← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇)

“ဘာစကားဝှက်လဲ၊ ငါနားမလည်ဘူး၊ ငါမသိဘူး”

ချန်မေ့လန်က မျက်လုံးချင်းဆုံကာ တည်ငြိမ်စွာဖြင့် ပြောလာသည်။

“ဂဏန်းလေးလုံးပါတဲ့ စကားဝှက်လေ၊ နင်မသိဘူးဆိုရင် နင့်ရဲ့မှတ်ပုံတင်ကိုယူပြီး ဘဏ်စာအုပ်ပျောက်ဆုံးကြောင်း သွားတိုင်လိုက်ရုံပဲ၊ အဲဒီလိုဆိုရင်လည်း ပိုက်ဆံကို ထုတ်လို့ရနေတာပဲလေ”

စကားဝှက်ဖြင့် ငွေထုတ်ယူသည့်စနစ်မှာ ယခုနှစ်မှသာ စတင်ခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် စကားဝှက်မှာ ဂဏန်းလေးလုံးသာ ပါဝင်လေသည်။ ဘဏ်စာအုပ်မှာ ပြဿနာမဟုတ်ပေ။

ဒုတိယယောင်းမသည် အားနွဲ့ကာ သနားစရာကောင်းသည့်ဟန် ဖန်တီးနေသော်လည်း သူမ၏မျက်လုံးများမှာမူ လိမ္မာပါးနပ်စွာ ကစားနေလေသည်။

သူမသည် မှတ်ပုံတင်ကို အသုံးပြုကာ ဘဏ်စာအုပ်ပျောက်ဆုံးကြောင်း တိုင်ကြားပြီး အသစ်တစ်ခုကို လျှို့ဝှက်လျှောက်ထားရန် ကြံစည်နေသည်မှာ သေချာလှသည်။

ထိုသို့ဆိုလျှင် အနာဂတ်တွင် ငွေကြေးများမှာ သူမလက်ထဲသို့ ပြန်လည်ရောက်ရှိသွားမည်သာ။

သွေးထားခါစဖြစ်သော ချန်တကုန်း၏ တံစဉ်မှာ အေးစက်စက် တောက်ပနေကာ သူမ၏ လည်ပင်းထက်သို့ ဖိကပ်လုနီးပါး ရောက်ရှိလာခဲ့လေသည်။

ဒုတိယယောင်းမသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး လည်ပင်းကို ပုကာ ခြေထောက်နှစ်ချောင်းကြားထဲသို့ ခေါင်းဝှက်လိုက်ရင်း အထိတ်တလန့် ဖြေလာ၏။

“၄၃၂၈၊ အဲဒီလောက်ဆိုရပြီမလား”

သူမသာ ဖွင့်မပြောပါက ချန်တကုန်း၏ လက်ချက်ဖြင့် ခေါင်းပြတ်သွားမည်မှာ အသေအချာပင်။

ဤမျှကြီးမားသော အရှုပ်အထွေးများ ပြီးဆုံးသွားချိန်တွင် ငွေကြေးအားလုံးမှာ ချန်မေ့လန်၏ လက်ထဲသို့ အမှန်တကယ်ပင် ရောက်ရှိသွားခဲ့လေပြီ။

ဒုတိယယောင်းမမှာ နှလုံးကွဲမတတ် ရှိုက်ကြီးတငင် ငိုကြွေးနေလေရာ သူမ၏အသံကျယ်ကြီးကြောင့် ရွာသူရွာသားများအားလုံး တံခါးကြားမှနေ၍ ဤဇာတ်လမ်းကို တိတ်တဆိတ် ချောင်းကြည့်နေကြလေတော့သည်။

ဒုတိယအစ်ကိုမှာမူ သူ့ခေါင်းကို ခြေထောက်နှစ်ချောင်းကြားတွင် ပိုမိုနက်ရှိုင်းစွာ မြှုပ်ထားလေသည်။ ယခုအချိန်အထိပင် ချန်မေ့လန်အနေဖြင့် သူမအတွက် အိမ်ဆောက်ပေးခဲ့ပြီး ဖြစ်ရာ ဤငွေများကို အဘယ်ကြောင့် တိုက်ရိုက်မယူနိုင်ရသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေဆဲဖြစ်၏။

