အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅)
သို့သော် ထိုရုပ်ဝတ္ထုပစ္စည်းများကို သူမ လုံးဝ စိတ်မဝင်စားတော့ပေ။ သူမ၏ရည်မှန်းချက်မှာ ပိုမိုရိုးရှင်းကာ အေးချမ်းသော ဘဝလမ်းကြောင်းအသစ်တစ်ခုကိုသာ ရွေးချယ်လျှောက်လှမ်းလိုခြင်းဖြစ်လေသည်။
“ရဲဆိုတာ မဆိုးပါဘူး၊ ဒါပေမဲ့ အဲဒီရဲမှာ ကလေးနှစ်ယောက်ရှိနေပြီလို့ ကြားတယ်၊ မင်းက တစ်ယောက်ထပ်ခေါ်သွားမယ်ဆိုတော့ ကလေးသုံးယောက်နဲ့ စားဝတ်နေရေးအဆင်ပြေဖို့ဆိုတာ မလွယ်ဘူးနော်”
လုကျင်းယွီ၏ မျက်နှာပေါ်တွင် စာနာသယောင်ယောင် အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့၏။
“ဘယ်လိုဘဝမျိုးပဲဖြစ်ဖြစ် ရှင်သန်ဖြတ်သန်းရမှာပါပဲ”
ချန်မေ့လန်က ပွင့်လင်းပြတ်သားစွာ တုံ့ပြန်လိုက်ရင်း သူမ၏ ခြေလှမ်းများကို အရှိန်တင်လိုက်ကာ အနာဂတ်၏ အချမ်းသာဆုံးသူဌေးကြီးကို ကျောခိုင်းထားရစ်ခဲ့လေသည်။
ယခင်ဘဝတွင် သူသည် အခြားသူဌေးများကဲ့သို့ တရားမဝင်ကလေးများနှင့် မယားငယ်များ မထားရှိခဲ့သော်လည်း သူ့မျက်လုံးထဲတွင်မူ သူမသည် အမြဲတမ်း ရိုးအီကာ အောက်တန်းကျသော အိမ်ရှင်မတစ်ယောက်သာ ဖြစ်ခဲ့သည်။
သူ၏ အောင်မြင်မှု ဂုဏ်ကျက်သရေများကိုသာ သူ မှတ်မိခဲ့သော်လည်း သူ၏ လုပ်ငန်းခွင်၌ အသက်အန္တရာယ်ကြုံရလောက်သည့် အကျပ်အတည်းများတွင် သူမ၏ ထက်မြက်သောအကြံဉာဏ်များက မည်မျှကူညီပေးနိုင်ခဲ့သည်ကိုမူ လုံးဝ မေ့လျော့နေခဲ့၏။
ထို့အပြင် သူ ပြင်ပ၌ အလုပ်များနေချိန်တွင် အိမ်ရှိ ကလေးသုံးယောက်ကို သူမ မည်မျှပင်ပန်းဆင်းရဲစွာ ပြုစုပျိုးထောင်ခဲ့ရသည်ကိုလည်း အသိအမှတ်မပြုခဲ့ပေ။
ဤဘဝတွင်မူ သူ၏ အနာဂတ်လမ်းခရီး ဖြောင့်ဖြူးပါစေဟုသာ တိတ်တဆိတ် ဆုတောင်းပေးလိုက်လေသည်။
ရွာထိပ်သို့ ရောက်ရှိသွားချိန်တွင်မူ ပန်းရောင်ပိတ်ပါးစကတ်လေးကို မင်းသမီးလေးတစ်ပါးအလား ဝတ်ဆင်ထားသော ကျောင်းတိသည် ဝမ်းသာအားရ ခုန်ပေါက်နေခဲ့ပြီဖြစ်သည်။
မိခင်ဖြစ်သူကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်ပင် သေးငယ်သော ခန္ဓာကိုယ်လေးသည် အမြောက်ဆန်လေး တစ်ခုပမာ ချန်မေ့လန်၏ နွေးထွေးသော ရင်ခွင်ထဲသို့ အရှိန်ပြင်းပြင်း ပြေးဝင်လာခဲ့လေ၏။
