← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁)

“လာပါ၊ ငါတို့ ဓာတ်ပုံတွေထပ်ရိုက်ကြရအောင်၊ အခုကစပြီး နင့်ကို ငါ လစာပေးပါ့မယ်”

ဤဘဝတွင် သူဌေးကတော် မဖြစ်နိုင်တော့ပါက မိမိကိုယ်ပိုင်ခြေထောက်ပေါ် ရပ်တည်ကာ ငွေရှာရမည်မှာ သေချာလှသည်။ ချန်မေ့လန်သည် ငွေရှာရန် မည်သို့ စတင်ရမည်ကို စဉ်းစားနေဆဲကာလတွင် ငွေကြေးများက သူမထံသို့ အလိုအလျောက် ဝင်ရောက်လာခြင်းလော။

သို့သော်လည်း ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ နေထိုင်စရာအိမ်ရာပင်ဖြစ်သည်။ ဤခရိုင်မြို့ငယ်လေးတွင်သာ သူမသည် မော်ဒယ်လ်တစ်ဦးအဖြစ် ရပ်တည်နိုင်မည်ဖြစ်သော်လည်း မြို့ကြီးပြကြီးတွင်မူ သူမဆိုသည်မှာ ဘာမှမဟုတ်သော သာမန်လူတစ်ဦးသာ ဖြစ်သွားပေမည်။

ထို့ကြောင့် မော်ဒယ်လ်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်မည်ဟု သူမ လေထဲတိုက်ဆောက်ကာ ယစ်မူးနေခြင်းမရှိခဲ့ပေ။

သို့သော် မိတ်ဆွေများလေ အခွင့်အလမ်းများလေဖြစ်သည် မဟုတ်လော။

ချန်မေ့လန်သည် လီဟုန်မေဟု အမည်ရသော ထိုအမျိုးသမီးထံတွင် မြို့ရှိ သူမ၏လိပ်စာကို ချန်ထားရစ်ခဲ့လေသည်။ လတ်တလောတွင် အလွန် အလုပ်များနေသဖြင့် ကူညီပေးနိုင်မည် မဟုတ်ကြောင်း၊ သို့သော် မော်ဒယ်လ်အဖြစ် အမှန်တကယ် လိုအပ်ပါက အနာဂတ်တွင် ရှီးဖျင်မြို့သို့ လာရောက်ရှာဖွေနိုင်ကြောင်း သေချာစွာ မှာကြားခဲ့လေ၏။

ထိုစကားကို ကြားလိုက်ရသောအခါ လီဟုန်မေမှာ ပိုမို စိတ်လှုပ်ရှားသွားကာ မျက်နှာတစ်ပြင်လုံး ဝင်းလက်တောက်ပလာလေသည်။

“ဒါဆို နင်က မြို့ကြီးကပေါ့၊ ငါတို့ မြို့ငယ်လေးမှာဆိုရင် အနာဂတ်မရှိဘူးလေ၊ ငါလည်း ရှီးဖျင်မြို့ကိုသွားပြီး ကံစမ်းကြည့်ဖို့စဉ်းစားနေတာ၊ ငါ ရှီးဖျင်မြို့ကို သွားဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပထမဆုံးလာရှာမယ့်သူက နင်ပဲဖြစ်ရမယ်၊ ငါတို့အတူတူ လောကကြီးရဲ့အမြင့်ကို တက်လှမ်းကြတာပေါ့”

ချန်မေ့လန်ကလည်း သူမ၏လက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ရင်း သဘောတူညီကြောင်း ပြသလိုက်လေသည်။

“ကောင်းပြီလေ၊ ငါတို့အတူတူ လောကကြီးရဲ့အမြင့်ကို တက်လှမ်းကြတာပေါ့”

နောက်တစ်နေ့ နံနက်စောစောတွင် ရှပ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားဆဲဖြစ်သော ချန်မေ့လန်သည် နေရောင်ဒဏ်မှ ကာကွယ်ရန် ခေါင်းတွင် ပဝါတစ်ထည်ကို ပတ်ထားလေသည်။

