အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃)
ယောင်းမက မျက်နှာထားတင်းတင်းဖြင့် ဆူပူလိုက်၏။
“နင် ဒီလောက်တောင် စကားနားမထောင်တဲ့ ကောင်မလေးပါလား၊ ယန်ကျောက်ရဲ့ သားနှစ်ယောက်က အတော်လေးဆိုးတာနော်၊ သူတို့ နင့်ကိုရိုက်မှာ မကြောက်ဘူးလား”
ချန်မေ့လန်က သူမ၏သမီးကို ပြန်လည်လုယူလိုက်ပြီး တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်သည်။
“သူတို့က ကျောင်းတိကို ရိုက်ရဲရင် ကျွန်မက ပြန်မရိုက်ဘဲနေမလား၊ လူကြီးတစ်ယောက်အနေနဲ့ ကလေးနှစ်ယောက်ကိုတောင် မထိန်းနိုင်စရာလား”
ယောင်းမမှာ သူမကို အမြန်ဆုံး အိမ်ထောင်ချပေးချင်နေခဲ့သည်။ ၎င်းမှာ သူတို့မိသားစုတွင် အမှန်တကယ်ပင် စားစရာ မလောက်ငှသောကြောင့်သာမက သူမ၏ တူနှစ်ယောက်အတွက် စိုးရိမ်ပူပန်မှုကြောင့် မေ့လန်ကို သွားရောက်ပြုစုစောင့်ရှောက်စေချင်သောကြောင့်လည်း ဖြစ်သည်။
စကားပုံတစ်ခုရှိသည် - လူတစ်ယောက်၏ ရင်ထဲတွင် မည်သည့်အရာများရှိနေသည်ကို မည်သည့်အခါမျှ အမှန်တကယ်မသိနိုင်ပေ။
ယောင်းမမှာ ယေဘုယျအားဖြင့် ဖြောင့်မတ်သူဖြစ်သော်ငြားလည်း သူမ၏ ယခင်ဘဝက ချန်မေ့လန် နောက်အိမ်ထောင်ပြုချိန်တွင် ကျောင်းတိလေးကို မိဘအိမ်၌ သုံးလမျှသာ ချန်ရစ်ထားခဲ့မိသည်။
ကလေးမလေးမှာ ရွာထဲရှိ အခြားကလေးများ၏ ရိုက်နှက်လှောင်ပြောင်မှုကို ခံခဲ့ရပြီး တစ်သက်တာလုံး စိတ်ဒဏ်ရာများ ရရှိသွားခဲ့လေသည်။
နောက်အိမ်ထောင်ပြုချိန်တွင် သူမသည် ကျောင်းတိလေးကို မခေါ်သွားပါက ဤဘဝသည် ယခင်ဘဝနှင့် မည်သို့ကွာခြားနိုင်မည်နည်း။
ပုံမှန်အားဖြင့် ရင်းနှီးကြသော ယောင်းမနှင့် မေ့လန်တို့ ရန်ဖြစ်နေကြသည်ကို မြင်သောအခါ ဒုတိယချွေးမမှာ ဝမ်းသာသွားပြီး အခွင့်ကောင်းယူကာ ဝင်ရောက်သွေးခွဲလေသည်။
“ဒါက ဘယ်လိုအိမ်ထောင်ရေးကောင်းမျိုးလဲ၊ ငါ့အမြင်တော့ နင် စောစောစီးစီးပဲ ငြင်းလိုက်ပြီး ရွာကယောကျ်ားတစ်ယောက်နဲ့ပဲ လက်ထပ်လိုက်တာကောင်းမယ်”
ဒုတိယအိမ်ထောင်ရေးဖြစ်သောကြောင့် ပြင်ဆင်စရာ သိပ်မရှိလှပေ။ ၎င်းမှာ ဘဝကို ရှေ့ဆက်သွားရန် အတူတူနေထိုင်ရုံမျှသာ ဖြစ်သည်။
ထို့အပြင် သူသည် ကျိုးရွှယ်ချင်း၏ခင်ပွန်းဟောင်း ဖြစ်နေသောကြောင့် ချန်မေ့လန်တွင် ကြီးမားသောမျှော်လင့်ချက်များ မရှိခဲ့ပေ။
