အခန်း ၂၀
Vol. 2 Ch. 20
အခန်း (၂၀)
အကြောင်းမှာ ကျိုးရွှယ်ချင်းသည် မနေ့ညက အိမ်သို့ ပြန်မလာခဲ့ဘဲ လုကျင်းယွီ၏အိမ်တွင် ညအိပ်ခဲ့ခြင်းကြောင့်ပင်။ အသုံးမကျသော အမျိုးသားတစ်ဦးကို လက်ထပ်နိုင်ရန်အတွက် သူမသည် မိန်းမတို့၏ ဂုဏ်သိက္ခာနှင့် အရှက်တရား အားလုံးကို အမှိုက်ပုံထဲသို့ လွှင့်ပစ်လိုက်လေပြီ။
ဆန့်ကျင်ဘက်အနေဖြင့် ချန်မေ့လန်သည် မနေ့က အဝတ်အစားသစ်များကို ဝတ်ဆင်ခဲ့ပြီး ယနေ့နံနက်တွင်လည်း အခြားဂါဝန်တစ်ထည်သို့ လဲလှယ်ဝတ်ဆင်ထားလေသည်။
ဂါဝန်ပေါ်ရှိ ပန်းပွင့်ခါးပတ်လေးမှာ ကျန်းကျူးနှင့် ပေါင်ကျူးတို့၏ မျက်လုံးများကို ဖမ်းစားထားနိုင်ခဲ့ရာ သူမတို့မှာ အဒေါ်ဖြစ်သူ၏နောက်မှ တကောက်ကောက် လိုက်ပါရင်း ချွဲနွဲ့ကာ ခေါ်ဝေါ်နေကြလေသည်။
မိန်းကလေးငယ်များဆိုသည်မှာ လှပသောအရာမှန်သမျှကို မြတ်နိုးတတ်ကြသည်မဟုတ်လော။
သူမတို့သည် ဤမျှလှပသော ဂါဝန်လေးကို ဝတ်ဆင်ထားသည့် အဒေါ်ဖြစ်သူ ရေခပ်ဆင်းသည်ကို မကြည့်ရက်နိုင်ကြသဖြင့် သူမတို့ နှစ်ဦးပေါင်းကာ ရေပုံးတစ်ပုံးကို သယ်ယူရင်း မြစ်ထဲမှ ရေများကို အိမ်သို့ အခေါက်ခေါက်အခါခါ သယ်ယူပေးကြလေသည်။
ကျိုးချောင်ဖန်မှာ မူလကတည်းက စိတ်အခြေအနေမကောင်းလှပေ။ ထိုအချိန်တွင် အိမ်ရှေ့မှ ဖြတ်သွားသော ဒုတိယယောင်းမက ခနဲ့တဲ့တဲ့ လေသံဖြင့် အဆိပ်ရည် လောင်းချလိုက်လေသည်။
“မေ့လန်က နောက်အိမ်ထောင်ပြုပြီး မြို့ကိုပြောင်းသွားတဲ့အခါ လက်ထဲမှာ ယွမ်နှစ်ထောင်လောက် ပါသွားပေမဲ့ နင်ရယ်၊ ကျန်းကျူးနဲ့ ပေါင်ကျူးတို့အတွက် အဝတ်စုတ်လေးတစ်ထည်တောင် ချန်မထားခဲ့ဘူးဆိုတော့ နင် နစ်နာတယ်လို့ မခံစားရဘူးလား အစ်မကြီး”
ယောင်းမသည် မေ့လန်ဝတ်ဆင်ထားသော လှပသည့် ပန်းပွင့်ဂါဝန်လေးကို ကြည့်ကာ မှင်သက်သွားခဲ့လေသည်။ မေ့လန်သည် သူမ၏ အလှဆုံး ရှပ်အင်္ကျီကိုဖျက်ကာ ဂါဝန်အဖြစ် ပြောင်းလဲချုပ်လုပ်လိုက်ခြင်းလော။
အကယ်၍ ကျိုးရွှယ်ချင်း၏ အရိုင်းအစိုင်းဆန်သော လုပ်ရပ်များသာ မရှိခဲ့ပါက ယောင်းမအနေဖြင့် ထိုအင်္ကျီလေးကို သူမအတွက် ချန်ထားပေးသင့်သည်ဟု တွေးတောကာ ရင်ထဲတွင် ခါးသီးမှုများ ခံစားရမည်မှာ သေချာလှသည်။
