အခန်း ၆
Vol. 1 Ch. 6
အခန်း (၆)
သူမသည် ကျေးလက်သို့ သွားရောက်ရန် မလိုအပ်တော့ဘဲ ရှီးဖျင်မြို့ သိုးမွေးစက်ရုံတွင် အလုပ်လုပ်ရန် တိုက်ရိုက် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။
ထို့အပြင် စစ်အရာရှိ ယန်ကျောက်နှင့်ပင် လက်ထပ်ခဲ့ရပြီး ထိုအချိန်က အလွန်တရာထွန်းတောက်သော ဘဝကို ဖြတ်သန်းခဲ့ရလေသည်။
သို့သော် ယနေ့တွင်မူ ကျိုးရွှယ်ချင်းသည် ယန်ကျောက်ထံမှ ကွာရှင်းစာချုပ်ကို တိတ်တဆိတ် ရယူခဲ့ပြီး ကလေးနှစ်ယောက်ကို မိဘများထံတွင် ထားရစ်ခဲ့ကာ သူမထံသို့ ခိုလှုံရန် ရောက်ရှိလာခဲ့လေ၏။
သူမက ချန်မေ့လန်ကို ယန်ကျောက်နှင့် မိတ်ဆက်ပေးရန် ကြိုးပမ်းနေသောကြောင့် ရွာသူရွာသားများက အမျိုးမျိုး အတင်းအဖျင်း ပြောဆိုနေကြပြီဖြစ်သည်။
ယခု ကျိုးရွှယ်ချင်းက သူမထံသို့ ပြေးလာခြင်းမှာ ပြဿနာများကို ပိုမိုကြီးထွားစေပြီး လူများက သူမကို လက်ညှိုးထိုးစရာ အကြောင်းပြချက်များ ပိုမိုပေးလိုက်သကဲ့သို့ ဖြစ်မနေဘူးလော။
ထို့ကြောင့် သူမသည် ကျိုးရွှယ်ချင်းကို အိမ်ဟောင်းတွင် တိတ်တဆိတ်နေထိုင်ရန် စီစဉ်ပေးခဲ့ရလေသည်။
ယခုအခါ ရွာရှိ အိမ်တိုင်းသည် ထမင်းဟင်းချက်ပြုတ်ရန် အလုပ်များနေကြပြီး ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည်ကို မြင်သောအခါ သူမက သွားရောက်ကြည့်ရှုရန် တိတ်တဆိတ်ထွက်လာခဲ့လေသည်။
သူမသည် လိုက်ကာကို ဖယ်ရှားကာ အထဲသို့ဝင်ရောက်သွား၏။ ကြာမြင့်စွာ လူမနေဘဲ ပစ်ထားသော အိမ်ဟောင်းမှာ ပြင်းထန်သော အမှိုက်နံ့များ နံစော်နေသဖြင့် အသက်ရှူရပင် ခက်ခဲလှပေသည်။
ကျိုးရွှယ်ချင်းသည် အဝတ်အစားများကို ပတ်ရစ်ကာ ဖျာတစ်ချပ်သာ ခင်းထားသော ကန်အိပ်ရာပေါ်တွင် မှေးငိုက်နေလေသည်။
ကျိုးချောင်ဖန်က သူမ၏ နဖူးကို အသာပုတ်လိုက်ပြီး မေးလိုက်၏။
“နင် ယန်ကျောက်နဲ့ တကယ်ပဲ ကွာရှင်းစာချုပ် ရယူခဲ့တာလား”
“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”
ကျိုးရွှယ်ချင်းက ထိုင်လိုက်ပြီး သူမ၏အစ်မက မျက်လုံးပြူးကာ ကြည့်နေသည်ကို မြင်သောအခါ မျက်လုံးကို လှန်လိုက်ပြီး ပြောလာ၏။