သို့သော် အိမ်ထောင်ရေးကို သဘောတူပြီး နောက်တစ်နေ့တွင် သံလွင်စိမ်းရောင်ရဲယူနီဖောင်း ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် မြို့တော်မှ ရောက်ရှိလာခဲ့လေသည်။
သားရေအိတ်ငယ်လေး တစ်လုံးကို ကိုင်ဆောင်ကာ ရွာထဲသို့ဝင်လာပြီး ချန်မိသားစုကို ရှာဖွေကာ လူအများရှေ့တွင် ချန်မေ့လန်အား အိတ်အား လွှဲပြောင်းပေးခဲ့ပြီးနောက် ပြုံးဖြီးဖြီးဖြင့် ထွက်ခွာသွားလေသည်။
ဒုတိယချွေးမမှာ သေချာပေါက်ပင် စိတ်ဝင်တစားဖြင့် ပါဝင်လာပြီး ယန်ကျောက်က မေ့လန်ထံ မည်သည့်အရာများပေးလိုက်သည်ကို လာရောက်ကြည့်ရှုလေသည်။ မည်သို့ပင်ဆိုစေ ထိုယန်ကျောက်တွင် ငွေကြေးများစွာ ရှိပုံမပေါ်ပေ။
လက်ဆောင်က အလွန်တရာစုတ်ပြတ်နေပါက မေ့လန်ကို အနည်းငယ် လှောင်ပြောင်ပြီး မြို့တွင်အိမ်ထောင်မပြုစေရန် တားဆီးနိုင်သေးသည် မဟုတ်ပါလော။
သို့သော် အတွင်းပိုင်းကို ကြည့်လိုက်သောအခါ သူမ တိတ်ဆိတ်သွားခဲ့လေသည်။
အတွင်းတွင် မိန်းကလေးများ ဝတ်ဆင်ရန် ဂါဝန်ငယ်လေးနှစ်ထည် ပါရှိနေသည်။ တစ်ထည်မှာ ပန်းရောင်ဖြစ်ပြီး အခြားတစ်ထည်မှာ အဖြူရောင်ဖြစ်ကာ နှစ်ထည်စလုံးကို ချစ်ဖွန်အထည်သားဖြင့် ပြုလုပ်ထားလေ၏။
၎င်းတို့ကို တောက်ပနေသော ဖန်စီကျောက်များ၊ ပုလဲလုံးလေးများဖြင့် အလှဆင်ထားပြီး မျက်စိကျိန်းလောက်အောင်ပင် လှပလွန်းလှပေသည်။
ထို့အပြင် စက္ကူဗူးတစ်ခုအတွင်း၌ ခန်းနိုင်သားရေဖိနပ်တစ်ရန်လည်း ပါရှိသေး၏။
၎င်းတို့မှာ ကျောင်းတိလေး၏ ခြေထောက်နှင့်ယှဉ်လျှင် ကြီးနေပြီး သူမ ဝတ်ဆင်နိုင်ရန်အတွက် နောက်ထပ်တစ်နှစ်ခန့် အချိန်ယူရဖွယ် ရှိလေသည်။
ယန်ကျောက်က သူမအတွက် အခြားတစ်စုံတစ်ရာပေးပို့ခဲ့ပါက ချန်မေ့လန် ဤမျှလောက် ဝမ်းသာပီတိဖြစ်မည်မဟုတ်ပေ။
သို့သော် ယန်ကျောက်၏ လေသံမှာ ကြမ်းတမ်းသော်ငြားလည်း ဤလက်ဆောင်မှာ အမှန်တကယ်ပင် ထိရောက်မှုရှိကြောင်း သူမ ဝန်ခံရပေမည်။
ဤအဝတ်အစားများကို ဝတ်ဆင်လိုက်ပါက ကျောင်းတိလေးမှာ လှပသော အရုပ်မလေးတစ်ရုပ်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ဒုတိယချွေးမက ကျောင်းတိလေးပေါ်ရှိ ချစ်ဖွန်ဂါဝန်လေးကို စမ်းသပ်ကြည့်ရင်း နှုတ်ခမ်းမဲ့လိုက်သည်။
