အခန်း ၅
Vol. 1 Ch. 5
အခန်း (၅)
ချန်မေ့လန် ပြုံးလိုက်သော်လည်း သူမ၏ သမီးလေးကို တင်းကျပ်စွာ ဖက်ထားချိန်တွင်မူ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားခဲ့သည်။
သူမ၏ ယခင်ဘဝက နောက်အိမ်ထောင်ပြုချိန်တွင် အခြားကလေးများရှိနေသော အိမ်ထောင်စုတစ်ခုထဲသို့ ရုတ်တရက် ခေါ်သွားပါက ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ကျောင်းတိလေးကို မိဘများနှင့်အတူ ချန်ရစ်ထားခဲ့ဖူး၏။
မထွက်ခွာမီက သူမသည် ကျောင်းတိလေးအတွက် ကြက်ဥမုန့်တစ်ပေါင် ဝယ်ပေးခဲ့ပြီး မုန့်များ စားလို့ကုန်သွားချိန်တွင် သူမကို လာပြန်ခေါ်မည်ဖြစ်ကြောင်း ပြောပြခဲ့လေသည်။
ကျောင်းတိလေးမှာမူ တစ်ခုမျှ မစားခဲ့ချေ။ ချန်မေ့လန် သူမကို လာပြန်ခေါ်သည့် သုံးလအတွင်း ကြက်ဥမုန့်များ အားလုံးမှာ ပလတ်စတစ်အိတ်ထဲတွင် ခြောက်သွေ့နေခဲ့ပြီဖြစ်သည်။
ကလေးမလေးသည် နေ့ဘက်တွင် ၎င်းတို့ကို ပခုံးပေါ်တွင် ထမ်းထားတတ်ပြီး ညဘက်အိပ်ချိန်တွင်လည်း ပွေ့ဖက်ထားလေ့ရှိသည်။
ကလေးမလေး၏ စကားအရဆိုရလျှင် မိခင်မရှိသော နေ့ရက်များတွင် ထိုကြက်ဥမုန့်များသည် သူမမိခင်၏ ရနံ့ပင် ဖြစ်နေခဲ့၏။ ၎င်းတို့ ကုန်ဆုံးသွားပါက မိခင်၏ရနံ့များလည်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်သဖြင့် သူမ မစားရက်ခဲ့ပေ။
ဤဘဝတွင်မူ မည်သည့်အရာများပင် ဖြစ်ပျက်နေပါစေ၊ မည်သည့်နေရာသို့ပင် သွားရပါစေ၊ ချန်မေ့လန်သည် သူမ၏ ကလေးကို နောက်တစ်ကြိမ် ထပ်မံချန်ရစ်မထားခဲ့ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားလိုက်လေသည်။
နေမင်းကြီး ဝင်ရောက်ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး လမင်းကြီးပင်လျှင် သစ်ကိုင်းဖျားများပေါ်၌ တွဲလွဲခိုနေပြီဖြစ်သည်။
ဝါးပေါင်းအိုးအတွင်းမှ ပြောင်းဖူးမှုန့်မုန့်များကို အကြိမ်ကြိမ်ပြန်နွှေးပြီးဖြစ်သော်လည်း အစ်ကိုကြီးမိသားစုမှာမူ ပြန်မရောက်လာကြသေးပေ။
မည်သို့ပင်ဆိုစေ ဒုတိယအစ်ကိုမှာ သူမဘက်မှ ရပ်တည်ပြောဆိုပေးခဲ့မှုကြောင့် ထိုသူဌေးသစ်၏ ရိုက်နှက်မှုကိုခံခဲ့ရပြီး ကန်အိပ်ရာပေါ်တွင် လဲလျောင်းနေရလေသည်။
