← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း (၂၃)

ချန်မေ့လန် ယန်ကျောက်ကို မော့ကြည့်လိုက်ရာ သူက အေးစက်သော မျက်နှာထားဖြင့်ပင် ကားပေါ်ရှိ အမျိုးသားများ၏ အထင်သေးသောအကြည့်များနှင့် အမျိုးသမီးများ၏ မနာလိုသော အကြည့်များအား အေးဆေးတည်ငြိမ်စွာ လက်ခံနေသည်ကို မြင်လိုက်ရသည်။

‘ဒါက ဘာသဘောလဲ’

သူ့၌ သားနှစ်ယောက် ရှိပြီးသားဖြစ်ကာ ကျောင်းတိမှာ ယနေ့မှ စတင်တာဝန်ယူမည့် မွေးစားသမီးလေးဖြစ်သည်။ ဤအမျိုးသားသည် အလွန်တည်ကြည်ဟန်ပေါက်သော်လည်း တကယ်တမ်းကျတော့ ကောက်ကျစ်စဉ်းလဲသူ မဟုတ်လော။

‘တစ်ကားလုံးက လူတွေကို မျက်နှာပြောင်တိုက်ပြီး လိမ်ညာနေတာ'

သို့သော် ကိစ္စက မပြီးသေးပေ။ အချိန်ခြောက်နာရီတိတိ ထိုင်ပြီးနောက် နှစ်ရေးလောက်အိပ်ကာ သွားရည်မည်မျှအထိ ကျခဲ့မှန်းမသိဘဲ နောက်ဆုံးတွင်တော့ ကားကြီးသည် ရှီဖျင်မြို့ထဲသို့ ယိမ်းထိုးဝင်ရောက်လာခဲ့လေပြီ။

ယန်ကျောက်သည် တစ်လမ်းလုံး နှုတ်ဆိတ်နေခဲ့သော်လည်း ကားပေါ်မှ မဆင်းမီတွင် ထိုအမျိုးသား၏ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“ခင်ဗျား ကလေးထပ်ယူချင်ရင် ဆက်ယူပါ၊ သားယောကျ်ားလေးရဖို့ ကြိုးစားပါ၊ ဒါပေမဲ့ တစ်ယောက်တည်းကို ပညာကောင်းကောင်းသင်ပေးပြီး ပြုစုပျိုးထောင်မယ်ဆိုရင်၊ အနာဂတ်မှာ ကျွန်တော့်သမီးက ခင်ဗျားရဲ့သမီးသုံးယောက်ပေါင်းရတဲ့ ငွေထက် ပိုရှာနိုင်လိမ့်မယ်လို့ ကျွန်တော် အခိုင်အမာယုံကြည်တယ်”

ထိုအမျိုးသား အနှစ်သက်ဆုံးအရာမှာ ငွေကြေးနှင့် နှိုင်းယှဉ်မှုဖြစ်ကြောင်း သိထားသဖြင့် သူက အတိအကျကို အကွက်ကျကျ ထိုးနှက်လိုက်လေ၏။

ချန်မေ့လန် လုံးဝ မျှော်လင့်ချက်မထားတော့သော ဤအမျိုးသားသည် ယနေ့ သူမကို အလွန်အံ့ဩသင့်စေခဲ့သည်။ ၎င်းမှာ သူမ၏ ကိုယ်ပိုင်ရည်မှန်းချက်များနှင့် ဘဝအမြင်အပေါ် ကြီးစွာသော ရိုက်ခတ်မှုတစ်ရပ်ပင်။

မိသားစုစီမံကိန်း ရှောင်ကွင်းသူ၏ ခေါင်းဆောင်က သူ၏ကလေးသုံးယောက်ကို ကြည့်လိုက်သည်။ သူတို့အားလုံးမှာ ရုပ်ရည်သန့်ပြန့်ကြပြီး အကြီးမလေးမှာ အထူးထက်မြက်ကာ ယောကျ်ားလေးများနည်းတူ ပညာသင်ယူနိုင်စွမ်းရှိသည်။

မကြာသေးမီက မိသားစုစီမံကိန်းဥပဒေကို ရှောင်တိမ်းနေရသဖြင့် ကလေးများပင် ကျောင်းမှ ထုတ်ပယ်ခံခဲ့ရသည်။