“ကဲပါ၊ ယန်ကျောက် စစ်တပ်ကနေ အပြောင်းအရွှေ့ဖြစ်ရင်တောင် အလုပ်ကောင်းကောင်း ရနိုင်တယ်တို့၊ သူ့မှာ တရားဝင်အလုပ်အကိုင်ရှိလို့ နင် စားဝတ်နေရေးအတွက် ဘယ်တော့မှ ပူပန်စရာမလိုတော့ဘူးတို့ အဲဒီလို စကားတွေ စမပြောပါနဲ့၊ အဲဒီလိုစကားမျိုး ကျွန်မ နားမထောင်ချင်ဘူး၊ အစ်မပြောလည်း အလကားပဲ”
ကျိုးချောင်ဖန်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ကျိုးရွှယ်ချင်းကမူ ဆက်လက်မေးမြန်းနေခဲ့သည်။
“အစ်မ၊ အစ်မရဲ့ မေလန်က သဘောတူပြီလား၊ သူ ယန်ကျောက်ကို လက်ထပ်ဖို့ ဆန္ဒရှိရဲ့လား”
ကျိုးချောင်ဖန် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ကျိုးရွှယ်ချင်းက ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အဲဒါဆိုလည်း ကောင်းတာပေါ့၊ ရှောင်ဝမ်နဲ့ ရှောင်လန်၊ အခုကစပြီး သူတို့အတွက် ကျွန်မ စိုးရိမ်စရာ မလိုတော့ဘူး”
မိခင်တစ်ဦး၏ ကိုယ်ပိုင်ကလေးများအပေါ် ထားရှိသော မေတ္တာတရားမှာ အစားထိုး၍မရနိုင်ပေ။ မေလန်သည် သိမ်မွေ့ပြီး သဘောကောင်းသူ ဖြစ်သော်ငြားလည်း မိထွေးတစ်ဦးက မွေးမိခင်တစ်ဦးနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။
ကျိုးရွှယ်ချင်သည် ‘ယန်ကျောက်က ရက်စက်ကြမ်းကြုတ်ပြီး ရိုမန်တစ် မဆန်ဘူး’ဟု အမြဲပြောလေ့ရှိသော်လည်း အိမ်ထောင်ရေးတစ်ခုတွင် ရိုမန်တစ်ဆန်ခြင်းက ပို၍ အရေးကြီးသလော၊ စားပွဲပေါ်တွင် အစားအစာရှိနေခြင်းက ပို၍ အရေးကြီးသလော၊ ရိုမန်တစ်ဆန်ခြင်းဆိုသည်မှာ အသေးအဖွဲကိစ္စလေးတစ်ခု မဟုတ်လော။
သူမ ရူးများသွားပြီလော။
ကျိုးချောင်ဖန်သည် သူမညီမ၏ ဂရုမစိုက်သော သဘောထားကို မြင်ရလေလေ၊ ပို၍ ဒေါသထွက်လာလေလေ ဖြစ်သည်။
ကျိုးရွှယ်ချင်းက မြို့ကြီးသားများသာ တတ်နိုင်သော အစပ်ချောင်းတစ်ထုပ်ကို သူမထံ ကမ်းပေးလိုက်သည်။ ဆီနီနီများ သုတ်လိမ်းထားသော အစပ်ချောင်းများပေါ်တွင် နှမ်းများ ဖြူးထားပြီး မွှေးပျံ့သောရနံ့က နှာခေါင်းထဲသို့ တိုက်ရိုက်ဝင်ရောက်လာသော်လည်း ဤအရသာအား မည်သို့ဖန်တီးထားသည်ကိုမူ သူမ မသိရှိပေ။
သို့သော် ကျိုးချောင်ဖန်ကမူ စူးရဲစွာ ကြည့်လိုက်ပြီး စားရန် ငြင်းဆန်ခဲ့သည်။
သူမ ဒေါသထွက်နေသည်၊ သူမညီမသည် ယန်ကျောက်နှင့် ကွာရှင်းခဲ့ပြီး သူမ၏ ကလေးများကို စွန့်ပစ်တော့မည် ဖြစ်သောကြောင့် ဒေါသထွက်နေခြင်းဖြစ်သည်။
