အခန်း ၁၉၁၆
Vol. 128 Ch. 1916
အခန်း (၁၉၁၆ )
သစ္စာဆိုခြင်း
လျှို့ဝှက်လဝန်း ကျောင်းတော်၏ စစ်နတ်လှေ ပြန်လည်ထွက်ခွာသွားပြီးနောက် လုချန်း တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။
မကြာမီမှာပင် ကြယ်မြစ် နတ်သခင်တို့လူစု လုချန်းရှိနေသည်ကို သတိပြုမိသွားကြပြီး နောက်တစ်ခဏ၌ ထိုသုံးဦးလုံး လုချန်း၏ရှေ့တွင် ပေါ်လာကြသည်။
ထို့နောက် ချက်ချင်းပင် နတ်သခင် ရှီယွဲ့က သူမ၏ လက်ကို ညင်သာစွာ မြှောက်လိုက်ရာ သူတို့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သီးသန့်ခွဲထုတ်ခြင်း နည်းဗျူဟာပုံစံတစ်ခု ပေါ်လာခဲ့သည်။
နတ်သခင် ရှီယွဲ့က အရင်ဆုံး စကားစတင်လိုက်သည်။
“ရှင်က လုချန်းလား”
နတ်သခင် ရှီယွဲ့သည် လုချန်းနှင့် တစ်ခါမှ မဆုံဖူးသော်လည်း နတ်သခင် ယွမ်မုန့်က သူ့ကို ထိုနေရာ၌ ထားရစ်ခဲ့သဖြင့် သူသည် သူတို့ရှာဖွေနေသည့်သူ ဖြစ်နိုင်ခြေများကြောင်း ခန့်မှန်းမိပြီးဖြစ်သည်။ အထူးသဖြင့် ကြယ်မြစ် နတ်သခင်က လုချန်းထံသို့ အရင်ဆုံး ချဉ်းကပ်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။
သူမ လုချန်းနှင့် မတွေ့ဖူးသော်လည်း ကြယ်မြစ် နတ်သခင်ကတော့ ဧကန်မုချ တွေ့ဖူးပေလိမ့်မည်။
လုချန်းက နတ်သခင် ရှီယွဲ့ကို တစ်ချက် ကြည့်လိုက်၏။ သူမသည် ပါးလွှာကြည်လင်သည့် အဖြူရောင် နတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးအထိ ကျဆင်းနေသော ငွေဖြူရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။
သူမ၏ ခန္ဓာကိုယ်အချိူးအစားက အလွန်လှပသကဲ့သို့ ခြေတံရှည်များကလည်း အေးစက်ပြီး ဆွဲဆောင်မှုရှိသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
[အမည် : နတ်သခင် ရှီယွဲ့]
[အချက်အလက်: သားရဲမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်၊ ကောင်းကင်မြေခွေးမျိုးနွယ်ဝင်၊ သခင့်တွင် သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ ရှိသည်ကို သိပြီးနောက် သူမသည် သခင့်ထံမှ ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရယူလိုနေသည်။]
[ရမှတ် : ၁၀၀]
[နှစ်သက်မှု : ၂၀]
စနစ်၏ အသိပေးချက် ပေါ်လာသည်ကို မြင်လိုက်ရလျှင် လုချန်း အနည်းငယ် ဆွံ့အသွား၏။ ဤနေရာ၌ စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အခြားအမျိုးသမီးတစ်ဦးနှင့် ထပ်မံဆုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။
ဒါပေမဲ့...
