အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁)
ဤဘဝတွင် ကျိုးရွှယ်ချင်းသည် ချန်မေ့လန်နှင့် နေရာလုကာ ချန်မေ့လန်ကို သူမ၏ သားများအား ကူညီစောင့်ရှောက်ခိုင်းလိုခဲ့၏။
သူမကမူ အချမ်းသာဆုံးပုဂ္ဂိုလ်၏ ဇနီးဖြစ်ချင်နေခဲ့လေသည်။
“သမီးနာမည် ဘယ်လိုခေါ်လဲ”
ယန်ကျောက်က ငုံ့ကာ ကျောင်းတိကို မေးလိုက်သည်။
ကျောင်းတိလေးမှာ ပိန်ပါးနေသော်ငြားလည်း အတော်လေး ရဲရင့်လေသည်။ မိသားစုတစ်စုလုံးကို တိတ်ဆိတ်သွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဤအမျိုးသားကို ရင်ဆိုင်ကာ သူမက အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်၏။
“ယန်ကျောင်းတိ ပါ”
“သမီးက ချန်မေ့လန်ရဲ့ သမီးလား”
အမျိုးသားက မေးလိုက်သည်။
ဤအမျိုးသားသည် သူမ၏ဖခင်ဖြစ်လာမည်ဖြစ်ပြီး လူများအား လက်သီးနှင့်ထိုးရသည်ကို နှစ်သက်ကြောင်း ယင်ပေါက်၏ စနောက်လှောင်ပြောင်မှုကို ကျောင်းတိလေး ယခုလေးတင် ခံထားရခြင်းဖြစ်သည်။
ကလေးမလေးမှာ အတော်လေး ကြောက်လန့်နေပြီး သွားများပင် ခိုက်ခိုက်တုန်နေသော်ငြားလည်း သတ္တိမွေးကာ ပြန်ဖြေလိုက်လေသည်။
“ဟုတ်ကဲ့ပါ”
“ချန်မေ့လန် နောက်အိမ်ထောင်ပြုရင် သမီး သူနဲ့ လိုက်သွားမှာလား”
ယန်ကျောက်က ဆက်လက်မေးမြန်းလိုက်သည်။
ကျောင်းတိလေးသည် နှုတ်ခမ်းကို စေ့ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ ပြောလိုက်သည်။ “ဟုတ်ကဲ့၊ မေမေ ဘယ်သွားသွား သမီးလိုက်သွားမှာပါ၊ သမီး မေမေ့ကို ထာဝရကာကွယ်ပေးချင်တယ်”
ရှိနေသမျှသော အမျိုးသမီးအားလုံးမှာ အံ့အားသင့်သွားကြ၏။ အထူးသဖြင့် ကျိုးရွှယ်ချင်းပင် ဖြစ်လေသည်။
ယောကျ်ားများ အိမ်ထောင်ပြုရာတွင် ကလေးခေါ်လာခြင်းမှာ ပုံမှန်ဖြစ်သော်လည်း အမျိုးသမီးများ နောက်အိမ်ထောင်ပြုရာတွင် ကလေးခေါ်ဆောင်လာခြင်းကို လက်ခံသူမှာ အလွန်တရာ ရှားပါးလှပေသည်။
အမျိုးသမီးများ၏ ကလေးများကို များသောအားဖြင့် မိဘဆွေမျိုးများထံတွင်သာ ထားရစ်ခဲ့လေ့ရှိကြသည်။
ယန်ကျောက်တွင် သားနှစ်ယောက် ရှိနေပြီဖြစ်ပြီး သူ၏လစဉ်လစာမှာလည်း ထိုမျှလောက်သာရှိလေသည်။ သူသည် အမျိုးသမီးတစ်ဦး ကလေးခေါ်ဆောင်လာမည်ကို သေချာပေါက် လက်ခံမည်မဟုတ်ပေ။
‘ဘယ်လိုလုပ်ရမလဲ’
