← Chapters

အခန်း ၁၉၁၈

Vol. 128 Ch. 1918

အခန်း ၁၉၁၈

Vol. 128 Ch. 1918

အခန်း (၁၉၁၈ )

ပူးတွဲကြေညာချက်

ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့က

“ကျွန်မ စမ်းမကြည့်တော့ဘူး။ ရှင့်တို့နှစ်ယောက်လုံး မအောင်မြင်ဘူးဆိုတော့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို တည်ဆောက်ဖို့ တကယ်ပဲ ခက်ခဲတယ်ဆိုတာ သက်သေပြနေတာပဲ။”

“ဒါပေမဲ့ နတ်သခင် ကန်းယာ ပြန်လာတော့ အရိုင်းနယ်မြေမှာ ဝူယာနတ်သခင်ကို ချိပ်ပိတ်ခဲ့တုန်းက ဒီနည်းဗျူဟာပုံစံကို လုချန်းက တည်ဆောက်ခဲ့တာလို့ ပြောပြခဲ့တယ်။ ကျွန်မ နည်းနည်းတော့ စူးစမ်းချင်မိတယ်။ ကျွန်မတို့လို နတ်သခင်တွေတောင် နည်းဗျူဟာ အင်းကွက်တွေကို အပြည့်အစုံ မရေးဆွဲနိုင်တာကို လုချန်းက ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။”

ထိုစကားများ ဆုံးသွားသည်နှင့် နတ်သခင် ရှီယွဲ့၏ နီမြန်းသော မျက်ဝန်းများက လုချန်းထံသို့ တည့်တည့် စိုက်ကြည့်လာခဲ့သည်။

နတ်သခင်များပင် မရေးဆွဲနိုင်သည့် နည်းဗျူဟာ အင်းကွက်တစ်ခုကို လုချန်းက အပြီးသတ်နိုင်ခဲ့သည်။ ထိုအရာက လုချန်း၏ နတ်အာရုံသည် နတ်သခင် ဝမ်ကျဲနှင့် ကြယ်မြစ် နတ်သခင်တို့ထက် ပိုအားကောင်းကြောင်း သက်သေပြနေသည် မဟုတ်ပါလား။

နတ်တစ်ပါး၏ စွမ်းအားသည် သူတို့၏ နတ်အာရုံ ကြံ့ခိုင်မှုနှင့် နီးကပ်စွာ ဆက်စပ်နေကြောင်း သိထားရမည် ဖြစ်သည်။ နတ်အာရုံ ပိုအားကောင်းလေလေ ထိုနတ် ပိုစွမ်းအားကြီးမားလေလေဖြစ်သည်။ သို့သော်လည်း ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြင်ပအရာဝတ္ထုများကလည်း နတ်တစ်ပါး၏ စွမ်းအားကို သက်ရောက်မှုရှိနိုင်သည်။

သို့သော် ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြင်ပအရာဝတ္ထုများသည် ဤနည်းဗျူဟာ အင်းကွက်များ ရေးဆွဲခြင်းကို မကူညီနိုင်ပေ။ ဤသူတော်စင် အဆင့် နည်းဗျူဟာ အင်းကွက်များကို အပြည့်အစုံ ရေးနိုင်ခြင်းက လုချန်း၏ နတ်အာရုံ မည်မျှ အားကောင်းကြောင်း သက်သေပြနေသည်။

နတ်သခင် ဝမ်ကျဲသည် နည်းဗျူဟာ အင်းကွက်များ၏ တစ်ဝက်ကိုသာ ရေးနိုင်ခဲ့ပြီး ကြယ်မြစ် နတ်သခင်ကတော့ ရုန်းကန်ရမည့်အခြေအနေ မတိုင်မီ လေးပုံတစ်ပုံကိုသာ တတ်နိုင်ခဲ့သည်။

လုချန်းကတော့ နည်းဗျူဟာ အင်းကွက်များကို အပြည့်အစုံ ရေးနိုင်ခဲ့၏။ ယင်းက သူ၏ နတ်အာရုံ အားကောင်းမှုကို အတိုင်းအတာတစ်ခုအထိ ဖော်ပြနေခြင်းပင်။

ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့နှင့် အခြားနှစ်ယောက်စိတ်ထဲ လုချန်း၏ ပင်မကိုယ်က နတ်သခင်တစ်ပါး ဖြစ်နေမလားဟု မတွေးပဲ မနေနိုင်ဖြစ်သွားကြသည်။

သူတို့သုံးယောက်၏ အကြည့်များက သူထံသို့ ရောက်လာသည်ကို တွေ့မြင်လျှင် လုချန်းက ခပ်အေးအေးပင်

“ဖြစ်နိုင်တာကတော့ နည်းဗျူဟာပုံစံ အပိုင်းမှာ ကျုပ်ရဲ့ ပါရမီက နည်းနည်း မြင့်နေလို့ ဖြစ်ပါလိမ့်မယ်။”

နတ်သခင် ရှီယွဲ့

“ရှင် ကျွန်မတို့အတွက် ဒီလို နည်းဗျူဟာပုံစံတစ်ခုကို အသက်သွင်း မပြသင့်ဘူးလား”

ဟု ကွေ့ဝိုက်မနေပဲ ပြောလိုက်၏။

လုချန်းက

“ကျုပ်မှာ နည်းဗျူဟာ အင်းကွက်တွေကို အပြည့်အစုံ ရေး‌ဆွဲဖို့အတွက် လုံလောက်တဲ့ နတ်စွမ်းအား မရှိပါဘူး။ အရိုင်းနယ်မြေတုန်းက အခြားနတ်သခင်တွေရဲ့ နတ်စွမ်းအားကို အမှီပြုပြီးမှ နည်းဗျူဟာ အင်းကွက်ကို အပြည့်အစုံ ရေးနိုင်ခဲ့တာပါ။”

နတ်သခင် ရှီယွဲ့က

“ကျွန်မတို့သုံးယောက် ဒီမှာရှိနေတာမို့ နတ်စွမ်းအား မလောက်ငှမှာကို စိုးရိမ်စရာမလိုပါဘူး။”

လုချန်းက

“နတ်သခင် ရှီယွဲ့က ဒီလောက်ပြောမှတော့ ကျုပ် ဒီနေရာတင်ပဲ သရုပ်ပြပါ့မယ်။”

ထိုသို့ပြောရင်း သူ၏ လက်ညှိုးတစ်ချောင်းကို လုချန်း မြှောက်လိုက်သည်။

သူ၏ လက်ညှိုးသည် လေထုထဲတွင် လျင်မြန်စွာ လှုပ်ရှားသွားပြီး၊ ခဏချင်းအတွင်းမှာပင် နည်းဗျူဟာ အင်းကွက်၏ လေးပုံတစ်ပုံ ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။

ဒါက...

လုချန်း နည်းဗျူဟာ အင်းကွက်များ တည်ဆောက်သည့် အမြန်နှုန်းကို တွေ့မြင်လျှင် ထိုသုံးယောက် အံ့အားမသင့်ပဲ မနေနိုင်ဖြစ်သွားကြသည်။

နည်းဗျူဟာပုံစံက ဖိအားများ စတင်ထုတ်လွှတ်လာသည်နှင့်အမျှ လုချန်း၏ နဖူးမှ ချွေးစေးများ စီးကျလာခဲ့သည်။

ထိုအခါ ထိုသုံးယောက်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်ကြ၏။နတ်သခင် ရှီယွဲ့က ပထမဆုံး လှုပ်ရှားကာ လုချန်း၏ ခန္ဓာကိုယ်ထဲသို့ နတ်စွမ်းအားများ ထည့်သွင်းပေးရန် လက်တစ်ဖက်ကို မြှောက်လိုက်သည်။

အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်နှင့်အမျှ နည်းဗျူဟာ အင်းကွက်များမှ ဖိအားများ ပို၍ပို၍ အားကောင်းလာခဲ့သည်။ နတ်သခင် ရှီယွဲ့နှင့် အခြားနှစ်ယောက်သည် သူတို့၏ အတွင်းပိုင်း နတ်စွမ်းအားများ ဖိနှိပ်ခံရသည်ကို တဖြည်းဖြည်း ခံစားလိုက်ရပြီး လုချန်း၏ နည်းဗျူဟာ ပုံစံက နတ်စွမ်းအားကို လျင်မြန်စွာ ကုန်ခမ်းနေစေကြောင်း သဘောပေါက်သွားကြသည်။

နတ်သခင် ရှီယွဲ့ ထည့်သွင်းပေးလိုက်သော စွမ်းအားများ လုချန်းထံသို့ ဝင်ရောက်ပြီးနောက် မကြာမီမှာပင် အင်းကွက်များက လျင်မြန်စွာ သုံးစွဲသွားခဲ့သည်။

နတ်သခင် ရှီယွဲ့က ကြယ်မြစ် နတ်သခင်နှင့် နတ်သခင် ဝမ်ကျဲကို

“ဒီနည်းဗျူဟာပုံစံရဲ့ စွမ်းအား သုံးစွဲမှုက အရမ်းများတယ်။ ရှင်တို့နှစ်ယောက်လည်း ကူညီပေးကြဦး”

ဟု ချက်ချင်း ပြောလိုက်သည်။

နတ်သခင် ရှီယွဲ့၏ စကားကို ကြားရလျှင် ထိုနှစ်ယောက်လည်း ခဏခန့် မှင်တက်သွားကြသည်။

နတ်သခင်တစ်ပါး၏ စွမ်းအားကပင် နည်းဗျူဟာပုံစံ တည်ဆောက်မှုကို မထောက်ပံ့နိုင်ဘူးလား။

ဒါက အင်းကွက် ရေးဆွဲ့တဲ့ အဆင့်မှာတင် ရှိသေးတာဖြစ်ပြီး နည်းဗျူဟာပုံစံအပြည့်အစုံက ပုံပေါ်မလာသေးပေ။ ထိုအရာ ပြီးဆုံးသွားပါက စွမ်းအင်သုံးစွဲမှုက ပိုလို့တောင် ကြီးမားမသွားပေဘူးလား။

ထပ်မံ၍ မတွေးတောတော့ပဲ ကြယ်မြစ်နတ်သခင်တို့ နှစ်ယောက်လည်း လုချန်း၏ ခန္ဓာကိုယ်ထဲသို့ နတ်စွမ်းအားများကို စီးဆင်းစေလိုက်သည်။

သူတို့သုံးယောက်၏ စွမ်းအားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ လုချန်း နည်းဗျူဟာ အင်းကွက်များ ရေးဆွဲသည့် အမြန်နှုန်း တိုးတက်လာခဲ့သည်။ မကြာမီမှာပင် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ အင်းကွက်များ အပြည့်အစုံ ပုံပေါ်လာခဲ့သည်။

အင်းကွက်များ တည်ဆောက်ပြီးသည်နှင့် လုချန်းက လက်တစ်ဖက်ကို မြှောက်လိုက်ရာ ထိုအင်းကွက်များသည် သူ၏ လက်ချောင်းထိပ်များမှ ပျံထွက်သွားပြီး ကောင်းကင်ပြင်တွင် လျင်မြန်စွာ ကျယ်ပြန့်သွားခဲ့သည်။ အင်းကွက်များ ပုံပေါ်လာသည့် ထိုအခိုက်အတန့်တွင် လုချန်း၏ ခန္ဓာကိုယ်သည် ထိုသုံးယောက်၏ နတ်စွမ်းအားကို ရူးသွပ်စွာ စုပ်ယူလိုက်သည်။

နတ်သခင် ရှီယွဲ့တို့လူစု၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူတော်စင် အဆင့် နည်းဗျူဟာပုံစံတစ်ခု၏ စွမ်းအင်သုံးစွဲမှုမှာ တကယ်ပင် ထိတ်လန့်စရာကောင်းလှသည်ဟု စိတ်ထဲတွင် တွေးလိုက်မိကြသည်။

