အခန်း ၁၄
Vol. 2 Ch. 14
အခန်း (၁၄)
သူမ၏ မျက်လုံးများထဲတွင် လောဘရမ္မက်တို့က အထင်းသား ပေါ်လွင်နေကာ ယန်ရှီရှန်း သို့မဟုတ် သူ၏ တရားမဝင်မယားငယ်ထံသို့ ဆက်သွယ်ရန် ပြင်ဆင်နေကြောင်း သိသာလွန်းနေခဲ့သည်။
ယခုခေတ်ကာလတွင် နယ်မြေကုဒ်မတူညီသည်နှင့် နယ်ဝေးခေါ်ဆိုမှုအဖြစ် သတ်မှတ်ကာ တစ်မိနစ်လျှင် နှစ်ယွမ်ကျသင့်လေသည်။ ထိုပမာဏမှာ စက္ကန့်နှင့်အမျှ ငွေကြေးများကို မီးရှို့ပစ်နေသည်နှင့် အလားသဏ္ဌာန်တူလှသည်။
ထောင်ယန်နှင့် ရှီးဖျင်မြို့တို့မှာ နယ်မြေကုဒ် မတူညီကြသဖြင့် ဤဖုန်းခေါ်ဆိုမှုသည် အဖိုးအခကြီးမားသော နယ်ဝေးခေါ်ဆိုမှုတစ်ခု ဖြစ်နေခဲ့၏။
“ဟယ်လို၊ ဒါ ယန်ကွမ်မူလတန်းကျောင်းလား၊ ဆရာမ ဟူရှောင်မေကို ရှာချင်လို့ပါ”
အက်ကွဲရှတနေသော ဒုတိယယောင်းမ၏ အသံကျယ်ကြီးက စာတိုက်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
တကယ်ပင် ဟူရှောင်မေ ဖြစ်နေခဲ့သည်လော။
“ဆရာမဟူ၊ ယွမ်နှစ်သောင်းဆိုတာ နည်းလွန်းတယ်၊ ကျွန်မတို့ သဘောမကျဘူး၊ နောက်ထပ် ယွမ်နှစ်သောင်း ထပ်လိုချင်တယ်”
ဒုတိယယောင်းမက လောဘရမ္မက်ဖုံးလွှမ်းနေသော အသံဖြင့် လေသံကို ပိုမိုမြှင့်တင်ကာ တင်းမာပြတ်သားစွာ တောင်းဆိုလိုက်လေသည်။
သူမက တယ်လီဖုန်းခလုတ်အချို့ကို ရမ်းသမ်းနှိပ်လိုက်ရာ ဖုန်းစပီကာ ပွင့်သွားခဲ့သည်။ ခပ်လှမ်းလှမ်းတွင် ရပ်နေသော ချန်မေ့လန်၏ နားထဲသို့ ထိုအသံများက ရှင်းလင်းပြတ်သားစွာ ဝင်ရောက်လာခဲ့သည်။
“မေ့လန် နောက်အိမ်ထောင်ပြုသွားပြီလား၊ ဘယ်သူနဲ့ လက်ထပ်လိုက်တာလဲ”
တစ်ဖက်မှ အမျိုးသမီး၏ စိုးရိမ်တကြီး မေးမြန်းသံက စပီကာမှတစ်ဆင့် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
“သေချာပေါက် မြို့ကလူနဲ့ လက်ထပ်တာပေါ့၊ အဲဒီတုန်းက ငါ့ယောက်ျား ချန်တကျွင်းက နင်တို့နှစ်ယောက် အိပ်ရာပေါ်မှာ ဖောက်ပြန်နေတာကို မိသွားခဲ့တာလေ၊ နင်က ငိုယိုပြီး ကူညီပေးဖို့ ငါတို့ကို တောင်းပန်ခဲ့တာ၊ အခု ငါ့ကို နောက်ထပ် ယွမ်နှစ်သောင်းမပေးရင် ငါ အခုချက်ချင်း ယန်ကွမ်မူလတန်းကျောင်းကို လာပြီး နင်က အရှက်မရှိတဲ့ပြည့်တန်ဆာမလို့ အော်ဟစ်သောင်းကျန်းပစ်မယ်... ဟယ်လို၊ ဟယ်လို”
ဒုတိယယောင်းမ၏ အသံမှာ ဒေါသကြောင့် တုန်ရီနေခဲ့သည်။
