← Chapters

အခန်း ၁၉၂၀

Vol. 128 Ch. 1920

အခန်း ၁၉၂၀

Vol. 128 Ch. 1920

အခန်း( ၁၉၂၀ )

ဗူးဆိုလျှင် ဖရုံမသီး

ထိုအခိုက်အတန့်တွင် နတ်သခင် ရှီယွဲ့ စိတ်ထဲ ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။ နည်းဗျူဟာပုံစံ ရေးဆွံရန် လုချန်းကို လိုအပ် နေသေးသဖြင့် ယခုအချိန်တွင် လုချန်းအား အန္တရာယ်မပြုနိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ထိုအချက်က သူမတွင် လုချန်းကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိဟု မဆိုလိုပေ။

ထိုနည်းလမ်းကို တွေးမိလျှင် နတ်သခင် ရှီယွဲ့၏ အေးစက် ဖြူစင်သော ပါးပြင်ပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမ၏ အပြုံးက သူမ၏ မျက်နှာကို ပိုလှပသွားစေရာ လုချန်း၏ ရင်ထဲမှ အလိုဆန္ဒများမှာ ထပ်မံ၍ လှုပ်ခတ်လာပြန်သည်။

လုချန်းထံမှ ထွက်ပေါ်လာသော အလိုဆန္ဒ စွမ်းအားများကို ခံစားမိလျှင် နတ်သခင် ရှီယွဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ရှင့်ကို ကိုင်တွယ်ဖို့ ကျွန်မမှာ နည်းလမ်းမရှိဘူးလို့ တကယ်ပဲ ထင်နေတာလား”

နတ်သခင် ရှီယွဲ့၏ စကားကို ကြားလျှင် လုချန်း၏ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ဒီမိန်းမက ခုနတင်ပဲ ပြင်းပြင်းထန်ထန် သတိပေးချက် ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလား။

သူက ဘာလို့ အခု ဒါကို ပြောနေရတာလဲ။

သူမတွင် သူ့ကို ကိုင်တွယ်ရန် နည်းလမ်း တကယ်ရှိပါက အချိန်အတော်ကြာကတည်းက အရေးယူဆောင်ရွက်ခဲ့ပေလိမ့်မည်။ ဤနေရာတွင် ရပ်ပြီး သူနှင့် စကားလုံးများ ဖြုန်းတီးနေမည် မဟုတ်ပေ။

လုချန်း ထိုသို့ တွေးတောနေစဉ်မှာပင် နတ်သခင် ရှီယွဲ့က သူမ၏လက်ကို မြှောက်လိုက်ရာ သူမ၏ လက်ချောင်းထိပ်များမှ နတ်စွမ်းအား စည်းကြောင်းတစ်ခု ပျံသန်းထွက်ပေါ်လာပြီး လုချန်း၏ ခန္ဓာကိုယ်ကို ချည်နှောင်ထားသည့် ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ နောက်တစ်ခဏ၌ နတ်သခင် ရှီယွဲ့သည် ချည်နှောင်ခြင်းခံထားရသော လုချန်းကို သားရဲမဟာမိတ်၏ စစ်နတ်လှေဆီသို့ ပြန်ခေါ်သွားပြီးနောက် သားရဲမဟာမိတ် တပ်ကို ဦးဆောင်ကာ အရှေ့ပိုင်းနယ်သို့ ပြန်လည် ထွက်ခွာခဲ့သည်။

အရှေ့ပိုင်းနယ်သို့ ပြန်မည့် လမ်းခရီးတွင် နတ်သခင် ရှီယွဲ့သည် လုချန်းအား တစ်စုံတစ်ရာ မပြုလုပ်ခဲ့သလို မည်သူ့ကိုမှလည်း တွေ့ဆုံခြင်း မရှိခဲ့ပေ။

နတ်သခင် ရှီယွဲ့သည် နေဝင်တောင်တန်းသို့ သွားရောက်ကာ ချိပ်ပိတ်ခြင်းကို အားဖြည့်ပြင်ဆင်သည့် အချိန်တွင်မှ သူကို ပြန်လည်လွှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် သူ့အား ဤကဲ့သို့ ဆက်လက် ချည်နှောင်ထားလိုသည်ဟုသာ လုချန်း ထင်မှတ်နေခဲ့သည်။

……

ရက်ရက်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။

ခမ်းနားသော ကောင်းကင်ခန်းမ၊ ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့၏ ပူးတွဲကြေညာချက်သည် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

…..