သို့သော် မိမိ၏ ညီမအရင်းက ဤမျှ အရှက်ရဖွယ်ကောင်းအောင် ပြုမူနေပြီး အသုံးမကျသောအမျိုးသားတစ်ဦး၏ ဆိုးသွမ်းလှသောကလေးနှစ်ဦးအတွက် မိထွေးနေရာကို မျက်ကန်းတစ္ဆေမကြောက် ဝင်ယူလိုနေချိန်တွင် ယောင်းမဖြစ်သူကမူ သူမ၏တူနှစ်ဦးကို ပြုစုပျိုးထောင်ပေးရမည် ဖြစ်ရာ အဝတ်တစ်ထည် ဆိုသည်မှာ အရေးမပါတော့ပေ။
မေ့လန်သာ ပျော်ရွှင်နေပါက သူမ၏တူနှစ်ဦးအတွက် အနာဂတ်နေ့ရက်များ သာယာဖြောင့်ဖြူးနေမည်မှာ အသေအချာပင်။
ယောင်းမက အေးစက်စက်လေသံဖြင့် ပြတ်သားစွာ တုံ့ပြန်လိုက်လေသည်။
“ငါက တောသူတစ်ယောက်ပါ၊ ငါ့ရဲ့ ချည်သားအင်္ကျီလေးနဲ့တင် သက်သောင့်သက်သာ ဖြစ်နေပါပြီ၊ အဲဒီလို အင်္ကျီလှလှလေးတွေကို ငါ စိတ်မဝင်စားဘူး၊ အခုလို အချိန်ကုန်၊ လေကုန်ခံပြီး စကားလာပြောနေမယ့်အစား နင့်ရဲ့စပါးတွေကို သွားရိတ်သိမ်းလိုက်ပါလား၊ ငါ့အိမ်ရှေ့မှာ လာပြီး မျက်စိနောက်ခံမနေစမ်းပါနဲ့”
ဒုတိယယောင်းမသည် သူမ၏ ငွေကြေးအားလုံးကို ချန်မေ့လန်ထံသို့ ပေးအပ်လိုက်ရပြီဖြစ်သလို ခင်ပွန်းဖြစ်သူမှာလည်း ချန်တကုန်းလက်ချက်ဖြင့် ခေါင်းကွဲကာ အမှန်တကယ်ပင် အိပ်ရာထဲ ဘုန်းဘုန်းလဲနေရပြီ ဖြစ်သည်။
ဆုံးရှုံးစရာမရှိတော့သူ တစ်ယောက်အဖို့ မည်သည့်အရာကိုမျှ ကြောက်ရွံ့နေမည် မဟုတ်တော့ပေ။
ယနေ့တွင် သူမသည် အစ်ကိုကြီးတို့ မိသားစုအား အသက်နှင့်ရင်း၍ပင် ပြဿနာရှာရန် အခိုင်အမာ ဆုံးဖြတ်ထားလေသည်။
ပန်းပွင့်ဂါဝန်လေးကို ဝတ်ဆင်ကာ အပြင်သို့ ထွက်လာသော ကျောင်းတိကို မြင်လိုက်သည်နှင့် သူမက မနာလိုစွာဖြင့် ပုတ်ခတ်လိုက်လေ၏။
“ကျောင်းတိ၊ နင်တော့ ရှေ့လျှောက် ဒုက္ခပင်လယ်ဝေရတော့မယ်၊ ယန်ကျောက်ရဲ့ မိသားစုထဲက ကလေးနှစ်ယောက်က သိပ်ကိုကြမ်းတမ်းတာ၊ နင့်ကို ရိုက်သတ်မသွားအောင် သတိထားနေဦး”
လွန်ခဲ့သော စက္ကန့်ပိုင်းအထိ ပျော်ရွှင်တက်ကြွနေခဲ့သော ကျောင်းတိလေးမှာ ဒုတိယအဒေါ်၏စကားကို ကြားလိုက်ရချိန်တွင် မျက်နှာပေါ်၌ ကြောက်ရွံ့မှုများ အထင်းသားပေါ်လွင်လာကာ ချန်မေ့လန်အား ထိတ်လန့်တကြား လှမ်းကြည့်လိုက်လေ၏။
ရိုးသားသော ကလေးတစ်ဦးဖြစ်သည့် ကျင်းပေါင်ကလည်း ဝင်ရောက်ထောက်ခံလိုက်လေသည်။
“အငယ်ကောင်ဆိုရင် လူတွေကိုတောင် ကိုက်တတ်သေးတယ်၊ ကျောင်းတိ၊ နင် သူ့အကိုက်မခံရအောင် သတိထားနေမှဖြစ်မယ်”