ကျောင်းတိလေးကြောင့် ယန်ကျောက်ကသာ ချန်မေ့လန်ကို ငြင်းပယ်လိုက်ပါက သူမ၏သားနှစ်ယောက် ဒုက္ခရောက်ပေတော့မည်။
သို့သော် ကျိုးရွှယ်ချင်းတစ်ယောက် စွေ့စွေ့ခုန်လုမတတ် စိုးရိမ်ပူပန်နေချိန်မှာပင် ယန်ကျောက်သည် ခေါင်းမော့ကာ အနည်းငယ်ပြုံးလိုက်ပြီး ချန်မေ့လန်ကို ကြည့်ရငခး ပြောလိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။
“ရဲဘော် ချန်မေ့လန်၊ ကျွန်တော်တို့ သေသေချာချာ စကားပြောကြရအောင်”
‘သူ သဘောတူလိုက်တာလား’
‘ချန်မေ့လန်က ကျောင်းတိလေးကို ခေါ်လာပြီး နောက်အိမ်ထောင်ပြုမှာကို သူ တကယ်ပဲ သဘောတူလိုက်တာလား’
ထို့အပြင် သူမအပေါ် တစ်ခါမျှ မပြုံးဖူးသော ယန်ကျောက်သည် ဤသူစိမ်းကောင်မလေးကို တကယ်ပြုံးပြလိုက်ကြောင်း ကျိုးရွှယ်ချင်း ရုတ်တရက် သတိပြုမိသွားခဲ့လေသည်။
အေးစက်စက် မျက်နှာထားနှင့် ငရဲမင်းကြီးယန်ကျောက်က တကယ်ကြီးပြုံးပြလာလေတော့သည်။
ကျိုးရွှယ်ချင်းသည် သူမ၏ ခင်ပွန်းဟောင်းကို တစ်စုံတစ်ယောက်နှင့် မိတ်ဆက်ပေးပြီးနောက်တွင် ချန်မိသားစုရွာသို့ အဘယ်ကြောင့် လာရောက်စောင့်ကြည့်နေရသေးသနည်း။
အကြောင်းမူကား သူမသည် ချန်မေ့လန်ကို ကျောင်းတိအား ခေါ်ဆောင်သွားခြင်းမပြုစေချင်ဘဲ သူမမိသားစုရှိ အသုံးမကျသော ထိုသားနှစ်ယောက်ကိုသာ စိတ်ရောကိုယ်ပါ အပြည့်အဝ ပြုစုစောင့်ရှောက်စေချင်သောကြောင့် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် ဤကိစ္စကို ကျိုးချောင်ဖန်နှင့် လျှို့ဝှက်စွာ တိုင်ပင်ဆွေးနွေးခဲ့ပြီး ကျိုးချောင်ဖန်ကလည်း တားဆီးရန် နည်းလမ်းရှာပေးမည်ဟု သဘောတူညီခဲ့လေသည်။
ထင်သည့်အတိုင်းပင် ကျိုးချောင်ဖန်က အပြုံးလေးဖြင့် ဝင်ရောက်စွက်ဖက်လာ၏။
“ကလေးမလေး တစ်ယောက်ပဲလေ၊ တူနဲ့ ပန်းကန် အပိုတစ်စုံလောက်ပါပဲ၊ နောင်ကျရင် သူ ကျွန်မတို့ဆီမှာပဲ နေလို့ရပါတယ်၊ မေ့လန်၊ နင့်ဘာသာနင်ပဲ အေးအေးဆေးဆေး သွားလက်ထပ်လိုက်ပါ”
ယန်ကျောက်၏ မျက်နှာမှာ ရုတ်တရက် အေးစက်သွားခဲ့သည်။ သူသည် ချန်မေ့လန်နှင့် စကားပြောရန် အထဲသို့ဝင်ဖို့ ကနဦးက ရည်ရွယ်ထားခဲ့သော်လည်း ရပ်တန့်သွားကာ သူမဘက်သို့ လှည့်ကြည့်လာ၏။
“ခင်ဗျား ကလေးကို မိဘအိမ်မှာ ထားခဲ့ချင်တာလား”
ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ချန်မေ့လန်မှာ ယန်ကျောက်ကို အတော်လေးသဘောကျနေခဲ့သည်။
သို့သော် ‘ကလေးကို မခေါ်သွားနိုင်ဘူး’ဟု ပြောလာပါက ၎င်းမှာ လုံးဝ လက်ခံနိုင်စရာမရှိပေ။
သူမ၏ ယခင်ဘဝက ကျောင်းတိလေးသည် နောက်ပိုင်းတွင် အလွန်တရာဆိုးရွားသော အကျင့်ဆိုးတစ်ခု ရရှိသွားခဲ့သည်။
သူမသည် ပေါ်ပေါ်ထင်ထင် စားသောက်ရသည်ကို မနှစ်သက်ဘဲ အစားအစာများအားလုံး ဖွက်ထားကာ တိတ်တဆိတ် စားသောက်ရသည်ကို ပို၍ သဘောကျလာလေသည်။
သူမသည် ထမင်းစားပွဲတွင် များများစားစား မစားတတ်သော်လည်း အစားအစာများကို ခိုးယူကာ စောင်ထဲတွင် ဖွက်ထားပြီး တိတ်တဆိတ် စားသောက်ရသည်ကို အမြဲတမ်း နှစ်သက်လေ၏။
အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊ အခြားသူများနှင့်အတူ အပြင်ထွက်၍ စားသောက်သည့်အခါတွင်ဖြစ်စေ ထိုအတိုင်းပင်။
အခြားသူများအားလုံး ကောင်းမွန်စွာ စားသောက်နေကြချိန်တွင် သူမသည် ဟမ်းစတားကြွက်ကလေးတစ်ကောင်ပမာ အရသာရှိသော အစားအစာများကို သူမ၏ အိတ်ကပ်ထဲသို့ မရပ်မနား တိတ်တဆိတ် ထိုးသွင်းနေတတ်လေသည်။
ဤအကျင့်ကြောင့် သူမသည် မကြာခဏဆိုသလို အထင်သေးခံရပြီး လှောင်ပြောင်ခြင်းခံခဲ့ရသည်။
နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ထိုအကျင့်ဆိုးကို သူမ မဖျောက်ဖျက်နိုင်ခဲ့ပေ။ အိပ်ရာခင်းများနှင့် စောင်များမှာ အလျင်အမြန် ညစ်ပတ်သွားတတ်သည်။ နံနက်ခင်းတွင် အိပ်ရာလိပ်ကို ခါလိုက်သောအခါ သကြားလုံးတစ်လုံးဖြစ်စေ၊ ဖက်ထုပ်တစ်ဝက်ဖြစ်စေ စောင်ထဲမှ လိမ့်ထွက်လာတတ်လေ၏။
ဤကိစ္စအတွက် ချန်မေ့လန်သည် သူမကို အကြိမ်အရေအတွက် မရေတွက်နိုင်လောက်အောင် ရိုက်နှက်ဆူပူခဲ့ဖူးသည်။
အကြိမ်ကြိမ် ရိုက်နှက်ခံရမှုများကြောင့် ကျောင်းတိလေးမှာ သူမကို မုန်းတီးလာခဲ့ပြီး ငယ်ရွယ်စဉ်ကပင် ကျောင်းစာကို သေချာမသင်ယူဘဲ အခြားသူများကဲ့သို့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ထွက်ပြေးသွားခဲ့လေသည်။
နောက်ပိုင်းတွင် သူမ ငွေကြေးများစွာ ရှာဖွေနိုင်ပြီး အိမ်ကြီးတစ်လုံး ဝယ်ယူနိုင်ကာ ငွေ၊ အိမ်၊ ကား အားလုံး ပြည့်စုံလာချိန်တွင်ပင် အစားအစာများ ဖွက်ထားတတ်သော အကျင့်ကို မဖျောက်ဖျက်နိုင်ခဲ့ပေ။
