အခန်း ၂၂
Vol. 3 Ch. 22
အခန်း (၂၂)
အရိုက်ခံလိုက်ရသော ကလေးမလေးမှာ ဘေးပတ်ဝန်းကျင်မှ သနားကြင်နာသော အကြည့်များကို ကြံ့ကြံ့ခံရင်း ယဉ်ကျေးသော သိုးငယ်လေးတစ်ကောင်ပမာ ညီမငယ်နှစ်ဦး၏ လက်များကို နာခံမှုရှိစွာ ဆုပ်ကိုင်လိုက်၏။
အခြေအနေမှာ ပို၍ ရှုပ်ထွေးလာသည်။ စပ်စုနေသူများ လူစုကွဲတော့မည့်ဆဲဆဲတွင် အမျိုးသားတစ်ဦးက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆွဲငင်ကာ အဝေးပြေးကားဆီသို့ တွန်းပို့လိုက်သည်။
“မြန်မြန်ပြေး၊ မြို့နယ် မိသားစုစီမံကိန်းရုံးကလူတွေ လာဖမ်းနေပြီ”
ငိုယိုအော်ဟစ်ခြင်းမရှိသော ကလေးမလေး သုံးဦးမှာ ကြွက်ငယ်လေးများအလား သွက်လက်လျင်မြန်စွာဖြင့် ကားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်ပြေးကြလေသည်။
ဤသည်မှာ သားသမီးကန့်သတ်ချက်ကို ရှောင်ကွင်းပြေးလွှားနေရသော ပြောက်ကျားတပ်ဖွဲ့ဝင်မိသားစုတစ်ခု၏ လက်တွေ့ဘဝ မြင်ကွင်းပင်ဖြစ်သည်။
ကားထွက်ခွာမည့် အချိန်ကိုက်မှာပင် ယန်ကျောက်က လက်တစ်ဖက်ဖြင့် ကျောင်းတိကို ဆွဲယူလိုက်ပြီး ကျန်တစ်ဖက်ဖြင့် ချန်မေ့လန်ကို ဖမ်းဆုပ်လိုက်သည်။
သူမ ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် ကြက်ကလေးများကို ဖမ်းယူလိုက်သကဲ့သို့ သူတို့သားအမိနှစ်ယောက်လုံး ကားပေါ်သို့ ရောက်ရှိသွားကြ၏။
မိသားစုစီမံကိန်းရုံးမှ တာဝန်ရှိသူများသည် ကားဂိတ်ထဲသို့ ပြေးဝင်လာကာ အသံချဲ့စက်များ ကိုင်ဆောင်ပြီး ကားတံခါးများကို ထုရိုက်ကာ ယာဉ်မောင်းအား ကားရပ်ရန် ခြိမ်းခြောက်နေကြသည်။
ခိုးပြေးလာသော မိသားစုမှာ တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ကာ ငိုယိုအော်ဟစ်ရင်း ကားမြန်မြန်မောင်းထွက်ရန် ယာဉ်မောင်းအား အသနားခံနေကြသည်။ အမျိုးသမီးနှင့် ကလေးသုံးယောက်မှာ ဒူးထောက်၍ပင် တောင်းပန်နေကြ၏။
ထိုခေတ်အခါက လူတစ်ယောက် သားကြောဖြတ်လျှင် တစ်မိသားစုလုံးဂုဏ်ယူရမည့်ခေတ် ဖြစ်နေသည်။
မိသားစုစီမံကိန်းရုံးမှ ဝန်ထမ်းများသည် နောက်ပိုင်းခေတ်များမှ စည်ပင်ဝန်ထမ်းများထက်ပင် ပိုမိုဆိုးရွားကာ လူအများ၏ အမုန်းဆုံးပုဂ္ဂိုလ်များ ဖြစ်နေခဲ့သည်။