အခြားမိသားစုများမှ မိဘရင်ခွင်ထဲ ချွဲနွဲ့နေကြသော ချစ်စရာမင်းသမီးလေးများကို ကြည့်ပြီး သူ၏ ခြေသလုံးအိမ်တိုင်ဖြစ်နေသော သားသမီးများကို ပြန်ကြည့်မိချိန်တွင် သူ၏စိတ်ထားများ ပျော့ပြောင်းလာခဲ့သည်။

သူ၏ မျက်လုံးများ ရုတ်တရက် နီရဲလာကာ ကားပေါ်မှ ဦးစွာ ဆင်းသွားလေ၏။

ချန်မေ့လန်တို့ မိသားစုလည်း သူ့နောက်မှ ဆင်းလာကြသည်။ အဝင်ပေါက်သို့ ရောက်သည်နှင့် ထိုအမျိုးသားက လျှောက်လာပြီး ယန်ကျောက်၏ လမ်းကို ပိတ်ရပ်လိုက်သည်။

သူက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ယန်ကျောက်ကို အဝေးမှ လက်ညှိုးထိုးကာ မီးခိုးငွေ့များကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။

“ရဲဘော်ရဲအရာရှိ၊ ကျွန်တော့်သမီးတွေက ခင်ဗျားသမီးထက် မညံ့ဘူးလို့ထင်တယ်၊ အခု ကွန်မြူနစ်လူ့အဖွဲ့အစည်းကို ရောက်နေပြီ၊ ခင်ဗျားရဲ့ မိသားစုအခြေအနေက ကျွန်တော့်ထက် ပိုကောင်းနိုင်ပေမယ့် ကျွန်တော့်သမီးတွေက ကြိုးစားပမ်းစား စာသင်ပြီး တက္ကသိုလ်ရောက်ရင် သူတို့လည်း လူရာဝင်လာမှာပဲ”

ဇနီးဖြစ်သူ၏ လက်ကိုဆွဲကာ သူက အော်ပြောလိုက်သည်။

“ဒီကလေးမွေးပြီးရင် အိမ်ပြန်ပြီး ဒဏ်ငွေသွားဆောင်မယ်၊ ကျောင်းတိ၊ ယင်တိနဲ့ တျောင်းတိ အကုန်လုံးကို ကျောင်းထားပေးမယ်၊ ငါ့သမီးတွေက တခြားသူတွေထက် စွမ်းဆောင်ရည် နိမ့်ကျတယ်လို့ မယုံကြည်ဘူး”

ကိုယ်ဝန်ဆောင်အမျိုးသမီးက မျက်ရည်များကို သုတ်ကာ ချန်မေ့လန်အား နှုတ်ဆက်လက်ပြပြီး ထွက်သွားလေသည်။

‘ဒါဆို ယန်ကျောက်က သားသမီးကန့်သတ်ချက် ရှောင်ကွင်းသူတွေကို သူတို့ရဲ့ လမ်းစဉ်ကို စွန့်လွှတ်ဖို့ အောင်အောင်မြင်မြင် ဖျောင်းဖျနိုင်ခဲ့တာပေါ့လေ'

သူ၏ ခန့်မှန်းရခက်သော အကြည့်ကို မြင်လိုက်ရချိန်တွင် ချန်မေ့လန်လည်း ကြောက်ရွံ့တုန်လှုပ်သွားမိသည်။

ယခု သူမ လိုချင်သည်မှာ ဘတ်စ်ကားနှစ်ဆင့်စီးပြီး အိမ်သို့ မြန်မြန်ပြန်ရောက်ရန်သာ။

သို့သော် ယန်ကျောက်က အလောတကြီးမရှိပေ။ ကားဂိတ်မှ ထွက်လာပြီးနောက် သူက သားအမိနှစ်ယောက်ကို ကားမှတ်တိုင်ရှိ ခုံတန်းလျားတစ်ခုပေါ်တွင် နေရာချပေးကာ ထွက်သွားလေသည်။