အရိုင်းနယ်မြေ။

နဂါးပြာ ခန်းမ။

ကောင်းကင်ယံ မိုင်ပေါင်းထောင်ချီ အမြင့်တွင် သေးငယ်သော အရွယ်အစားရှိသည့် လွင့်မျောနေသော ကျွန်းများစွာ ရှိနေသည်။

နဂါးပြာ ခန်းမ၏ နတ်ဂိုဏ်း တည်နေရာကို အပြည့်အဝ တည်ဆောက်ရခြင်း မရှိသေးပေ။ မြောက်ပိုင်းနယ်ရှိ နဂါးပြာ ခန်းမ၏ နယ်မြေကို ပြန်လည် ထူထောင်ရန် အချိန်အတန်ကြာ လိုအပ်ပေလိမ့်မည်။

အလယ်ဗဟိုရှိ လွင့်မျောနေသော ကျွန်းပေါ်တွင်တော့ နန်းတော်များစွာကို တည်ဆောက်ပြီးစီးနေပြီ ဖြစ်၏။

ယခုအခိုက်အတန့်တွင် နဂါးပြာ ခန်းမ၏ အစည်းအဝေးခန်းမအတွင်း၌ နတ်သခင်များ အားလုံး စုံစုံလင်လင် ရောက်ရှိနေကြပြီး တစ်စုံတစ်ခုကို ဆွေးနွေးရန် ပြင်ဆင်နေကြပုံရသည်။

နဂါးပျံနတ်သခင်သည် ခန်းမအတွင်းရှိ နဂါးပလ္လင်ထက်တွင် ထိုင်နေရင်း နတ်သခင်များကို တစ်ချက်ကြည့်ကာ

“ဒီနေရာက နတ်အငွေ့အသက်က သိပ်ကို အားနည်းလွန်းနေသေးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်ယောက်ယောက်က နတ်ဝိညာဉ်စွမ်းအား ကြွယ်ဝတဲ့ နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကျုပ် အဲဒီနေရာကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားတယ်။”

နဂါးပြာ ခန်းမအနေနှင့် အရိုင်းနယ်မြေတွင် ရေရှည်နေထိုင်ရန် အစီအစဉ် မရှိခဲ့သော်လည်း ယခုအခါ နတ်ဆိုးဧကရာဇ်၏ စွမ်းအားများ ပြန်လည်နိုးထလာပြီဖြစ်ရာ နတ်ဆိုးဧကရာဇ်၏ ကလဲ့စားချေခြင်းကို မခံရလျှင်ပင် သူတို့၏ နောင်လာမည့် နေ့ရက်များသည် လွယ်ကူလိမ့်မည်မဟုတ်ပေ။ ရေတိုကာလအတွင်း သူတို့အနေနှင့် မြောက်ပိုင်းနယ်သို့ ပြန်ရန် သို့မဟုတ် နတ်ဝိညာဉ်စွမ်းအား ပေါကြွယ်ဝသော အခြား နယ်မြေတစ်ခုခုသို့ သွားရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ယခုအခါ သူတို့အတွက် တစ်ခုတည်းသော သင့်တော်သည့် နေရာမှာ အရိုင်းနယ်မြေသာ ဖြစ်သည်။ သူတို့ ရေရှည်တည်တံ့နိုင်ရေးအတွက် အရိုင်းနယ်မြေအတွင်း၌သာ နတ်ဝိညာဉ်စွမ်းအား ကြွယ်ဝသော နေရာများကိုသာ ဆက်လက် ရှာဖွေရတော့မည်ဖြစ်သည်။