ကျောင်းတိလေးကိုမူ အဖြူရောင်ရှီဖွန်ဂါဝန်လေး ဝတ်ဆင်ပေးထားရာ ဖန်သားရင်ထိုးလေးမှာ နံနက်ခင်းနေရောင်ခြည်အောက်တွင် လင်းလက်တောက်ပနေလေသည်။

ရွာထိပ်သို့ ရောက်သောအခါ ခွဲခွာရမည်ကို တွန့်ဆုတ်နေကြသော ကျန်းကျူးနှင့် ပေါင်ကျူးတို့အား ကျောင်းတိလေးက လှည့်ကြည့်လိုက်လေသည်။

သူမ၏ အစ်မနှစ်ဦး ငိုကြွေးနေသည်ကို မြင်လိုက်ရချိန်တွင် မြို့သို့ ပြန်သွားရမည်ဖြစ်ပြီး ဖခင်သစ်တစ်ဦး ရရှိတော့မည်ဆိုသည့်အသိက သူမ၏အတွေးထဲသို့ ဝင်ရောက်လာကာ စိုးရိမ်ပူပန်လာလေသည်။

“အမေ၊ ဖေဖေအသစ်က သမီးကို မုန်းပြီး ရိုက်မလားဟင်”

ချန်မေ့လန်က ကလေးငယ်၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြတ်သားစွာ ပြောလိုက်လေ၏။

“သူကများ… သမီးကို ရိုက်ရဲတယ်ဆိုရင် အမေက ယန်ရှီရှန်းကို ရိုက်နှက်ခဲ့သလိုမျိုး သူ့ကို ပြန်ချပြီး ချက်ချင်းကွာရှင်းပစ်လိုက်မယ်”

ကျောင်းတိလေးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တိုးညှင်းသောအသံလေးဖြင့် ပြောရှာလေသည်။

“အဲဒီလိုမလုပ်ပါနဲ့၊ အရင်ဖေဖေဟောင်းကလည်း သမီးကို ရိုက်ဖူးတယ်၊ ကန်ကျောက်ပြီး အသုံးမကျတဲ့ကောင်မလေးလို့ ခေါ်ဖူးတယ်၊ သမီး သည်းခံနိုင်ပါတယ်”

မိခင်ဖြစ်သူ၏ အပြုံးများအောက်တွင်သာ ကြီးပြင်းခွင့်ရခဲ့သော တစ်ဦးတည်းသောသမီးလေး၏ဘဝမှာ ယနေ့တွင် အဆုံးသတ်တော့မည်ဖြစ်လေသည်။

မိခင်ဖြစ်သူ နောက်အိမ်ထောင်ပြုခြင်းမှာ သူမအတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ဖန်တီးပေးလို၍ ဖြစ်သော်လည်း၊ ချန်မေ့လန်အနေဖြင့် ယခင်ဘဝကကဲ့သို့ ပေါ့ဆစွာနေထိုင်မည်မဟုတ်တော့ပေ။

သမီးဖြစ်သူအား ငယ်စဉ်ကတည်းက နာကျင်မှုများစွာကို ကြိတ်မှိတ်ခံစားစေကာ ရုန်းကန်ကြီးပြင်းစေပြီးမှ နောက်ဆုံးတွင် မိခင်ဖြစ်သူအား ပြန်လည်ကာကွယ်စောင့်ရှောက်ရသည့် အဖြစ်မျိုးသို့ အရောက်ခံမည်မဟုတ်ပေ။

သူမသည် နောက်လှည့်ကာ သမီးဖြစ်သူအရှေ့တွင် ဒူးထောက်လိုက်ပြီး အလေးအနက်ထား၍ ပြောလိုက်လေသည်။