“ဒီတစ်စုံက အနည်းဆုံး ယွမ်နှစ်ဆယ်၊ သုံးဆယ်လောက် တန်မှာပဲ”
ယောင်းမကလည်း မနေနိုင်ဘဲ ဆွဲကြည့်လိုက်ပြီး ချဉ်စပ်စပ်လေသံဖြင့် ငြီးတွားလိုက်လေသည်။
“ရွှယ်ချင်းက ယန်ကျောက်က သမီးမိန်းကလေးတွေကို ချစ်တယ်၊ မိန်းကလေးပဲ အမြဲလိုချင်တယ်လို့ ပြောခဲ့တာ ငါ အဲဒီတုန်းက မယုံခဲ့ဘူး၊ ယောကျ်ားတိုင်းက သားယောကျ်ားလေးကိုပဲ ချစ်ကြတာမဟုတ်ဘူးလား၊
မိန်းကလေးတွေကို ဘယ်ယောကျ်ားက အလိုလိုက်မှာလဲ၊ ဒီနေ့တော့ ငါ ရှားရှားပါးပါး မြင်တွေ့လိုက်ရပြီ၊ ယန်ကျောက်က တခြားလူတွေနဲ့ မတူဘူးပဲ၊ ကျောင်းတိအပေါ် သူထားတဲ့ သံယောဇဉ်က တကယ့်အစစ်အမှန်ပဲ”
မေ့လန်သည် သူမ၏ ညီမအရင်းကိုယ်တိုင်ပင် တန်ဖိုးမထားခဲ့သော အမျိုးသားတစ်ဦးနှင့်တွေ့ဆုံကာ အမှန်တကယ်ပင် ကံကောင်းသွားခဲ့လေပြီ။
သို့သော် ယောင်းမ ပြန်လည်စဉ်းစားမိသည်မှာ သူမ၏ ယောက်မလေးနှင့် ယန်ကျောက်တို့တွင် တစ်ယောက်က သားရှိပြီး တစ်ယောက်က သမီးရှိရာ လိုက်ဖက်ညီသော စုံတွဲတစ်တွဲ ဖြစ်လာပေလိမ့်မည်။
မေ့လန်သည် ကျေးဇူးသိတတ်သူဖြစ်ပြီး ဘဝအခြေအနေ တိုးတက်လာပါက သေချာပေါက်ကူညီပေးလိမ့်မည်။
‘ဒီလိုဆို ငါက ဘာလို့များ ဒေါသထွက်နေရမှာလဲ’
သဘာဝကျစွာပင် သူမသည် ကျောင်းတိလေးကို ထားရစ်ခဲ့ရန် အကြံအစည်ကိုလည်း စွန့်လွှတ်လိုက်လေတော့သည်။
ချန်မေ့လန်သည် ဒုတိယချွေးမ၏ မျက်လုံးများ ဝံပုလွေတစ်ကောင်ပမာ မနာလိုမှုများဖြင့် တောက်ပနေသည်ကို သတိပြုမိသွားခဲ့သည်။ သူမက သိမ်မွေ့သော လေသံဖြင့် ထိုးနှက်လိုက်လေ၏။
“ယောင်းမ၊ စိတ်မပူပါနဲ့၊ မြို့မှာ ကျွန်မအခြေကျတာနဲ့ ယောင်းမတို့မိသားစုတစ်ခုလုံးကို ခေါ်လာခဲ့ပါ့မယ်”
ကျိုးချောင်ဖန်သည် ချန်မေ့လန်၏စရိုက်လက္ခဏာကို ကောင်းကောင်းသိထားသည်။ သူမသည် မိသားစုကို တန်ဖိုးထားပြီး သစ္စာရှိကာ စိတ်ထဲရှိသည့်အတိုင်း ပြောဆိုတတ်သူဖြစ်၏။
သူမက ဤသို့ပြောဆိုရဲပါက သေချာပေါက် အကောင်အထည်ဖော်နိုင်မည်ကိုလည်း သူမ သိရှိထားလေသည်။ ထို့ကြောင့် သူမက ဝမ်းသာအားရဖြင့် လက်ခံစကားဆိုလေ၏။
“မေ့လန်၊ နင် တော်တော်လေး အလေးထားတတ်တာပဲ၊ ငါတို့အားလုံးကို မြို့ခေါ်သွားမယ့်နေ့ကို ယောင်းမ စောင့်နေပါ့မယ်”
