အခန်း ၁၉၁၇
Vol. 128 Ch. 1917
အခန်း (၁၉၁၇ )
နည်းဗျူဟာပုံစံ ရေးဆွဲခြင်း
ကြယ်မြစ် နတ်သခင် တွန့်ဆုတ်နေသည်ကို တွေ့မြင်လျှင် နတ်သခင် ဝမ်ကျဲက လေးနက်စွာဖြင့်
“ကြယ်မြစ် ခန်းမသခင်... နေဝင်တောင်တန်းက တောင်ပိုင်းနယ်ရဲ့ အနီးနားတင် ရှိနေတာ။ တကယ်လို့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေက ချိပ်ပိတ်ခြင်းကို ဖျက်ဆီးသွားရင် ခင်ဗျားရဲ့ ခမ်းနားသော ကောင်းကင်ခန်းမက ပထမဆုံး အထိနာမယ့်နေရာ ဖြစ်လာလိမ့်မယ်။ ခင်ဗျား သေသေချာချာ စဉ်းစားသင့်တယ်။”
လုချန်း ကစဉ့်ကလျား ပင်လယ်ထဲမှ ရရှိခဲ့သော အခွင့်အရေးများအပေါ် ကြယ်မြစ် နတ်သခင်က စိတ်မပြတ်နိုင်သေးပဲ ရှိနေကြောင်း နတ်သခင် ဝမ်ကျဲ မြင်နိုင်သည်။ ထို့ကြောင့်ပင် သူက အချိန်ဆွဲနေပြီး ကောင်းကင်လမ်းစဉ် သစ္စာဆိုရန် စိတ်မပါ ဖြစ်နေခြင်းဖြစ်၏။
နတ်သခင် ဝမ်ကျဲ၏ သတိပေးမှုကို ကြားလျှင် ကြယ်မြစ် နတ်သခင်လည်း သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတော့သည်။
ဟုတ်ပါသည်...
လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေက ချိပ်ပိတ်မှုကို ဖျက်ဆီးပစ်လျှင် တောင်ပိုင်းနယ်သည် ပထမဆုံး ဒုက္ခရောက်မည့် နေရာဖြစ်သည်။
ထိုအရာကို တွေးမိရင်း ကြယ်မြစ် နတ်သခင်က စိတ်မပါစွာဖြင့်
“လုချန်း သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို လွှဲပြောင်းပေးဖို့ သဘောတူပါက ကျုပ် ဒီဘဝမှာ လုချန်းကို ဘယ်တော့မှ ထပ်ပြီး ပြဿနာရှာမှာ မဟုတ်ဘူးလို့ ဒီနေရာမှာတင် သစ္စာဆိုတယ်။ တကယ်လို့ ကျုပ် ဒီသစ္စာစကားကို ဖောက်ဖျက်ရင် ကျုပ်ရဲ့ ကျင့်စဉ်အဆင့်က ဒီဘဝမှာ ဘယ်တော့မှ ထပ်ပြီး တိုးတက်လာတော့မှာ မဟုတ်ဘူး။”
သစ္စာဆိုခြင်း ဆိုသည်မှာ လှည့်ကွက်များ ရှိတတ်ကြောင်း ကြယ်မြစ် နတ်သခင် စိတ်ထဲတွင် တွေးလိုက်မိသည်။ စကားလုံးများကို သေသေချာချာ ရွေးချယ်အသုံးပြုပါက ထိုသစ္စာစကားကို ရှောင်ကွင်းနိုင်မည့် နည်းလမ်းများ ရှိပေသည်။
သူသည် ယခုဘဝတွင် နတ်ခန္ဓာကိုယ် ရှိနေသော်လည်း လက်ရှိ အခြေအနေအရ နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် မလွယ်ကူလှကြောင်း စိုးရိမ်မိသည်။