ကောင်မလေးသည် မိခင်ဖြစ်သူကို တင်းကျပ်စွာ ဖက်တွယ်ထားပြီးနောက် ရုတ်တရက် နောက်လှည့်ကာ မြေပြင်ပေါ်ရှိ ကျောက်ခဲတစ်လုံးကို ကောက်ယူ၍ သူမနောက်မှ ယင်ပေါင်အား ပစ်ပေါက်လိုက်လေသည်။
“တွေ့လား၊ ငါ့အမေက ငါ့ကိုထားပြီး ထွက်မသွားဘူး၊ အမေပြန်လာပြီ၊ ငါ့ကိုလည်း သေချာပေါက်ခေါ်သွားမှာ”
ကောင်မလေး၏ မျက်နှာထက်တွင် အောင်နိုင်သူ၏ ပြုံးဖြီးဖြီး အမူအရာလေး လင်းလက်နေခဲ့သည်။ နံနက်ခင်းက နှုတ်မဆက်ဘဲ ထွက်သွားခဲ့သဖြင့် ကျောင်းတိမှာ မိခင်ဖြစ်သူက သူမကို တိတ်တဆိတ် စွန့်ပစ်သွားပြီဟု ထင်မှတ်ကာ အလွန်တရာ ကြောက်ရွံ့နေခဲ့ရှာ၏။
ချန်မေ့လန်က သူတို့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သောအခါ နောက်ပါကလေးတစ်အုပ်မှာ စိတ်ဓာတ်ကျသွားသည့် အမူအရာမျယးဖြင့် တောခွေးငယ်လေးများအလား တောအုပ်ထဲသို့ လှည့်ပြေးသွားကြတော့သည်။
ကျောင်းတိမှာ မိခင်၏လက်ကို ဆုပ်ကိုင်ထားရင်း လိပ်ပြာလေးတစ်ကောင်ပမာ ပေါ့ပါးသွက်လက်စွာ လိုက်ပါလာခဲ့သည်။
“ဒီမှာ ကြက်ဥကိတ်စားလေ၊ သမီးကို ကတိပေးထားတဲ့ ကြက်ဥကိတ်တွေကို အမေဝယ်လာတယ်”
ချန်မေ့လန်က မေတ္တာအပြည့်ပါသောအပြုံးဖြင့် ကြက်ဥကိတ်များကို လှမ်းပေးလိုက်လေသည်။
ယခင်ဘဝက အဖြစ်အပျက်များကို ပြန်လည်တွေးတောမိတိုင်း သူမရင်ထဲတွင် နောင်တတရားများက လှိုင်းထန်လာခဲ့၏။
လုကျင်းယွီက မိသားစုနှစ်ခုမှ ကလေးများ သဟဇာတဖြစ်အောင် နေထိုင်ရန် ခက်ခဲလိမ့်မည်ဟု ပြောဆိုခဲ့သည့် စကားတစ်ခွန်းတည်းဖြင့် ကျောင်းတိအား မိဘများ၏အိမ်တွင် သုံးလတိတိ စွန့်ပစ်ထားခဲ့မိသည်။
နောက်ဆုံးတွင် ကျောင်းတိကို လာရောက်ခေါ်ဆောင်ချိန်၌ ကလေးငယ်လေးမှာ ခြောက်သွေ့မာကျောနေသော ကြက်ဥကိတ်များကို ရင်ခွင်ထဲတွင် မြတ်နိုးစွာ ပိုက်ထားရင်း အံ့ဩဝမ်းသာမှုနှင့်အတူ မျက်ရည်များ ဖြိုင်ဖြိုင်ကျကာ မိခင်၏ရင်ခွင်ထဲသို့ ပြေးဝင်လာခဲ့ပုံကို သူမမှတ်ဉာဏ်ထဲတွင် ယခုတိုင် စွဲထင်နေဆဲဖြစ်သည်။
ကြက်ဥကိတ်များ၏ မွှေးပျံ့သော ရနံ့က အလွန်တရာ ပြင်းထန်ပြီး ဆွဲဆောင်မှုရှိလှသဖြင့် ရွာမှ ကလေးများအားလုံးက လုယူစားသောက်ချင်ကြသော်လည်း သူမသည် ဝံပုလွေပေါက်စလေး တစ်ကောင်ကဲ့သို့ ရဲရဲဝံ့ဝံ့ ခုခံကာကွယ်ကာ မိခင်ပြန်လာမည့် အချိန်အထိ ကြက်ဥကိတ်အိတ်လေးကို အသက်တမျှ စောင့်ရှောက်ထားခဲ့လေ၏။