အစ်ကိုကြီးနှင့် ယောင်းမတို့သည် မိသားစုနှစ်စုလုံးအတွက် ဂျုံ၊ နှံစားပြောင်း၊ ပြောင်းဖူး စသည်တို့ကို တစ်ခုပြီးတစ်ခု ရိတ်သိမ်းပေးနေရသည်။ သူတို့သည် သုံးလတိုင်တိုင် အလုပ်များနေမည်ဖြစ်ပြီး ယနေ့ညတွင်လည်း လမင်းကြီး ကောင်းကင်ယံသို့ မြင့်တက်လာချိန်မှသာ ပြန်ရောက်လာကြဖွယ် ရှိလေသည်။
ဒုတိယချွေးမသည် နောက်ဆုံးတွင် ကြက်သားစားပြီးသွားခဲ့ပြီဖြစ်ပြီး ဘေးအိမ်မှနေ၍ တတွတ်တွတ် မရပ်မနားပြောဆိုနေလေသည်။
မေလန်၏ ဒေါသကြီးမှုကြောင့်သာ ထိုသူဌေးအသစ်ကို သွားမရိုက်ခဲ့လျှင် သူက ကွာရှင်းမည်မဟုတ်သလို ဒုတိယအစ်ကိုလည်း အရိုက်ခံရမည်မဟုတ်ဟု သူမက ပြောနေသည်။
ထိုသူဌေးသစ်မှာ ရှီးဖျင်မြို့တွင် အချမ်းသာဆုံးလူတစ်ယောက်ဖြစ်ပြီး၊ ပညာမတတ်သော တောသူမတစ်ယောက်အနေဖြင့် သူ့ကိုရိုက်ရန် မည်သည့်အရာက ရဲတင်းစေခဲ့သနည်း။
ယောကျ်ားများက မိန်းမများနှင့် ကလေးများကို ရိုက်နှက်ခြင်းမှာ သဘာဝကျသည်မဟုတ်လော။ သူဌေးသစ်က ကလေးကို အရက်မူးပြီး ကန်လိုက်ရုံလေးကို၊ ကျောင်းတိအနေဖြင့် သည်းခံလိုက်ရုံသာရှိသည်။ ဤကိစ္စလေးအတွက်နှင့် အဘယ်ကြောင့် ကွာရှင်းရသနည်း။
အစ်ကိုကြီး၏ မိသားစုသည် ပူပြင်းလှသော ဤဇူလိုင်လတွင် ဒုတိယချွေးမအတွက် သီးနှံများ ကူညီရိတ်သိမ်းပေးနေရသည်။
သူမမှာ ချွေးထွက်စရာမလို အလုပ်လုပ်စရာမလိုဘဲ အေးအေးဆေးဆေး နေရသည်မှာ ကောင်းမွန်သင့်သော်လည်း ဤအခြေအနေကို သူမ မကျေနပ်နိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေ အစ်ကိုကြီး၏ မိသားစုတွင် ကလေးသုံးယောက်ရှိပြီး ဆင်းရဲကြသဖြင့် ဂျုံမှုန့်အဖြူကိုပင် မဝယ်နိုင်ကြပေ။ ရိတ်သိမ်းနေစဉ်အတွင်း စပါးများကို သူတို့အိမ်တွင် ခိုးဝှက်သိမ်းဆည်းထားလျှင် မည်သို့လုပ်မည်နည်း။
‘ဒီကိစ္စတွေ အားလုံးဟာ မေလန်ရဲ့ အပြစ်တွေပဲ မဟုတ်ဘူးလား၊
ဒါ့အပြင် သူဌေးသစ်က သူ့ကို မလိုချင်တော့မှတော့ တောကယောကျ်ားတစ်ယောက်နဲ့ပဲ လက်ထပ်လိုက်ပြီး အေးအေးဆေးဆေး နေလိုက်ပါတော့လား၊
ယောင်းမရဲ့ ညီမ ခင်ပွန်းဟောင်းနဲ့ လက်ထပ်မယ်ဆိုတာကရော အဓိပ္ပါယ်ရှိရဲ့လား၊
နောင်ကျရင် သူတို့တွေ တစ်ယောက်မျက်နှာ တစ်ယောက် ဘယ်လိုကြည့်ကြမလဲ’
ကံကောင်းထောက်မစွာဖြင့် အစ်ကိုကြီးမှာ အိမ်တွင် ဩဇာအာဏာ ကြီးမားလှသည်။ ခြံဝင်းအပြင်ဘက်မှနေ၍ သူ ချောင်းတစ်ချက် ပြင်းပြင်းထန်ထန် ဟန့်လိုက်သည်နှင့်တစ်ပြိုင်နက် ဒုတိယချွေးမသည် ချက်ချင်း ပါးစပ်ပိတ်သွားတော့၏။