ရှေးဟောင်းခေတ် သမိုင်းမှတ်တမ်း အချို့အရ မကြာသေးမီ ကာလများအတွင်း ဧကရာဇ်နှစ်ပါး တစ်ပြိုင်နက်တည်း ယှဉ်တွဲတည်ရှိခဲ့သည့် ဖြစ်ရပ်မျိုး မရှိခဲ့ပေ။ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားက ဆုတ်ယုတ်သွားခဲ့ပြီး နတ်ဧကရာဇ် နှစ်ပါးကို တစ်ပြိုင်နက် မပံ့ပိုးနိုင်တော့ခြင်း ဖြစ်နိုင်ကြောင်း လူအများက ခန့်မှန်းခဲ့ကြသည်။
ထို့ကြောင့်ပင် လုချန်းတွင် နတ်ဧကရာဇ်အဆင့် ဖြစ်လာနိုင်သည့် အလားအလာ ရှိနေကြောင်း စတင်သိခဲ့စဉ်ကတည်းက သူ့ကို အပြတ်ရှင်းပစ်ရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။
ယခု နတ်ဆိုးဧကရာဇ်သည် သူ၏ ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိသွားပြီး ဖြစ်ပုံရ၏။ ဒုတိယမြောက် နတ်ဧကရာဇ်တစ်ပါး ပေါ်ထွက်လာနိုင်ရန် ထျန်းရန် နတ်ဘုရား နယ်မြေအနေနှင့် နတ်ဆိုးဧကရာဇ် ပျက်သုဉ်းသွားမည့်အချိန်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။
သို့သော် နတ်ဧကရာဇ်တစ်ပါး တနည်းနည်းဖြင့် မသေဆုံးပါက အနည်းဆုံး ခေတ်တစ်ခေတ်စာခန့် အသက်ရှင်နိုင်မည်ဖြစ်၏။ ယခုလက်ရှိ နတ်ဆိုးဧကရာဇ် မည်သည့်အချိန်တွင် ပျက်သုဉ်းသွားမည်ကို မည်သူမှ မသိနိုင်ပေ။
တကယ်လို့ သူ ဒီဘဝမှာ ဧကရာဇ် မဖြစ်နိုင်လျှင် ဒုတိယဘဝအထိ အသက်ရှင်နိုင်ဖို့ သက်ရှည်ဆေးကို ရှာဖွေရမည် ဖြစ်သည်။ သို့မဟုတ် လျှို့ဝှက်နည်းလမ်းတစ်ခုကို သုံးပြီး ပြန်လည်မွေးဖွားမည့် လမ်းကြောင်းကို ရွေးချယ်ရမည်။
ပြန်လည်မွေးဖွားရန် ဆန္ဒရှိသော နတ်သခင်တစ်ဦးသည် သူ၏ သက်စောင့်စွမ်းအား ထိပ်ဆုံးသို့ ရောက်ရှိနေချိန်တွင် ပြုလုပ်ရမည် ဖြစ်၏။ ထိုသို့မဟုတ်ပါက နောက်ပိုင်းတွင် ပြန်လည်မွေးဖွားရန် မဖြစ်နိုင်တော့ပေ။
မဟုတ်ပါက နတ်ဧကရာဇ်အဆင့်သို့ မတက်ရောက်နိုင်သော နတ်သခင်တိုင်းက ပြန်လည်မွေးဖွားပြီး ပြန်လည်ကျင့်ကြံရန် ရွေးချယ်ကြမည်ဆိုလျှင် ထျန်းရန် နတ်ဘုရား နယ်မြေသည် လွန်ခဲ့သောအချိန်များကပင် ကစဉ့်ကလျား ဖြစ်သွားခဲ့လိမ့်မည်ဖြစ်သည်။
ယခုအချိန်တွင် ကြယ်မြစ် နတ်သခင်၌ ပြန်လည်မွေးဖွားပြီး ပြန်လည်ကျင့်ကြံရန် အတွေးများ ရှိနေခဲ့ပြီ ဖြစ်သည်။
ကြယ်မြစ် နတ်သခင်စိတ်ထဲ၌ တွေးလိုက်၏။
‘ငါ ဒီဘဝမှာ ဧကရာဇ် မဖြစ်နိုင်တော့မှတော့ ကောင်းကင်လမ်းစဉ် သစ္စာဆိုတာက ဘာမှ အရေးမကြီးတော့ဘူး’
‘ဒါက ပြန်လည်မွေးဖွားဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ပြီးရင် လုချန်း ကြီးထွားလာခွင့် မရခင်မှာ ခမ်းနားသော ကောင်းကင်ခန်းမက နတ်သခင်တွေကို သူ့အပေါ် အရေးယူခိုင်းလို့ ရတယ်’