ကြယ်မြစ် နတ်သခင်က

“ကောင်းပြီ။ လောလောဆယ် ဒီလောက်ဆို တော်ပါပြီ”

ဟု အလျင်အမြန် ပြောလိုက်သည်။

ကြယ်မြစ် နတ်သခင် စကားပြောနေစဉ်မှာပင် လုချန်းက ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

နည်းဗျူဟာပုံစံ မြေပြင်သို့ ထိမိသွားသည်နှင့် လုချန်းထံမှ ထွက်ပေါ်နေသော ထိတ်လန့်ဖွယ် စုပ်ယူမှု ပျောက်ကွယ်သွားပြီး ထိုသုံးယောက်ကို သက်ပြင်းချနိုင်စေခဲ့သည်။

နတ်သခင် ဝမ်ကျဲက လုချန်းကို ကြည့်ကာ

“ကျုပ်တို့ ချိပ်ပိတ်ရင် အားဖြည့်ဖို့အတွက် ခင်ဗျားရဲ့ အကူအညီ လိုအပ်နေသေးပုံပဲ။ ခင်ဗျား ကူညီပေးဖို့ ဆန္ဒရှိရဲ့လား။”

ယခုအခိုက်အတန့်တွင် နတ်သခင် ဝမ်ကျဲ၏ လေသံ သိသိသာသာ ပြောင်းလဲသွားပြီဖြစ်သည်။ သူ့စိတ်ထဲ လုချန်းအပေါ် ပို၍ ရိုသေလေးစားမှု ရှိလာခဲ့သည်။

သူတို့ ပိုလေ့ကျင့်ပါက တစ်နေ့တွင် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ အင်းကွက်များကို အပြည့်အစုံ ရေးဆွဲနိုင်ကောင်း ရေးဆွဲနိုင်လိမ့်မည် ဖြစ်သော်လည်း အချိန်က သူတို့ဘက်မှာ ရှိမနေခဲ့ပေ။ နေဝင်တောင်တန်းရှိ ချိပ်ပိတ်မှုမှာ လျော့ရဲလာနေပြီး ထူးဆန်းသော သတ္တဝါများ ထွက်ပေါ်လာနေသောကြောင့် ချိပ်ပိတ်မှုကို အမြန်ဆုံး အားဖြည့်ရန် လိုအပ်နေသည်။

သူတို့အနေနှင့် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ တစ်ခုလုံး အပြည့်အစုံ ရေးဆွဲနိုင်ရန် အချိန်မည်မျှကြာမည်ကို မည်သူမှ မသိနိုင်ပေ။ ထိုအချိန်တွင် ထူးဆန်းသော သတ္တဝါများသည် ချိပ်ပိတ်မှုကို ဖျက်ဆီးကာ ထျန်းရန် နတ်ဘုရား နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာပြီး ဖြစ်နေနိုင်သည်။

လုချန်းက

“ခပ်သိမ်းသော သက်ရှိ သတ္တဝါတွေအတွက် ကျုပ် ကူညီပေးဖို့ ဆန္ဒရှိပါတယ်။”

နတ်သခင် ဝမ်ကျဲက

“ဒါဆိုရင် ကျုပ်က ထျန်းရန် နတ်ဘုရား နယ်မြေကိုယ်စား ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။”

လုချန်းက

“နတ်သခင် ဝမ်ကျဲ... ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျုပ်ကလည်း ထျန်းရန် နတ်ဘုရား နယ်မြေသား တစ်ယောက်ပါပဲ။ ဒါက ကျုပ် လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ။”

နတ်သခင် ရှီယွဲ့က ပြုံးကာ

“ရှင်က လောကကြီးကို ပူပန်ပေးမယ့်သူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ဒါကို စောစောကသာ သိခဲ့ရင် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးမယ့်အစား ရှင့်ဆီကိုပဲ တိုက်ရိုက် လာခဲ့သင့်တာ။”

ထိုသို့ပြောရင်း နတ်သခင် ရှီယွဲ့က ကြယ်မြစ် နတ်သခင်ကို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။