သူမ၏ အစားအသောက်အပေါ် မက်မောမှုမှာ ထိုအချိန်ကတည်းက စတင် အမြစ်တွယ်ခဲ့ခြင်းဖြစ်ပေမည်။
“အမေ၊ ကြက်ဥကိတ်တွေက အစပ်ချောင်းတွေထက် တကယ်ကို ပိုကောင်းတာပဲ”
ကျောင်းတိက ကြက်ဥကိတ်ကို အားရပါးရ အကြီးကြီး တစ်ကိုက်ကိုက်စားလိုက်ပြီးနောက် အာမေဍိတ်သံလေးဖြင့် ဝမ်းသာအားရ ပြောလိုက်လေသည်။
ဤတစ်ကိုက်သည် ကလေးငယ်အတွက်တော့ အရာအားလုံးထက် တန်ဖိုးရှိလှကာ သူမ၏ လျှာဖြားနှင့် နှလုံးသားလေးမှာ ကျေနပ်မှုများဖြင့် ပြည့်လျှံသွားခဲ့၏။
မိခင်ဖြစ်သူက အနောက်မှ ဖြည်းညင်းစွာ လျှောက်လာနေစဉ် သူမကမူ ရှေ့မှနေ၍ လိပ်ပြာလေးတစ်ကောင်အလား ပေါ့ပေါ့ပါးပါး ခုန်ပေါက် ပြေးလွှားနေခဲ့သည်။
သူမ၏ ဝမ်းကွဲအစ်မ နှစ်ယောက်မှာမူ သူမကို မနာလိုစွာဖြင့် အံကြိတ်ကာ ကြည့်နေကြလေသည်။ ချန်မေ့လန်က သူတို့ တစ်ယောက်စီအား ကြက်ဥကိတ်တစ်ခုစီ ပေးလိုက်သောအခါမှသာ ကောင်မလေး နှစ်ယောက်မှာ ကျောင်းတိကို ဘေးတစ်ဖက်တစ်ချက်စီမှ ဝန်းရံကာ ကစားရန် ခေါ်ဆောင်သွားကြတော့၏။
မြောက်ပိုင်းကျေးလက်ဒေသသည် ဇူလိုင်လ နွေလယ်ကာလသို့ ရောက်ရှိလာသည်နှင့်အမျှ ပူပြင်းလောင်ကျွမ်းနေသော နေမင်းကြီးမှာ ကောင်းကင်ယံ၌ မီးလုံးကြီး တစ်လုံးအလား တောက်လောင်နေလေသည်။
လယ်ကွင်းပြင်ရှိ သီးနှံအမျိုးမျိုးမှာလည်း လျင်မြန်စွာ ရင့်မှည့်လာကြရာ တောင်သူလယ်သမားများမှာ မိုးလင်းမှမိုးချုပ်အထိ အနားမရဘဲ အလုပ်လုပ်ကြရလေ၏။
ကမန်းကတန်း အနည်းငယ် စားသောက်ပြီးသည်နှင့် လယ်ကွင်းများထဲသို့ ပြန်လည်ဝင်ရောက်သွားကြကာ အပေါ်သို့ မော့ကြည့်လိုက်သည့် အချိန်တွင်မူ ကြယ်ရောင်များလင်းလက်နေသော ညဉ့်ဦးယံသို့ ရောက်ရှိနေပြီဖြစ်လေသည်။
မိသားစု နှစ်စုစာ အလုပ်တာဝန်များကို ဒိုင်ခံလုပ်ဆောင်နေရသော ချန်တကုန်းနှင့် သူ့ဇနီး ကျိုးချောင်ဖန်တို့ မည်မျှပင်ပန်းနွမ်းနယ်နေမည်ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။