နဂါးပျံနတ်သခင် စကားပြောပြီးနောက် သူ၏ အကြည့်က ခန်းမအတွင်းရှိ နတ်သခင်တစ်ဦးထံသို့ ကျရောက်သွားခဲ့သည်။

နဂါးပျံနတ်သခင် သူအား ကြည့်နေသည်ကို တွေ့မြင်လျှင် နတ်သခင် လုံကျောက်က ချက်ချင်းပင် ဝင်ပြောလိုက်သည်။

“ကျုပ်တို့ ရှာတွေ့ခဲ့တဲ့ နေရာကို နဂါးနယ်မြေလို့ ခေါ်ပါတယ်။ အဲ့ဒါက နေဝင်တောင်တန်းရဲ့ ကပ်လျက်မှာ ရှိပြီး အဲ့ဒီနေရာက နတ်ဝိညာဉ်စွမ်းအားက ဒီထက် အနည်းဆုံး လေးဆလောက် ပိုပြီး ကြွယ်ဝပါတယ်။”

“ဒါပေမဲ့ အဲ့ဒီနေရာမှာ နတ်ဂိုဏ်းတစ်ဂိုဏ်း ရှိနေနှင့်ပြီးသား ဖြစ်ပြီး အဲဒီဂိုဏ်းက လျှို့ဝှက်လဝန်း ကျောင်းတော်နဲ့ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေပုံရပါတယ်။”

ထိုအရာကို ကြားလျှင် နတ်သခင်တစ်ဦးက

“နဂါးနယ်မြေလား။ နာမည်က တော်တော်လေး ကောင်းတာပဲ။ ဒီနေရာက ကောင်းကင်ဘုံက ကျုပ် တို့အတွက် သီးသန့် ပြင်ဆင်ပေးထားသလိုမျိုးပဲ။ ဒါပေမဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်က အရိုင်းနယ်မြေထဲအထိ ခြေဆန့်လာမှာ မဟုတ် လောက်ဘူးမလား။”

“အလယ်ပိုင်းနယ်မှာ ဒီလောက် ကြွယ်ဝတဲ့ နတ်ဝိညာဉ်စွမ်းအားတွေ ရှိနေတာကို လျှို့ဝှက်လဝန်း ကျောင်းတော်က အရိုင်းနယ်မြေထဲမှာ ဘာကို လိုချင်မှာလဲ။”

နတ်သခင် လုံကျောက်က ဆက်လက်၍

“အဲဒီနတ်ဂိုဏ်းကို လျှို့ဝှက်လဝန်း နန်းတော်လို့ ခေါ်ပါတယ်။ ကျုပ် တို့ စုံစမ်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ လျှို့ဝှက်လဝန်း နန်းတော်သခင်က လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ အရင်က သူတော်စင်မဟောင်းတစ်ယောက် ဖြစ်ပုံရပါတယ်။”

ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ နတ်သခင်များ အံ့အားသင့်သွားကြသည်။

လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ သူတော်စင်မလား။

လျှို့ဝှက်လဝန်း ကျောင်းတော်က အရိုင်းနယ်မြေထဲအထိ တကယ်ပဲ ခြေဆန့်လာတာလား။

ဒါမှမဟုတ် နဂါးနယ်မြေထဲမှာ တစ်စုံတစ်ရာသော ရတနာ ရှိနေလို့လား။

လူများ အမျိုးမျိုး ခန့်မှန်း တွေးတောနေကြစဉ်မှာပင် နဂါးပလ္လင်ထက်၌ ထိုင်နေသော နဂါးပျံနတ်သခင်က စကားဆိုလာခဲ့သည်။

“လျှို့ဝှက်လဝန်း ကျောင်းတော်ကနေ ထွက်ခွာသွားတဲ့ သူတော်စင်မဟောင်း တစ်ယောက်ပဲ မဟုတ်လား။ အများကြီး စိုးရိမ်နေစရာမလိုပါဘူး”