တစ်ဖက်လူက ဖုန်းချသွားပြီဖြစ်သော်လည်း ဒုတိယယောင်းမကတော့ တတီတီ မြည်နေသော ဖုန်းသံကို နားထောင်ရင်း အဆက်မပြတ် အော်ခေါ်နေဆဲဖြစ်သည်။
ခဏကြာသောအခါ နောက်တွင် ဖုန်းဆက်ရန် တန်းစီစောင့်ဆိုင်းနေသူများက စိတ်မရှည်စွာ ဆဲရေးတိုင်းထွာလာကြသဖြင့် သူမက ဖုန်းကို ကြမ်းတမ်းစွာ ချလိုက်လေ၏။
“နှစ်ယွမ်တောင်၊ အဲဒါ ကြက်ဥကိတ် သုံးကျင်းတောင်ဝယ်လို့ရတယ်၊ ဟူရှောင်မေက လူလိမ်မလား၊ ဖုန်းသံ တတီတီလေး ကြားရဖို့အတွက် ငါ့ရဲ့ ကြက်ဥကိတ်သုံးကျင်းစာ အလဟဿ ဖြစ်သွားစေတယ်”
ဒုတိယယောင်းမက နှမြောတသစွာဖြင့် ညည်းတွားလိုက်သည်။
ထိုသူမှာ တကယ်ပင် ဟူရှောင်မေ ဖြစ်နေခဲ့သည်။ ချန်မေ့လန် အံ့ဩသွားခဲ့သော်လည်း လုံးဝမထင်မှတ်ထားသော ကိစ္စမျိုးတော့ မဟုတ်ခဲ့ပေ။
ဟူရှောင်မေသည် ယန်ကွမ်မူလတန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်ပြီး ချန်မေ့လန် ယန်ကွမ်ရွာတွင် ရှိနေစဉ်က သူမ၏ ရင်းနှီးသော သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့သည်။
အနာဂတ်တွင် သူမသည် ကျောင်း၏ ထူးချွန်သောဆရာမတစ်ဦး ဖြစ်လာမည့်အပြင် ချန်မေ့လန်၏ ယခင်ဘဝ၌လည်း ဟူရှောင်မေသည် ယန်ရှီရှန်းနှင့် တကယ်ပင် လက်ထပ်ခဲ့ပြီး သားတစ်ယောက်ပင် ရခဲ့ကြသေးသည်။
နောက်ပိုင်းတွင် သူတို့ ပြန်လည်ဆုံတွေ့ခဲ့ကြစဉ်က ချန်မေ့လန်မှာ မြို့၏ အချမ်းသာဆုံးသူဌေးကတော် ဖြစ်နေပြီဖြစ်သည်။ ထိုစဉ်က ဟူရှောင်မေက ချန်မေ့လန် ကွာရှင်းပြီးမှသာ ယန်ရှီရှန်းနှင့် စတင်ပတ်သက်ခဲ့ခြင်းဖြစ်ကြောင်း မျက်ရည်များဖြင့် ကျိန်တွယ်ပြောဆိုခဲ့ဖူးသည်။
ထို့အပြင် ယန်ရှီရှန်းမှာ ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် အခြေအနေဆိုးများနှင့် ရင်ဆိုင်ရကာ ထောင်ကျနေချိန်လည်း ဖြစ်သည်။
ဟူရှောင်မေသည် သူမထံသို့ ငိုယိုကာ ရောက်လာပြီး ယန်ရှီရှန်းကို ထောင်မှထုတ်ပေးရန် ငွေကြေးအကူအညီ လာရောက်တောင်းခံခဲ့သည်။
ယန်ရှီရှန်းက ကျောင်းတိကို ကန်ကျောက်ကာ အသုံးမကျသော မိန်းကလေးဟု သမုတ်ကတည်းက ချန်မေ့လန်၏ ရင်ထဲတွင် ထိုအမျိုးသားမှာ အပြီးတိုင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဟူရှောင်မေသည်လည်း ထူးချွန်ဆရာမနှင့် အသိဟောင်းတစ်ယောက်အနေဖြင့် မိတ်ဆက်မလာပါက သူမကို တွေ့ဆုံခွင့်ပေးခဲ့မည်မဟုတ်ပေ။