အစ်ကိုကြီး ချန်တကုန်းသည် အရပ်ခြောက်ပေနီးပါးရှိပြီး ကျယ်ပြန့်သော ပခုံးနှင့် တောင့်တင်းခိုင်မာသော ကိုယ်လုံးကိုယ်ပေါက် ရှိသူဖြစ်သည်။ သူသည် စကားနည်းသူတစ်ဦးဖြစ်သော်လည်း လယ်ယာလုပ်ငန်းခွင်နှင့် ပတ်သက်လာလျှင်မူ ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။
မြည်းကို ခြံထဲတွင် ပြန်လည်ချည်နှောင်ပြီးနောက် အငွေ့တထောင်းထောင်း ထွက်နေသော အဝါရောင် ပြောင်းဖူးမှုန့်မုန့်တောင်းကို သူ မြင်လိုက်ရ၏။ ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်လုံးများပင် ပြာဝေနေသော သူ့ကလေးများကို လက်ဆေးပြီး စားသောက်ရန် သူက လက်ဟန်ဖြင့် ပြလိုက်သည်။
သူ၏ ဆေးတံကို မီးညှိလိုက်ပြီး တစ်ရှိုက်ကြီး ဖွာရှိုက်လိုက်သည်။ ထိုအချိန်ရောက်မှသာ မနက် ၃ နာရီမှ ညအချိန်အထိ အလုပ်လုပ်ခဲ့ရသော ပင်ပန်းနွမ်းနယ်မှုများမှာ နောက်ဆုံးတွင် သက်သာရာရသွားလေတော့၏။
ချန်မေ့လန်ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူ၏ဆေးတံကို နောက်တစ်ကြိမ် ဖွာရှိုက်ကာ သက်ပြင်းချလိုက်သည်။
“မေလန်၊ နင့်ယောင်းမက နင့်ကို ဒုက္ခမပေးဘူးဆိုတာ ငါ အာမခံနိုင်ပေမယ့်၊ ဒီရက်ပိုင်း ရွာထဲမှာ အတင်းအဖျင်းတွေက အမျိုးမျိုးထွက်နေတယ်လေ၊ ငါ နင့်ကို အလျင်စလို အိမ်ထောင်မချပေးချင်ဘူး၊ နင် ယန်ကျောက်ကို လက်ထပ်မယ်၊ မထပ်ဘူးဆိုတာက နင့်အပေါ်မှာပဲ မူတည်တယ်၊ နင် သူ့ကို လက်မထပ်ချင်ဘူးဆိုရင် နင့်ကိုယ်စား ငါ ငြင်းပေးပါ့မယ်၊ နင် အိမ်မှာ နေချင်သလောက် နေလို့ရတယ်၊ ဒါမှမဟုတ် ပိုကောင်းတဲ့လူကို အေးအေးဆေးဆေး အချိန်ယူပြီး ရှာချင်လည်းရတယ်၊ နင် ဘယ်လိုထင်လဲ”
ယန်ကျောက်သည် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
သူ၏ မိသားစုနောက်ခံမှာလည်း မဆိုးလှပေ။
သူတို့သည် မြို့ကြီးသားများဖြစ်ကြပြီး သူ့ဖခင်မှာ မြို့တော်တွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။
အစပိုင်းတွင် သူနှင့် ကျိုးရွှယ်ချင်းတို့ကို သူတို့၏ အလုပ်ခွင်များမှတစ်ဆင့် မိတ်ဆက်ပေးခဲ့ပြီး ဘလိုင်းဒိတ််လုပ်ပြီးနောက်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်၏။
