← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄)

“ဝိုး… အရမ်းကောင်းတာပဲ”

သူသည် နာမည်နှင့် လိုက်ဖက်စွာပင် တကယ့် ဝံပုလွေပေါက်စလေးတစ်ကောင် ဖြစ်နေလေတော့သည်။

ရှောင်လန်လေးက ကိတ်မုန့်ကို တစ်ကိုက် ကိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ကောင်လေးတစ်ယောက် ရုတ်တရက် ပေါ်လာလေသည်။ ထိုကောင်လေးက ရှောင်လန်၏ ရှေ့တွင် ရပ်ကာ ချန်မေ့လန်ကို စူးစူးရဲရဲ စိုက်ကြည့်နေတော့သည်။

ထိုကောင်လေးကို မြင်လိုက်ရသောအခါ ချန်မေ့လန်တစ်ယောက် ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ရယ်မောလိုက်မိ၏။

ကောင်လေးမှာ အသက် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ခန့်ရှိပြီး အသားအနည်းငယ် ညိုသည်။ အရောင်လွင့်ကာ ဝါကြန့်ကြန့်ဖြစ်နေသော ဆွယ်တာအဖြူလေးကို ဝတ်ဆင်ထားသည်။

သူ၏ ရင်ဘတ်တွင် တိပ်ခွေဖွင့်စက်အသေးလေးတစ်ခုကို ဆွဲချိတ်ထားပြီး အိတ်ကပ်နှစ်ဖက်စလုံးတွင်လည်း ကက်ဆက်တိပ်ခွေများ အပြည့်အသိပ် ထည့်ထားလေ၏။

ထို့ပြင် လည်ပင်းတွင်လည်း တိပ်ခွေအချို့ကို ရစ်ပတ်ဆွဲချိတ်ထားသေးရာ သူ့ပုံစံမှာ အသက်ဝင်နေသော တိပ်ခွေဖွင့်စက်လေးတစ်လုံးနှင့်ပင် တူနေတော့သည်။

ရှောင်လန်လေးကဲ့သို့ပင် သူ၏ မျက်နှာပေါက်မှာ ယန်ကျောက်၏ ပုံတူကိုယ်ပွားနောက်တစ်ခုပင် ဖြစ်နေလေသည်။

ရှောင်လန်လေးက သူ၏ကိတ်မုန့်ကို လှမ်းပေးလိုက်သည်။

“အစ်ကို၊ ဖေဖေ့သူငယ်ချင်း အန်တီက သားကို ကိတ်မုန့်ကျွေးတယ်၊ အစ်ကိုလည်းစားလေ”

ချန်မေ့လန်က နောက်ထပ် သစ်အယ်သီးကိတ်မုန့်တစ်ခုကို ထုတ်ယူကာ သူ့ရှေ့သို့ ကမ်းပေးလိုက်သည်။

“သားနာမည်က ယန်ရှောင်ဝမ် ဖြစ်ရမယ်၊ အန်တီ့ကိုယ်အန်တီ မိတ်ဆက်ပေးပါရစေ၊ အန်တီ့နာမည်က ချန်မေ့လန်ပါ၊ ကိတ်မုန့်အရင်စားထားနော်၊ သားဖေဖေ မကြာခင် ပြန်လာလိမ့်မယ်”

ယန်ရှောင်ဝမ်သည် ချန်မေ့လန်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် လှပကျော့ရှင်းနေသော ကျောင်းတိလေးဆီသို့ အကြည့်ရောက်သွားသည်။

ရုတ်တရက် သူ၏ နှာခေါင်းထိပ်လေး နီရဲလာကာ မျက်ဝန်းများပါ နီလာလေတော့သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရှောင်လန်၏လက်ကို ဆွဲကိုင်ကာ လှည့်ထွက်သွားလေ၏။