“ကျုပ်တို့ အရိုင်းနယ်မြေကို ရောက်လာကတည်းက အခုကစပြီး ကျုပ် တို့ကပဲ အရာရာကို ဆုံးဖြတ်ရမယ်။ ကျုပ် နဂါးနယ်မြေကို ရအောင် ယူဖို့ ဆုံးဖြတ်ထားပြီးပြီ။”

နဂါးပျံနတ်သခင် ပြောပြီးသည်နှင့် နတ်ဘုရင်တစ်ပါး ခန်းမအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ နတ်ဘုရင် ဝင်လာသည်ကို တွေ့မြင်လျှင် နဂါးပျံနတ်သခင် မျက်မှောင်ကြုတ်လိုက်မိ၏။ သူ၏ စိတ်ထဲတွင်လည်း မကောင်းသော နိမိတ်တစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။

“ဘာဖြစ်တာလဲ”

ယေဘုယျအားဖြင့် အကြောင်းအရာများကို ဆွေးနွေးနေသည့်အခါတွင် နတ်သခင်အဆင့်အောက်ရှိသူများကို အစည်းအဝေးခန်းမအတွင်း ဝင်ခွင့်မပြုပေ။ ထို့ကြောင့် ယခုကဲ့သို့ အချိန်မျိုးတွင် နတ်ဘုရင်တစ်ပါး ဝင်ရောက်လာခြင်းက ကြီးမားသော ကိစ္စရပ်တစ်ခုခု ရှိနေရမည် ဖြစ်ကြောင်း ညွှန်ပြနေသည်။

ထိုနတ်ဘုရင်က စာလိပ်တစ်လိပ်ကို အမြန်ထုတ်ယူလိုက်ပြီး

“ခန်းမသခင်... ဒါက ခမ်းနားသော ကောင်းကင်ခန်းမ၊ ချင်းယွမ်ကျောင်းတော်နဲ့ သားရဲမဟာမိတ်တို့ဆီက ပူးတွဲကြေညာချက်ပါ။ ပြီးတော့ ခမ်းနားသော ကောင်းကင်ခန်းမက သံတမန်တစ်ယောက်လည်း စေလွှတ်ထားပါတယ်။”

ထိုအရာကို ကြားလျှင် နဂါးပျံနတ်သခင် သူ၏လက်ကို မြှောက်လိုက်ရာ နောက်တစ်ခဏ၌ စာလိပ်သည် နတ်ဘုရင်၏ လက်ထဲမှ နဂါးပျံနတ်သခင်၏ လက်ထဲသို့ ပျံသန်းရောက်ရှိသွားသည်။ ထို့နောက် နဂါးပျံနတ်သခင်က စာလိပ်ကို နတ်စွမ်းအားဖြင့် လှုံ့ဆော်လိုက်ရာ ကြေညာချက်ပါ အကြောင်းအရာများ ခန်းမအတွင်း၌ ပေါ်ထွက်လာခဲ့သည်။

ခမ်းနားသော ကောင်းကင်ခန်းမ၊ ချင်းယွမ်ကျောင်းတော်နဲ့ သားရဲမဟာမိတ်တို့၏ ပူးတွဲကြေညာချက်ကို တွေ့မြင်လျှင် နဂါးပျံနတ်သခင် ခဏခန့် ကြောင်အမ်းသွားခဲ့သည်။

ဤအတောအတွင်း သူတို့သည် နယ်မြေချဲ့ထွင်ရန်အတွက် အလုပ်ရှုပ်နေခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့သည် အရိုင်းနယ်မြေသို့ အသစ်စက်စက် ရောက်ရှိလာခြင်းဖြစ်ရာ သူတို့၏ အဓိက ဦးစားပေး ရည်ရွယ်ချက်မှာ ဤနေရာတွင် ခြေကုပ်ရယူရန်သာ ဖြစ်သည်။

သူတို့ နယ်မြေချဲ့ထွင်ရန် အလုပ်ရှုပ်နေစဉ်အတွင်း ထျန်းရန် နတ်ဘုရား နယ်မြေ၌ ဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တွင် နတ်သခင်တစ်ဦးက

