အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆)
သူမ၏ ရင်ထဲတွင် ဒေါသလှိုင်းတံပိုးများက အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်လာခဲ့ရာ လက်ထဲမှတံစဉ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဒုတိယအစ်ကို၏ အိမ်ဆီသို့ ဒေါသတကြီးဖြင့် တန်းတန်းမတ်မတ် လျှောက်သွားလေတော့သည်။
တံခါးဝသို့ ရောက်သည်နှင့် ကျိုးချောင်ဖန်မှာ အိမ်တွင်းသို့ မုန်တိုင်းတစ်ခုအလား ဝင်ရောက်သွားကာ အဝတ်သေတ္တာဆီသို့ တန်းတန်းမတ်မတ် သွားရောက်လေ၏။
သေတ္တာပေါ်ရှိ သော့ခလောက်များကို သူမ၏လက်ထဲမှ တံစဉ်ဖြင့် အားကုန်ရိုက်ချိုးပစ်လိုက်ရာ ကျယ်လောင်လှသော အသံကြီးနှစ်ချက် ထွက်ပေါ်လာခဲ့သည်။
အိပ်ရာပေါ်တွင် နေမကောင်းချင်ယောင် ဆောင်နေသော ဒုတိယအစ်ကိုမှာ လန့်ဖျပ်ကာ ခုန်ထလာပြီး သူမကို တားဆီးရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ယောင်းမသည် သေတ္တာအတွင်းမှ တစ်ရာတန်ငွေစက္ကူ အထပ်လိုက်ကြီးကို မျက်မြင်ကိုယ်တွေ့ ရှာဖွေတွေ့ရှိသွားခဲ့ပြီ ရှာဖွေတွေ့ရှိသွားခဲ့ပြဖြစ်၏။
ထိုမျှမကသေးဘဲ ငွေစက္ကူများကြားတွင် ခေါက်ထားသော စာရွက်တစ်ရွက်ကိုပါ တွေ့ရှိခဲ့ရာ ဖွင့်ကြည့်လိုက်သောအခါ ယောင်းမမှာ အံ့အားသင့်မှုကြောင့် မှင်သက်သွားခဲ့ရသည်။
စာရွက်ပေါ်တွင် ရေးသားထားသော ဂဏန်းပမာဏမှာ ၉,၇၀၀ ဟူ၍ ဖြစ်လေသည်။ ရာသီဥတုအပေါ် မှီခိုကာ အသက်မွေးဝမ်းကျောင်း ပြုနေရသော လယ်သမား မိသားစုတစ်စုအနေဖြင့် ဤမျှ များပြားလှသော ငွေကြေးများကို မည်သို့သောနည်းလမ်းဖြင့် စုဆောင်းနိုင်မည်နည်း။
ထိုစဉ်မှာပင် အစ်ကိုကြီးက အိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ချန်တကျွင်းမှာ အကြောက်လွန်ကာ မြေကြီးပေါ်သို့ ခုန်ဆင်းလိုက်ပြီး တစ်ကိုယ်လုံး ဆန်ခါလို တုန်ရီနေသည်ကို သူ တွေ့မြင်လိုက်ရ၏။
အစ်ကိုကြီးက တံစဉ်ကိုင်ကာ ဒေါသတကြီး ဝင်လာသည်ကို မြင်လိုက်ရသောအခါ ချန်တကျွင်းမှာ အသက်လုကာ အိမ်ပြင်သို့ ထွက်ပြေးလေတော့သည်။
တံစဉ်ကိုင်ထားသော ချန်တကုန်းမှာလည်း ချန်တကျွင်း ထွက်ပြေးသွားသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် နောက်မှ အပြေးလိုက်ပါသွားတော့သည်။