မကြာမီတွင် သူသည် စက္ကူဖာကြီးတစ်ခုနှင့် ဆိုဒါနှစ်ပုလင်း ကိုင်ဆောင်ကာ ပြန်ရောက်လာသည်။

ဖာထဲမှ ကိတ်မုန့်နှစ်ခုကို ထုတ်ယူကာ ချန်မေ့လန်နှင့် ကျောင်းတိကို တစ်ခုစီ ပေးလိုက်ပြီး စကားဆိုသည်။

“ရှောင်ဝမ်နဲ့ ရှောင်လန်ကို သွားကြိုရဦးမယ်၊ စားပြီးမှ သွားကြတာပေါ့”

ရေခဲပမာ အေးစက်နေသော ဆိုဒါရည်က တစ်ကျိုက်တည်းဖြင့် ရေငတ်ပြေသွားစေသည်။

ချန်မေ့လန် မနက်ပိုင်းက သိပ်မစားခဲ့ရပေ။ ကိတ်မုန့်၏ ထူးခြားသော ရနံ့ကို ရှူရှိုက်မိပြီး တစ်ကိုက် ကိုက်လိုက်ချိန်တွင် ပြည့်စုံလှသော သစ်အယ်သီးအရသာကြောင့် အံ့ဩသွားရသည်။

သူမ အံ့ဩတကြီး မေးလိုက်သည်။

“ဒါ သစ်အယ်သီးကိတ်လား”

ကျောင်းတိက ပါးစပ်အပြည့် ကိုက်စားရင်း ပြောလိုက်သည်။

“မေမေ၊ ဒီမုန့်က သုံးယွမ်တောင် ပေးရတာ၊ သိပ်အရသာရှိတာပဲ”

သစ်အယ်သီးကိတ်သည် ရှီဖျင်မြို့တွင် နာမည်ကြီးသော ရိုးရာကိတ်မုန့် ဖြစ်၏။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစောပိုင်းကာလများတွင် ပြည်တွင်း၌ ဆော်ဒါပါဝင်မှုနည်းသော ဂျုံမှုန့်များ မရရှိနိုင်ချိန်၌ နိုင်ငံပိုင် စားသောက်ဆိုင်များမှ စားဖိုမှူးများက တီထွင်ခဲ့သည်ဟု ဆိုကြသည်။

နူးညံ့ပြီး ပွယောင်းသော ကိတ်မုန့်များရရှိစေရန် အလယ်တွင် ပေါင်မုန့်သားကို ထည့်ကာ သစ်အယ်သီးအနှစ်များဖြင့် ထုပ်ပိုးပြီး အပေါ်မှ ခရင်မ်များဖြင့် ဖုံးအုပ်ထားသည်။

တစ်ကိုက် ကိုက်လိုက်သည်နှင့် ပါးစပ်တစ်ခုလုံး မွှေးကြိုင်သွားပြီး သစ်အယ်သီး၏ ထူးခြားသော ချိုမြမြအရသာကို လျှာပေါ်တွင် ခံစားရလေသည်။

နောင်ကာလများတွင် ဤသို့သော ကိတ်မုန့်မျိုး ရှိတော့မည်မဟုတ်ပေ။ ချန်မေ့လန်သည် တစ်ထိုင်တည်းနှင့် အနည်းဆုံး သုံးခုလောက်ကို အေးဆေးစားနိုင်စွမ်းရှိသည်။

သူမ၏ ဘဝရည်မှန်းချက်များထဲတွင် ယခုလို အရသာရှိသည့် စားသောက်ဖွယ်ရာများကို မိသားစုအတွက် ဖန်တီးပေးနိုင်ရန်ဆိုသည့် အချက်လည်း ပါဝင်နေလေ၏။

သို့သော် သူမ တစ်ခုသာ စားရသေးချိန်၌ မှတ်တိုင်ရှိ အေးစက်စက်ခုံတန်းလျားပေါ်တွင် ခဏထိုင်ပြီးနောက် ယန်ကျောက်က ထပ်မေးလာသည်။

“ဗိုက်ဝပြီလား၊ ကလေးတွေ သွားကြိုကြမလား”

‘ဟုတ်သားပဲ'