ယန်ကျောက်၏ သားနှစ်ဦးမှာ ကျင်းပေါင်၏ ဝမ်းကွဲများဖြစ်ကြပြီး အဘိုးဖြစ်သူအိမ်သို့ အလည်သွားစဉ်က ထိုကလေးများကို မြင်တွေ့ဖူးလေ၏။
သူကိုယ်တိုင်ကပင် ကြမ်းတမ်းသည်ဟု မှတ်ချက်ချနေလျှင် ထိုကလေးနှစ်ဦးမှာ အမှန်တကယ်ပင် ဆိုးသွမ်းကြမ်းတမ်းနေမည်မှာ အသေအချာပင် ဖြစ်လေသည်။
ကံကောင်းထောက်မစွာဖြင့် ကျောင်းတိလေးသည် ထိုကိစ္စအတွက် ကြောက်ရွံ့နေခြင်းမရှိပေ။ သူမသည် သေးငယ်သော လက်သီးလေးများကို တင်းကျပ်စွာဆုပ်ထားရင်း မျက်နှာထားတင်းတင်းဖြင့် ကြုံးဝါးလိုက်လေသည်။
“သူတို့က ငါ့ကို ရိုက်ရင် ငါက ပြန်မရိုက်နိုင်စရာလား၊ ငါ ထမင်းများများစားပြီး ခွန်အားကြီးလာအောင်ကြိုးစားမယ်၊ ငါ့အမေကို အနိုင်ကျင့်ချင်တဲ့သူ မှန်သမျှကို ငါ အကုန်အနိုင်ယူပြမယ်”
သေးငယ်သော ကလေးမလေးတစ်ယောက်မျှသာ ဖြစ်သော်လည်း သူမသည် ရှုံးနိမ့်မှုကို မည်သည့်အခါမျှ အလွယ်တကူ လက်ခံမည်မဟုတ်ပေ။
ခြံဝင်းအတွင်း၌ ရှင်းလင်းရေး လုပ်နေသော ချန်မေ့လန်သည် အပြင်သို့ လျင်မြန်စွာထွက်လာခဲ့လေ၏။
သူမသည် လျှပ်တစ်ပြက် အရှိန်ဖြင့် ဒုတိယယောင်းမ၏ လက်ကောက်ဝတ်မှ ရွှေလက်ကောက်ကို ဆွဲချွတ်လိုက်ပြီး လည်ပင်းမှ ရွှေဆွဲကြိုးကိုပါ ကြမ်းတမ်းစွာ ဆွဲဖြုတ်လိုက်လေသည်။
ချန်မေ့လန်က ဒုတိယယောင်းမစီးထားသော ဖိနပ်များကို လက်ညှိုးထိုးကာ တင်းမာလှသောလေသံဖြင့် အမိန့်ပေးလိုက်လေသည်။
“ဒါတွေလည်း ငါ့ပိုက်ဆံနဲ့ ဝယ်ထားတာပဲ မဟုတ်လား၊ အခုချက်ချင်းချွတ်လိုက်စမ်း”
ဒုတိယယောင်းမမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လှည့်ထွက်ပြေးရန် ပြင်လိုက်လေသည်။
“နင်... နင်”
သို့သော် ကျိုးချောင်ဖန်က သူမ၏ဖိနပ်ကို နင်းထားကာ ရှေ့သို့တွန်းထုတ်လိုက်လေသည်။ ထို့နောက် မြေပြင်ပေါ်သို့ ကျွတ်ကျကျန်ရစ်သော အဖြူရောင်ကင်းဘတ်ဖိနပ်များကို ကောက်ယူကာ မျက်နှာကြက် ထုပ်တန်းပေါ်သို့ အားပါပါ ပစ်တင်လိုက်လေသည်။
ချန်မေ့လန်က ဒုတိယယောင်းမ၏ နှာခေါင်းကို တည့်တည့်ညွှန်ကာ စကားလုံးများကို ဆက်တိုက်ပစ်လွှတ်လိုက်လေသည်။