သူမသည် အိမ်တွင် သရေစာများ အများအပြားကို အမြဲတမ်း စုဆောင်းထားတတ်ပြီး ဟမ်းစတားကြွက်ကလေးတစ်ကောင်ပမာ အိမ်တွင် တစ်ယောက်တည်းရှိနေချိန်၌ပင် ထောင့်များတွင် ပုန်းကွယ်ကာ တိတ်တဆိတ်စားသောက်ရသည်ကို နှစ်သက်လာလေသည်။
သူမသည် အစပ်နှင့် ဆီများသော အစားအစာများအား စားသောက်ရသည်ကို နှစ်သက်သဖြင့် ဝက်ခြံများ ထွက်လာကာ ကိုယ်အလေးချိန်လည်း တက်လာခဲ့သည်။
ထို့နောက် ကိုယ်အလေးချိန်ကျစေရန် ဝိတ်ကျဆေးများကို သောက်သုံးတတ်ပြန်၏။ သူမ၏ မျက်နှာမှာ မကြာခဏ ဖြူလျော်နေတတ်ပြီး အသက်နှစ်ဆယ်ကျော်အရွယ်တွင် အသက်သုံးဆယ်၊ လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးကဲ့သို့ ရုပ်ရင့်နေခဲ့လေသည်။
ကြွယ်ဝချမ်းသာသော ဤခေတ်ကာလတွင် တစ်ချိန်က သိမ်မွေ့ချစ်စရာကောင်းခဲ့သော သူမ၏သမီးလေးမှာ သူတောင်းစားလေးတစ်ယောက်ပမာ ခိုးဝှက်ဖုံးကွယ်တတ်ပြီး လူမြင်ကွင်းတွင် ကောင်းမွန်စွာ မနေထိုင်တတ်သူတစ်ဦးအဖြစ်သို့ မည်သို့မည်ပုံ ရောက်ရှိသွားခဲ့ရသည်ကို ချန်မေ့လန် တစ်ခါမျှ နားမလည်နိုင်ခဲ့ပေ။
သို့သော် ယခုမူ သူမ စတင်နားလည်လာခဲ့ပြီဖြစ်သည်။ ကလေးကို သူမ၏မိဘအိမ်တွင် ချန်ရစ်ထားခဲ့သော ထိုသုံးလတာ အချိန်ကာလက ကလေး၏နှလုံးသားထဲတွင် နတ်ဆိုးတစ်ကောင်ကို မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ရမည်။
ထိုနတ်ဆိုးက နောက်ပိုင်းတွင် ရောဂါတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အစားအစာများ ဖွက်ထားတတ်သော ရောဂါပင်။
ယန်ကျောက်ကသာ ကလေးခေါ်သွားခွင့်မပြုပါက ဤအိမ်ထောင်ရေးကို သူမ သဘောတူနိုင်စရာ အကြောင်းမရှိပေ။
ချန်မေ့လန်က ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။
“မဖြစ်နိုင်ပါဘူး၊ ကျွန်မ ဘယ်သွားသွား ကျွန်မသမီးကို သေချာပေါက်ခေါ်သွားရမှာပါ”
ဤစကားကို ပြောလိုက်ပြီးနောက် အိမ်ထောင်ရေးညှိနှိုင်းမှုမှာ ပျက်ပြားသွားလိမ့်မည်ဟု သူမ တွေးထင်ထားခဲ့သည်။ သို့သော် သူမ၏ အံ့အားသင့်မှုနှင့်အတူ ယန်ကျောက်က ချက်ချင်းပင် လက်ခံလိုက်၏။
“ခင်ဗျားမှာ တခြားဘာစည်းကမ်းချက်တွေ ရှိသေးလဲ၊ အထဲဝင်ပြီး အေးအေးဆေးဆေး ဆွေနွေးကြတာပေါ့”
ကျိုးချောင်ဖန်ကလည်း ချက်ချင်းပင် လိုက်ကာကို မတင်ပေးလိုက်သည်။