ခံပြင်းနာကြည်းမှုများဖြင့် သူက မျက်ရည်ဝဲကာ လျှောက်သွားရင်း ရေရွတ်လိုက်သည်။

“ဒါ ဝန်ထုပ်ဝန်ပိုးတွေကို စွန့်ပစ်လိုက်တာပဲ မဟုတ်လား၊ ခင်ဗျားက ကျွန်တော့်ကို စွန့်ပစ်တယ်၊ ကျွန်တော်က ခင်ဗျားကို ပြန်စွန့်ပစ်မယ်၊ မွေးရုံပဲ မွေးပြီး မကျွေးကြဘူး၊

ကျွန်တော် ယန်ရှောင်ဝမ်က တခြားသူတွေ ကျွေးမွေးစရာမလိုဘဲ ကျွန်တော်တို့ညီကို စောင့်ရှောက်နိုင်တယ်”

သူက ခေါင်းမာပြီး တဇွတ်ထိုးနိုင်သော စိတ်သဘောထားရှိသည်။ အသက်ပိုကြီးသူပီပီ ချန်မေ့လန်ဆိုသည်မှာ သူ၏ဖခင် ရှာဖွေပေးထားသော မိထွေးဖြစ်ကြောင်းကို ချက်ချင်းပင် သဘောပေါက်နားလည်လိုက်လေ၏။

ကြမ်းတမ်းပြီး ခေါင်းမာသော ထိုကလေးမှာ ခြေလှမ်းကျဲကြီးများဖြင့် လျင်မြန်သော်လည်း တည်ငြိမ်စွာ လျှောက်လှမ်းသွားပုံက ယန်ကျောက်နှင့် တစ်ထပ်တည်းပင် တူနေတော့သည်။

ကျောင်းတိလေးက သူ့ကို ပြန်ဆွဲထားရန် လက်လှမ်းလိုက်သည်။

“အစ်ကို၊ မပြေးနဲ့လေ၊ အစ်ကို့ဖေဖေ မကြာခင် ပြန်လာတော့မှာ”

ရှောင်လန်လေးကလည်း မထွက်သွားချင်သဖြင့် နောက်သို့ နောက်သိုပြန်လှည့်ရန် ကြိုးစားနေသည်။ သို့သော် ရှောင်ဝမ်က ကျောင်းတိကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး သူ၏ ညီလေးကို အတင်းဆွဲခေါ်သွားလေတော့သည်။

ကျောင်းတိလေးက ထပ်မံ၍ လှမ်းအော်လိုက်ပြန်သည်။

“အစ်ကို၊ အစ်ကို့ တင်ပါးမှာ တစ်ခုခုကပ်နေတယ်”

ယန်ရှောင်ဝမ်၏ တင်ပါးနောက်တွင် ရှည်လျားသော ကက်ဆက်တိပ်ခွေကြိုးရှည်ကြီးတစ်ခုက အမြီးလုံးလေးတစ်ခုအလား တွဲလောင်းကျနေလေသည်။

သူက ဆောင့်ဆွဲလိုက်သောအခါ တိပ်ခွေကြိုးမှာ ပို၍ပင် ရှည်ထွက်သွားတော့သည်။

အနီးအနားရှိ ကလေးအချို့က လှောင်ပြောင်စနောက်ကြလေ၏။

“ယန်ရှောင်ဝမ်၊ မင်းမှာ အမြီးပေါက်လာတာလား၊ ဒါမှမဟုတ် အီးပါပြီး ဖင်မသုတ်ဘဲ နေခဲ့တာလား”

ယန်ရှောင်ဝမ်က တိပ်ခွေကြိုးကို အပေါ်သို့ ဆွဲတင်လိုက်ရင်း မျက်ရည်များကို အလျင်အမြန် သုတ်ဖယ်ကာ ခေါင်းမော့လျက် ထွက်ခွာသွားလေတော့သည်။

ထိုအချိန်တွင် ယန်ကျောက်မှာ သူ၏ ယောက္ခမအိမ်ခြံဝင်းထဲတွင် ရောက်ရှိနေ၏။ သူ၏ ယောက္ခမဖြစ်သူမှာ မြို့ပေါ်ရှိ သူမ၏ မောင်ငယ်ဖြစ်သူ၏ ကလေးများကို သွားရောက်ထိန်းကျောင်းပေးနေသဖြင့် အိမ်တွင် ယောက္ခထီးအဘိုးအိုသာ ကျန်ရစ်ခဲ့သည်။

