိန်ဖြုန်းနေရုံမျှဖြင့် စွမ်းအားများကို မြှင့်တင်နိုင်သူတစ်ဦးဖြစ်၏။ ဤအချက်တစ်ခုတည်းနှင့်ပင် လုချန်းသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားလှသည်။

ထို့နောက် လုချန်း၏ ပင်မကိုယ် ရှိရာနေရာကို ရှာဖွေနိုင်ရန် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးပြု၍ ရွှမ်ချင်းယွမ် တွက်ချက်ကြည့်လိုက်၏။ သို့သော် သူမအား အံ့အားသင့်စေသည်မှာ လုချန်း၏ တည်နေရာကို မည်သို့မှ တွက်ချက်၍ မရနိုင်ခြင်းပင်။

ဒါက ဘယ်လိုဖြစ်တာလဲ...

သူမ ထျန်းရန်နတ်ဘုရားနယ်မြေသို့ စတင်ရောက်ရှိခါစက လုချန်း၏ တည်နေရာကို တွက်ချက်နိုင်ခဲ့သေး၏။ ယခု သူမ၏ ကျင့်စဉ်အဆင့် နတ်ဧကရာဇ် နယ်ပယ်သို့ ပြန်လည်ရောက်ရှိသွားပြီး ဖြစ်ပါလျက် လုချန်း မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကို တွက်ချက်နိုင်ခြင်း မရှိတော့ပေ။

ရွှမ်ချင်းယွမ်သည် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို ထပ်မံ လှုံ့ဆော်ရန် ကြိုးစားလိုက်ရာ နောက်တစ်ခဏ၌ သူမ၏ ရှေ့တွင် မှန်ကဲ့သို့ မျက်နှာပြင်တစ်ခု ထွက်ပေါ်လာခဲ့သော်လည်း ၎င်းထဲ၌ မြူခိုးများသာ ဖုံးလွှမ်းနေပြီး မည်သည့်အရာကိုမှ မတွေ့မြင်ရပေ။

“သူက တကယ်ပဲ သာမန်လူ မဟုတ်ဘူးပဲ” ဟု သူမ တွေးလိုက်မိ၏။

နတ်ဧကရာဇ်တစ်ပါး၏ တွက်ချက်မှုကို ပိတ်ဆို့ထားနိုင်ခြင်း၌ များစွာသော အဓိပ္ပာယ်များကို ဆောင်နေ၏။

ရွှမ်ချင်းယွမ် စဉ်းစားခန်း ဝင်နေစဉ်အတွင်း ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်ယံထက်မှ ဝဲဂယက်ကြီး တဖြည်းဖြည်း ချုပ်ငြိမ်းသွားခဲ့သော်လည်း ကောင်းကင်ပြင်ကြီးကတော့ မှောင်မိုက်နေဆဲ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အထက်ကောင်းကင်ယံထက်၌ အက်ကွဲကြောင်းများ စတင် ဖြစ်ပေါ်လာခဲ့သည်။ ဤအက်ကွဲကြောင်းများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတို့၏ ရင်ထဲတွင် သေခြင်းတရား၏ အငွေ့အသက်များ လွှမ်းမိုးသွားခဲ့ရပြီး ရွှမ်ချင်းယွမ်ကိုယ်တိုင်ပင်လျှင် ကြီးမားလှသော ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ရွှမ်ချင်းယွမ်သည် ထိုအက်ကွဲကြောင်းများကို ငြိမ်သက်စွာဖြင့်သာ စိုက်ကြည့်နေခဲ့၏။ ကောင်းကင်လမ်းစဉ်ကို အာရုံခံ၍ မရနိုင်သဖြင့် သူမ အနေနှင့် ဖြစ်ပေါ်လာသမျှသော ပြဿနာ အမျိုးမျိုးကို ပြုပြင်နိုင်စွမ်း မရှိပေ။

လောလောဆယ်တော့ ဒီအတိုင်း ကြည့်နေရုံမှတစ်ပါး အခြားမရှိပေ။

ကံကောင်းထောက်မစွာပင် ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဉ်တွင် သူ့ကိုယ်သူ ပြန်လည်ပြုပြင်နိုင်စွမ်း ရှိသဖြင့် ထိုအက်ကွဲကြောင်းများသည် ထျန်းရန်နတ်ဘုရားနယ်မြေ၏ လောကစွမ်းအားများဖြင့် မကြာမီပင် ပြန်ပိတ်သွားခဲ့သည်။

ဤအက်ကွဲကြောင်းများမှာ သူမ၏ စွမ်းအားများ ပြန်လည်နိုးထလာမှုကြောင့် ဖြစ်ပေါ်လာရသည့် လှုပ်ခတ်မှုများကြောင့် ဖြစ်ကြောင်း ရွှမ်ချင်းယွမ် ရိပ်မိလိုက်သည်။

သို့သော်လည်း ဤအချက်က ကြီးမားသော ပြဿနာတစ်ခုကို ဖော်ပြနေ၏။ သူမ၏ ကျင့်ကြံခြင်းစွမ်းအား ပြန်လည်နိုးထလာရုံမှဖြင့် ထျန်းရန်နတ်ဘုရားနယ်မြေတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်ဆိုပါက အကယ်၍ သူမသာ သူမ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်မည်ဆိုလျှင် ထျန်းရန်နတ်ဘုရားနယ်မြေ ပျက်စီးသွားနိုင်သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။