ကျိုးချောင်ဖန်က မစားသဖြင့် ကျိုးရွှယ်ချင်းက ကိုယ်တိုင်သာ စားလိုက်လေ၏။
သွားကြားထိုးတံဖြင့် အချိုနှင့်အစပ် ရောနှောနေသော အစပ်ချောင်းတစ်ချောင်းကို ကောက်ယူလိုက်ရင်း ကျိုးရွှယ်ချင်းက သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ သူမ၏ နှလုံးသားမှာလည်း တစ်စစီ ကြေမွနေခဲ့၏။
မှန်ပေသည်။ လွန်ခဲ့သော အချိန်အနည်းငယ်က ကျိုးရွှယ်ချင်းသည် မြို့သို့အပြန် ခရီးသည်တင် ဘတ်စ်ကားနှစ်စီး တိုက်မိသည့် မတော်တဆမှုတွင် ပါဝင်ခဲ့သည်။ သူမ၏ ခေါင်းကို ထိခိုက်မိရာမှ တစ်နည်းနည်းဖြင့် နှစ်သုံးဆယ်စာ အနာဂတ်မှတ်ဉာဏ်များကို ရရှိသွားခဲ့ခြင်းဖြစ်သည်။
တစ်နည်းဆိုရသော် သူမ ပြန်လည်ဝင်စားလာခဲ့ခြင်းဖြစ်ပြီး၊ ဤပြန်လည်ဝင်စားမှုက ယန်ကျောက်နှင့် ကွာရှင်းရန် သူမ၏ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေခဲ့လေသည်။
အကြောင်းမူကား ထိုအပိုဆောင်းရရှိလာသော နှစ်သုံးဆယ်စာ မှတ်ဉာဏ်များအရ သူမ၏ အနာဂတ်ဘဝသည် မကောင်းမွန်ခဲ့ပေ။ မဟုတ်သေး၊ အလွန်တရာ ဆင်းရဲဒုက္ခရောက်ခဲ့ရသည်ဟု ဆိုနိုင်ပေသည်။
သူမ၏ ယခင်ဘဝက ယန်ကျောက်သည် စစ်တပ်မှ အပြောင်းအရွှေ့ဖြစ်ပြီးနောက် ပြည်သူ့လုံခြုံရေးဗျူရိုတွင် တာဝန်ချထားခြင်းခံခဲ့ရသည်။ ကင်းလှည့်ခြင်းမှသည် ရာဇဝတ်မှု စုံစမ်းစစ်ဆေးခြင်း၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးခြင်းအထိ အလွန်ကောင်းမွန်သော အလုပ်တစ်ခုဖြစ်၏။
သူသည် ပြည်သူ့လုံခြုံရေးစနစ်တွင် အမြဲတမ်း ကျောရိုးတစ်ရပ် ဖြစ်ခဲ့ပြီး စစ်တပ်ထဲတွင် ရှိစဉ်ကထက်ပင် အထက်လူကြီးများ၏ တန်ဖိုးထားမှုကို ပို၍ ခံခဲ့ရလေသည်။
သို့သော် ခေတ်ကာလများက ထိုမျှလောက်အထိ သိသိသာသာ ပြောင်းလဲသွားလိမ့်မည်ဟု ကျိုးရွှယ်ချင်း တစ်ကြိမ်တစ်ခါမျှ မတွေးထင်ခဲ့မိပေ။
လူတိုင်း အားကျရသော ယခု တရားဝင် အလုပ်အကိုင်သည် အနာဂတ်တွင် ထူးထူးခြားခြား မရှိတော့မည်ကို သူမ တစ်ခါမျှ မတွေးထင်ခဲ့မိပေ။ သူဌေးအသစ်များ၊ လုပ်ငန်းရှင်ကြီးများနှင့် ချမ်းသာကြွယ်ဝသူများသည်သာ အနာဂတ်တွင် အတောက်ပဆုံးသော လူများ ဖြစ်လာကြပေမည်။