သူ ပြန်လည်မွေးဖွားလာချိန်တွင် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်သည်။
လက်ရှိ အခြေအနေအရ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ဖန်တီးခြင်း လမ်းစဉ်ကို ပိုမိုပြင်းထန်စွာ တိုက်စားလာနေသဖြင့် သူ၏ အချိန်များလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
အကယ်၍ သူက သူ၏သက်စောင့်စွမ်းအား ထိပ်ဆုံးအဆင့်၌ ရှိနေစဉ် ပြန်လည်မွေးဖွားခြင်း မပြုလုပ်ရင် ဘယ်တော့မှ ပြန်လည်မွေးဖွားခွင့် ရတော့မှာ မဟုတ်ပဲ သေဆုံးမည့်အချိန်ကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။
ဟုတ်ပါသည်...
ပြန်လည်မွေးဖွားခြင်း၌ စွန့်စားမှုများစွာ ရှိသော်လည်း မျှော်လင့်ချက်မရှိသော အနာဂတ်နှင့် နှိုင်းယှဉ်ပါက နောက်ဘဝအတွက် အရာအားလုံးကို ပုံအော လောင်းကြေးထပ်ရန် သူ ပို၍ ဆန္ဒရှိသည်။
အမှန်စင်စစ် လုချန်းသည် ထိုသုံးယောက်၏ သစ္စာဆိုချက်များထဲမှ ဟာကွက်များကို သတိပြုမိသော်လည်း အလွန် ဂရုမစိုက်ခဲ့ပေ။
သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကို ထျန်းရန် နတ်ဘုရား နယ်မြေ၏ မဟာအင်အားစုကြီးများထံ လွှဲပြောင်းပေးရန် အစကတည်းက သူ စဉ်းစားထားပြီးသား ဖြစ်သည်။
လက်ရှိတွင် သူ၏ စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်သော စစ်တပ်ကို တိုက်ခိုက်ရန် အလွန်အားနည်းလွန်းနေသေးသည်။
ထို့ပြင် သူတည်ထောင်ထားသော နတ်ဘုရား နိုင်ငံနှင့် လျှို့ဝှက်လဝန်း နန်းတော်တို့သည် နေဝင်တောင်တန်း၏ အနီးနားမှာတင် တည်ရှိနေသည်။
တကယ်လို့ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေက ချိပ်ပိတ်မှုကို ဖျက်ဆီးသွားပါက သူတို့သည် ပထမဆုံး ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည့်သူများ ဖြစ်ကြသည်။
ဤထိပ်တန်း အင်အားစုများကို သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံ ပေးလိုက်ခြင်းအားဖြင့် သူတို့သည် ချိပ်ပိတ်မှုကို ခိုင်မာစေရန် နေဝင်တောင်တန်းသို့ သွားရောက်ရမည်ကို အလိုအလျောက် သိကြလိမ့်မည်။
ချိပ်ပိတ်မှုကို ပိုခိုင်မာအောင် လုပ်ဆောင်ပြီးသည်နှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ ပေါ်ထွက်လာမည့်အချိန်ကို နှောင့်နှေးသွားစေနိုင်သည်။ ထိုအခါ သူ့အတွက် ကြီးထွားလာရန် အချိန်ပို၍ ရရှိစေမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုချန်းသည် မှတ်ဉာဏ်အမွေအနှစ် ပုလဲလုံး သုံးလုံးကို တိုက်ရိုက် ပေါင်းစည်းဖြစ်ပေါ်စေလိုက်သည်။