“အမေက သမီးကိုရိုက်တဲ့ အဖေကိုတောင် ကွာရှင်းရဲတဲ့သတ္တိရှိခဲ့တာပဲ၊ ‌အမေ့ရဲ့ ကျောင်းတိလေးကကော အမေ့လို မရဲရင့်ဘူးလား၊ အရိုက်ခံရတာဖြစ်ဖြစ်၊ အဆူခံရတာဖြစ်ဖြစ်၊ ဖေဖေအသစ်ပဲဖြစ်ဖြစ်၊ ကိုကိုအသစ်တွေဆီကပဲဖြစ်ဖြစ်၊ ကျောင်းတိက သတ္တိရှိရှိနဲ့ အမေ့ကို လာပြောပြရမယ်နော်၊ အမေ သူတို့နဲ့ ရှင်းပေးမယ်၊ ကြားလား”

မြေပြင်ပေါ်တွင် ဒူးထောက်ကာ တည်ကြည်သော မျက်နှာထားနှင့် ရဲရင့်မှုများ ပြည့်လျှံနေသော မျက်လုံးများဖြင့် ကြည့်နေသည့် မိခင်ကို မြင်လိုက်ရသောအခါ ကျောင်းတိလေးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေ၏။

“အင်း”

သတ္တိမရှိသော သမီးတစ်ဦးသည် ဤမျှရဲရင့်သောမိခင်နှင့် မည်သို့မျှ ထိုက်တန်မည်မဟုတ်ပေ။

ချန်တကုန်းက သူတို့ကို စက်ဘီးဖြင့် ခရိုင်မြို့လေးဆီသို့ အရင်ပို့ဆောင်ပေးမည်ဖြစ်သည်။ ခရိုင်မြို့ ဘတ်စ်ကားဂိတ်တွင် ယန်ကျောက်က သူတို့ကို လာရောက်ကြိုဆိုမည်ဖြစ်လေ၏။

ဘတ်စ်ကားဂိတ်သို့ ရောက်ရောက်ချင်းမှာပင် ချန်မေ့လန်သည် ယန်ကျောက်ကို မြင်တွေ့လိုက်ရလေသည်။

သူသည် ချည်သား အစိမ်းရောင်ရှပ်အင်္ကျီနှင့် သံလွင်စိမ်းရောင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး ခါးပတ်တွင် ဒိုင်းပုံစံတံဆိပ်တစ်ခုကို တပ်ဆင်ထားလေသည်။ ၎င်းမှာ ယခုခေတ်ကာလ၏ ရဲဝတ်စုံခါးပတ်ပင် ဖြစ်လေ၏။

သူသည် တစ်ချိန်က စစ်သားတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါတွင် ရဲအရာရှိတစ်ဦး ဖြစ်လာတော့မည်ဖြစ်ရာ ထိုထူးခြားလှသော ကိုယ်ပိုင်ဟန်ပန်က သူ့ကို လူအုပ်ကြားထဲတွင် ထင်ပေါ်နေစေသည်။

သူ၏ လက်များကို ဘေးတစ်ဖက်တစ်ချက်တွင် သဘာဝကျကျ ချထားသော်လည်း ခွန်အားတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ ရှိနေကာ သွားလာနေကြသော လူအုပ်ကြီးကို စူးရှစွာ စိုက်ကြည့်နေလေသည်။

ပြစ်မှုကျူးလွန်သူများကို ရှာဖွေနေသည့်အလား မသင်္ကာဖွယ်ရာ လူတိုင်းကို စေ့စေ့စပ်စပ် အကဲခတ်နေလေ၏။

ချန်မေ့လန်နှင့် ကျောင်းတိတို့ ဖြတ်လျှောက်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများက တည်ငြိမ်နေဆဲဖြစ်ပြီး အခြားတစ်ဖက်သို့ပင် အကြည့်လွှဲသွားခဲ့လေသည်။