ကားပေါ်ရှိ ခရီးသည်အားလုံးက ယာဉ်မောင်းအား ကားမောင်းထွက်ရန် ဝိုင်းဝန်းအော်ဟစ်နေကြသည်။
ယာဉ်မောင်းသည် ဟွန်းကို အဆက်မပြတ်တီးကာ မိသားစုစီမံကိန်းရုံးမှ လူများကြားကို တိုးထွက်မောင်းနှင်လိုက်သည်။ အင်ဂျင်သံ ဟိန်းထွက်သွားပြီး ကားကြီးသည် ယိမ်းထိုးလျက် ဂိတ်ထဲမှ ထွက်ခွာလာခဲ့လေသည်။
နံရံထက်မှ တောက်ပသော အနီရောင်ကြွေးကြော်စာတန်းများသည် မျက်စိတစ်မှိတ်အတွင်း ကျန်ရစ်ခဲ့လေပြီ။
ချန်မေ့လန်နှင့် ကျောင်းတိတို့သားအမိမှာ မတ်တပ်ရပ်စရာ နေရာပင် မရှိလောက်အောင် ကြပ်ညပ်နေကြသည်။
ယန်ကျောက်က ချန်မေ့လန်၏အနောက်တည့်တည့်တွင် ရပ်နေသည်။ ရာသီဥတုက အလွန်ပူပြင်းလှသော်လည်း ဤအမျိုးသား၏ ခန္ဓာကိုယ်မှာ ထူးကဲစွာ အေးမြနေ၏။
သူမ မတော်တဆ သူ၏လက်ကောက်ဝတ်ကို ထိမိသွားချိန်တွင် အေးစက်လှသော အထိအတွေ့ကြောင့် လန့်ဖျပ်သွားရသည်။
နေရာရသူများ ထိုင်နေကြပြီး နေရာမရှိသူများက အလယ်လမ်းလျှောက်တွင် ပြည့်ကျပ်နေကြသည်။
မှန်လုံကားအသေးလေး၏ ပြတင်းပေါက်များကို ဖွင့်ထားသဖြင့် လေပြင်းများ တိုက်ခတ်ဝင်ရောက်နေသည်။
‘ဒုတိယအိမ်ထောင်မို့လို့ ဒီလူက နည်းနည်းတော့ ကပ်စေးနှဲပုံရပြီး ထိုင်ခုံပါတဲ့ လက်မှတ်ကိုတောင် မဝယ်ပေးချင်ဘူးပဲ’ ဟူသော အတွေးတစ်ခု ချန်မေ့လန်၏ စိတ်ထဲ ဖြတ်ပြေးသွားသည်။
ဤအချက်က သူမ၏ လုံခြုံမှုနှင့် သာယာသော မိသားစုဘဝတစ်ခု တည်ဆောက်လိုသည့် ရည်မှန်းချက်များကို အနည်းငယ် ယိမ်းယိုင်သွားစေသည်။
ကျင်းယန်မြို့နယ်မှ ရှီဖျင်မြို့သို့ ကီလိုမီတာ ၃၀၀ ကွာဝေးသည်။ လက်ရှိ ကားအမြန်နှုန်းနှင့် လမ်းအခြေအနေအရ အနည်းဆုံး ခြောက်နာရီကြာမည်ဖြစ်သည်။
ဆာဒင်းငါးသေတ္တာဘူးကဲ့သို့ ကျပ်သိပ်နေသော၊ ငိုယိုအန်ဖတ်ထုတ်နေသူများဖြင့် ပြည့်နှက်နေသော ဤကားပေါ်တွင် လေးနာရီခန့် မတ်တပ်ရပ်ရလျှင်ပင် ခြေထောက်များ ရောင်ကိုင်းလာမည်မှာ အသေအချာပင်။
ကျောင်းတိလေးမှာ ထောင့်တစ်နေရာတွင် ကပ်နေရပြီး ယန်ကျောက်ကို ရံဖန်ရံခါ မော့ကြည့်ကာ အတင်းပြုံးပြနေရှာသည်။
ဖေဖေအသစ်က သူမ၏ ဖခင်အရင်းလောက် အသားမဖြူသလို လူတိုင်းကိုလည်း ပြုံးပြလေ့မရှိပေ။ သူမဖခင်ထက် အများကြီး ပိုကြမ်းတမ်းမည့်ပုံ ပေါက်နေသည်။