လက်ထပ်ပြီးနောက် တစ်နှစ်လျှင် တစ်ကြိမ်ခန့် အိမ်သို့လာရောက်လည်ပတ်သည်မှလွဲ၍ သူသည် စစ်တပ်ထဲတွင်သာ အမြဲတမ်း နေထိုင်ခဲ့သည်။
ချန်တကုန်းသည် သူ့ကို ယောက်ဖဟု ခေါ်လေ့ရှိသော်လည်း တစ်ကြိမ်သာ သေချာဆုံဖူးခဲ့သည်။ ထိုအမျိုးသားမှာ အလွန်တရာ တည်ကြည်လေးနက်ပြီး စကားပြောဆိုလေ့ သိပ်မရှိပေ။
ကျိုးရွှယ်ချင်း၏ အဆိုအရ သူသည် အိမ်တွင်လည်း ထိုအတိုင်းပင်ဖြစ်ပြီး စကားနည်းသူတစ်ဦး ဖြစ်လေသည်။
သို့သော်လည်း ကျိုးချောင်ဖန်ကမူ ယန်ကျောက်သည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ သူတို့ အဆင်မပြေဖြစ်ရသည်မှာလည်း သူမညီမ၏ ဒေါသကြီးမှုကြောင့်သာ ဖြစ်ကြောင်း အမြဲတမ်း အာမခံ ပြောဆိုလေ့ရှိသည်။
ဆင်ခြေဖုံးရပ်ကွက်မှ ထိုအိမ်ကြီးအတွက် ချန်တယ်ကုန်းသည် မေလန်ကို သူ့ထံ အိမ်ထောင်ချပေးရန် မလိုလားဘဲ သဘောတူခဲ့ရသော်လည်း သူ၏စိတ်ထဲတွင်မူ စိုးရိမ်ပူပန်နေဆဲဖြစ်၏။
‘ကျိုးရွှယ်ချင်း ကိုယ်တိုင်တောင် သူ့ကို မလိုချင်တော့ဘူးဆိုရင် အဲဒီလူက ဘယ်လောက် ကောင်းနေမှာလဲ’
မေလန်သည် လှပပြီး သိမ်မွေ့ကာ ငယ်စဉ်ကတည်းက စကားနားထောင်တတ်သူဖြစ်သည်။ သူမသည် အိမ်ထောင်ရေးတစ်ခု မှားယွင်းခဲ့ပြီးပြီဖြစ်ရာ သူမကို ဒုတိယအကြိမ် ထပ်မံအမှားမကျူးလွန်စေချင်တော့ပေ။
သူ၏ဇနီးဖြစ်သူက ဤအိမ်ထောင်ရေးအတွက် အလွန်တရာ စိတ်အားထက်သန်နေသော်လည်း မိသားစုအတွင်း အရေးကြီးသော ဆုံးဖြတ်ချက်များကို ချန်တကုန်းကသာ ချမှတ်လေ့ရှိသည်။ သူသာ သူ့ညီမကို အိမ်ထောင်မပြုစေချင်ပါက ကျိုးချောင်ဖန်သည် စကားတစ်ခွန်းမျှပင် ဟရဲမည်မဟုတ်ပေ။
“ကျွန်မ သူ့ကို လက်ထပ်ပါ့မယ်၊ ကျွန်မ ဆုံးဖြတ်ပြီးပါပြီ၊”
အစ်ကိုဖြစ်သူ၏ စကားကို နားထောင်ပြီးနောက် ချန်မေ့လန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူမသည် ရေတွင်းမှ ရေခပ်လာပြီး၊ ချွေးများရွှဲနစ်နေသော အစ်ကိုဖြစ်သူ၏ အင်္ကျီကို ယူလိုက်ကာ သူမသမီးနှင့် တူများ၏ အဝတ်အစားများကို ဇလုံထဲသို့ ပစ်ထည့်ပြီးနောက် အားရပါးရ စတင်လျှော်ဖွပ်လေတော့၏၊။
ဤနေရာတွင် ဆက်နေပြီး ဒုတိယချွေးမ၏ အမြဲတစေ ဆဲရေးတိုင်းထွာမှုများကို နားထောင်နေရခြင်းက ဘာအဓိပ္ပါယ်ရှိမည်နည်း။