ခေတ်မီလှပနေသော ဤသားအမိနှစ်ဦး၏ ပုံစံမှာ လွန်ခဲ့သော သုံးရက်ခန့်က မြင်တွေ့ခဲ့ရသည့် ကျစ်ဆံမြီးနှင့် တောသူမလေး၊ ပန်းပွင့်အင်္ကျီနှင့် တောသူမကြီးတို့၏ ပုံစံနှင့် ကွာခြားလွန်းလှပေသည်။

ချန်မေ့လန်သည် ယန်ကျောက်၏ ရှေ့မှ တမင်တကာ အခေါက်ခေါက်အခါခါ ဖြတ်လျှောက်သွားခဲ့သော်လည်း သူက လုံးဝမှတ်မိခြင်းမရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် မြစ်၏ အခြားတစ်ဖက်ကမ်းတွင် နံနက်ခင်းမြူနှင်းများ ဝေဆာနေချိန်၌ ပြိုကျလုနီးပါး ရွှံ့အိမ်ငယ်နှစ်လုံးသာရှိသော ခြံဝင်းတစ်ခုအတွင်းတွင် ကျိုးရွှယ်ချင်းတစ်ယောက် ငှက်သိုက်အလားရှုပ်ပွနေသော ဆံပင်များဖြင့် အိပ်ရာမှ ထလာခဲ့လေသည်။

တစ်ညလုံး ရွှံ့မီးဖိုကုတင်ပေါ်တွင် အိပ်စက်ခဲ့ရသဖြင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေလေ၏။ ကုတင်ပေါ်မှ ဆင်းလိုက်သည်နှင့် ကြမ်းပြင်ပေါ်ရှိဆီးအိုးကို နင်းမိမတတ် ဖြစ်သွားခဲ့လေသည်။

သူမသည် ခေတ္တမျှ မှင်သက်သွားပြီးမှ မိမိကိုယ်မိမိ အနာဂတ်၏ ရှီးဖျင်မြို့ အချမ်းသာဆုံးသူဌေးကြီးထံသို့ ထိုးအပ်လိုက်ပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွားလေသည်။

ခြံဝင်းအတွင်း၌ ကြက်များက အသံကျယ်လောင်စွာ အော်ဟစ်နေကြပြီး ဝက်များကလည်း မြေကြီးကို တူးဆွနေကြလေသည်။ လုကျင်းယွီမှာမူ အစောကြီးကတည်းကထကာ မည်သည့်နေရာထွက်သွားမှန်း မသိရပေ။

ဤအခြေအနေမှာ ယန်ကျောက်နှင့် လုံးဝကွာခြားလွန်းလှသည်။ ယန်ကျောက်သည် စစ်သားတစ်ဦးဖြစ်ပြီး စကားနည်းကာ အေးစက်စက် နေတတ်သော်လည်း အိမ်မှုကိစ္စများတွင်မူ အလွန်ကျွမ်းကျင်သူဖြစ်လေသည်။

သူ အိမ်တွင် ရှိနေချိန်တိုင်း ကျိုးရွှယ်ချင်း အိပ်ရာမှထလာသည်နှင့် မျက်နှာသစ် သွားတိုက်ရန် ရေကိုပင် အဆင်သင့် ခပ်ထားပေးတတ်လေ၏။

သို့သော် ထိုသို့သော အမျိုးသားမျိုးမှာ အနာဂတ်ရည်မှန်းချက် မရှိသူများသာ ဖြစ်သည်။ စစ်မှန်သော ယောကျ်ားကောင်းတစ်ဦးသည် ထိုကဲ့သို့ အသေးအဖွဲကိစ္စများဖြင့် အချိန်ဖြုန်းနေမည်မဟုတ်ပေ။

အိမ်မှုကိစ္စဆိုသည်မှာ မိန်းမများ၏တာဝန်သာ ဖြစ်သည်မဟုတ်လော။

ကျိုးရွှယ်ချင်းသည် ခြံဝင်းအတွင်း ခေတ္တမျှ ရပ်နေပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ ကလေးများ၏ဆီးအိုးများကို သွားရောက် ဆေးကြောလေ၏။

သူမ၏ စိတ်ထဲတွင်တော့ ခိုင်မာသော ယုံကြည်ချက် တစ်ခုသာ ရှိနေလေသည်။

“စောင့်ကြည့်နေလိုက်၊ လုကျင်းယွီက မကြာခင် ချမ်းသာလာတော့မှာ”

……….