ထိုစဉ်က ဒုတိယအစ်ကိုသည် ယန်ရှီရှန်း လွှတ်လိုက်သော လူမိုက်များကြောင့် သူ့ကျောက်ကပ် ပျက်စီးသွားပြီဟု လိမ်လည်ပြောဆိုခဲ့သဖြင့်သာ မေ့လန်မှာ ကြောက်လန့်ပြီး မိမိ၏ ဒေါသကို မြိုသိပ်ကာ အလျှော့ပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။
ထိုသို့မဟုတ်ပါက ချန်တကုန်းအနေဖြင့် ဤကိစ္စကို လွယ်လွယ်နှင့် ကျေအေးပေးမည်မဟုတ်ပေ။ မေ့လန်အတွက် ထိုက်တန်သော လျော်ကြေးငွေများ ရရှိစေရန် သူ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ပေးမည်မှာ အသေအချာပင်။
ယခုအခါ အချိန်လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မေ့လန်အပါအဝင် သူတို့ဇနီးမောင်နှံနှင့် ဤနှစ်မှ အသက်ဆယ့်နှစ်နှစ်သာ ရှိသေးသော သူတို့၏သား ကျင်းပေါင်တို့ပါမကျန် ပခုံးများ ပွန်းပဲ့ကာ အရေခွံများ ကွာကျသည်အထိ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ကြရသည်။
သူတို့သည် ဒုတိယအစ်ကိုနှင့် သူ၏ မိန်းမတို့၏ လယ်ယာသီးနှံများကို ရိတ်သိမ်းရန် နေ့စဉ်ရက်ဆက် လယ်ထဲသို့ ဆင်းခဲ့ကြ၏။
ဂျုံများ ရိတ်သိမ်းပြီးသည်နှင့် နှံစားပြောင်းများ၊ ထိုမှတစ်ဆင့် အာလူးများနှင့် ဂျုံကြမ်းများကို အနားမရတမ်း ရိတ်သိမ်းပေးခဲ့ကြသည်။
ယခုတော့ အမှန်တရားမှာ နေမင်းကြီးအလား ထင်ရှားသွားခဲ့ပြီဖြစ်သည်။ ဒုတိယအစ်ကိုနှင့် သူ့မိန်းမတို့သည် ယန်ရှီရှန်းထံမှ ငွေကြေးများကို ယူကာ မိမိတို့၏ ညီမကို ရက်စက်စွာ ပြန်လည်ရောင်းစားခဲ့ကြခြင်းပင်။
ဒုတိယအစ်ကို၏ မိန်းမမှာ မိုက်မဲကာ ရန်လိုတတ်ပြီး အကြောင်းပြချက်မခိုင်လုံသော စွာကျယ်မတစ်ဦးဖြစ်၍ ဤကဲ့သို့ လုပ်ရပ်မျိုးကို လုပ်နိုင်သည်မှာ မဆန်းလှပေ။ သို့သော် ဒုတိယအစ်ကိုကဲ့သို့ ရိုးသားအေးချမ်းသော သူတစ်ယောက်က ဤမျှ ယုတ်မာလှသော ကိစ္စမျိုးကို မည်သို့သော စိတ်ထားဖြင့် လုပ်ရက်ခဲ့သနည်း။
ယနေ့သာ ချန်တကုန်းအနေဖြင့် ထိုသစ္စာဖောက်အား သွေးထွက်အောင် မလုပ်နိုင်ပါက သူ၏ ချန်ဆိုသော မျိုးရိုးနာမည်ကိုပင် ပြောင်းပစ်လိုက်မည်ဟုပြောင်းပစ်လိုက်မည်ဟု ရင်ထဲမှနေ၍ ပြတ်သားစွာ ကျိန်ဆိုလိုက်လေတော့သည်။
……..