ဘာလို့ နောက်ထပ် နတ်သခင်တစ်ယောက် ဖြစ်နေပြန်တာလဲ။
သူ၏ လက်ရှိစွမ်းအားဖြင့် နတ်သခင်တစ်ဦးနှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်မှု ရှိရန်မှာ အလွန်တရာ ခက်ခဲလှသည်။
ယွမ်ယုတိကတော့ ချွင်းချက်ဖြစ်သော်လည်း သူ၏ စုံတွဲကျင့်စဉ်က ယွမ်ယုတိ၏ စွမ်းအားကို တိုးတက်စေခြင်းကြောင့်သာ မဟုတ်လျှင် သူမလည်း သူ့ထံ နေ့တိုင်း လာရောက်ပတ်သက်နေမည် မဟုတ်လောက်ပေ။
ထို့ပြင် လက်ရှိအခြေအနေအရ နတ်သခင်တစ်ဦးနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံနိုင်လျှင်ပင် ၎င်းက အသုံးမဝင်ပေ။
အကယ်၍ သူတို့က သူ့အတွက် ကလေးမမွေးပေးချင်လျှင် သူတို့ကို ကိုယ်ဝန်ရရှိအောင် လုပ်ရန်မှာ ခက်ခဲလှသည်။
သတိပြန်ဝင်လာပြီးနောက် လုချန်းက မျက်နှာတွင် အပြုံးတစ်ခုဖြင့် နတ်သခင် ရှီယွဲ့အား
“ဟုတ်ပါတယ်။ စီနီယာ့ကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပါရစေ။”
နတ်သခင် ရှီယွဲ့က
“ကျွန်မက သားရဲမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင်ပဲ။”
လုချန်းက
“ဒါဆိုရင် ခင်ဗျားက စီနီယာ နတ်သခင် ရှီယွဲ့ ပေါ့။”
“စီနီယာ့ရဲ့ အလှတရားက ခောတ်အဆက်ဆက် ထျန်းရန် နတ်ဘုရား နယ်မြေမှာ ပြိုင်ဘက်ကင်းတယ်လို့ ကျုပ် ကြားဖူးတာ ကြာပါပြီ။ ဒီနေ့ ကျုပ်တိုင်မြင်ရတော့ တကယ့်ကို နာမည်နဲ့ ထိုက်တန်ပါတယ်။”
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ နတ်သခင် ရှီယွဲ့ ခဏခန့် ဆွံ့အသွားခဲ့သည်။
သူမသည် တကယ်ပင် အလွန်လှပသော်လည်း လုချန်းသည် သူမ၏ရှေ့တွင် သူမ၏ အလှတရားကို တိုက်ရိုက်ချီးမွမ်းသည့် ပထမဆုံးလူ ဖြစ်သည်။
သူမသည် သားရဲမဟာမိတ်ကို အုပ်ချုပ်ရန် သူမ၏ စွမ်းအားကို အားကိုးခဲ့၏။ လူအများစုက သူမနှင့် ဆက်ဆံရာတွင် သူမ၏ စွမ်းအားကိုသာ အဓိကထား စဉ်းစားကြပြီး သူမ၏ အလှတရားကို အဓိကနေရာတွင် ထားလေ့မရှိကြပေ။
ထို့ပြင် အားကောင်းသော ကျင့်ကြံသူတစ်ဦး၏ အလှတရားကို ချီးမွမ်းခြင်းသည် ကောင်းသော အပြုအမူတစ်ခု မဟုတ်ပေ။
အခြားသူများက အမျိုးသမီးတစ်ဦး၏ အလှတရားသည် အရေးကြီးသည်ဟု ထင်မြင်ပြီး ချီးမွမ်း မြှောက်ပင့် စကားများ ပြောဆိုလာနိုင်သောကြောင့်ဖြစ်သည်။
သို့သော် နတ်သခင်ကဲ့သို့သော အားကောင်းသည့် ဖြစ်တည်မှုများအတွက်တော့ ရုပ်ရည်သွင်ပြင် ပြောင်းလဲခြင်းက အလွန်ရိုးရှင်းပါသည်။
နတ်သခင်တစ်ဦးကို လှပသည်ဟု ပြောခြင်းသည် သူမအား စွမ်းအားမရှိပဲ ရုပ်ရည်သက်သက်သာရှိသည့် ပန်းအိုးတစ်လုံးဟု ပြောနေသကဲ့သို့ ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် ကြယ်မြစ် နတ်သခင်က
“လုချန်း... ကျုပ်တို့ အရိုင်းနယ်မြေတုန်းက အလွန် စိတ်လောသွားခဲ့ကြတယ်။ တကယ်လို့ ခင်ဗျားမှာ ကစဉ့်ကလျား ပင်လယ်ထဲမှာ ရခဲ့တဲ့ အခွင့်အရေးကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိမယ်ဆိုရင် အခုကစပြီး ခမ်းနားသော ကောင်းကင်ခန်းမက ဘယ်သူကမှ ခင်ဗျားကို လာနှောင့်ယှက်မှာ မဟုတ်ဘူးလို့ ကျုပ်အာမခံတယ်။”