ကြယ်မြစ် နတ်သခင်၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးရန် တိုက်တွန်းခဲ့သည့် သူ၏ အကြံဉာဏ်အား နတ်သခင် ရှီယွဲ့က အပြစ်တင်နေကြောင်း သဘောပေါက်လိုက်သည်။

နတ်သခင် ဝမ်ကျဲက ဆက်လက်၍

“နေဝင်တောင်တန်းမှာ အန္တရာယ်ရှိတဲ့ နေရာတွေ အများကြီး ရှိတယ်။ အန္တရာယ်ရှိတဲ့ နေရာအားလုံးက ချိပ်ပိတ်မှုတွေကို အားဖြည့်ဖို့က ကျုပ်တို့ အင်အားစု သုံးခုတည်းအတွက် များလွန်းနိုင်တယ်။ ကျုပ်တို့ ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းက အခြားအင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ လိုအပ်တယ်။”

ကြယ်မြစ် နတ်သခင်က

“လောလောဆယ် နဂါးပြာ ခန်းမလိုမျိုး မြောက်ပိုင်းနယ်က အင်အားစု တော်တော်များများဟာ နေဝင်တောင်တန်းနဲ့ ကပ်လျက်မှာရှိတဲ့ အရိုင်းနယ်မြေမှာ အခြေစိုက် စခန်းတွေ တည်ဆောက်ထားပြီးပြီ။ သူတို့လည်း ချိပ်ပိတ်မှုတွေကို အားဖြည့်တဲ့နေရာမှာ ပါဝင်ကူညီကြလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”

နတ်သခင် ဝမ်ကျဲက

“ဒါဆိုရင် ကျုပ်တို့ အင်အားစု သုံးခု ပူးတွဲ ကြေညာချက် ထုတ်ပြန်ကြစို့။”

ကြယ်မြစ် နတ်သခင်နှင့် နတ်သခင် ရှီယွဲ့တို့က တစ်ချိန်တည်းမှာပင်

“သဘောတူတယ်။ ကောင်းပါပြီ”

ဟု ဆိုလိုက်ကြ၏။

ထိုအခိုက်အတန့်တွင် ထိုသုံးယောက်သည် လုချန်းထံသို့ အာရုံပြန်လည် ရောက်ရှိသွားကြပြန်သည်။

လုချန်း၏ ကိုယ်ပွားသည် လျှို့ဝှက်လဝန်း ကျောင်းတော်မှ ထွက်ခွာလာခဲ့ပြီးဖြစ်ရာ သူတို့အနေနှင့် လုချန်းကို ပြန်ခွင့်မပြုနိုင်တော့ပေ။ အကယ်၍ လုချန်း၏ ကိုယ်ပွားတစ်ခုခု ဖြစ်သွားပါက နည်းဗျူဟာ အင်းကွက်များကို ရေးဆွဲပေးနိုင်မည့်သူ ရှိတော့မည် မဟုတ်ပေ။

ကြယ်မြစ် နတ်သခင်က အပြုံးတစ်ခုကို မနည်းလုပ်ယူရင်း လုချန်းကို

“လုချန်း... ခင်ဗျား ကျုပ်နဲ့အတူ တောင်ပိုင်းနယ်ကို လိုက်ခဲ့ပြီး ချိပ်ပိတ်မှုတွေ အားဖြည့်ဖို့အတွက် ပြင်ဆင်တာ မကောင်းဘူးလား။”

လုချန်း မတုံ့ပြန်နိုင်မီမှာပင် နတ်သခင် ရှီယွဲ့က နှာခေါင်းရှုံ့ရင်း

“ကြယ်မြစ် ခန်းမသခင်... ကြည့်ရတာ ရှင်က လက်မလျှော့သေးဘူးပုံပဲ”