“ဗိုလ်ကြီးယန်”

ချန်တကုန်းက လှမ်းခေါ်လိုက်စဉ် ယန်ကျောက် ရုတ်တရက် လှည့်ကြည့်လာ၏။

သူ၏မျက်နှာကို ငေးကြည့်ရင်း ချန်မေ့လန်၏ စိတ်အာရုံထဲတွင် ‘ရေပြင်လိုတည်ငြိမ်ပြီး ကြယ်ရောင်လိုအေးစက်တဲ့မျက်ဝန်း' ဆိုသည့် စကားစုလေး ပေါ်လာရလေသည်။

ချန်တကုန်းက ယန်ကျောက်၏ လက်ကို ဆုပ်ကိုင်ထားရင်း စကားဆိုသည်။

“ကျုပ်ညီမလေးက ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရတာ၊ ကျုပ်တို့အစ်ကိုတွေကလည်း သူ့အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိတယ်၊ ဒါပေမဲ့ ခင်ဗျားကတော့ သူ့ကို ကောင်းကောင်းထားရမယ်၊ အကယ်၍ ခင်ဗျားသာ သူ့အပေါ် မကောင်းရင်တော့…”

နာရီကို တစ်ချက်ကြည့်လိုက်၊ ကားကို တစ်ချက်ကြည့်လိုက်နှင့် ကြိတ်ကြိတ်တိုး စည်ကားနေသော လူအုပ်ကြီးကိုပါ အကဲခတ်နေသော်လည်း ယာဉ်ထွက်ခွာတော့မည့် အချိန်ရောက်နေပြီဖြစ်၍ ယန်ကျောက်က ချန်တကုန်း၏ ရှည်လျားသော စကားများကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေဆဲဖြစ်၏။

ထိုစဉ် လူအုပ်ကြားထဲမှ ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

“ကျောင်းတိ၊ နင်ဘယ်မှာလဲ၊ ကျောင်းတိ”

သူမ၏ သမီးလေး ကျောင်းတိ ပျောက်သွားပြီအထင်နှင့် ချန်မေ့လန်တစ်ယောက် ဘေးရှိကလေးကို ရင်ခွင်ထဲသို့ အလန့်တကြား ဆွဲသွင်းဖက်တွယ်ထားလိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် ယန်ကျောက်သည် ချန်တကုန်း၏ လက်ကို ရုန်းဖယ်ကာ လူအုပ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားပြီး မိန်းကလေးငယ်တစ်ဦးအား ပွေ့ချီလာကာ အော်ဟစ်ရှာဖွေနေသော အမျိုးသမီးကို လှမ်းအော်မေးလိုက်သည်။

“ရဲဘော်၊ ဒါ ခင်ဗျားကလေးလား”

တိုက်ဆိုင်စွာပင် အခြားတစ်ယောက် လူပျောက်ရှာနေသော ကလေး၏ နာမည်မှာလည်း ကျောင်းတိပင် ဖြစ်နေလေသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လူအုပ်ကြားမှ တိုးထွက်လာပြီး ကလေးမလေး၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်လေသည်။

“နင့်အစ်မတွေကို သေချာကိုင်ထားပါဆိုတာကို၊ အခုတော့ နင့်ဘာသာ လမ်းပျောက်နေပြီ”

ထိုအမျိုးသမီး၏ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော အမွှေးပေါက်စ ငှက်ငယ်လေးများနှင့်တူသည့် နောက်ထပ် မိန်းကလေးငယ်နှစ်ဦးလည်း ရှိနေသေးသည်။

All Chapters