“ပြီးတော့ ခင်ဗျားက ခမ်းနားသော ကောင်းကင်ခန်းမကို ဝင်ရောက်ဖို့ ဆန္ဒရှိမယ်ဆိုရင် ခင်ဗျားဟာ ခမ်းနားသော ကောင်းကင်ခန်းမရဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက် ဖြစ်လာလိမ့်မယ်။”
ကြယ်မြစ် နတ်သခင်၏ စကားကို ကြားသောအခါ လုချန်း အသာအယာ ရယ်မောလိုက်၏။
“စိတ်မကောင်းပါဘူး... ကျုပ်က လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်နေပါပြီ။ ကြယ်မြစ် ခန်းမသခင်က ကျုပ်ကို ဗြောင်ကျကျ လာရောက်စည်းရုံးနေတာက နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား။”
ကြယ်မြစ် နတ်သခင်က ခပ်အေးအေးပင်
“ကျောင်းတော်သခင် ယွမ်မုန့်က ခင်ဗျားဟာ လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ကိုယ်ပွားတစ်ခုပဲ ချန်ထားခဲ့တာလို့ ပြောပြီးသားပဲ။ ခင်ဗျားသွားချင်တဲ့နေရာကို သွားနိုင်ပြီး ဘယ်သူမှ ခင်ဗျားကို တားဆီးပိတ်ပင်လို့မရဘူး။”
ထိုစဉ် နတ်သခင် ဝမ်ကျဲလည်း မနေနိုင် တော့ပဲ လိုရင်းကို ဝင်ပြောလိုက်တော့၏။
“လုချန်း ဘယ်နတ်ဂိုဏ်းကို သွားချင်လဲဆိုတာကို နောက်မှ ဆွေးနွေးလို့ ရပါတယ်။ လောလောဆယ်တော့ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ အကြောင်းကိုပဲ ပြောကြရအောင်။”
“လက်ရှိအချိန်မှာ နေဝင်တောင်တန်းက ချိပ်ပိတ်မှုက လျော့ရဲနေပြီ။ ထူးဆန်းတဲ့ သတ္တဝါတွေက အချိန်မရွေး ချိပ်ပိတ်မှုကို ဖျက်ဆီးလာနိုင်တယ်။ အရေးကြီးဆုံး ကိစ္စက ထူးဆန်းတဲ့ စစ်တပ်တွေ ထျန်းရန် နတ်ဘုရား နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတာကို တားဆီးဖို့အတွက် ချိပ်ပိတ်မှုကို ပြန်လည်အားဖြည့်ဖို့ပဲ ဖြစ်တယ်။”
လုချန်းက နတ်သခင် ဝမ်ကျဲကို တစ်ချက်ကြည့်လိုက်ပြီး သူ၏စကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
နတ်သခင် ဝမ်ကျဲသည် အခြားသော အခွင့်အရေးများကို စိတ်ဝင်စားပုံမရပဲ ထျန်းရန်နတ်ဘုရားနယ်မြေရှိ သက်ရှိ သတ္တဝါများအတွက် တကယ် စဉ်းစားပေးနေပုံရသည်။
ထို့ပြင် လုချန်းသည် နတ်သခင် ဝမ်ကျဲထံမှ နွေးထွေးသော အထူးအရှိန်အဝါတစ်ခုကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး သူ၏ ပတ်ပတ်လည်ရှိ လမ်းစဉ်အရှိန်အဝါမှာ နွေဦးလေညင်းထဲတွင် ရေချိုးနေရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
လုချန်းက စိတ်ထဲ တွေးလိုက်၏။
‘ဒါကိုမှ ဖြောင့်မတ်တဲ့ အရှိန်အဝါလို့ ခေါ်ရမှာပဲ။ နတ်သခင်အားလုံးက ဧကရာဇ် ဖြစ်လာ ရေး တစ်ခုတည်းကိုပဲ အာရုံစိုက်နေတာ မဟုတ်ဘူးလို့ ဒီအရာက သက်သေပြနေတာပဲ။’
လုချန်းက ကွေ့ဝိုက်မနေပဲ
“ကျုပ် ခင်ဗျားတို့ကို သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ ပေးနိုင်ပါတယ်။ ဒါပေမဲ့ အခြေအနေတစ်ရပ်တော့ ရှိတယ်။”
နတ်သခင် ဝမ်ကျဲက
“ကျုပ်တို့ ဖြည့်ဆည်းပေးနိုင်တဲ့ အရာဆိုရင် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကျုပ်တို့ သဘောတူပါတယ်။”
လုချန်းက
“ခင်ဗျားတို့ သုံးယောက်လုံးဟာ အခုကစပြီး ကျုပ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပြဿနာရှာမှာ မဟုတ်ဘူးလို့ ကောင်းကင်လမ်းစဉ်ကို တိုင်တည်ပြီး သစ္စာဆိုရမယ်။”
ဒါက...