ဒုတိယချွေးမ၏ မျက်နှာမှာ ရုတ်တရက်ဖြူလျော်သွားပြီး လှည့်ထွက်သွားလေတော့သည်။
ထိုအချိန်တွင် ချန်မေ့လန်သည် အေးစက်စက် ပြုံးလိုက်ပြီး နံရံမှတစ်ဆင့် တိတ်တဆိတ်နားစွင့်နေခဲ့လေသည်။ အခြားတစ်ဖက်မှ ရန်ဖြစ်သံများကို သူမ ကြားလိုက်ရလေ၏။
ဒုတိယချွေးမက တီးတိုးလေသံဖြင့် အပြစ်တင်နေလေသည်။
“ယန်ရှီရှန်းနဲ့ အဲဒီပြည့်တန်ဆာမ အိပ်ရာထဲမှာ အတူတူရှိနေတာကို မိခဲ့တာ နင်ပဲလေ၊ ယွမ်နှစ်ထောင်တည်းနဲ့ ဘယ်လောက်မှာလဲ၊ ယန်ရှီရှန်းဆီက ငွေပိုတောင်းလိုက်ပါ”
သူမ၏ ခင်ပွန်းဖြစ်သူက အမောက်နှုတ်ခံထားရသော ကြက်ဖတစ်ကောင်ပမာ ခေါင်းငိုက်စိုက်ကျကာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဒုတိယချွေးမက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။
“နောက်ထပ် ယွမ်နှစ်ထောင်လောက် ထပ်တောင်းလိုက်၊ ဒါမှ ငါတို့ မြို့မှာ အိမ်တစ်လုံးဝယ်ပြီး နေလို့ရမှာ”
ချန်မေ့လန်သည် ဆက်လက်၍ စူးစိုက်နားထောင်နေခဲ့သည်။ အတန်ကြာသောအခါ ဒုတိယချွေးမ၏ အသံကို ထပ်မံကြားလိုက်ရလေ၏။
“ယန်ရှီရှန်းက လူယုတ်မာပဲ၊ သူ့ကို ငါတို့ ပြဿနာသွားမရှာရဲဘူး၊ ဒါပေမယ့် အဲဒီပြည့်တန်ဆာမက တရားဝင်အလုပ်အကိုင်ရှိတယ်လေ၊ သူက မျက်နှာပျက်မှာနဲ့ အလုပ်ပြုတ်မှာကိုကြောက်တယ်၊ ငါတို့ သူ့ကို သွားပြဿနာရှာသင့်တယ်၊ သူ့ဆီကနေ နောက်ထပ် ယွမ်နှစ်ထောင်လောက် ရအောင်တောင်းရမယ်”
ထိုအတိုင်းဆို သူမ၏ ဒုတိယအစ်ကိုနှင့် သူ့ဇနီးတို့သည် သူမကို ယန်ရှီရှန်းနှင့် ပူးပေါင်း၍ ထောင်ချောက်ဆင်ခဲ့သည်သာမက ယန်ရှီရှန်းနှင့် သူ့မယားငယ်တို့ အိပ်ရာထဲတွင် အတူတူရှိနေသည်ကိုလည်း ဖမ်းမိခဲ့ကြသည်ထင်ရ၏။
ထို့အပြင် သူမ၏ ဒုတိယအစ်ကိုက ဝင်မပြောဘဲ နေရုံသာမက သူတို့ထံမှ နှုတ်ပိတ်ခ ယွမ်နှစ်ထောင်ကိုပါ ယူခဲ့သေးသည်လော။
ထိုခေတ်အခါက ယွမ်နှစ်ထောင်ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။
ဆင်ခြေဖုံးရပ်ကွက်ရှိ ခြံဝင်းပါသော အိမ်တစ်လုံးမှာ ယွမ်နှစ်ထောင်၊ သုံးထောင်ခန့်သာ တန်ဖိုးရှိပြီး ဆန်တစ်ပေါင်မှာ တစ်ယွမ်သာ ရှိလေသည်။
ဆန်ဝယ်ရန် အသုံးပြုမည်ဆိုပါက ယွမ်နှစ်ထောင်ဖြင့် ကမ္ဘာပျက်သည့်တိုင်အောင် စားသောက်နိုင်ပေသည်။