“နေဝင်တောင်တန်းက ဆန်းကြယ်တဲ့ သတ္တဝါအချို့ကို ချိပ်ပိတ်ထားတာလား။ တကယ်လို့ အဲ့ဒီဆန်းကြယ်တဲ့ သတ္တဝါတွေက ချိပ်ပိတ်ခြင်းကို ဖောက်ထွက်လာရင် ကျုပ် တို့က ပထမဆုံး ထိခိုက်နစ်နာရမယ့်သူတွေ ဖြစ်မသွားဘူးလား။”

နတ်သခင် လုံကျောက်က နဂါးပျံနတ်သခင်၏ မျက်နှာအမူအရာကို တစ်ချက်ကြည့်လိုက်ပြီးနောက်

“ခန်းမသခင်... ကျုပ် တို့ နဂါးနယ်မြေကို ယူဦးမှာလား”

ဟု စမ်းသပ်သည့် သဘောဖြင့် မေးမြန်းလိုက်သည်။

နဂါးပျံနတ်သခင်သည် ခန်းမအတွင်းရှိ ပူးတွဲကြေညာချက်ကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး ချက်ချင်း အဖြေမပေးခဲ့ပေ။

အတော်ကြာမှသာ သူက

“ထားလိုက်ပါတော့... လျှို့ဝှက်လဝန်းနန်းတော်ကိုပဲ ကျုပ် တို့အစား နေဝင်တောင်တန်းကို စောင့်ကြည့်ခိုင်းထားလိုက်မယ်”

ဟု နောက်ဆုံးတွင် ပြောလိုက်သည်။

နဂါးပျံနတ်သခင်သည် နဂါးနယ်မြေအပေါ် ရုတ်တရက် စိတ်ဝင်စားမှု မရှိတော့ပေ။

နဂါးပျံနတ်သခင်က ဆက်လက်၍

“ခမ်းနားသော ကောင်းကင်ခန်းမရဲ့ သံတမန်ကို အထဲခေါ်ခဲ့ပါ။”

ခန်းမအတွင်းရှိ နတ်ဘုရင်က ဦးညွှတ်လိုက်ပြီး

“ဟုတ်ကဲ့ပါ ခန်းမသခင်”

ထိုစကားများ ပြောပြီးနောက် နတ်ဘုရင်၏ ခန္ဓာကိုယ် ထိုနေရာတင် ပျောက်ကွယ်သွားခဲ့ပြီး ခဏခန့်အတွင်းမှာပင် ထိုနတ်ဘုရင်သည် ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်ကို ခန်းမအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။

ခမ်းနားသော ကောင်းကင်ခန်းမမှ စေလွှတ်လိုက်သော သံတမန်မှာ နတ်ဘုရင် ချင်းယွမ် ဖြစ်သည်။ နဂါးပျံနတ်သခင်ကို တွေ့မြင်လျှင် နတ်ဘုရင် ချင်းယွမ်က ချက်ချင်းပင် ဦးညွှတ် ဂါရဝပြုရင်း

“ခမ်းနားသော ကောင်းကင်ခန်းမရဲ့ သံတမန် ချင်းယွမ်က နဂါးပျံ ခန်းမသခင်ကို နှုတ်ခွန်းဆက်သပါတယ်။”

နဂါးပျံနတ်သခင်က ခန်းမအတွင်းရှိ နတ်ဘုရင် ချင်းယွမ်ကို ကြည့်ကာ

“ခင်ဗျားတို့ ခန်းမသခင်က ခင်ဗျားကို ဘာလို့ ဒီကို စေလွှတ်လိုက်တာလဲ”

ဟု ကွေ့ဝိုက်မနေပဲ မေးမြန်းလိုက်သည်။

နတ်ဘုရင် ချင်းယွမ်က

“နဂါးပျံ ခန်းမသခင်အနေနှင့် ပူးတွဲကြေညာချက်ကို ဖတ်ရှုပြီးပြီလို့ ကျုပ် ယုံကြည်ပါတယ်။ ကျုပ် တို့ ခန်းမသခင်က နဂါးပြာ ခန်းမကို နေဝင်တောင်တန်းရဲ့ ချိပ်ပိတ်ခြင်းကို ပူးပေါင်းအားဖြည့်ဖို့ ဖိတ်ခေါ်လိုတာ ဖြစ်ပါတယ်။”