ထို့အပြင် အခြား နိုင်ငံ့ဝန်ထမ်းများအတွက်မူ ၎င်းတို့၏ ဇနီးများက အဆက်အသွယ်များကို အသုံးပြု၍ အကျိုးခံစားခွင့် အချို့ကို ရယူပါက ခင်ပွန်းဖြစ်သူများက မသိချင်ယောင်ဆောင်ကာ မျက်ကွယ်ပြုထားလေ့ ရှိကြသည်။
သို့သော် ယန်ကျောက်မှာမူ ကွာခြားလေသည်။ သူသည် သူ၏ ရဲလုပ်ငန်းတာဝန်များတွင် လုံးဝကို ခြစားမှုကင်းရှင်းသူဖြစ်သည်။
ချမ်းသာသော ဒုတိယမျိုးဆက် လူငယ်တစ်ဦးသည် အရက်မူးပြီး ကားမောင်းကာ လူတစ်ဦးကို တိုက်မိပြီးနောက် အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေးသွားခဲ့သည့် အမှုတစ်ခုကို ကိုင်တွယ်ဖြေရှင်းပေးရန် ကူညီပေးသည့်အတွက် သူမသည် ယွမ်ငွေ ၅၀၀၀၀ နှင့် လူးဝီဗစ်တန် အိတ်တစ်လုံးသာ ရရှိခဲ့သည်။
၎င်းမှာ အလွန်လွယ်ကူရိုးရှင်းသော ကိစ္စတစ်ခုဖြစ်၏။
“အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေးခြင်း” ကို “လာရောက် အဖမ်းခံခြင်း” အဖြစ် ပြောင်းလဲမည်၊ “အရက်မူးပြီး ကားမောင်းခြင်း” ကို “သာမန် ကားမောင်းခြင်း” အဖြစ် ပြင်ဆင်မည်၊ တရားစွဲဆိုမှုကို ရှောင်ကွင်းမည်၊ စွဲချက်တင်ခြင်းကို ရှောင်လွှဲမည်။ သူက ငွေကို တိတ်တဆိတ် ယူလိုက်မည်၊ ချမ်းသာသော လူငယ်လေးမှာလည်း ထောင်ကျမည်မဟုတ်ဘဲ အားလုံး ပျော်ရွှင်ကြရမည်ဖြစ်သည်။
သို့သော် သူက ငြင်းဆန်ခဲ့သည်သာမက ဤအသေးအဖွဲ ကိစ္စလေးအတွက်နှင့် ကွာရှင်းမည်ဟုပင် ခြိမ်းခြောက်ခဲ့သေးသည်။
သူမ၏ ခင်ပွန်းဖြစ်သူက တစ်ပိုင်း။
သို့သော် သူမ၏ သားများကရော။
သူမ၏ သားနှစ်ယောက်လုံးက သူမဘက်တွင် မရှိကြပေ။ အနာဂတ်တွင် သားငယ်မှာ ပြင်းထန်စွာ ဖျားနာလာသောအခါ သားကြီးဖြစ်သူက သူမကိုပင် အပြစ်တင်ခဲ့ပြီး ညီဖြစ်သူ၏ ဖျားနာမှုအတွက် သူမတွင် တာဝန်ရှိသည်ဟု ဆိုကာ မွေးမိခင်တစ်ဦးအဖြစ်မှပင် စွန့်လွှတ်ခဲ့လေသည်။
အနာဂတ်အကြောင်းကို တွေးမိလေလေ၊ ကျိုးရွှယ်ချင်း၏ ဒေါသများက မြင့်တက်လာလေလေ ဖြစ်သည်။
သူမ တွေးလေလေ၊ ဒေါသထွက်လေလေ ဖြစ်၏။ သူမသည် အစပ်ချောင်းများ ပါရှိသော ဆီပေနေသည့် စက္ကူအိတ်ကို တွန်းဖယ်လိုက်ပြီး အိပ်ရာပေါ်မှဆင်းကာ ဖိနပ်ကို စွပ်လိုက်ပြီး အပြင်သို့ ထွက်ရန် ပြင်လိုက်လေသည်။
“နင် ဒီနေ့မှ ကွာရှင်းလာတာနော်၊ ရွာသားတွေက နင့်အကြောင်း ဘယ်လိုပြောကြမလဲ၊ မြန်မြန် ပြန်အိပ်နေစမ်းပါ၊ နင် ဘယ်သွားမလို့လဲ၊ နင့်ကိုယ်နင် လူရွှင်တော်သွားလုပ်မလို့လား”