စိမ်းစိုနေသော နှံစားပြောင်းခင်းထဲသို့ မေ့လန်ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ နှံစားပြောင်းများ ရိတ်သိမ်းရန် အလုပ်များနေသော ကျိုးချောင်ဖန်က ချွေးများကိုသုတ်ရင်း ပြုံးကာ ဆီးကြိုလိုက်လေသည်။
“ငါတို့ရဲ့ မေ့လန်လေး နောက်အိမ်ထောင်ပြုရတော့မယ်၊ နင် အလုပ်မလုပ်သင့်တော့ဘူး၊ အိမ်ပြန်ပြီး နှစ်ရက်လောက် နားနားနေနေ နေပါ၊ နင့်အသားအရေကို ဂရုစိုက်ဦး၊ ဒီတစ်ခါ မြို့ကိုပြန်ရမှာဆိုတော့ မြို့ကလူတွေက နင့်ကို တောဆန်တယ်လို့ အထင်ခံရလို့မဖြစ်ဘူးလေ”
သူမ၏ ယောင်းမလေး မည်မျှလှပလာသည်ကိုငေးကြည့်ရင်း ကျိုးချောင်ဖန်၏ရင်ထဲတွင် ယန်ရှီရှန်းဆိုသော လူမိုက်က သူမကို စွန့်ပစ်ခဲ့သည်မှာ သေချာပေါက် မျက်စိကန်းနေခြင်းသာဖြစ်ရမည်ဟု တွေးတောနေမိသည်။
ကျိုးချောင်ဖန်သည် သူမ၏ ယောက်မလေးကို အသားအရေ ဖြူဝင်းလှပလာစေရန် ပြုစုပျိုးထောင်ပေးချင်လေ၏။ ထို့နောက် ရဲအရာရှိတစ်ယောက်နှင့် ခမ်းနားစွာ လက်ထပ်ပြီး ယန်ကွမ်ရွာသို့ ပြန်လည်ရောက်ရှိလာချိန်၌ ထိုခွေးကောင် ယန်ရှီရှန်းကို သူ၏ မှားယွင်းသော ဆုံးဖြတ်ချက်အတွက် တစ်သက်လုံးနောင်တရသွားစေရန် ရည်ရွယ်ထားလေသည်။
“လယ်ထဲမှာ နင် လုပ်စရာသိပ်မရှိပါဘူး၊ သွား၊ အိမ်ပြန်ပြီးသွားနားလိုက်”
ချန်တကုန်းကလည်း မောင်နှမသံယောဇဉ်ဖြင့် ဝင်ရောက်ပြောဆိုလိုက်လေသည်။ သို့သော် ချန်မေ့လန်ကမူ တံစဉ်တစ်ခုကို ကောက်ကိုင်လိုက်ပြီး နှံစားပြောင်းများကို ကိုယ်တိုင်ကိုယ်ကျ စတင်ရိတ်သိမ်းလိုက်လေသည်။
“အစ်ကိုကြီး၊ ကျွန်မ မြို့မှာရှိနေတုန်းက မိသားစုအိမ်သစ်ဆောက်တော့ ကျွန်မ ပိုက်ဆံထုတ်ပေးခဲ့တာလေ၊ ဒုတိယအစ်ကို ချန်တကျွင်းက အိမ်သစ်မဆောက်ရသေးတော့ သူ မပျော်မရွှင်ဖြစ်နေမှာပဲနော်၊ အစ်ကိုကြီးကိုကော တစ်ခုခုပြောသေးလား”
သူမက အလုပ်လုပ်ရင်း ပြုံးကာ မေးလိုက်လေသည်။
နေလောင်ဒဏ်ကြောင့် ခရမ်းရင့်ရောင် ပေါက်နေပြီဖြစ်သော ချန်တကုန်း၏မျက်နှာမှာ ပိုမို မှောင်မိုက်သွားခဲ့သည်။
“အစ်ကိုကြီး အိမ်ဆောက်တာကို ကူညီပေးခဲ့တာနဲ့တင် နင်လုပ်ပေးတာတွေ လုံလောက်နေပါပြီ၊ ငါ နှုတ်က ထုတ်မပြောပေမဲ့ ငါ့ရင်ထဲမှာ ကျေးဇူးတင်နေတာပါ၊ နင့်ရဲ့ ဒုတိယအစ်ကိုကတော့….. သူက နင့်ရဲ့ အစ်ကိုအရင်းမှ မဟုတ်တာ၊ နင် သူ့အတွက် အိမ်ဆောက်မပေးလည်းရပါတယ်၊ သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတာဆိုရင်တော့ သူ့နှလုံးသားက ကျောက်တုံးနဲ့လုပ်ထားတာပဲ ဖြစ်လိမ့်မယ်”