ယန်ရှီရှန်းအတွက်
ယန်ရှီရှန်းအတွက် ငွေလာတောင်းခြင်းဖြစ်ကြောင်း သိလိုက်ရချိန်တွင် ချန်မေ့လန်က လုံခြုံရေးကို ခေါ်ကာ ဟူရှောင်မေကို ချက်ချင်းပင် အပြင်သို့ မောင်းထုတ်ခိုင်းခဲ့သည်။
ဆရာမတစ်ယောက်အနေဖြင့် သူဌေးသစ်တစ်ဦးကို လက်ထပ်ခြင်းမှာ အပြစ်မဆိုသာသော်လည်း မယားငယ်ဘဝကို ခံယူခြင်းကတော့ ကိုယ်ကျင့်တရား လုံးဝ ပျက်စီးနေခြင်းပင်။
ဤကိစ္စနှင့်ပတ်သက်၍ သူမ တစ်ခုခုတော့ တုံ့ပြန်သင့်သည်ဟု ချန်မေ့လန် ခံစားလိုက်ရသည်။ သို့သော် ဟူရှောင်မေနှင့် ယန်ရှီရှန်းတို့ ဖောက်ပြန်နေသည်ကို ဒုတိယအစ်ကို မိသွားခဲ့ဖူးသည်ဆိုသော အချက်က ဒုတိယယောင်းမအနေဖြင့် သူမ မြို့သို့ အိမ်ထောင်ပြုသွားမည်ကို အဘယ်ကြောင့် ကြောက်ရွံ့နေရသနည်းဆိုသည်ကို ရှင်းလင်းစွာ အဖြေပေးနေခဲ့သည်။
သူမ မြို့သို့ နောက်တစ်ခါ အိမ်ထောင်ပြုသွားပါက ယန်ကွမ်ရွာမှ လူတစ်ဦးဦးနှင့် တွေ့ဆုံပြီး ဒုတိယအစ်ကိုနှင့် မရီးတို့၏ လှည့်ကွက်များ ပေါ်လွင်သွားမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်ရပေမည်။ သူမက မြို့တွင်နေရန် ငွေမရှိမည်ကိုသာ စိတ်ပူနေခဲ့သည်။
ယခုတော့ ဒုတိယအစ်ကိုနှင့် မရီးထံမှ အကြွေးများကို အရင်သွားရောက် ရယူလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။
ချန်မေ့လန်သည် ခြေလှမ်းများကို ပြန်လှည့်ကာ ပူပူနွေးနွေး ဖုတ်ထားသော ကြက်ဥကိတ်တစ်ကျင်းကို ဝယ်ယူလိုက်သည်။
ဤခေတ်အခါရှိ မွေးမြူရေးကြက်များမှ ရရှိသော ကြက်ဥများနှင့် သန့်စင်သော နို့ရည်တို့ဖြင့် ပြုလုပ်ထားသော ကြက်ဥကိတ်များမှာ နို့အရသာ အပြည့်ရှိပြီး ချိုမြိန်ကာ အငွေ့တထောင်းထောင်း ထနေဆဲဖြစ်၏။
အပြင်ခွံက ကြွပ်ရွနေပြီး အတွင်းသားမှာ နူးညံ့ကာ အရည်ရွှမ်းနေလေသည်။
မွှေးပျံ့ချိုမြိန်သော ကြက်ဥကိတ်၏ရနံ့က လေထဲတွင် ဝဲပျံနေသည်။
ချန်မေ့လန်သည် အငွေ့တထောင်းထောင်း ထွက်နေသော ကြက်ဥကိတ်ကို တစ်ကိုက်ချင်း မြုံ့စားရင်း သူမ၏ အနာဂတ်အတွက် ကိုယ်ပိုင်ဘဝသစ်တစ်ခု တည်ဆောက်မည့် ခိုင်မာသော ရည်မှန်းချက်များကို နှလုံးသားထဲတွင် တိတ်တဆိတ် သန္နိဋ္ဌာန်ချနေခဲ့၏။