ကျောင်းတိ၏ရင်ထဲတွင် အလွန်တရာ ကြောက်ရွံ့နေမိ၏။
မြို့နယ်ထဲမှ ထွက်ခွာလာသည်နှင့် ယန်ကျောက်က သားသမီးကန့်သတ်ချက် ရှောင်ကွင်းသူများ၏ ခေါင်းဆောင်ဖြစ်သူကို မေးလိုက်သည်။
“ရဲဘော်၊ ခင်ဗျားလက်မှတ်မှာ ထိုင်ခုံပါလား”
ထိုအမျိုးသားနှင့် သူ၏ ကိုယ်ဝန်ဆောင်ဇနီးတို့က ပြတင်းပေါက်ဘေးမှ ခုံတစ်ခုံစီကို ယူထားကြသည်။
၎င်းတို့၏ သမီးသုံးယောက်ကမူ ခုံတစ်ခုံတည်းတွင် ပြွတ်သိပ်ထိုင်နေကြပြီး လေအေးအေးလေးကို ဇိမ်ခံနေကြ၏။
ထိုအမျိုးသားက ခပ်ထန်ထန် တုံ့ပြန်လိုက်သည်။
“ဒါပေါ့၊ ခုံမပါဘဲ ငါက ထိုင်ရဲပါ့မလား၊ ထိုင်ခုံက ၃၈ ယွမ်၊ မတ်တပ်ရပ်က ၁၇ ယွမ်လေ၊ မင်းမှာ ထိုင်ခုံမရှိရင် သေချာမတ်တပ်ရပ်၊ ငါတို့ကို မနာလိုမဖြစ်နဲ့၊”
ယန်ကျောက်က လက်မှတ်သုံးစောင်ကို လှမ်းပေးလိုက်သည်။
“ဒီခုံတွေအကုန်လုံးက ကျုပ်တို့ဟာတွေပဲ”
ကိုယ်ဝန်ဆောင် အမျိုးသမီးက ချက်ချင်းထရပ်လိုက်ပြီး ပျာပျာသလဲ ပြောလေသည်။
“ထိုင်ပါ၊ ထိုင်ပါ၊ ရှင်တို့ထိုင်ကြပါ”
သို့သော် ယန်ကျောက်က သူမကို ပြန်ထိုင်စေပြီးနောက် ချန်မေ့လန်ဘက်သို့ လှည့်ကာ မေးလိုက်၏။
“ကလေးကိုချီပြီး တိုးဝှေ့ရတာ အဆင်ပြေရဲ့လား”
သူက လက်မှတ်သုံးစောင် ဝယ်ထားခဲ့သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သနားစရာ ကလေးငယ်များကို မြင်သောအခါ ထိုင်ခုံနှစ်ခုံကို စွန့်လွှတ်ပေးလိုက်ခြင်းပင်။
ချန်မေ့လန်က ပြန်ဖြေလိုက်သည်။
“အဆင်ပြေပါတယ်”
သို့သော် သူမ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအမျိုးသားက နောက်ဘက်ရှိ ကလေးများဆီသွားကာ ကလေးတစ်ယောက်၏ လက်မောင်းကို လိမ်ဆွဲလိုက်သည်။
“နင်တို့ အသုံးမကျတဲ့ကောင်မတွေ… အကုန်ထစမ်း၊ ဒီခုံက နင်တို့အဖေ ထိုင်ဖို့ဟ”
ကလေးမလေးများသည် လိမ္မာရေးခြားရှိစွာဖြင့် ထရပ်လိုက်ကြသည်။ ကျောင်းတိထက်ပင် ပို၍ နူးညံ့သိမ်မွေ့သော သိုးငယ်သုံးကောင်အလား ဖြစ်နေရှာ၏။
ယန်ကျောက်သည် ကြီးမားသော လက်တစ်ဖက်ဖြင့် ထိုအမျိုးသား၏ ပခုံးပေါ်သို့ တင်လိုက်သည်။
“ရဲဘော်၊ မတ်တပ်ရပ်ရတာ သက်တောင့်သက်သာ မရှိဘူးလား၊း”
သူ၏အသံမှာ မကျယ်လောင်သော်လည်း ဩဇာပါလှသဖြင့် ကားပေါ်ရှိလူတိုင်း ကြားနိုင်လေသည်။