ကျိုးချောင်ဖန်က လှမ်းအော်လိုက်သည်။
ကျိုးရွှယ်ချင်းက လှည့်ကြည့်ကာ တိုးတိတ်ရှိုက်ဝင်နေသော အသံဖြင့် “ပြောလိုက်သည်။ အစ်မ၊ စိတ်မပူပါနဲ့၊ ကျွန်မ အပြင်ထွက်ရင် လူတွေကို ရှောင်သွားပါ့မယ်၊ ဒီတစ်ခါတော့ ကျွန်မ ဘဝအသစ်ကို စတင်တော့မယ်”
သူမ၏ ယခင်ဘဝက ကျိုးရွှယ်ချင်းနှင့် ယန်ကျောက်တို့သည် မည်သို့ပင်ဖြစ်စေ ကွာရှင်းဖြစ်ခဲ့ကြသည်။
သူတို့ ကွာရှင်းစဉ်က ကလေးများကို ခင်ပွန်းဖြစ်သူထံတွင် ထားခဲ့ပြီး ငွေကြေးနှင့် ပိုင်ဆိုင်မှုများ အားလုံးကိုမူ သူမကိုယ်တိုင် ယူဆောင်သွားခဲ့လေသည်။
သူမသည် စီးပွားရေးလုပ်ငန်းများကို စမ်းသပ်လုပ်ကိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူမ ကိုင်တွယ်သမျှ အရာအားလုံးမှာ ကျရှုံးခဲ့ရပြီး အားလုံးဆုံးရှုံးသွားကာ တစ်ပြားမျှမကျန်တော့သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။
ထို့ကြောင့် သူမသည် မည်သည့်အခါမျှ ငွေကြေး မရှာဖွေနိုင်ခဲ့ဘဲ ပို၍ပို၍သာ ကျဆင်းလာခဲ့ကာ နောက်ဆုံးတွင် သန့်ရှင်းရေးဝန်ထမ်း တစ်ယောက်အဖြစ်သို့ပင် ရောက်ရှိသွားခဲ့လေ၏။
ကုမ္ပဏီတစ်ခုတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေစဉ် ချန်မေ့လန်နှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။
သူမသည် ကွာရှင်းထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ချန်မေ့လန်မှာလည်း ထိုနည်းတူပင်။
သူမသည် သူမခင်ပွန်း၏ ငွေကြေးနှင့် ပိုင်ဆိုင်မှုအားလုံးကို ရရှိခဲ့သော်လည်း ချန်မေ့လန်မှာမူ ဘာမှမကျန်ခဲ့ဘဲ ခင်ပွန်းဖြစ်သူ၏ မောင်းထုတ်ခြင်းကိုခံခဲ့ရသည်။
ထို့အပြင် ကွာရှင်းပြီးနောက် ရွာတွင်းရှိ အတင်းအဖျင်းများကြောင့် ချန်မေ့လန်သည် လုကျင်းယွိ အမည်ရှိ ဒေသခံ လူမိုက်တစ်ဦးနှင့် အလျင်စလိုလက်ထပ်ခဲ့ရလေသည်။
ထိုအချိန်က ချန်မေ့လန် တစ်ယောက်တော့ ပြီးသွားပြီဟု လူတိုင်းက ထင်မှတ်ခဲ့ကြသည်။
သို့သော် ကံကြမ္မာဆိုသည်မှာ သိသိသာသာ ပြောင်းလဲသွားနိုင်ပေ၏။
ကျိုးရွှယ်ချင်းသည် သူမ၏ ငွေကြေးများ အားလုံးကို သုံးစွဲပစ်ခဲ့ပြီး၊ အိမ်ကို ရောင်းချခဲ့ရကာ သန့်ရှင်းရေးဝန်ထမ်း တစ်ဦးအဖြစ်သို့ မဖြစ်မနေ ရောက်ရှိသွားခဲ့ရသည်။