ပြောင်းလဲသွားသူမှာ မေ့လန်သာဖြစ်ပြီး အစ်ကိုကြီးမှာလည်း ပြောင်းလဲသွားခဲ့လေပြီ။ ဤကိစ္စသည် သူ၏ အမှား လုံးဝမဟုတ်ဟုသာ တရားသေ တွေးတောနေခဲ့သည်။

ထိုနေ့က အချိန်နှောင်းသွားပြီ ဖြစ်သဖြင့် နောက်တစ်နေ့ နံနက်စောစောတွင် ချန်မေ့လန်သည် ကျောင်းတိကို ခေါ်ဆောင်ကာ ကျင်းယန်ခရိုင်သို့ ထွက်ခွာလာခဲ့လေသည်။

စကားဝှက်ကို အသုံးပြု၍ ဘဏ်စာအုပ်ထဲမှ ယွမ် ၉,၇၀၀ ကို ထုတ်ယူလိုက်ပြီး၊ လက်ငင်းငွေသား ယွမ် ၉,၃၀၀ နှင့် ပေါင်းလိုက်ရာ စုစုပေါင်း ယွမ် ၁၈,၀၀၀ ရှိသွားသဖြင့် ဘဏ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်လေသည်။

လက်ငင်း အသုံးပြုနိုင်ရန်အတွက် ကျန်ရှိသော ယွမ် ၁,၀၀၀ ကိုမူ သူမ၏လက်ဆွဲအိတ်ထဲတွင် သိမ်းဆည်းထားလိုက်သည်။

၁၉၈၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းကာလ၏ ခရိုင်မြို့ငယ်လေးတွင် စီးပွားရေးလုပ်ငန်းများမှာ မိုးရာသီအလွန် မှိုများပေါက်လာသကဲ့သို့ အလျှိုလျှိုထွက်ပေါ်လာကြပြီး ကုန်ပစ္စည်းအမျိုးအစားများမှာလည်း စုံလင်လှပေ၏။

ယနေ့ခေတ်တွင် နာမည်ကြီးသော အစပ်ချောင်း၊ အမဲရွတ်စပ်၊ ပြည်ကြီးငါးခြောက်နှင့် ရေဘဝဲကင် အစရှိသော သွားရည်စာများမှာ ထုပ်ပိုးထားခြင်းမရှိသေးဘဲ အပုံလိုက် ရောင်းချလေ့ရှိကြသော်လည်း အရည်အသွေးကောင်းမွန်သောဆီများနှင့် ဟင်းခတ်အမွှေးအကြိုင်များကိုအသုံးပြုကာ စီမံထားကြလေသည်။

မှန်အိမ်များအတွင်းတွင် ပြသထားသော ဆီနီများ ရွှဲနေသည့် အစပ်ချောင်းများနှင့် အမဲအရွတ်များမှာ နှမ်းစေ့များနှင့် စမုန်စေ့များ ဖြူးထားပြီး အပေါ်မှ နံနံပင်အရွက်လေးများဖြင့် အလှဆင်ထားလေသည်။

အနီရောင်နှင့် အစိမ်းရောင်တို့၏ လိုက်ဖက်ညီမှုက မြင်ရသူတိုင်းကို သွားရည်ကျစေနိုင်စွမ်း ရှိလှ၏။ ထို့အပြင် တန်ဖိုးမှာလည်း မျှတလှရာ မော်ငါးပြားဖြင့် အတုံးပေါင်းများစွာ ဝယ်ယူနိုင်လေသည်။

မြို့သို့ လာရောက်ကြသူများမှာ ဤနေရာမှ အစပ်ချောင်းများဝယ်ယူကာ အခြားနေရာမှ ပေါက်စီများ ဝယ်ယူလေ့ရှိကြသည်။ ပူအိုက်ကာ နှင်းပွင့်အလား ဖြူဖွေးအိစက်နေသော ပေါက်စီများကို ဖဲ့ကာ အတွင်း၌ တောက်ပသော အနီရောင် အစပ်ချောင်းများကို ညှပ်ထည့်လိုက်ကြ၏။