ညနေဆည်းဆာ၏ နေရောင်ခြည်လေးက နှံစားပြောင်းခင်းတစ်ခွင်ကို လှပစွာ လွှမ်းခြုံထားလေသည်။ ရင့်မှည့်နေပြီဖြစ်သော နှံစားပြောင်းစေ့လေးများသည် ပူပြင်းလှသော နေရောင်ခြည်ဒဏ်ကို မခံနိုင်တော့ဘဲ အခွံများ ပေါက်ကွဲကာ မြေကြီးထဲသို့ တိတ်တဆိတ် ခုန်ဆင်းပုန်းအောင်းသွားကြလေသည်။
ရွာထိပ်မှနေ၍ စာပို့သမား၏ စက်ဘီးလေးမှာ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာပြီး ချန်တကုန်း၏ အိမ်ရှေ့တွင် ရပ်တန့်သွားခဲ့၏။
ခြံဝင်းအတွင်းသို့ တစ်ချက်မျှ အကဲခတ်ကြည့်လိုက်လျှင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အသုဘအိမ်သို့ ရောက်နေသကဲ့သို့ မျက်နှာငယ်လေးများဖြင့် ထိုင်နေကြပြီး ၎င်းတို့ဘေးတွင် ကောင်လေးတစ်ယောက် ရပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အခြားအမျိုးသားတစ်ဦးမှာမူ လက်တစ်ဖက်တွင် တောက်ပနေသောတံစဉ်ကို ကိုင်ဆောင်ထားကာ ကျန်လက်တစ်ဖက်က ဆေးတံကို ကိုင်ထားရင်း လူသတ်တော့မည့်သူအလား မျက်လုံးများ နီရဲနေလေသည်။
ထိုမြင်ကွင်းမှာ ကြက်သီးမွေးညင်း ထစရာကောင်းလောက်အောင် ခြောက်ခြားဖွယ်ရာ ဖြစ်နေခဲ့၏။
စာပို့သမားက တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်ရင်း မေးလာ၏။
“ချန်မေ့လန် ရှိပါသလား၊ မှတ်ပုံတင်စာတစ်စောင် ပါလာလို့ပါ”
ကျောင်းတိလေးက အိမ်ထဲမှ ပြေးထွက်လာကာ ပြန မေးလိုက်သည်။
“ဦးလေး၊ ဘယ်သူ့ဆီကစာလဲဟင်”
“ရှီးဖျင်မြို့ကနေ လာတာပါ၊ စာပို့တံဆိပ်တုံးအရတော့ ကျင်းတုန်းလမ်းခွဲ၊ ပြည်သူ့လုံခြုံရေးဗျူရိုကနေ ပို့လိုက်တာပဲ”
စာပို့သမားမှာ ခြံတွင်းရှိ အရှုပ်အထွေးဇာတ်လမ်းကို စပ်စုချင်နေသော်လည်း ချန်တကုန်းက ခြံတံခါးကို ပိတ်လိုက်ရန် ကျင်းပေါင်အား မျက်ရိပ်ပြလိုက်လေ၏။
ထိုစာသည် ယန်ကျောက်ထံမှဖြစ်မည်ဟု သူ ခန့်မှန်းမိလေသည်။ ချန်မေ့လန် မှတ်ပုံတင်စာအိတ်ကို ဖောက်နေသည်ကို စောင့်ကြည့်ရင်း သူ့ဆေးတံသူ ခြေထောက်နှင့် ပုတ်ကာ စိုးရိမ်တကြီးဖြင့်
“သူ ဘာတွေရေးထားလဲ”
မှတ်ပုံတင်စာထဲတွင် ယန်ကျောက်က နောက်သုံးရက်အကြာ နံနက်စောစော၌ ကျင်းယန်ခရိုင် ဘတ်စ်ကားဂိတ်တွင် တွေ့ဆုံကြရန် ချိန်းဆိုထားလေသည်။