သူမက နောက်အိမ်ထောင်ပြုရမည်ဖြစ်ပြီး ယန်ကျောက်မှာ သားနှစ်ယောက် ရှိလေသည်။ မိထွေး ထပ်ဖြစ်ရတော့မည့် အနေအထားတွင် ယန်ကျောက်၏ အသုံးမကျသော သားနှစ်ယောက်က မည်မျှအထိ ကြည့်ရဆိုးနေမည်ကို သူမ တွေးကြည့်နေမိ၏။

သူမ မေးလိုက်သည်။

“သူတို့ ဘယ်မှာနေတာလဲ”

ယန်ကျောက်က မျက်မှောင်အနည်းငယ် ကြုတ်ကာ မြို့ထဲရှိ ရွာတစ်ရွာကို လက်ညှိုးထိုးပြရင်း ပြန်ဖြေသည်။

“သူတို့အဘွားအိမ်မှာ၊ ကျိုးမိသားစုရွာ”

ချန်မေ့လန်က အံ့ဩတကြီး မေးလိုက်သည်။

“ဒါဆို အခုထိ ကလေးနှစ်ယောက်ကို ရှင့်ဆီ ခေါ်မထားသေးဘူးပေါ့”

သူက တကယ်ကြီး စကားကို ပိတ်ပြောတတ်သူပင်။

“အခု ပြင်ဆင်နေတာပဲ မဟုတ်ဘူးလား”

ဇနီးနှင့် ကလေးများကို တစ်ပါတည်း သွားကြိုခြင်းက အချိန်နှင့် လုပ်အားကို သက်သာစေသည်။

သို့သော် ကိစ္စမရှိပေ။ ချန်မေ့လန်ကလည်း သူမ၏ အိမ်ပိုင်ဆိုင်မှု အမည်ပြောင်းလဲရေးအတွက် အကူအညီရရန်သာ သူ့ကို စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ဦးမှာ တကယ့်ကို အံကိုက်ဖြစ်နေသော အတွဲအဖက်ပင်။ ကိုယ်ကျိုးအတွက် ကြံစည်မှုများက ရေစီးကြောင်းတစ်ခုထဲတွင် ဒွန်တွဲနေတော့သည်။

မြို့စွန်ရှိ ကွေ့ကောက်နေသော ကျေးလက်လမ်းမများပေါ်တွင် သုံးဘီးဆိုင်ကယ်များ စီတန်းနေပြီး စက်ဘီးများကလည်း ခေါင်းလောင်းသံလေးများ မြည်ကာ ဖြတ်သန်းသွားလာနေကြသည်။ ကျဉ်းမြောင်းနေသော လမ်းများပေါ်တွင် လူများ ပြည့်ကျပ်နေသဖြင့် ကားများ သို့မဟုတ် လူများနှင့် အလွယ်တကူ ဝင်တိုက်မိနိုင်၏။

သုံးလီခန့် လမ်းလျှောက်ပြီးနောက် လမ်းအခြေအနေက ပိုဆိုးလာသည်။ နေရာလပ်တိုင်းတွင် ဟင်းသီးဟင်းရွက်ခင်းများ ပြည့်နှက်နေပြီး ဒီနားတွင် ဂေါ်ဖီထုပ်အနည်းငယ်၊ ဟိုနားတွင် ကြက်သွန်မြိတ် တစ်တန်း၊ သို့မဟုတ် အထီးကျန်နေသော ပြောင်းဖူးပင် အနည်းငယ်ကို စိုက်ပျိုးထားသည်။

မြေဆီလွှာ၏ အနံ့နှင့် စိမ်းလန်းသော အရွက်များ၏ ရနံ့တို့က လေထုထဲတွင် လွင့်ပျံနေ၏။

ရွာငယ်လေး၏ အဝင်ဝတွင် ကောင်လေးတစ်စု ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ ၎င်းတို့အထဲတွင် အသက်သုံးနှစ်အရွယ် မုန်လာဥနီရောင်ဆံပင်နှင့် ကလေးငယ်တစ်ဦးက သူ့ထက်ကြီးသော ကလေးတစ်ဦး၏လက်ချောင်းကို ကိုက်ထားကာ လေထဲတွင် တွဲလောင်းဖြစ်နေသည်။