ကြယ်မြစ် နတ်သခင်၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။
သူသည် လုချန်းထံမှ အခြားသော အခွင့်အရေးများကို ရယူလိုသော်လည်း အကယ်၍ ကောင်းကင်လမ်းစဉ်ကို တိုင်တည် သစ္စာ တကယ် ဆိုလိုက်ပါက ထိုအခွင့်အရေးများကို အခြားသူများလက်ထဲသို့ လွှဲပြောင်းပေးလိုက်ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ကြယ်မြစ် နတ်သခင် ဝေခွဲမရဖြစ်နေစဉ်မှာပင် နတ်သခင် ဝမ်ကျဲက အရင်ဆုံး စလိုက်၏။
“ကျုပ် ဤနေရာ၌ သစ္စာဆိုပါ၏။ အကယ်၍ လုချန်းသာ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်းတွေကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိရင် ချင်းယွမ်ကျောင်းတော်က ဘယ်သူ့ကိုမဆို လုချန်းအား ပြဿနာရှာခြင်း မပြုဖို့ ကျုပ် တားမြစ်ပိတ်ပင်ပါမယ်။ ကျုပ်သာ ဒီသစ္စာကို ဖောက်ဖျက်ရင် ကျုပ်ရဲ့ ကျင့်စဉ်အဆင့်ဟာ ဘယ်တော့မှ ထပ်ပြီး တိုးတက်မှာ မဟုတ်တော့ဘူး။”
နတ်သခင် ဝမ်ကျဲ ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်ပြင်ကြီးတွင် မည်းမှောင်သော တိမ်တိုက်များနှင့် အနီရောင် လျှပ်စီးကြောင်းများ ရုတ်တရက် ဖုံးလွှမ်းသွားခဲ့သည်။ ၎င်းက ကောင်းကင်လမ်းစဉ် သစ္စာဆိုမှု စတင်အသက်ဝင်လာခြင်းကို ပြသနေသည်။
နတ်သခင် ဝမ်ကျဲက တကယ်ပင် ကောင်းကင်လမ်းစဉ် သစ္စာဆိုလိုက်သည်ကို တွေ့မြင်လျှင် ကြယ်မြစ် နတ်သခင်၏ မျက်နှာအမူအရာမှာ ပို၍ပင် မည်းမှောင် စိတ်ပျက်စရာ ကောင်းလာခဲ့သည်။
နတ်သခင် ရှီယွဲ့ကလည်း ကောင်းကင်လမ်းစဉ် သစ္စာ ထပ်မံဆိုလိုက်လျှင် သူမည်သို့ လုချန်းကို ဆက်လက် ဖိအားပေးနိုင်တော့မည်နည်း။
အကယ်၍ လုချန်း၏ ပင်မကိုယ်က အရှေ့ပိုင်းနယ်ထဲတွင် ပုန်းအောင်းနေမည်ဆိုပါက သူ့ကို ရှာဖွေရန် ပို၍ပင် ခက်ခဲသွားလိမ့်မည်။
ကြယ်မြစ် နတ်သခင် တွေးတောနေစဉ်မှာပင် နတ်သခင် ရှီယွဲ့၏ အေးစက်သော အသံ ထွက်ပေါ်လာခဲ့သည်။
“ကျွန်မ ဤနေရာ၌ သစ္စာဆိုပါ၏။ လုချန်းသာ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိပါက အခုကစပြီး ကျွန်မဟာ လုချန်းကို ပြဿနာရှာမှာ မဟုတ်ပါဘူး။ ကျွန်မဟာ ဒီသစ္စာကို ဖောက်ဖျက်ခဲ့ရင် ဘယ်တော့မှ အဆင့်တက်နိုင်မှာ မဟုတ်သလို အသွင်ပြောင်းလဲခြင်းကိုလည်း ပြီးမြောက်နိုင်မှာ မဟုတ်ပါဘူး။”
နတ်သခင် ရှီယွဲ့ပါ သစ္စာဆိုလိုက်သည်ကို တွေ့မြင်ရလျှင် ကြယ်မြစ် နတ်သခင် ချက်ချင်းပင် အလွန် ဒေါသထွက်သွားခဲ့သည်။
ဒီလူနှစ်ယောက်က တကယ့်ကို လူအတွေပဲ။
သစ္စာကို တကယ် ဆိုလိုက်ကြပါလား။
သူတို့၏ မဟာအင်အားကြီးအုပ်စု သုံးခု ပေါင်းစည်းထားခြင်းက အလွန်ပင် အားကောင်းလှပြီး နယ်မြေနှစ်ခုကိုလည်း စိုးမိုးထားကြသည်။
ပို၍အရေးကြီးသည်မှာ သူတို့၏ မဟာအင်အားကြီးအုပ်စု သုံးခုက ဦးဆောင်မည်ဆိုပါက အခြားသော နယ်မြေအင်အားစုများကလည်း လုချန်း၏ ပင်မကိုယ်ကို ရှာဖွေရန် ဧကန်မုချ ကူညီပေးကြလိမ့်မည်။
လုချန်း၏ ပင်မကိုယ်ကို ရှာဖွေတွေ့ရှိရန်က အနှေးနှင့်အမြန် ဖြစ်လာမည့် ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။
အခုတော့ သူတို့က ယခုကစပြီး လုချန်းအား ပြဿနာမရှာရန် သစ္စာဆိုလိုက်ကြသည်။
နေဦး...