“ယန်ရှီရှန်းဆိုတာ ကျောက်မီးသွေးသူဌေးကြီး၊ အခုဆိုရင် ကျောက်မီးသွေးတွင်းတစ်တွင်းကို အနည်းဆုံး ယွမ် လေးသိန်း၊ ငါးသိန်းလောက် တန်ဖိုးရှိတယ်၊ သူ့မှာ တွင်းနှစ်တွင်းတောင်ရှိတော့ တန်ဖိုးက သန်းချီနေပြီ၊ သူ့ရဲ့ တစ်နှစ်အမြတ်ငွေက အနည်းဆုံး ယွမ်နှစ်သိန်းလောက်ရှိတယ်၊ ငါက ကွာရှင်းပြီးသားဆိုတော့ ဘာမှ သိပ်မပြောချင်တော့ဘူး"
“ဒါပေမဲ့ ဟူရှောင်မေက နင့်ထက် အများကြီး ဉာဏ်ပိုကောင်းတယ်၊ သူမက ယွမ်နှစ်သောင်းလေး အရင်းအနှီးပြုပြီး သန်းကြွယ်သူဌေး တစ်ယောက်ကို ဖမ်းစားနိုင်ခဲ့တယ်၊ နင်ကတောင် သူမကို ကူညီပေးခဲ့သေးတယ်မဟုတ်လား၊ ဒုတိယယောင်းမ... ပြောစမ်းပါဦး၊ နင်က တကယ့်ငတုံးမကြီး မဟုတ်ဘူးလား”
၎င်းမှာ ပုံကြီးချဲ့ပြောဆိုနေခြင်းမဟုတ်ပေ။ ယန်ရှီရှန်း၏ ကျောက်မီးသွေးတွင်းများမှာ ယခုအချိန်တွင် ထိုမျှလောက်အထိ အကျိုးအမြတ်များပြားနေပြီဖြစ်လေသည်။
ဒုတိယယောင်းမမှာ ထပ်မံ၍ စူးရှစွာ အော်ဟစ်လိုက်သော်လည်း စကားများ ထစ်ငေါ့နေခဲ့လေသည်။
“နင်... နင်”
ချန်မေ့လန်က ခနဲ့တဲ့တဲ့အပြုံးဖြင့် ထပ်မံဖိအားပေးလိုက်လေသည်။
“နင့်မှာ သတ္တိရှိရင် ဟူရှောင်မေ ဒါမှမဟုတ် ယန်ရှီရှန်းဆီကို သွားပြီးပြဿနာရှာလှည့်ပါလား၊ ဘာလို့ ဒီမှာလာပြီး မျက်ရည်ခံထိုးရင်း အချဉ်ဖောက်နေရတာလဲ၊ ဒါမှမဟုတ် နင်က အိမ်တွင်းအာဏာရှင်မကြီးအဖြစ်နဲ့ ကိုယ့်လူတွေကိုပဲ လက်သီးပုန်းပြရဲတဲ့ သူလား”
ဒုတိယယောင်းမက အသံကို အမြင့်ဆုံးအထိ ဆွဲတင်ကာ ဟိန်းဟောက်လိုက်လေသည်။
“ငါ ဘယ်သူ့ကိုမှမကြောက်ဘူး၊ အနှေးနဲ့အမြန် ဟူရှောင်မေရဲ့ မျက်နှာကို ငါ ဆွဲဖြဲပစ်မယ်”
ထိုသို့ဖြစ်ရမည် မဟုတ်လော။
‘ခွေးအချင်းချင်း ကိုက်ပါစေတော့'
ဒုတိယယောင်းမအား ဟူရှောင်မေထံသို့ သွားရောက်ကာ ပြဿနာရှာခိုင်းခြင်းကသာ အကောင်းဆုံး နည်းဗျူဟာ ဖြစ်ပေမည်။
ချန်မေ့လန်သည် ယန်ရှီရှန်းဆိုသော အမျိုးသားကို လုံးဝဂရုမစိုက်သော်လည်း ယန်ကွမ်မူလတန်းကျောင်းမှ ကျောင်းသားလေးများကိုမူ အလွန်ပင် စိုးရိမ်ပူပန်မိလေသည်။
ဟူရှောင်မေကဲ့သို့သော အမျိုးသမီးက ကလေးငယ်များအား လမ်းမှားသို့ ဆက်လက်ပို့ဆောင်နေမည်ကို သူမ လုံးဝအလိုမရှိပေ။