ကနဦးတွင် ချန်မေ့လန်သည် သူမ၏အစ်ကိုကြီးကို ချက်ချင်းခေါ်ကာ ဒုတိယအစ်ကိုနှင့် သူ့ဇနီးတို့၏ အပြုအမူများကို ဖော်ထုတ်ရန် ဘေးအိမ်သို့ သွားရောက်လိုခဲ့၏။
သို့သော် ပြန်လည်စဉ်းစားကြည့်ပြီးနောက် သူမ စောင့်ဆိုင်းလိုက်လေသည်။
ယခင်ဘဝက သူမသည် မောက်မာပြီး ယန်ရှီရှန်းကို အမှိုက်တစ်စအဖြစ်သာ သဘောထားခဲ့သည်။
ယန်ရှီရှန်းတွင် အပြင်၌ မယားငယ်တစ်ယောက်ရှိနေကြောင်း သူမ ကြာမြင့်စွာကတည်းက သိထားခဲ့သော်လည်း ထိုအမျိုးသမီးများမှာ မည်သူမည်ဝါဖြစ်သည်ကို တစ်ကြိမ်တစ်ခါမျှ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စပ်စုခြင်း မရှိခဲ့ဘဲ ပြည့်တန်ဆာများ သို့မဟုတ် ဧည့်ခံပေးရသော အမျိုးသမီးများဟုသာ ထင်မှတ်ထားခဲ့လေ၏။
သို့သော် ဤတစ်ကြိမ်တွင် ဒုတိယချွေးမ၏ “တရားဝင် အလုပ်အကိုင်ရှိသော ပြည့်တန်ဆာမ” ဟူသော စကာက ချန်မေ့လန်၏ စပ်စုချင်စိတ်ကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့လေသည်။
ယန်ရှီရှန်း၏ မယားငယ်မှာ မည်သူဖြစ်သည်ကို အဘယ်ကြောင့် သွားရောက်မကြည့်ရှုရမည်နည်း။
နောက်တစ်နေ့ နံနက်စောစောတွင် ဒုတိယချွေးမ အိမ်မှထွက်ခွာသွားရာ ချန်မေ့လန်ကလည်း သဘာဝကျကျပင် သူမနောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့လေတော့သည်။
……..
ရှီးဖျင်မြို့ပြကြီးနှင့် ထောင်ယန်ခရိုင်သည် ကီလိုမီတာ လေးရာခန့် ကွာဝေးလေသည်။ မြို့ပြ၏ သားနားမှုအငွေ့အသက်ကို တစ်ခါမျှ မရှူရှိုက်ဖူးသော တောသူမိုက် ဒုတိယယောင်းမ ကျိုးရွှယ်ချင်းအဖို့ ထိုမျှဝေးကွာလှသော ခရီးကို သွားရောက်ရန်မှာ အိပ်မက်ထဲတွင်ပင် မဖြစ်နိုင်သော ကိစ္စရပ်တစ်ခုသာ ဖြစ်၏။
သို့သော်လည်း ဖုန်တထောင်းထောင်းထနေသော မြို့နယ်စာတိုက်ငယ်လေး၌တော့ ခေတ်မီဆက်သွယ်ရေးစနစ်တစ်ခုဖြစ်သည့် အများသုံးတယ်လီဖုန်းလေးတစ်လုံး ရှိနေခဲ့လေသည်။
ဒုတိယယောင်းမသည် မြို့ထဲသို့ ခြေချသည်နှင့် စာတိုက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ချွေးနံ့၊ လူနံ့တို့ ရောထွေးနေသော လူအုပ်ကြားထဲတွင် ဖုန်းဆက်ရန် စောင့်ဆိုင်းနေရင်း သူမ၏ လက်ဖဝါးပေါ်ရှိ ဖုန်းနံပါတ်ရေးထားသော စာရွက်ပိုင်းလေးကို မကြာခဏ စိုက်ကြည့်နေမိသည်။