ယခင်ဘဝ၏ ခါးသီးလှသော မှတ်ဉာဏ်များကို ချန်ရစ်ခဲ့ပြီဖြစ်ရာ ယခုဘဝတွင်မူ သူမ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်များကို မြှင့်တင်ကာ မည်သူ့ကိုမျှ အားကိုးစရာမလိုသော အမှီအခိုကင်းသည့် ဘဝတစ်ခုကို ရယူပိုင်ဆိုင်မည်ဟု ပြတ်သားစွာ ဆုံးဖြတ်ထားလေသည်။
ကြက်ဥကိတ်များ စားရင်း သူမသည် ဒုတိယယောင်းမထက် ဆယ်မိနစ်ခန့် စောကာ ရွာဘက်သို့ ပြန်လျှောက်လာခဲ့သည်။ ဖုန်မှုန့်များ လွင့်စင်နေသော မြေသားလမ်းမထက်တွင် လျှောက်လာစဉ် ရုတ်တရက် မော်တော်ဆိုင်ကယ်တစ်စီးက လျှပ်တစ်ပြက် မောင်းထွက်လာ၏။
ဆိုင်ကယ်ပေါ်တွင်မူ သန့်ရှင်းသပ်ရပ်ကာ ချောမောသောရုပ်ရည်နှင့် တောက်ပသောအပြုံးကို ပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ယောက် ပါလာလေသည်။ ထိုအမျိုးသားမှာ လုကျင်းယွီပင်။
သူသည် ချန်မေ့လန်၏ ယခင်ဘဝမှ ဒုတိယမြောက်ခင်ပွန်းလည်း ဖြစ်ခဲ့ဖူးလေသည်။ ပထမဆုံးအကြိမ် အကြည့်ချင်း ဆုံလိုက်ချိန်တွင် ချန်မေ့လန်၏ရင်ထဲ၌ ဒေါသထွက်သလိုလို၊ ရယ်ချင်သလိုလို ခံစားချက်တို့ ရောထွေးသွားခဲ့သည်။
ယခင်ဘဝက သူမ၏ ခင်ပွန်းဟောင်း နှစ်ယောက်အနက် တစ်ယောက်မှာ ရှီးဖျင်မြို့၏ နာမည်ကြီး သူဌေးသစ်တစ်ဦးဖြစ်ပြီး ကျန်တစ်ယောက်မှာ အနာဂတ်တွင် ရှီးဖျင်မြို့၏ အချမ်းသာဆုံးသူဌေး ဖြစ်လာမည့်သူပင်။
မြို့သူမြို့သားများက သူမအကြောင်း ပြောကြသည့်အခါတိုင်း ခင်ပွန်းများကို ကြီးပွားချမ်းသာစေမည့် ကံကြမ္မာနှင့် မွေးဖွားလာသူဟူ၍ မချီးကျူးဘဲ မနေနိုင်ကြပေ။
သို့သော်လည်း သူမသည် ယန်ရှီရှန်းအကြောင်းကို မေ့ပျောက်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သလို လုကျင်းယွီနှင့်လည်း အလွန်တရာ စိမ်းကားနေသကဲ့သို့ ခံစားနေရသည်။
သူတို့၏ အိမ်ထောင်သက် ပထမနှစ်နှစ်အတွင်း နေ့စဉ် တွေ့ဆုံခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ သူမက အိမ်၌ ကလေးများကို ပြုစုစောင့်ရှောက်ရင်း အိမ်ရှင်မတစ်ယောက်အဖြစ် နေထိုင်ချိန်တွင် သူကမူ ပြင်ပလုပ်ငန်းခွင်၌ အလုပ်များနေခဲ့သဖြင့် သူတို့နှစ်ဦးကြားရှိ သံယောဇဉ်ကြိုးများမှာ တဖြည်းဖြည်းနှင့် ပြတ်တောက်လာခဲ့ကြ၏။