ထိုပေါက်စီကို တစ်ကိုက် ကိုက်လိုက်သည်နှင့်တစ်ပြိုင်နက် နူးညံ့ကာ ဝါးလို့ကောင်းသော အရသာများက ပါးစပ်အတွင်း၌ ပေါက်ကွဲထွက်လာတော့သည်။

သူတို့ သားအမိနှစ်ယောက်သည် ပေါက်စီနှစ်လုံးကို ဦးစွာဝယ်ယူလိုက်ပြီး အခြားသူများကဲ့သို့ပင် အစပ်ချောင်းများညှပ်ထည့်ကာ မိမိတို့၏ အစားအိမ်ကို ဖြည့်ဆည်းလိုက်ကြပြီးနောက် မြို့တွင်းသို့ ဆက်လက်လေ့လာရန် ထွက်ခွာလာခဲ့ကြလေသည်။

ဗီဒီယိုရုံအတွင်းမှ ဟောင်ကောင် သိုင်းကားတစ်ကား၏အသံများ ကျယ်လောင်စွာထွက်ပေါ်နေပြီး ရုံအတွင်းသို့ ဝင်ရောက်ကြည့်ရှုရန် မတတ်နိုင်သော လူအုပ်ကြီးမှာ အပြင်ဘက်တွင် စုရုံးနေကြလေ၏။

သူတို့အားလုံးမှာ ပါးစပ်အဟောင်းသားဖြင့် ရပ်နေကြကာ ကြားရသော အသံများကို အခြေခံ၍ စိတ်လှုပ်ရှားဖွယ် ဇာတ်ဝင်ခန်းများအား စိတ်ကူးယဉ် ပုံဖော်နေကြလေသည်။

ဆံသဆိုင်၏ ဆိုင်းဘုတ်တွင်မူ “ဆံပင်ညှပ်၊ မုတ်ဆိတ်ရိတ်၊ အသားမာသင်” ဟု ရေးသားထားပြီး ခေါင်းရိတ်ရန်နှင့် အသားမာသင်ရန်အတွက် သင်တုန်းဓား တစ်လက်တည်းကိုသာ အသုံးပြုလေ၏။

ဆိုင်အပြင်ဘက်ရှိ တိတ်ခွေဖွင့်စက်မှ ရှောင်လင်ကျောင်းတော် ဇာတ်ကား၏ ဇာတ်ဝင်တေးဖြစ်သော “ဆုန်းရှန်း တောင်ကြားမှာ နေမင်းကြီး ထွက်ပေါ်လာပြီ၊ မနက်ခင်း ခေါင်းလောင်းသံက ငှက်ကလေးတွေကို လန့်နိုးသွားစေတယ်” ဟူသော သီချင်းသံမှာ ပျံ့လွင့်နေလေသည်။

မိခင်ဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ထားသော ကျောင်းတိလေးသည် ဆံသဆိုင်ရှေ့မှ ဖြတ်သွားစဉ် သီချင်းသံကို ကြားလိုက်ရသဖြင့် နောက်မှ လိုက်ပါသီဆိုလေတော့သည်။

“မနက်ခင်းမှာ စမ်းရေတွေ တသွင်သွင်စီးဆင်းနေတယ်၊ တောင်စောင်းတွေပေါ်က မြက်ခင်းစိမ်းစိမ်းတွေ၊ တောသစ်သီးတွေရဲ့ မွှေးပျံ့တဲ့ရနံ့နဲ့ လှပတဲ့ တောင်ပန်းရိုင်းတွေ၊ ခွေးလေးတွေ ခုန်ပေါက်ပြီး သိုးလေးတွေ ပြေးလွှားနေကြတယ်”

သီချင်းသံကို ကြားလိုက်ရသူ တစ်ဦးက ပြုံးရွှင်စွာဖြင့် ပြောလာ၏။

“အို၊ ဒီကောင်မလေး သီချင်းဆိုတာ တော်တော်ကောင်းပါလား၊ အသံလေးက ချိုလိုက်တာ”