ဒုတိယယောင်းမ၏ စကားများကြောင့် ယောက်မဖြစ်သူက တူနှစ်ဦးအပေါ် မလိုမုန်းထားစိတ်များ ဝင်ရောက်သွားမည်ကို စိုးရိမ်နေသော ယောင်းမမှာ အနောက်မှလိုက်ပါလာရင်း ရှင်းပြလေသည်။
“မေ့လန်၊ အဲဒီကလေးနှစ်ယောက်က မဆိုးပါဘူး၊ သူတို့က သိပ်ပြီး တိုးတက်မယ့်ပုံမပေါ်တာပဲ ရှိတာပါ၊ ရှေ့လျှောက်ကျရင်တော့ ယောင်းမက နင့်ကိုပဲအားကိုးပြီး သူတို့ကို ပြုစုပျိုးထောင်သွားရမှာ”
သူမ၏ယခင်ဘဝက ယန်ကျောက်၏သားနှစ်ဦးနှင့် ဆုံတွေ့ခဲ့ဖူးခြင်း မရှိသော်လည်း ထိုကလေးများအကြောင်းကို လူအများပြောဆိုနေကြသည်ကိုတော့ ကြားသိခဲ့ဖူးလေသည်။ တစ်ဦးမှာ အမြဲတမ်း ဖျားနာနေတတ်ပြီး ကျန်တစ်ဦးမှာမူ လုံးဝအသုံးမကျသူ ဖြစ်လေ၏။
အနှစ်သာရမဲ့သော အရာဝတ္ထုများသဖွယ် ဖြစ်လေသည်။ မိခင်အရင်းဖြစ်သူကပင် အသိအမှတ်မပြုဘဲ အမြဲတမ်း ကျိန်ဆဲနေသည်ဆိုပါက သူတို့မှာ အမှန်တကယ်ပင် အသုံးမကျသူများ ဖြစ်နေမည်မှာ သေချာလှသည်။
သို့သော် ချန်မေ့လန်မှာမူ ဤကိစ္စနှင့် ပတ်သက်၍ အလွန်တရာ တည်ငြိမ်နေခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ သူမ၏ နောက်အိမ်ထောင်ရေးအတွက် သူမ ကြီးကြီးမားမား မျှော်လင့်ထားခြင်း မရှိခဲ့ပေ။
မွန်းတည့်ချိန်တွင် သူတို့သည် ထုတ်လုပ်ရေးတပ်ဖွဲ့သို့ သွားရောက်ကာ ထောက်ခံစာများနှင့် အိမ်ထောင်စုစာရင်းများကို ရယူခဲ့ကြလေသည်။
စာရွက်စာတမ်းများ ရရှိပြီးနောက် တပ်ဖွဲ့ရုံးမှ အထွက်တွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ချန်မေ့လန်အား လာရောက် တားဆီးလေသည်။ ထိုအမျိုးသမီး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ဖုံးလွှမ်းနေလေ၏။
“ရှောင်ချန်၊ ငါ့ကို မှတ်မိလား၊ မနေ့က နင့်ကို ဓာတ်ပုံရိုက်ပေးခဲ့တဲ့သူလေ၊ ဒီနေ့ ငါ အဝတ်အစားဘယ်နှစ်စုံ ရောင်းရလဲဆိုတာ ခန့်မှန်းကြည့်စမ်း၊ ဒီမနက်စောစောက နင့်ရဲ့ဓာတ်ပုံကို ချိတ်ဆွဲလိုက်တာနဲ့တစ်ပြိုင်နက် အဝတ်အစားအစုံနှစ်ဆယ်ကို တစ်ခါတည်း ရောင်းလိုက်ရတယ်”
ထိုသူမှာ မနေ့က အပ်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်နေပြီး သူမ၏ လက်ချောင်းဆယ်ချောင်းကို အထက်သို့မြှောက်ကာ ပုံကြီးချဲ့ ပြသနေလေသည်။ သူမက ချန်မေ့လန်၏လက်ကို ဆုပ်ကိုင်ရင်း တက်ကြွစွာ ပြောဆိုလိုက်လေ၏။