“မြန်မြန် အထဲဝင်ကြလေ၊ နင်တို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောကြပါ”
ချန်မေ့လန်အတွက် အရေးအကြီးဆုံးအချက်မှာ အိမ်ကိစ္စပင်။ သူတို့ လက်ထပ်ပြီးသည်နှင့်တစ်ပြိုင်နက် သူမ၏ အိမ်ထောင်စုစာရင်းကို ချက်ချင်း ပြောင်းရွှေ့ပေးနိုင်မည်လားဆိုသည်ကို ယန်ကျောက်အား သူမ မေးမြန်းရန် လိုအပ်လေသည်။
ယခုအခါ ၁၉၈၈ ခုနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွင် အစိုးရမှ နေရာချထားရေးစီမံကိန်းများကို အပြည့်အဝ စတင်တော့မည်ဖြစ်၏။ အိမ်ဟောင်းများ၏ တန်ဖိုးမှာ အဆမတန် ထိုးတက်သွားမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် ယန်ရှီရှန်း သေချာပေါက် နောင်တရမည်ဖြစ်ကာ သူမအနေဖြင့် ထိုခြံဝင်းကို ရရှိနိုင်တော့မည်မဟုတ်ပေ။
ယန်ကျောက်က စတင်မေးမြန်းလိုက်သည်။
“ခင်ဗျားအိမ်က ဘယ်မှာလဲ”
ချန်မေ့လန်က ချက်ချင်းတုံ့ပြန်လိုက်သည်။
“ရှီးဖျင်မြို့ ဆင်ခြေဖုံးက ယန်ကွမ်ရွာမှာပါ”
ယန်ကျောက်က ခေါင်းညိတ်ပြလိုက်၏။
“ဒါဆိုအတော်ပဲ၊ အဲဒီနေရာက ကျွန်တော်တို့ဗျူရိုရဲ့ တရားစီရင်ပိုင်ခွင့်ထဲမှာရှိတယ်၊ အိမ်ထောင်စုစာရင်းပြောင်းရတာ လွယ်ကူမှာပါ၊ ကျွန်တော်တို့ အချိန်ရရင် တရားဝင်လက်ထပ်စာချုပ် သွားလုပ်လို့ရတယ်၊ ပြီးတာနဲ့ ခင်ဗျားရဲ့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဖို့ကို ကျွန်တော် တိုက်ရိုက်ကူညီပေးပါ့မယ်”
“ကျွန်မရဲ့သမီး ကျောင်းတိအတွက်ရော...”
ဤအမျိုးသားသည် စကားများများ ပြောရသည်ကို မနှစ်သက်ဘဲ ချန်မေ့လန်၏ စကားကို ချက်ချင်းဖြတ်လိုက်သည်။
“သူ့ကိုလည်း ပြောင်းပေးမယ်”
မူလက ချန်မေ့လန် ကွာရှင်းမပြတ်စဲမီတွင် သူမ၏ စုဆောင်းငွေအားလုံး အခိုးခံခဲ့ရပြီး ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း မည်သည့်တိုးတက်မှုမျှမရှိခဲ့ပေ။
သူသည် ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့တော့မည်ဖြစ်ရာ ဤကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ကူညီနိုင်မည်လားဟု ယန်ကျောက်အား သူမ မေးမြန်းလိုခဲ့သည်။
သို့သော် ဤအမျိုးသား၏ အပြောအဆိုမှာ အလွန် ပြတ်သားလွန်းလှသဖြင့် ထိုကိစ္စကို ပြောပြရန် သူမ အဆင်မပြေသလို ခံစားခဲ့ရလေသည်။