ကျောင်းတိလေးက ရှက်သွေးဖြာသွားကာ ပါးစပ်ကို အုပ်လိုက်ပြီး ချန်မေ့လန်ကို မော့ကြည့်ရင်း မေးလိုက်သည်။

“အမေ၊ သမီးဆိုတာ ကောင်းရဲ့လားဟင်”

ဤကောင်မလေးသည် ငယ်စဉ်ကတည်းက ညငှက်ကလေးတစ်ကောင်ကဲ့သို့ ချိုသာသောအသံကို ပိုင်ဆိုင်ထားပြီး တစ်ချိန်က သီချင်းဆိုသင်ရန် အလွန်ဆန္ဒရှိခဲ့ဖူးသည်။

သို့သော် လုကျင်းယွီကမူ ကျောင်းတိ၏ သီချင်းဆိုသံမှာ သူ၏သမီးအရင်း အာနျိုလောက် မကောင်းဟု အမြဲတမ်း နှိမ်ချပြောဆိုလေ့ရှိပြီး ကျောင်းတိသီချင်းဆိုတိုင်း မျက်မှောင်ကြုတ်ကာ မနှစ်မြို့သော အမူအရာကို ပြသတတ်လေ၏။

ကျောင်းတိလေးသည် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် မည်သူ၏ သဘောတူလက်ခံမှုအား လိုအပ်သနည်းဆိုသည်ကို ချန်မေ့လန်ထက် ပိုနားလည်ထားသဖြင့် ထိုအချိန်မှစ၍ သီချင်းဆိုခြင်းကို ရပ်တန့်လိုက်လေတော့သည်။

နောင်တစ်ချိန်တွင် အာနျိုက အဆိုတော်တစ်ဦးဖြစ်လာခဲ့ပြီး ကျောင်းတိမှာမူ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် အာနျို စင်မြင့်ပေါ်တွင် ဖျော်ဖြေနေတိုင်း ကျောင်းတိ၏ မျက်နှာပေါ်တွင် ဖော်ပြ၍မရနိုင်သော မနာလိုမှုနှင့် တမ်းတမှုတို့က အထင်းသား ပေါ်လွင်နေတတ်လေ၏။

ထိုအချိန်မှသာလျှင် ချန်မေ့လန်တစ်ယောက် နားလည်သဘောပေါက်ခဲ့သည်မှာ သူမသာ သမီးဖြစ်သူအား အနည်းငယ် အားပေးအားမြှောက်ပြုပြီး အရည်အချင်းကို ပြုစုပျိုးထောင်ပေးရန် ကြိုးစားခဲ့ပါက သူမသည်လည်း ထင်ရှားသော အဆိုတော်တစ်ဦးဖြစ်လာနိုင်မည်သာ ဖြစ်လေသည်။

သူမက ကျောင်းတိ၏လက်ကောက်ဝတ်လေးကို ညင်သာစွာ လှုပ်ယမ်းပေးရင်း ပြောလိုက်၏။

“ငါတို့ရဲ့ ကျောင်းတိလေးက သီချင်းဆိုတာ သိပ်ကောင်းတာပဲ၊ အမေတို့ မြို့ကို ပြောင်းသွားပြီးရင် အမေ သမီးကို ဂီတသင်တန်းအပ်ပေးမယ်၊ အမေတို့ ဂီတကို သေချာလေ့လာကြမယ်နော်”

ကလေးမလေးက မျှော်လင့်ချက်ရောင်ခြည်များ ဖြာထွက်နေသော မျက်လုံးများဖြင့် မော့ကြည့်ကာ မေးလိုက်လေသည်။

“တကယ်လားဟင်၊ အမေ၊ အမေက အရင်ကနဲ့မတူတော့ဘူး၊ အရင်ကထက် ပိုကောင်းလာတယ်”

ချန်မေ့လန်က ကလေးငယ်၏ ဆံစလေးများကို သပ်ပေးရင်း နူးညံ့စွာပြန်ဖြေလိုက်၏။

“အမေက နောင်ကျရင် ကျောင်းတိလေးအပေါ် အခုထက်ပိုပြီးကောင်းအောင် ကြိုးစားပါ့မယ်”