ကြယ်မြစ် နတ်သခင် အလွန် ဒေါသထွက်နေသဖြင့် စကားပင်မပြောနိုင်ဖြစ်နေစဉ် သူတို့၏ ကောင်းကင်လမ်းစဉ် သစ္စာဆိုမှုတွင် ပြဿနာတစ်ခု ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။
သူတို့က သစ္စာဖောက်ဖျက်ပါက သူတို့၏ ကျင့်စဉ်အဆင့် ထပ်မံတိုးတက်တော့မည်မဟုတ်ဟု ပြောခဲ့ကြသည်။ ထပ်မံတိုးတက်ခြင်းဆိုသည်မှာ နတ်ဧကရာဇ် အဆင့်သို့ ရောက်ရှိခြင်းပင် ဖြစ်သည်။
သူတို့၏ လက်ရှိအခြေအနေအရ နတ်ဧကရာဇ် နယ်ပယ်သို့ တက်ရောက်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။
သူတို့ကိုယ်တိုင် နတ်ဧကရာဇ် အဆင့်သို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း သိထားကြသဖြင့် ဤကဲ့သို့သော သစ္စာမျိုးကို ဆိုလိုက်ကြခြင်းလား။
ဒီလူနှစ်ယောက်က တကယ်ကို ပါးနပ်ကြတာပဲ။
ထိုအခိုက်အတန့်တွင် နတ်သခင် ဝမ်ကျဲနှင့် နတ်သခင် ရှီယွဲ့တို့က သူတို့၏ အကြည့်များကို ကြယ်မြစ် နတ်သခင်ထံသို့ လွှဲပြောင်းလိုက်ကြသည်။
နတ်သခင် ရှီယွဲ့၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွတ်သွားပြီး ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်လာကာ
“ကြယ်မြစ် ခန်းမသခင်။ လောက သတ္တဝါတွေအတွက် ရှင်လည်းပဲ သစ္စာဆိုသင့်တယ် မဟုတ်လား။”
ကြယ်မြစ် နတ်သခင်သည် သူ၏မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်သည်။
အကယ်၍ သူပါ သစ္စာဆိုလိုက်ပါက သူ၏ ကျင့်စဉ်အဆင့်သည် နတ်သခင် နယ်ပယ်၌ပင် ရပ်တန့်သွားနိုင်သည်။
အကယ်၍ သူ သစ္စာမဆိုဘူး ဆိုပါက လုချန်းက သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို လွှဲပြောင်းပေးရန် ဧကန်မုချ ငြင်းဆန်လိမ့်မည်။
ထိုအခါ ဤတွေ့ဆုံမှုအပြီးတွင် ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့က ဤသတင်းများကို ဧကန်မုချ ပျံ့နှံ့စေလိမ့်မည်ဖြစ်သည်။ သူ သစ္စာဆိုရန် ငြင်းဆန်မှုကြောင့် လုချန်းက သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို လွှဲပြောင်းပေးရန် ငြင်းဆန်ရခြင်းဖြစ်သည်ဟု သူ့အပေါ် အပြစ်ပုံချကြပေလိမ့်မည်။
--
………….