အကြီးကောင်မှာ အသံကုန်ဟစ်အော်ရင်း သူ၏လက်ကို ခါယမ်းနေသည်။ ကလေးငယ်မှာ ခါယမ်းခံရသဖြင့် လေထဲတွင် လည်ထွက်သွားလေ၏။

ယန်ကျောက်က ကိတ်မုန့်ဖာကို ကျောင်းတိ၏ လက်ထဲသို့ ထိုးထည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ သူက ကလေးငယ်ကို ဖမ်းဆွဲကာ မေးလိုက်၏။

“ရှောင်လန်၊ မင်းအစ်ကိုရော ဘယ်မှာလဲ၊”

နောက်ဆုံးတွင် ထိုကလေးက လွှတ်ပေးလိုက်ပြီး အခြားကလေးတစ်ဦးကို လက်ညှိုးထိုးပြသည်။

“ဖေဖေ၊ ဖေဖေပဲ၊ ကျွန်တော့်အစ်ကိုက တိပ်ခွေရောင်းပြီး ပိုက်ဆံရှာတာ၊ ဒုတိယအစ်ကိုကျိုးက ပိုက်ဆံတွေ ခိုးသွားတယ်၊ ပိုက်ဆံတွေ အကုန်လုံးပဲ၊ သူ့ကို ကိုက်ရမယ်”

ကလေးငယ်က သူ၏ ဖြူဖွေးနေသော သွားလေးများဖြင့် နောက်တစ်ခေါက် ထပ်ကိုက်ရန် ပြင်လိုက်ပြန်သည်။

ယန်ကျောက်က ကလေးပြောနေသည့်စကားများကို လျစ်လျူရှုကာ လူကိုက်ချင်နေသော ဝံပုလွေပေါက်စလေးအား ချန်မေ့လန်ဆီသို့ ခေါ်လာခဲ့သည်။

သူက ပြောလိုက်သည်။

“ဒီတစ်ယောက်ကို ခင်ဗျား ယူထားလိုက်၊ ကျွန်တော် နောက်တစ်ယောက်ကို သွားရှာဦးမယ်”

ဤသည်မှာ ကလေးလာကြိုခြင်းနှင့် မတူဘဲ အာလူးကောက်သကဲ့သို့ တစ်လုံးကို ကောက်ယူပြီး ခြင်းတောင်းထဲ ပစ်ထည့်လိုက်သည်နှင့်ပင် တူနေတော့သည်။

ရှောင်လန်က လှပသောအန်တီနှင့် အစ်မဖြစ်သူကို မော့ကြည့်ကာ နှုတ်ခမ်းသပ်ရင်း အနံ့ခံလိုက်သည်။

“အန်တီက မွှေးနေတာပဲ”

ကျောင်းတိက ကိတ်မုန့်တစ်ခုကို ထုတ်ယူပြီးဖြစ်နေသည်။

“လာ၊ ကိတ်မုန့်စား”

ဤညီလေးက နည်းနည်းကြမ်းတမ်းပုံရသဖြင့် ကျောင်းတိမှာ တော်တော်လေး ကြောက်နေမိသည်။

သူမ၏ ဖေဖေအသစ်က ကိတ်မုန့်လေးခု ပြင်ဆင်ထားပြီး နှစ်ခုမှာ သူ၏သားနှစ်ယောက်အတွက် ဖြစ်ကြောင်းကိုလည်း သူမ ယခုမှပင် သဘောပေါက်သွားတော့သည်။

ဤဖေဖေက သူမ၏ ဖခင်အရင်းနှင့် မတူပေ။

သူမကို မိန်းကလေးဖြစ်၍ ကိတ်မုန့်နှင့် မတန်ဟုဆိုကာ အထင်မသေးဘဲ အကောင်းဆုံး အစားအစာများကို သူမအတွက်ပါ ဝေမျှပေးခဲ့သည်။

ရှောင်လန်က ကိတ်မုန့်ကို ယူလိုက်၏။ လူကို ကိုက်ထားခဲ့သော သူ၏ ပါးစပ်ကြီးကို ဟကာ အကြီးကြီး တစ်ကိုက် ကိုက်စားလိုက်လေသည်။

All Chapters