“ဒီအထဲမှာ ခင်ဗျားတို့ လိုချင်နေတဲ့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ ရှိတယ်။”
လုချန်း၏ ရှေ့မှောက်ရှိ ပညာအမွေအနှစ် ပုလဲလုံး သုံးလုံးကို တွေ့မြင်လျှင် ကြယ်မြစ် နတ်သခင်တို့သုံးပါးလည်း တွန့်ဆုတ်မနေပဲ သူတို့၏ နတ်စွမ်းအားကို အသုံးပြုကာ အဝေးမှနေ၍ ပုလဲလုံးတစ်လုံးစီကို ဖမ်းယူလိုက်ပြီး ပုလဲလုံးထဲရှိ အကြောင်းအရာများကို ဖတ်ရှုလိုက်ကြသည်။
ပုလဲလုံးများအတွင်းမှ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် သူတို့၏ မျက်နှာအမူအရာများမှာ ပိုမိုလေးနက်သွားကြသည်။
ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသည် အမျိုးမျိုးသော နည်းဗျူဟာ ပစ္စည်းများကို ကြိုတင်ပြင်ဆင်ရန် မလိုပဲ အင်းကွက်ပုံစံကို ရေးဆွဲရုံဖြင့် အသက်သွင်း နှိုးဆွနိုင်သည်။
ထျန်းရန် နတ်ဘုရား နယ်မြေတွင် ထိုကဲ့သို့သော နည်းဗျူဟာပုံစံ အနည်းငယ် ရှိသော်လည်း ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသည် သူတော်စင် အဆင့် ဖြစ်သောကြောင့် နည်းဗျူဟာ အင်းကွက်ပုံစံက အလွန်တရာ ရှုပ်ထွေးလှသည်။
ပြီးပြည့်စုံသော နည်းဗျူဟာပုံစံတစ်ခုကို ရေးဆွဲရန်အတွက် ခိုင်မာတောင့်တင်းသော နတ်ဝိညာဉ် လိုအပ်သည်။
သူတို့သုံးယောက်သည် ၎င်းကို အလျင်အမြန် ကြည့်လိုက်ကြပြီး ပြီးပြည့်စုံသော နည်းဗျူဟာပုံစံကို ရေးဆွဲရန် အလွန်တရာ စိန်ခေါ်မှုကြီးမားနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
လုချန်းက
“ကျုပ် ခင်ဗျားတို့ကို နည်းဗျူဟာပုံစံ ပေးပြီးပြီပဲ... ခင်ဗျားတို့ ကြည့်ရတာ ဘာလို့ မပျော်မရွှင် ဖြစ်နေကြတာလဲ။”
ကြယ်မြစ် နတ်သခင်က လုချန်းကို မတုံ့ပြန်ပဲ နတ်သခင် ဝမ်ကျဲနှင့် နတ်သခင် ရှီယွဲ့ကိုသာ ပြောလိုက်၏။
“ကျုပ်တို့ နည်းဗျူဟာပုံစံကို ရပြီဆိုတော့ အခုပဲ အသက်သွင်းပြီး မစမ်းသပ်ကြည့်သင့်ဘူးလား။”
နတ်သခင် ဝမ်ကျဲက
“ကောင်းပြီ... ကျုပ် အရင် စမ်းကြည့်မယ်”
ထိုသို့ပြောပြီးနောက် နတ်သခင် ဝမ်ကျဲသည် စကားလုံးစွမ်းအားများ ပြည့်နှက်နေသော သူ၏လက်ညှိုးကို မြှောက်ကာ လေထုထဲတွင် နည်းဗျူဟာပုံစံကို စတင်ရေးဆွဲလိုက်တော့သည်။