အမှန်စင်စစ် သူမသည် ထျန်းရန်နတ်ဘုရားနယ်မြေမှ ထွက်ခွာလိုသော်လည်း လက်ရှိစွမ်းအားဖြင့် ဤနယ်မြေကို ဖျက်ဆီးပစ်လိုက်လျှင်ပင် သူမကိုယ်တိုင်လည်း လွတ်မြောက်နိုင်ရန် အခွင့်အလမ်း အလွန်နည်းပါးလှသည်။

နယ်ပယ်၏ ပြင်ပတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်ကြီးများ စောင့်ကြိုနေမည်မှန်း မည်သူသိနိုင်မည်နည်း။

ထိုသို့ တွေးတောရင်း ရွှမ်ချင်းယွမ်သည် သူမ၏ အငွေ့အသက်များကို အနည်းငယ် ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် လက်ကို မြှောက်လိုက်ရာ မြောက်ပိုင်းနယ်ရှိ ကုန်းမြေကြီး၏ ငါးပုံတစ်ပုံခန့် ကောင်းကင်ယံထက်သို့ တရွေ့ရွေ့ မြင့်တက်သွားခဲ့ပြီး ထျန်းရန်နတ်ဘုရားနယ်မြေ၏ အထက်ကောင်းကင်ယံတွင် ကြီးမားလှသော ကျွန်းပျံကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နောင်တွင် ထိုကျွန်းပျံကြီးသည် နဝမကောင်းကင်တက္ကသိုလ်၏ အခြေစိုက်စခန်း ဖြစ်လာပေလိမ့်မည်။ ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရွှမ်ချင်းယွမ်လည်း သူမ၏ နတ်ဧကရာဇ် ဖိအားများကို လုံးဝ ရုပ်သိမ်းလိုက်တော့သည်။

နတ်ဧကရာဇ်၏ ဖိအားများ ပျောက်ကွယ်သွားသည့် အခါမှ ထျန်းရန်နတ်ဘုရားနယ်မြေရှိ နတ်သခင်များ တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။

နတ်သခင် ယွမ်မုန့်၏ မျက်နှာကတော့ အလွန်လေးနက် သွားခဲ့၏။ ယခု နတ်ဆိုးဧကရာဇ်၏ စွမ်းအားများ ပြန်လည် နိုးထလာခဲ့ပြီဖြစ်ရာ နတ်ဆိုးဧကရာဇ်က ကောင်းကင်လမ်းစဉ်ကို အာရုံခံရင်း သူတို့၏ ဘိုးဘေးအား ပစ်မှတ်ထားလာနိုင်ခြေ အလွန်များလှသည်။ သူမအနေနှင့် ခုခံကာကွယ်မှုများ ပြုလုပ်ရန် အမြန်ဆုံး ပြန်လည် ထွက်ခွာရမည် ဖြစ်သည်။

နောက်တစ်ခဏ၌ နတ်သခင် ယွမ်မုန့်သည် သီးခြားခွဲထွက် နည်းဗျူဟာပုံစံကို ကိုယ်တိုင် ဖျက်ဆီးလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း လျှပ်စီးအလင်းတန်းတစ်ခုအလား ပြောင်းလဲသွားကာ လျှို့ဝှက်လဝန်း ကျောင်းတော်၏ စစ်နတ်လှေဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

……

စစ်နတ်လှေ၏ ကုန်းပတ်ထက်တွင်။

လုချန်းသည် တဖြည်းဖြည်း ကြည်လင်လာနေသော ကောင်းကင်ပြင်ကြီးကို မော့ကြည့်ရင်း ရင်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ်ကို ခံစားနေရသည်။ ရွှမ်ချင်းယွမ်သည် သူမ၏ စွမ်းအားများ ပြန်လည်ရရှိသွားပြီဖြစ်ရာ သူ့အား လာရောက် ပြဿနာရှာတော့မှာလား။

ထိုအခိုက်အတန့်တွင် လုချန်း၏ နားထဲ၌ နတ်သခင် ယွမ်မုန့်၏ အသံ ပဲ့တင်ထပ်လာခဲ့၏။

“ရှင့်ရဲ့ ကိုယ်ပွားကို သူတို့ဆီ လွှဲပေးဖို့ ကျွန်မသဘောတူလိုက်ပြီ။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာကတော့ ရှင့်အပေါ်မှာပဲ မူတည်တော့တယ်။”

နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် လုချန်းလည်း သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီး

“သူတို့က ကျောင်းတော်သခင်ကို ဘာပြောလိုက်လဲ။”

နတ်သခင် ယွမ်မုန့်က

“သူတို့က ရှင့်ဆီမှာရှိတဲ့ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာကိုပဲ လိုချင်တာလို့ ပြောတယ်။”

“ဒါပေမဲ့ သူတို့ စိတ်ထဲမှာ တကယ် ဘာတွေးနေလဲဆိုတာကတော့ သူတို့ကိုယ်တိုင်ပဲ သိလိမ့်မယ်။”

“ဒါပေမဲ့လည်း အခု ရှင့်ရဲ့ ဒီခန္ဓာကိုယ်က ရုပ်သေးရုပ်သက်သက်ပဲဆိုတော့ သူတို့ ရှင့်ကို ဖမ်းသွားရင်တောင် ရှင့်အပေါ် ဘာမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။”

“ကျွန်မမှာ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးလို့ လျှို့ဝှက်လဝန်း ကျောင်းတော်ကို အရင် ပြန်တော့မယ်။”

ထိုသို့ ပြောပြီးနောက် နတ်သခင် ယွမ်မုန့်သည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ စစ်နတ်လှေကို ဦးဆောင်ကာ ပြန်လည် ထွက်ခွာသွားခဲ့တော့သည်။

--

………….

All Chapters