ထိုအရာကို ကြားလျှင် နဂါးပျံနတ်သခင်က အေးစက်စွာ ရယ်မောလိုက်ပြီး ကွေ့ဝိုက်မနေပဲ ငြင်းပယ်လိုက်သည်။

“နဂါးပြာ ခန်းမက ဒီကိစ္စမှာ ပါဝင်မှာ မဟုတ်ဘူး။ အခု နတ်ဆိုးဧကရာဇ်က အဆင့်တက်သွားပြီဆိုတော့ ချိပ်ပိတ်ခြင်းကို အားဖြည့်ဖို့ကလည်း နတ်ဆိုးဧကရာဇ်ရဲ့ အလုပ်ပဲ ဖြစ်သင့်တယ်။”

“နတ်ဆိုးဧကရာဇ်ကတောင် စိုးရိမ်မနေတာကို ခင်ဗျားတို့တတွေက အရမ်း စိတ်အားထက်သန်နေကြတယ်။”

နဂါးပျံနတ်သခင်၏ စကားကို ကြားလျှင် နတ်ဘုရင် ချင်းယွမ် ခဏခန့် ကြောင်အမ်းသွားခဲ့သည်။

သူ သတိပြန်ဝင်လာပြီးနောက်

“နဂါးပျံ ခန်းမသခင်။ နေဝင်တောင်တန်းက အရိုင်းနယ်မြေရဲ့ ဘေးမှာ ရှိနေတာပါ။ တကယ်လို့ ဆန်းကြယ်တဲ့ သတ္တဝါတွေက ချိပ်ပိတ်ခြင်းကို ဖောက်ထွက်လာရင် အရိုင်းနယ်မြေက ပထမဆုံး ကျူးကျော်မှုကို ရင်ဆိုင်ရမှာပါ။ နဂါးပျံ ခန်းမသခင်အနေနှင့် ပြန်လည် စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။”

နဂါးပျံနတ်သခင်က

“ကျုပ်ကို နားချဖို့ မလိုတော့ဘူး။ ကျုပ်တို့ မပါဝင်ဘူးလို့ ပြောပြီးကတည်းက မပါဝင်တော့ဘူး။ ခင်ဗျား အခု ထွက်သွားလို့ရပြီ။”

ထိုစကားများ ပြောပြီးသည်နှင့် တစ်ပြိုင်နက် နဂါးပျံနတ်သခင်က သူ၏လက်ကို မြှောက်လိုက်ရာ နတ်ဘုရင် ချင်းယွမ်လည်း အမှောင်ထုအတွင်းသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ အလင်းရောင် ပြန်လည် ပေါ်ထွက်လာချိန်တွင် သဲကန္တာရတစ်ခုထဲသို့ သူ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

နဂါးပျံနတ်သခင်က နတ်ဘုရင် ချင်းယွမ်ကို ပြတ်ပြတ်သားသား မောင်းထုတ်လိုက်သည်ကို တွေ့မြင်လျှင် ရောက်ရှိနေသည့် နတ်သခင်များ အားလုံး အံ့အားသင့်သွားကြသည်။

ရောက်ရှိနေသော နတ်သခင်အများစုစိတ်ထဲ၌တော့ နတ်ဘုရင် ချင်းယွမ် ပြောသွားသည့်အချက် မှန်သည်ဟု သဘောတူကြသည်။

အကယ်၍ သတ္တဝါဆန်းများ ကျူးကျော်လာပါက နဂါးပြာ ခန်းမက ပထမဆုံး ထိခိုက်ခံရမှာ အသေအချာပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ၎င်းတို့၏ ခန်းမသခင်သည် အဘယ်ကြောင့် ချိပ်ပိတ်ခြင်းကို သွားရောက် အားဖြည့်ရန် မလိုလားရသနည်း။

--

All Chapters