ထို့အပြင် ချန်မေ့လန်အား မှတ်ပုံတင်၊ ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် အိမ်ရာမြေ လွှဲပြောင်းခြင်းဆိုင်ရာ သက်သေခံလက်မှတ်တို့ကိုပါ အဆင်သင့် ပြင်ဆင်ထားရန် ရေးသားထားခဲ့၏။
ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် ချန်တကုန်း၏ရင်ထဲမှ အလုံးကြီးကျသွားကာ ဆေးလိပ်ငွေ့များကို သက်ပြင်းနှင့်အတူ မှုတ်ထုတ်လိုက်လေသည်။
အနည်းဆုံးတော့ အိမ်ကို သူ့ညီမအမည်ပေါက်အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ရာ သူမအနေနှင့် လက်ဗလာဖြင့် ထွက်သွားရမည့် အဖြစ်မျိုးမှ ကင်းဝေးသွားခဲ့ပြီ ဖြစ်သည်။
အစ်ကိုကြီး ဒေါသပြေသွားပြီဟု ထင်မှတ်ကာ ဒုတိယအစ်ကို ချန်တကျွင်းက ပြုံးဖြီးဖြီးမျက်နှာပေးဖြင့် နေရာမှ ထရပ်လိုက်ရင်း ပြောလာ၏။
“ဒါ သိပ်ကောင်းတဲ့ကိစ္စပဲ မဟုတ်လား၊ ယန်ကျောက်က ယန်ရှီရှန်းထက် မနိမ့်ကျပါဘူး၊ ငါတို့ရဲ့ မေ့လန်လည်း မြို့ကို ပြန်သွားလို့ရပြီလေ”
သို့သော် ချန်တကုန်း၏ လက်မောင်းက လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး လက်ထဲရှိ ဆေးတံမှာ ဒုတိယအစ်ကို့ထံသို့ အရှိန်ပြင်းပြင်းဖြင့် လွင့်ပျံသွားခဲ့သည်။
ဒိုင်းခနဲ မြည်သံနှင့်အတူ ဆေးတံက ဒုတိယအစ်ကို၏ခေါင်းကို အတိအကျ သွားရောက်မှန်ကန်လေ၏။
ထပ်မံထွက်ပေါ်လာသော အသံတစ်ချက်နှင့်အတူ သူ၏ ပြောင်လဲ့နေသော နဖူးပြင်ထံမှ သွေးစက်များ ပန်းထွက်လာခဲ့လေသည်။
ဒုတိယယောင်းမ ကျိုးရွှယ်ချင်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ယင်ပေါင်ကိုဖက်ကာ အသံကျယ်ကြီးဖြင့် ငိုယိုလေတော့သည်။
ချန်တကျွင်းက သူ့နဖူးသူ အုပ်ကာ အက်ကွဲရှတသော အသံဖြင့် ပြောလာ၏။
“အစ်ကိုကြီး၊ ဘာလုပ်တာလဲ၊ ကျွန်တော် အမှားလုပ်မိတာမှန်ပေမဲ့ မေ့လန်လည်း အိမ်ထောင်ကောင်း ကျသွားပြီပဲမဟုတ်လား၊ မေ့လန်က အစ်ကိုကြီးကို အိမ်ဆောက်ဖို့ ကူညီပေးခဲ့ပေမဲ့ ကျွန်တော့်ကိုကျတော့ မကူညီခဲ့ဘူးလေ၊ အဲဒီအချိန်တုန်းက ယန်ရှီရှန်းက မေ့လန်ကို ပိုက်ဆံပေးရင်တောင် ကျွန်တော့်ကို အိမ်ဆောက်ဖို့ ပြန်ပေးမှာပဲဆိုတဲ့ အတွေးနဲ့ ကျွန်တော့်ဘာသာ ယူလိုက်တာပါ၊ ကျွန်တော် ဘာအမှားမှမလုပ်ခဲ့ပါဘူး”
သူ၏ အမူအရာကို ကြည့်ရသည်မှာ နောင်တရသည့်အရိပ်အယောင် အနည်းငယ်မျှပင် မရှိသည့်အပြင် သူ့လုပ်ရပ်မှာ လုံးဝမှန်ကန်နေသည့်အလား ဖြေရှင်းနေလေသည်။