ဟု လှောင်ပြောင်လိုက်သည်။

ကြယ်မြစ် နတ်သခင်က အလျင်အမြန်ပင်

“ရှီယွဲ့ မဟာမိတ်ခေါင်းဆောင်... ခင်ဗျား ဘာကို ဆိုလိုတာလဲ။ နေဝင်တောင်တန်းက တောင်ပိုင်းနယ်နဲ့ ကပ်နေတာလေ။ လုချန်းက နောက်ဆုံးတော့ တောင်ပိုင်းနယ်ကို သွားရမှာပဲ ဖြစ်တဲ့အတွက် သူ့ကို အဲဒီကို စောစောပို့ထားတာ ဘာအန္တရာယ် ရှိလို့လဲ။”

နတ်သခင် ဝမ်ကျဲက

“လုချန်းကိုပဲ သူ ဘယ်အင်အားစုနဲ့ ပူးပေါင်းမလဲဆိုတာ ကိုယ်တိုင် ရွေးချယ်ခွင့် ပေးလိုက်ရအောင်။”

နတ်သခင် ရှီယွဲ့က ပြုံးကာ

“ကျွန်မမှာ ကန့်ကွက်စရာ မရှိပါဘူး”

ကြယ်မြစ် နတ်သခင်၏ မျက်နှာ မှုံမှိုင်းသွားခဲ့သည်။ လုချန်းသည် ခမ်းနားသော ကောင်းကင်ခန်းမနှင့် ရန်ငြိုးရှိထားသဖြင့် ၎င်းကို ဧကန်မုချ ရွေးချယ်မည်မဟုတ်ပေ။

နောက်တစ်ခဏတွင် လုချန်းက

“ဒါဆိုရင် ကျုပ်ရဲ့ ကိုယ်ပွားက သားရဲမဟာမိတ်ဆီကို သွားပါ့မယ်”

ဟု ကြေညာလိုက်သည်။

လုချန်းက သားရဲမဟာမိတ်ကို ရွေးချယ်လိုက်သည်ကို တွေ့မြင်လျှင် ကြယ်မြစ် နတ်သခင်၏ မျက်နှာ ပို၍ပင် မည်းမှောင်သွားခဲ့သည်။ ကစဉ့်ကလျား ပင်လယ်မှ ရရှိခဲ့သည့် အခွင့်အရေးများကို လုချန်းထံမှ နှိုက်ယူဖို့ အခြားနည်းလမ်းတစ်ခုကို ရှာဖွေရန် သူ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

ကြယ်မြစ် နတ်သခင်လည်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခမ်းနားသော ကောင်းကင်ခန်းမ၏ စစ်နတ်လှေဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။ သူ ထွက်ခွာသွားစဉ် သူ၏ သရော်လှောင်ပြောင်သော အသံက ကောင်းကင်ပြင်တွင် ပဲ့တင်ထပ်နေခဲ့၏။

“ရှီယွဲ့ မဟာမိတ်ခေါင်းဆောင်... လုချန်းက အခု အရေးကြီးတဲ့သူ ဖြစ်နေပြီ။ သူ့ကို ဘာမှမဖြစ်စေဖို့ သေချာ ဂရုစိုက်ပါ။ အကယ်၍ တစ်ခုခု ဖြစ်သွားလို့ ချိပ်ပိတ်မှုတွေကို အားဖြည့်ဖို့ နည်းဗျူဟာပုံစံတွေ တည်ဆောက်ပေးမယ့်သူ မရှိတော့ရင် ခင်ဗျားက ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ အပြစ်သား ဖြစ်လာလိမ့်မယ်။”

နတ်သခင် ရှီယွဲ့က

“အဲဒါအတွက်တော့ ကြယ်မြစ် ခန်းမသခင်အနေနှင့် စိုးရိမ်နေဖို့ မလိုပါဘူး”

ဟု ပြန်လည် တုံ့ပြန်လိုက်သည်။

ကြယ်မြစ် နတ်သခင် ဘာမှ ထပ်မပြောတော့ပဲ ခမ်းနားသော ကောင်းကင်ခန်းမ၏ စစ်နတ်လှေနှင့်အတူ တောင်ပိုင်းနယ်သို့ ချက်ချင်းပင် ပြန်လည် ထွက်ခွာသွားခဲ့တော့သည်။

--

…………..

All Chapters