သူမတွင် မကြာမီ သွေးမတော်သားမစပ် ကလေးနှစ်ယောက်ကို ထပ်မံစောင့်ရှောက်ရတော့မည် ဖြစ်သော်လည်း ယခင်ဘဝကကဲ့သို့ ခင်ပွန်းဖြစ်သူနှင့် သူ၏ကလေးများအပေါ် မိမိ၏နှလုံးသားတစ်ခုလုံး ပုံအပ်ကာ အပြည့်အဝ ပေးဆပ်မည့် မိန်းမမိုက်တစ်ယောက် မဟုတ်တော့ပေ။

ဤဘဝတွင် သူမ၏ တာဝန်ဝတ္တရားများကို ဆက်လက်ထမ်းဆောင်မည် ဖြစ်သော်လည်း သူမ၏ မေတ္တာတရားအားလုံးကိုမူ ကျောင်းတိ တစ်ယောက်တည်းကိုသာ ပုံအပ်ထားမည်ဖြစ်သည်။

ကျောင်းတိကသာ ကြိုးစားချင်စိတ်ရှိနေသရွေ့ သူမကို အဆိုတော်တစ်ဦးဖြစ်လာစေဖို့ရာ မဖြစ်မနေ ပြုစုပျိုးထောင်ပေးသွားရန် သူမ၏နှလုံးသားထဲတွင် ခိုင်မာသော ကိုယ်ပိုင်ရည်မှန်းချက်တစ်ခုကို မီးမောင်းထိုးကာ တည်ဆောက်လိုက်လေသည်။

လက်ထဲတွင် ငွေသား ယွမ် ၈၀၀ ကို ကိုင်ဆောင်ကာ တန်ဖိုးကြီးမားလှသော ၁၉၉၀ ပြည့်လွန်နှစ်များ၏ လမ်းမများထက်တွင် လျှောက်လှမ်းနေရစဉ် ချန်မေ့လန်တစ်ယောက် မိမိကိုယ်ကိုယ် သန်းကြွယ်သူဌေး တစ်ဦးအဖြစ် ခံစားနေရလေ၏။

ခပ်လှမ်းလှမ်းတွင်မူ ကြက်ကင်နှင့် ကြက်ပေါင်းဆိုင်တစ်ဆိုင် ရှိနေလေသည်။

ကြီးမားကာ ဆူဖြိုးလှသော လွှတ်ကျောင်းကြက်များကို သံဒယ်အိုးကြီးထဲတွင် လှိမ့်ကာ ချက်ပြုတ်နေသဖြင့် မွှေးပျံ့သော ရနံ့များက လေထုထဲတွင် ပျံ့လွင့်နေလေသည်။ သို့သော် လူအများအပြားက ငေးကြည့်နေကြသော်လည်း ဝယ်ယူသူမှာ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှလေ၏။

ထိုခေတ်အခါက ပျမ်းမျှ လစဉ်လစာမှာ ယွမ် ၄၀၀ မှ ၅၀၀ အထိသာရှိသဖြင့် မိမိတို့၏ စားသောက်မှုပုံစံကို မြှင့်တင်လိုသူများမှာ ကြက်သားထက် ဝက်သားကိုသာ ဝယ်ယူလေ့ရှိကြသည်။

ဝက်သားတွင် အဆီပိုများကာ ဟင်းခတ်အဖြစ် ကြော်လှော်စားသောက်နိုင်သလို သီးသန့်လည်း ချက်ပြုတ်စားသောက်နိုင်သည်။ တူညီသော ငွေကြေးပမာဏဖြင့် ဝက်သားကို သုံးနပ်စာခန့် စားသုံးနိုင်သော်လည်း ကြက်သားမှာမူ တစ်နပ်တည်းဖြင့် ကုန်ဆုံးသွားတတ်လေ၏။

ကျောင်းတိလေးသည် ကြက်ပေါင်းဆိုင်ရှေ့တွင် ရပ်နေကာ ချန်မေ့လန်၏ ပါးစပ်ထဲတွင်လည်း သွားရည်များ ပြည့်လျှံလာခဲ့သည်။ သူမက ဆိုင်ရှင်ဘက်သို့လှည့်ကာ မေးလိုက်သည်။

All Chapters