ထိုအမျိုးသားမှာ သားယောကျ်ားလေး မရမချင်း ဇနီးသည်ကို ကလေးဆက်ယူခိုင်းသည့် ပဒေသရာဇ်အယူဝါဒ ခေါင်းမာသူတစ်ဦးဖြစ်ကြောင်း သိသာလှသည်။
ထိုသို့သောလူများသည် ယောကျ်ားလေးများသာ လူရာဝင်သည်၊ ထိုင်ခုံနှင့် ထိုက်တန်သည် ဟူသော အယူအဆများ အမြစ်တွယ်နေသူများ ဖြစ်ကြ၏။
သူက ယန်ကျောက်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြုံးယောင်ပြုကာ မျက်နှာချိုသွေးလိုက်သည်။
“အရာရှိ၊ ကျွန်တော်တို့ အတူတူ မတ်တပ်ရပ်ကြတာပေါ့၊ မတ်တပ်ရပ်လည်း ရပါတယ်၊ မတ်တပ်ရပ်ရတာ သက်တောင့်သက်သာရှိတာပါပဲ”
ယန်ကျောက်၏ ခါးပတ်ပေါ်မှ ရွှေရောင်တံဆိပ်ကို မြင်လိုက်ရသဖြင့် ရဲအရာရှိတစ်ဦးမှန်း သိသွားကာ ချက်ချင်းအသံပြော့သွားခြင်းပင်။
ခရီးသည်တင်ကားလေး ဆက်လက်ထွက်ခွာလာသည်။ လေအေးလေးများ ဖြတ်သန်းတိုက်ခတ်လာချိန်တွင် ချန်မေ့လန်တစ်ယောက် လေကောင်းလေသန့်များကို ရှူရှိုက်လိုက်မှသာ အသက်ရှူဝသွားသလို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ကျောင်းတိလေးသည် ယန်ကျောက်ကို သတိထားကာ အကဲခတ်နေဆဲဖြစ်သော်လည်း သူ၏အကြည့်များ သူမဆီ ရောက်လာတိုင်း ချက်ချင်း မျက်လွှာချလိုက်မိ၏။
ကြမ်းတမ်းပုံရသော ဖေဖေအသစ်က ကလေးငယ်ကို ခြောက်လှန့်နေသယောင် ဖြစ်နေသည်။
သူမ၏ အစောပိုင်းက ပျော်ရွှင်မှုများ ပျောက်ကွယ်သွားပြီး ချန်မေ့လန်၏ ရင်ခွင်ထဲတွင် ကျုံ့ကျုံ့လေး ဝင်နေကာ ‘ဒီဖေဖေသာ ငါ့ကို ရိုက်နှက်ရင် ဘယ်လောက်တောင် နာကျင်ရမလဲ’ ဟု တွေးကြောက်နေပုံရသည်။
‘ငါ ငိုလိုက်ရမလား၊ မေမေ့ကို ပြောပြလိုက်ရမလား'
ကျောင်းတိကို လက်ညှိုးထိုးပြရင်း ယန်ကျောက်က သူ၏ဘေးတွင်ရှိသော အမျိုးသားကို မေးလိုက်သည်။
“ကျွန်တော့်သမီးလေးက လှလား”
ယနေ့ ကျောင်းတိလေးကို အလွန်လှပအောင် ပြင်ဆင်ပေးထားသည်။ ချန်မေ့လန်က ကျစ်ဆံမြီးများကို သပ်ရပ်စွာ ကျစ်ပေးထားပြီး ပန်းပွင့်လေးများပါသော ဆံပင်စည်းကြိုးလေးများဖြင့် အလှဆင်ပေးထားသည်။
မိခင်၏ ပေါင်ပေါ်တွင် ထိုင်ကာ တောက်ပသော မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေပုံမှာ မင်းသမီးလေးတစ်ပါးနှင့်ပင် တူနေတော့သည်။