အဘိုးအိုမှာ ကလေးများကို ကောင်းစွာ စောင့်ရှောက်ချင်သော်လည်း စွမ်းဆောင်နိုင်စွမ်း မရှိရှာပေ။ ဥပမာအားဖြင့် ရှောင်ဝမ်တစ်ယောက် ဘယ်ရောက်သွားမှန်းကိုပင် သူ လုံးဝမသိရှိပေ။

အချိန်မှာ ညနေ ငါးနာရီပင် ထိုးနေပြီဖြစ်ပြီး ယောက္ခထီအဘိုးအိုမှာ ‘နှင်းမြို့တော်’ ရုပ်သံဇာတ်လမ်းတွဲကို အာရုံစိုက်ကြည့်ရှုနေလေသည်။

ယန်ကျောက် ဝင်ရောက်နှောင့်ယှက်လိုက်မှသာ ကလေးနှစ်ယောက် ထမင်းစားပြီးသည်၊ မစားရသေးသည်ကို မဆိုထားနှင့်၊ သူကိုယ်တိုင်ပင် နေ့လယ်စာ မစားရသေးကြောင်း သတိထားမိသွားတော့၏။

ထို့အပြင် သူ၏သမီးဖြစ်သူ ကွာရှင်းလိုက်ပြီကိုလည်း သူ မသိရှာဘဲ ကျိုးရွှယ်ချင်းတစ်ယောက် ဖဲသွားရိုက်နေသလားဟု ယန်ကျောက်ကို အထပ်ထပ်အခါခါ မေးမြန်းနေလေသည်။

ယောက္ခထီးအဘိုးအို၏ ဦးနှောက်မှာ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းက ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသဖြင့် သူ၏ စကားပြောဆိုမှုများမှာ ရှုပ်ထွေးကာ ကမောက်ကမ ဖြစ်နေတတ်သည်။

သူ၏သားဖြစ်သူမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက လမ်းမများပေါ်တွင် ကက်ဆက်တိပ်ခွေများ ကူးယူရောင်းချနေကြောင်းကို ယန်ကျောက် နားလည်သဘောပေါက်ရန် အချိန်အတော်ကြာ ယူလိုက်ရပြီး သူ့ကို ရှာဖွေရန်အတွက် အပြင်သို့ ထွက်ရမည်ဖြစ်ကြောင်း သိလိုက်ရလေသည်။

အတော်လေး ကြိုးပမ်းရှင်းပြပြီးနောက် ယနေ့တွင် သူ ကလေးများကို ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ယောက္ခမအဘိုးအိုအား နောက်ဆုံး၌ နားလည်သဘောပေါက်သွားစေခဲ့၏။

ယောက္ခမအဘိုးအိုက အသံကျယ်ကျယ်ဖြင့် လှမ်းပြောလေသည်။

“မင်း ရှောင်လန်ရော၊ ရှောင်ဝမ်ကိုပါ ခေါ်သွားမှာလား၊ ရွှယ်ချင်းကို ပိုက်ဆံရှိရင် ကလေးတွေအတွက် အဝတ်အစားနဲ့ စားစရာလေးတွေ ဝယ်ကျွေးဖို့ ပြောလိုက်ဦး၊ ဖဲဆက်မရိုက်နဲ့တော့လို့၊ သူနဲ့ အတူဖဲရိုက်တဲ့လူတွေက လူကောင်းတွေ မဟုတ်ဘူး၊”

အဝတ်အစားများ သိမ်းဆည်းနေသော ယန်ကျောက်မှာ ထိုစကားကို ကြားသောအခါ အနည်းငယ် တုန်လှုပ်သွားရသည်။

သို့သော် သူက ချက်ချင်းပင် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ကလေးများ၏ အဝတ်အစားများကို သိမ်းဆည်းကာ ထွက်ခွာရန်ပြင်လိုက်သည်။

အနောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ယောက္ခထီးအဘိုးအို၏ ထိခိုက်နေသော ဦးနှောက်ကြောင့် သူ၏ ဦးခေါင်းမှာ အလိုအလျောက် ဘေးတိုက် ယိမ်းနွဲ့နေသည်ကို မြင်လိုက်ရသည်။

သူ၏ မျက်လုံးတစ်ဖက်မှာ ပျက်စီးနေပြီး သူငယ်အိမ်မှာ အဖြူရောင်ပြောင်းနေကာ ကျန်မျက်လုံးတစ်ဖက်ကို အားယူဖွင့်ထားလျက် ယန်ကျောက်အား သေချာမြင်ရရန် ကြိုးပမ်းနေရှာသည်။

ထို့ကြောင့် ယန်ကျောက်သည် သူ၏ အိတ်ကပ်ထဲမှ တန်ဖိုးကြီး ယွမ်တစ်ရာတန် ငွေစက္ကူနှစ်ရွက်ကို ထုတ်ယူကာ ယောက္ခထီးဖြစ်သူ၏ ရင်ဘတ်ရှိ ဘောပင်ထည့်သည့် အိတ်ကပ်လေးထဲသို့ ထိုးထည့်ပေးလိုက်သည်။

ခရီးဆောင်အိတ်များကို အောက်ချလိုက်ပြီး အမြဲတမ်း ပြုလုပ်နေကျဖြစ်သော ပေါ့ပေါ့ပါးပါး အလေးပြုနှုတ်ဆက်ခြင်းအစား သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ယောက္ခမအဘိုးအိုကို ကိုးဆယ်ဒီဂရီ ခါးညွှတ်၍ အရိုအသေပေးလိုက်လေသည်။

ယန်ကျောက် တံခါးဝမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာလာချိန်အထိ ယောက္ခထီးအဘိုးအိုက လေပေါနေဆဲပင်။

“ရွှယ်ချင်းက မင်းကို ကွာရှင်းမယ်ဆိုတာ မင်း သူ့ကို နားလည်ပေးဖို့လိုတယ်၊ မင်းက စစ်တပ်ထဲမှာ နှစ်အတော်ကြာအောင် သွားနေခဲ့တာ၊ သူ ရှောင်လန်ကို ကိုယ်ဝန်ရကတည်းက မင်း တစ်ခါမှ ပြန်မလာခဲ့ဘူးလေ၊

သူ့နှလုံးသားလေး ကျိုးပဲ့နေရှာမှာပေါ့၊ မင်း သူ့ကို ချော့မော့ရမယ်၊ ဟို မသင်္ကာစရာကောင်းတဲ့ လူတွေနဲ့ မပတ်သက်ဖို့ ဖျောင်းဖျရမယ်၊ သူတို့က သူ့အပေါ် ဆိုးဆိုးရွားရွားတွေ ဖြစ်စေလိမ့်မယ်”

အပြင်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကက်ဆက်တိပ်ခွေများ ပတ်ထားသော ရှောင်ဝမ်နှင့် ပက်ပင်းတိုးလေတော့၏။

ယန်ကျောက်က တိုတိုတုတ်တုတ်ပင် ပြောလိုက်သည်။

“လာ၊ ငါတို့ အခု အိမ်ပြန်ဖို့လိုနေပြီ”

ရှောင်ဝမ်က ခေါင်းမာမာဖြင့် ပြန်ပက်လေသည်။

“ကွာရှင်းပြီးတာနဲ့ ချက်ချင်းအန်တီတစ်ယောက် ရှာမယ်လို့ ခင်ဗျား မပြောခဲ့ပါဘူး၊ အထူးသဖြင့် အဲဒီလောက်လှတဲ့အန်တီမျိုးပေါ့”

ယန်ကျောက်က ချက်ချင်း တုံ့ပြန်လိုက်၏။

“မင်းကို ငါကပွေ့ချီသွားရဦးမှာလား”