ယန်ကျောက်ကို လက်ထပ်ပြီး မြို့သို့ အမြန်ဆုံးပြန်ကာ ထိုအိမ်ကြီးကို သူမ၏ အမည်ပေါက်ဖြစ်အောင် လုပ်ဆောင်ခြင်းကသာ အရေးအကြီးဆုံးဖြစ်သည်။
အိမ်ကို သူမအမည်ပေါက်အဖြစ် ပြောင်းလဲပြီးသည်နှင့်တစ်ပြိုင်နက် အပိုဘဝတစ်ခုကို နေထိုင်ခွင့်ရရှိထားသူတစ်ဦးအနေဖြင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် သူမ ချမ်းသာကြွယ်ဝလာအောင် မလုပ်နိုင်ခဲ့လျှင်ပင် သူမနှင့် ကျောင်းတိကိုတော့ သေချာပေါက် လုပ်ကျွေးပြုစုနိုင်မည်မဟုတ်လော။
သူမ၏ ယခင်ဘဝက သူမသည် သူဌေးသစ်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သူဌေးကြီးတစ်ဦး၏ ဇနီးဖြစ်ခဲ့ဖူးသည်။
သူမ ဝက်သား မစားဖူးရင်တောင် ဝက်များ ပြေးနေသည်ကိုတော့ သူမ မြင်ဖူးခဲ့သည်မဟုတ်လော။ ယခုအချိန်တွင် ယောင်းမဖြစ်သူ ကျိုးချောင်ဖန်သည် သူတို့မိသားစု၏ အိမ်ဟောင်းဆီသို့ အလျင်အမြန် သွားရောက်နေလေသည်။
လက်ရှိတွင် သူတို့သည် မြေယာပြုပြင်ပြောင်းလဲရေးအပြီးတွင် တည်ဆောက်ခဲ့သော ခြံဝင်းတစ်ခုထဲတွင် နေထိုင်ကြသော်လည်း ရွာ၏ အခြားတစ်ဖက်တွင် အိမ်ဟောင်းတစ်လုံး ကျန်ရှိနေသေး၏။
ခြံဝင်းအသစ်ကို ရရှိပြီးနောက် အိမ်ဟောင်းကို စပါးနှင့် ထင်းများ သိုလှောင်ရန်အတွက် သီးသန့် အသုံးပြုခဲ့လေသည်။
ပိတောက်ပင်များပေါ်မှ ပုစဉ်းရင်ကွဲများက မနားတမ်း အော်မြည်နေကြပြီး ရေကန်ထဲမှ ဖားများကလည်း ဆူညံစွာ အော်ဟစ်နေကြသည်။
တစ်နေကုန် လယ်ယာလုပ်ငန်းခွင်တွင် အလုပ်လုပ်ခဲ့ရသဖြင့် နှံစားပြောင်းအခွံများကြောင့် သူမ၏ တစ်ကိုယ်လုံး ယားယံကာ နေမထိထိုင်မသာဖြစ်ပြီး ပူအိုက်နေလေ၏။ ပုစဉ်းရင်ကွဲများ၏ အော်မြည်သံက သူမကို ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ကျိုးချောင်ဖန်၏ မိသားစုသည် ရှီးဖျင်မြို့မှ မြို့ကြီးသားများဖြစ်ကြသည်။ သူမ၏ ဖခင်ဖြစ်သူမှာ လူမည်းအုပ်စုငါးစုစာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး သူမကိုယ်တိုင်လည်း ကျေးလက်သို့ အပို့ခံခဲ့ရသောကြောင့်သာ ချန်တကုန်းနှင့် လက်ထပ်ခဲ့ရခြင်းဖြစ်သည်။
သူမ၏ ညီမငယ် ကျိုးရွှယ်ချင်းမှာမူ ကံကောင်းခဲ့လေသည်။ ၁၉၇၈ ခုနှစ်တွင် သူတို့၏ ဖခင်ဖြစ်သူ ပြန်လည်အရေးယူခံရမှုမှ လွတ်မြောက်လာချိန်တွင် သူမသည် အထက်တန်းကျောင်းမှ ဘွဲ့ရခဲ့ခြင်းဖြစ်၏။