နေထိုင်ရာ အိမ်ကြီးများမှာ ပိုမိုကြီးမား ခမ်းနားလာခဲ့သော်လည်း မိသားစု၏ နွေးထွေးမှုတို့ ကင်းမဲ့ကာ အေးစက်စက်နှင့် ဟာလာဟင်းလင်းဖြစ်လာခဲ့သည်။
ပြင်ပလောကတွင် သူမအကြောင်း မေးမြန်းကြသည့်အခါတိုင်း လုကျင်းယွီ၏နှုတ်ဖျားမှ ထွက်ပေါ်လာတတ်သော စကားများက သူမရင်ကို နာကျင်စေခဲ့သည်။
“ကျွန်တော့်မိန်းမက တောသူပါ၊ အရင်ကတော့ တော်တော်လေးလှပေမဲ့ အသက်ကြီးလာတော့ သူမရဲ့ ရုပ်ရည်ကို သိပ်ဂရုမစိုက်တော့လို့ အခုတော့ သာမန်ပါပဲ၊ သူမက အလုပ်ကြိုးစားတယ်၊ ရိုးသားတယ်၊ အိမ်မှုကိစ္စနိုင်နင်းတယ်၊ လူတွေပြောပြောနေကြတဲ့ ရိုးရိုးအေးအေး မိန်းမမျိုးပါပဲ၊ ဒါပေမဲ့ သူမမှာ အပြစ်ကင်းစင်တဲ့ ကိုယ်ကျင့်တရားရှိတာကြောင့် သူမကို ကျွန်တော် အရမ်းလေးစားပါတယ်၊”
ထိုစကားများမှာ ကြားရသူအဖို့ နားဝင်ချိုလှသော်လည်း အမှန်တကယ်တွင်မူ သူမကို တန်ဖိုးမရှိသူတစ်ဦးအဖြစ် နှိမ့်ချလိုက်ပြီး သူ့ကိုယ်ပိုင် ကိုယ်ကျင့်တရားစံနှုန်းကိုမူ အမြင့်မားဆုံးသို့ ဆွဲတင်သွားခဲ့ခြင်းသာ။
ထိုစကားများကို ကြားရသူတိုင်းက လုကျင်းယွီကို လူကောင်းတစ်ယောက်အဖြစ် ချီးကျူးကြမည်မှာ သေချာလှသည်။
သို့သော် ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် လုကျင်းယွီက ထိုစကားများကို ပြောဆိုနေသည်ကို မြင်တွေ့လိုက်ရချိန်၌ ချန်မေ့လန်၏ ရင်ထဲတွင် ဤအမျိုးသားသည်လည်း သူမအတွက် သေဆုံးသွားသူတစ်ဦးအဖြစ်သာ မှတ်ယူလိုက်တော့သည်။
“မေ့လန်၊ မင်း ဒီနေ့ အိမ်ထောင်ကျသွားတယ်လို့ ငါကြားတယ်”
မော်တော်ဆိုင်ကယ် အင်ဂျင်သံ တဒုတ်ဒုတ်နှင့်အတူ လုကျင်းယွီက ပေါ့ပေါ့ပါးပါးဟန်ဖြင့် လှမ်းမေးလိုက်လေ၏။
“ငါ မြို့က ရဲတစ်ယောက်နဲ့ လက်ထပ်လိုက်တာ”
ချန်မေ့လန်က တဒိတ်ဒိတ် ခုန်နေသော သူမ၏နှလုံးသားကို ထိန်းချုပ်ရင်း တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။
သူမရှေ့တွင်ရှိနေသော ဤအမျိုးသားသည် အနာဂတ်၌ ရှီးဖျင်မြို့၏ အချမ်းသာဆုံးသူဌေး ဖြစ်လာမည်ဖြစ်ကာ မရေမတွက်နိုင်သော အိမ်ခြံမြေစီမံကိန်းများကို ဖော်ဆောင်၍ သူမကို မြို့၏ နေရာအနှံ့ရှိ ခမ်းနားလှသော အိမ်ကြီးအိမ်ကောင်းများနှင့် ဗီလာများတွင် နေထိုင်ခွင့်ရစေမည့်သူ ဖြစ်သည်။