သို့သော် နည်းဗျူဟာပုံစံ စတင်ဖြစ်ပေါ်လာသည်နှင့်အမျှ သူ၏ နတ်ဝိညာဉ်အပေါ်တွင် ကျရောက်လာသော ကြီးမားလှသော ဖိအားကို နတ်သခင် ဝမ်ကျဲ ခံစားလိုက်ရသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာခဲ့သည်။
နည်းဗျူဟာပုံစံ ထက်ဝက်နီးပါး ရေးဆွဲပြီးခါနီးတွင် ကျယ်လောင်လှသော “ဘုန်း” ဟူသည့် မြည်ဟီးသံနှင့်အတူ နတ်သခင် ဝမ်ကျဲ၏ ရှေ့မှောက်တွင် ထိုနည်းဗျူဟာပုံစံပေါက်ကွဲသွားတော့သည်။ သူလည်း သွေးတစ်ပွက် အန်ထွက်သွားကာ စွမ်းအား တန်ပြန်ခြင်းဒဏ်ကို သိသိသာသာ ခံစားလိုက်ရသည်။
နတ်သခင် ဝမ်ကျဲ ကျရှုံးသွားသည်ကို တွေ့မြင်လျှင် ကြယ်မြစ် နတ်သခင်နှင့် နတ်သခင် ရှီယွဲ့တို့လည်း
‘သူတော်စင်အဆင့် နည်းဗျူဟာပုံစံကို ရေးဆွဲဖို့က မလွယ်ကူလှဘူးပဲ’
ဟု စိတ်ထဲတွင် တွေးလိုက်ကြသည်။
ကြယ်မြစ် နတ်သခင်လည်း အံ့အားသင့်စွာဖြင့်
‘နတ်သခင် ဝမ်ကျဲလို ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်တောင် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို မရေးဆွဲနိုင်ဘူး။ လုချန်းက အရိုင်းနယ်မြေတုန်းက နည်းဗျူဟာပုံစံကို ဘယ်လိုများ ရေးဆွဲနိုင်ခဲ့တာလဲ’
ဟု တွေးတောနေမိသည်။
ချိပ်ပိတ်ထားသည့် နယ်မြေသို့ သူရောက်သွားစဉ်က ချိပ်ပိတ်ခြင်း ပြီးမြောက်နေပြီ ဖြစ်သဖြင့် လုချန်း နည်းဗျူဟာပုံစံ ရေးဆွဲသည်ကို သူကိုယ်တိုင် မမြင်တွေ့ခဲ့ရပေ။
သို့သော်လည်း နတ်သခင် လင်ရှုတို့က ထိုအရာကို လုပ်ကြံပြောဆိုမည်မဟုတ်ကြောင်း သူ ယုံကြည်သည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ဝမ်ကျဲက ကြယ်မြစ် နတ်သခင်ကို
“ကျုပ်ရဲ့ နတ်ဝိညာဉ်အင်အားနဲ့တော့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အပြည့်အဝ မရေးဆွဲနိုင်ဘူး။ နည်းဗျူဟာပုံစံတစ်ခုလုံးကို တစ်ကြိမ်တည်းနဲ့ အချောသတ် ရေးဆွဲရမှာ ဖြစ်တဲ့အတွက် ဒါက မယုံနိုင်လောက်အောင် ခက်ခဲလွန်းတယ်။ ခင်ဗျားရော တစ်ချက်လောက် စမ်းမကြည့်ချင်ဘူးလား။”
အခြားသော သူတော်စင်အဆင့် နည်းဗျူဟာပုံစံများအတွက်မူ လုံလောက်သော နတ်ကျောက်တုံးများ သို့မဟုတ် အချို့သော နည်းဗျူဟာပစ္စည်းများ ရှိနေပါက နည်းဗျူဟာ ပုံစံကို တည်ဆောက်နိုင်ပေသည်။
ဥပမာအားဖြင့် သူတို့၏ သက်ဆိုင်ရာဂိုဏ်းများမှ နတ်ဂိုဏ်း မဟာနည်းဗျူဟာပုံစံကြီးသည် သူတော်စင်အဆင့် ဖြစ်သော်လည်း နည်းဗျူဟာပုံစံကို တစ်ထိုင်တည်းနှင့် အပြီးသတ်ရန် မလိုအပ်ပေ။