ချန်တကုန်း၏အသံတွင် ညီမအပေါ် ကာကွယ်လိုစိတ်များ အပြည့်အဝ ပါဝင်နေခဲ့သည်။
“ဟုတ်တယ်၊ နင် ငါတို့ကို အိမ်ဆောက်ဖို့ကူညီပေးတာက အရမ်းကြီးမားတဲ့ ကျေးဇူးပဲ၊ အစောကြီးမဟုတ်တောင် နောက်ပိုင်း ငါတို့ ပြန်ဆပ်မှာပါ၊ နင့်ရဲ့ ဒုတိယယောင်းမက ဒါနဲ့ပတ်သက်ပြီး ပြဿနာရှာရင် နင့်ကိုယ်စား ငါ သူ့ကိုဆူပေးမယ်”
ယောင်းမကလည်း ခင်ပွန်းဖြစ်သူ၏စကားကို ထောက်ခံလိုက်လေသည်။
“ဒုတိယယောင်းမရဲ့ အဝတ်သေတ္တာထဲမှာ ကျွန်မ ယွမ်တစ်သောင်း တွေ့ခဲ့တယ်၊ ဒီနေ့ ဈေးမှာ သူမက အမျိုးသမီးတစ်ယောက်ဆီ ဖုန်းဆက်နေတာကို ကျွန်မ ကြားလိုက်ရတယ်... ဒုတိယအစ်ကိုနဲ့ သူ့မိန်းမက ယန်ရှီရှန်း၊ သူ့ရဲ့ မယားငယ်တို့နဲ့ ပေါင်းပြီး ကျွန်မကို အကွက်ဆင်နေကြတာ ဖြစ်ပုံရတယ်”
ချန်မေ့လန်၏ တည်ငြိမ်လှသော စကားသံအဆုံးတွင် လေထုမှာ ရုတ်တရက် တင်းမာသွားခဲ့သည်။
ချန်မေ့လန် စကားမဆုံးမီမှာပင် ချန်တကုန်းက ချက်ချင်းပြန်လည်တုံ့ပြန်လိုက်လေသည်။
“နင့်ရဲ့ ဒုတိယအစ်ကိုက ယန်ရှီရှန်း ရိုက်တာခံရသလို ဟန်ဆောင်နေတာလို့ နင်ပြောချင်တာလား၊ တကယ် အရိုက်မခံရဘဲ နေမကောင်းချင်ယောင်ဆောင်နေတာလား၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ နင့်ရဲ့ ဒုတိယအစ်ကိုက အဲဒီလိုလူမျိုးမဟုတ်ဘူး”
တကယ်ပင် မဟုတ်လေသလော။ အစ်ကိုကြီးကမူ ထိုကိစ္စကို လုံးဝ ယုံကြည်ခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် အတူတကွ ကြီးပြင်းလာခဲ့ကြသော သွေးသောက်ညီအစ်ကိုများ ဖြစ်ကြသည်။
ဖခင် မတူညီကြသော်လည်း အဘိုးတစ်ဦးတည်း၏ သွေးသားများဖြစ်ကြရာ ဒုတိယအစ်ကိုအနေဖြင့် ထိုမျှ ယုတ်မာလှသော လှည့်စားမှုကို မည်သို့မျှ ကျူးလွန်ရက်မည်မဟုတ်ဟု ရိုးသားသော အစ်ကိုကြီးက အခိုင်အမာ ယုံကြည်ထားလေ၏။
သို့သော်လည်း ကျိုးချောင်ဖန်၏ အတွေးထဲတွင်မူ ဒုတိယယောင်းမ ဝတ်ဆင်ထားသော ရွှေလက်ကောက်နှင့် ယင်ပေါင်၏ ခြေထောက်ရှိ သားရေဖိနပ်အသစ်လေးတို့ကို ရုတ်တရက် သတိရသွားခဲ့သည်။