ချန်တကုန်းမှာ ဒေါသထွက်လွန်းသဖြင့် နေရာမှ ထခုန်မတတ်ဖြစ်သွားကာ လက်ထဲမှတံစဉ်မှာ လွတ်ထွက်တော့မည့်အနေအထားသို့ ရောက်ရှိသွားသော်လည်း ချန်မေ့လန်က သူ့ကို အချိန်မီဆွဲတားထားလိုက်လေသည်။
အမှန်စင်စစ်တွင် ဒုတိယအစ်ကို မှားယွင်းနေခြင်းမဟုတ်ဘဲ အမှားလုပ်ခဲ့သူမှာ သူမကိုယ်တိုင်သာဖြစ်လေ၏။
အခြားသူများအပေါ် လွန်ကဲစွာ ကောင်းမွန်ပေးဆပ်လွန်းသောအခါ ၎င်းတို့က အကျင့်ပါသွားတတ်ပြီး ကျေးဇူးတင်ရကောင်းမှန်းမသိတော့ဘဲ ကူညီပေးရမည်မှာ သူမ၏တာဝန်တစ်ရပ်သဖွယ် သတ်မှတ်လာတတ်ကြသည်။
ထို့ကြောင့် လူ့ဘဝတွင် အတန်အသင့် တစ်ကိုယ်ကောင်းဆန်တတ်ရန် လိုအပ်လှပေသည်။
ဤဘဝတွင်မူ မိမိတို့ စွမ်းဆောင်နိုင်စွမ်းရှိသရွေ့ အစ်ကိုကြီးနှင့် မရီးကြီးတို့ကိုသာ ကူညီမည်ဖြစ်ပြီး ဒုတိယအစ်ကိုကဲ့သို့လူမျိုးကိုမူ ကျေးလက်တောရွာတွင်သာ ပုပ်သိုးဆွေးမြည့်သွားပါစေတော့ဟု ချန်မေ့လန်က ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်လေသည်။
နောင်တစ်ကြိမ်တွင် သူ့အတွက် မည်သည့်အကူအညီမျှ လုံးဝ ပေးအပ်တော့မည်မဟုတ်ပေ။ သူမ၏ နှလုံးသားထဲတွင် ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ အကောင်အထည်ဖော်ရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီးဖြစ်လေသည်။
သူမသည် စကားတစ်ခွန်းမျှမဟတော့ဘဲ ဒုတိယအစ်ကို၏အိမ်မှ ငွေကြေးများ ဘဏ်စာအုပ်များနှင့် သူမနှင့် ကျောင်းတိတို့၏ အဝတ်အစားအားလုံးကို တိတ်တဆိတ် သိမ်းဆည်းလိုက်လေသည်။
ချန်တကုန်းသည် ညီမဖြစ်သူ၏အဝတ်အစားများအား ကူညီစစ်ဆေးပေးရင်း သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်ကာ ပြောလိုက်၏။
“မေ့လန်၊ ငါတို့တွေ နင့်အပေါ် တာဝန်မကျေခဲ့ဘူး၊ ဒီပိုက်ဆံတွေကို နင့်အတွက်ပဲ သေချာသိမ်းထားလိုက်ပါ၊ နောက်အိမ်ထောင်သည်နဲ့ အတူတူနေထိုင်ရတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ဘူး”
“ယန်ကျောက်က မကောင်းတဲ့သူဖြစ်နေရင် အစ်ကိုကြီးကို ချက်ချင်းလှမ်းပြောပါ၊ ဒီတစ်ခါတော့ နင့်ကို ထပ်ပြီးဒုက္ခခံခိုင်းမှာ မဟုတ်တော့ဘူး”
ချန်မေ့လန်သည် ငွေထုပ်ကို ယူကာ ဘဏ်စာအုပ်အား ရွေးထုတ်လိုက်ပြီးနောက် ဒုတိယယောင်းမကို ငုံ့ကြည့်ရင်း မေးလိုက်၏။
“ဘဏ်စာအုပ်ရဲ့ စကားဝှက်က ဘာလဲ”
ဒုတိယယောင်းမက မသိချင်ယောင် ဆောင်နေဆဲပင်။