အမှန်စင်စစ် ၎င်း နည်းဗျူဟာ ပုံစံများကို လူအမြောက်အမြားက တစ်ပြိုင်နက်တည်း ရေးဆွဲနိုင်ကြသည်။
နတ်သခင် ဝမ်ကျဲ၏ စကားများ ဆုံးသွားသည်နှင့် ကြယ်မြစ် နတ်သခင်က သူ၏လက်ကို မြှောက်ကာ မျက်လုံးများကို မှိတ်ပြီး လေထုထဲတွင် နည်းဗျူဟာပုံစံကို စတင်ရေးဆွဲလိုက်သည်။
ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ အသေးစိတ်အချက်အလက်များကို စစ်ဆေးပြီးနောက် ထိုနည်းဗျူဟာပုံစံ ရေးဆွဲခြင်း၏ စိန်ခေါ်မှုကို သူ ကောင်းစွာသိသော်လည်း စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နေဝင်တောင်တန်း၏ ချိပ်ပိတ်မှုကို ပိုခိုင်မာအောင် ပြုလုပ်ရမည် ဖြစ်သည်။ မဟုတ်ပါက သူ၏ အနာဂတ် ပြန်လည်မွေးဖွားခြင်း အစီအစဉ်များကို ကြီးမားစွာ ထိခိုက်စေလိမ့်မည်။
ကြယ်မြစ် နတ်သခင်၏ လက်များ လေထဲတွင် ဖြည်းညှင်းစွာ လှုပ်ရှားနေရင်း နောက်တစ်ခဏ၌ နည်းဗျူဟာပုံစံ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
သို့သော် လေးပုံတစ်ပုံပင် မရေးဆွဲရသေးမီ နည်းဗျူဟာပုံစံ ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး ကြယ်မြစ် နတ်သခင်သည်လည်း တန်ပြန်သက်ရောက်မှုဒဏ်ကြောင့် သွေးတစ်ပွက် အန်ထွက်သွားခဲ့သည်။
ယခုအခါ နတ်သခင် လင်ရှုတို့ ပြန်ပြောပြသည့် အကြောင်းအရာများ မှန်ကန်မှု ရှိမရှိ ကြယ်မြစ် နတ်သခင် သံသယဝင်လာခဲ့သည်။
ဝူယာနတ်သခင်ကို ချိပ်ပိတ်စဉ်က လုချန်းကိုယ်တိုင် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရေးဆွဲခဲ့သည်ဟု သူတို့က အခိုင်အမာ ပြောဆိုခဲ့ကြသည်။
သို့သော် သူတို့ကိုယ်တိုင်ပင် မရေးဆွဲနိုင်ပါက လုချန်းအနေနှင့် မည်သို့များ တတ်နိုင်ပါမည်နည်း။
ကြယ်မြစ် နတ်သခင်သည် သူ၏ မတည်မငြိမ် ဖြစ်နေသော နတ်စွမ်းအားများကို ငြိမ်သက်သွားစေရန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် နတ်သခင် ရှီယွဲ့ထံသို့ သူ၏အကြည့်ကို ပို့လိုက်သည်။
နတ်သခင် ဝမ်ကျဲကလည်း နတ်သခင် ရှီယွဲ့ကို လှည့်ကြည့်လိုက်သည်။
သူတို့နှစ်ဦးစလုံး သူမကို ကြည့်နေကြသည်ကို တွေ့မြင်လျှင် နတ်သခင် ရှီယွဲ့လည်း သူတို့၏ အတွေးများကို သဘာဝကျကျပင် နားလည်လိုက်သည်။
သို့သော်လည်း သူတို့နှစ်ဦးစလုံး ကျရှုံးသွားခဲ့ပြီး ဖြစ်ရာ သူမလည်း အောင်မြင်နိုင်ခြေ သိပ်မရှိလှပေ။
--
…………..