ရှောင်ဝမ်က နှုတ်ခမ်းကို ဆူထားလျက် သူ၏တိပ်ခွေဖွင့်စက်လေးကို တင်းကျပ်စွာ ဖက်ထားလေသည်။

သားအဖသုံးယောက်၊ ယန်ကျောက်၏လက်ထဲတွင် အိတ်ကြီးလေးငါးလုံးကို သယ်ဆောင်ထားပြီး ရှောင်ဝမ်က လည်ပင်းတွင် တိပ်ခွေဖွင့်စက်ကို ချိတ်ဆွဲထားကာ ရှောင်လန်လေးတို့နှင့်အတူ ထွက်ခွာရန် ပြင်လိုက်ကြသည်။

ရှောင်လန်လေးက သူတို့ကို လိုက်ကြည့်နေသော ကလေးများအား သွားအဖြဲသားဖြင့် ဆက်တိုက်အော်ဟစ်နေလေသည်။

“မင်းတို့ ငါ့ကို ပိုက်ဆံ အကြွေးဆပ်ဖို့ ကျန်သေးတယ်နော်”

ချန်မေ့လန်၏ရှေ့တွင် ရပ်လိုက်သောအခါ ယန်ကျောက်၏ မျက်နှာထားမှာ အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေပုံရသည်။

“ဒါက ရှောင်လန်၊ အသက်က သုံးနှစ်ခွဲ၊ ဒါကတော့ ရှောင်ဝမ်၊ အသက် ခုနစ်နှစ်”

ကျောင်းတိလေးက ချက်ချင်းပင် သူမ၏လက်ကို ကမ်းပေးလိုက်ပြီး ရှောင်လန်နှင့် အရင်ဆုံး လက်ဆွဲနှုတ်ဆက်လိုက်သည်။ ရှောင်ဝမ်က သူမနှင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့သော်လည်း သူမက ပြုံးရွှင်စွာ ပြောလိုက်၏။

“ညီမနာမည်က ကျောင်းတိပါ၊ ညီမရဲ့ မျိုးရိုးနာမည်ကလည်း ယန် ပဲ”

ချန်မေ့လန် စကားမပြောရသေးမီ သူမ ပြုံးလိုက်ချိန်တွင် ယန်ရှောင်ဝမ်ကလည်း သူမအား အပြုံးတစ်ဝက်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။

ထိုကောင်လေး၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသော အမူအရာမျိုးရှိနေပြီး ‘စောင့်သာကြည့်နေလိုက်၊ ကျုပ် ခင်ဗျားကို ရူးသွပ်သွားအောင် မလုပ်ခင် သုံးရက်ထက်ပိုပြီး ကျွန်တော်တို့ အဆင်ပြေပြေ နေနိုင်မှာ မဟုတ်ဘူး’ ဟု ပြောနေသယောင်ပင်။

ချန်မေ့လန်က အသာအယာ ပြုံးလိုက်သည်။ ဘဝကို ဒုတိယအကြိမ် ပြန်လည်နေထိုင်ခွင့်ရထားသူမို့ သူမ မတွေ့ဖူး၊ မကြုံဖူးသော ဆိုးသွမ်းသည့် ကလေးမျိုး ဘယ်မှာရှိနိုင်မည်နည်း။

သူမ၏ ရည်မှန်းချက်ဖြစ်သော သာယာလှပသည့် မိသားစုဘဝလေး တည်ဆောက်ရေးကို ဤကလေးလေးက အလွယ်တကူ ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။

ယန်ကျောက်က အလျင်စလို ပြောလိုက်သည်။

“သွားကြစို့”

သူက ဤနေရာတွင် ဆက်နေရန် လုံးဝဆန္ဒမရှိကြောင်း သိသာလွန်းလှသည်။

ချန်မေ့လန်က သူမ၏အိတ်ကို မြေပြင်ပေါ်သို့ ချလိုက်သည်။

“ကျွန်မကို ခဏစောင့်ပါဦး”

‘သူမ ဘာလုပ်မလို့ပါလိမ့်'

All Chapters