ထိုအမျိုးသားက ကျောင်းတိကို တစ်ချက်ကြည့်ပြီးနောက် စုပြုံထိုင်နေသော သူ၏သမီးသုံးယောက်ကိုပါ လှမ်းကြည့်ကာ ရိုးသားစွာ ဖြေလိုက်သည်။
“လှပါတယ်၊ ဒါပေမဲ့ မိန်းကလေးဖြစ်နေတာတော့ နှမြောစရာပဲ”
ယန်ကျောက်ထံမှ အံ့ဩဖွယ်ကောင်းသော စကားများ ထွက်ပေါ်လာလေသည်။
“အနာဂတ်မှာ သူမက ရဲမေတစ်ယောက်၊ အမျိုးသမီးစစ်သည်တစ်ယောက်၊ ဒါမှမဟုတ် ဆရာမ ဒါမှမဟုတ် သရုပ်ဆောင်တစ်ယောက် ဖြစ်လာနိုင်တယ်၊ ကျွန်တော်ကတော့ နောက်ထပ်ကလေး ထပ်မယူတော့ဘူး၊ ဒီလိုသမီးမျိုး ရထားတဲ့အတွက် ဂုဏ်ယူတယ်”
ကျောင်းတိလေးက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အေးစက်သော်လည်း နွေးထွေးမှုအငွေ့အသက်လေးများ ရောယှက်နေသော ယန်ကျောက်၏အကြည့်များကို ရဲဝံ့စွာ ရင်ဆိုင်ရင်း ပွင့်ပွင့်လင်းလင်း ပြုံးပြလိုက်သည်။
ဖေဖေအသစ်ကို သူမ ရုတ်တရက်မကြောက်တော့ပေ။
သို့သော် လူပြည့်ကျပ်နေသော ကားပေါ်တွင် အချို့လူများက ဤစကားကို အဓိပ္ပာယ်မရှိဟု ယူဆသွားကြသည်။ လူတစ်ယောက်က ဝင်ပြောလိုက်၏။
“ဘာ၊ သမီးတစ်ယောက်တည်းနဲ့ ကလေးထပ်မယူတော့ဘူး ဟုတ်လား၊ လူပျိုကြီး… နိုင်ငံတော်က မိသားစုစီမံကိန်းကို အကောင်အထည်ဖော်နေတာ၊ မင်း ကလေးထပ်မယူရင် သူတို့ သိပ်ဝမ်းသာမှာပေါ့၊ မင်းကို ဂုဏ်ပြုလွှာတောင် ပေးကောင်းပေးလိမ့်မယ်၊
ဒါပေမဲ့ မင်းလို ရုပ်ရည်သန့်သန့် လူတစ်ယောက်က သားယောကျ်ားလေးမရှိရင် မျိုးဆက်ပြတ်သွားမှာပေါ့၊ အဲဒါကို နားမလည်ဘူးလား”
ယန်ကျောက်၏ မျက်နှာထားမှာ တည်ကြည်နေဆဲဖြစ်ပြီး ရဲရဲဝံ့ဝံ့ပင် တုံ့ပြန်လိုက်သည်။
“ကျွန်တော်က မာ့က်စ်-လီနင်ဝါဒကိုပဲ ယုံကြည်တယ်၊ တစ္ဆေသရဲနဲ့ နတ်ဘုရားတွေကို မယုံဘူး၊ မျိုးဆက်ပြတ်သွားမှာကိုလည်း မကြောက်ဘူး”
နောက်တစ်ယောက်က လှောင်ပြောင်လိုက်သည်။
“မင်းသေသွားတဲ့အခါ မင်းရဲ့ဘိုးဘေးတွေက မင်းကို မိဘကျေးဇူးမသိတတ်တဲ့သားလို့ ကျိန်ဆဲတဲ့အခါမှ နောင်တရလိမ့်မယ်”
သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးက ချန်မေ့လန်၏ လက်မောင်းကို ဆွဲကာ အသံတုန်တုန်ဖြင့် ပြောလာ၏။
“အစ်မ၊ အဲဒါ အစ်မယောက်ျားမလား၊ ဒီလောက်ကောင်းတဲ့လူကို လက်ထပ်ရတာ အစ်မ သိပ်ကံကောင်းတာပဲ”