← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇)

သူက ကွာရှင်းချိန်တွင် အိမ်နှင့် စုဆောင်းငွေများကို ဇနီးဟောင်းဖြစ်သူအား ပေးအပ်ခဲ့ပြီး လက်ဗလာဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးတစ်ဦး၏ ရှုထောင့်မှကြည့်လျှင် ယန်ကျောက်၏ တာဝန်ယူမှုရှိသော လုပ်ရပ်ကို ချန်မေ့လန် တိတ်တဆိတ် လေးစားမိသည်။

ထို့အပြင် သူမတွင်လည်း ငွေမရှိသည်မဟုတ်သဖြင့် ရိုးရှင်းစွာပင် ငြင်းဆန်လိုက်၏။

“ကျွန်မဆီမှာ ကိုယ်ပိုင်ငွေရှိပါတယ်၊ အစားအသောက်က ကျွန်မ ဝယ်လိုက်ပါ့မယ်”

မီးဖိုချောင်ထဲတွင် ကြွေရည်သုတ်ခွက်ကြီးများ ရှိနေသည်။ သူမက ၎င်းတို့ကို ထုတ်ယူကာ ပြောင်စင်အောင် ဆေးကြောလိုက်ပြီးနောက် အစားအသောက်ဝယ်ယူရန် အပြင်သို့ထွက်လာခဲ့သည်။

ချန်မေ့လန် အပြင်ထွက်ရန် ပြင်လိုက်ချိန်တွင် ကျောင်းတိလေးကလည်း သဘာဝကျကျပင် လိုက်ပါချင်နေပြီး ရှောင်လန်လေးကလည်း အကောင်ပေါက်စလေးတစ်ခုပမာ အနောက်မှ လိုက်လာကာ တီတီတာတာ ပြောရှာ၏။

“အန်တီ၊ သားလည်း လိုက်ချင်တယ်”

ကျောင်းတိလေးက သင်ပေးလိုက်သည်။

“နင်က မေမေလို့ ခေါ်ရမှာလေ”

ရှောင်လန်လေးက ချက်ချင်းပင် နာခံမှုရှိစွာဖြင့် ခေါ်လိုက်သည်။

“မေမေ၊ သားလည်း လိုက်ချင်တယ်”

ချန်မေ့လန်တစ်ယောက် ဇဝေဇဝါ ဖြစ်သွားရသည်။ ဤကလေးငယ်မှာ ငယ်ရွယ်သည်ဆိုသော်လည်း အသက်သုံးနှစ်ပင် ကျော်နေပြီဖြစ်သည်။

ကျိုးရွှယ်ချင်းမှာ သူ၏ မိခင်အရင်းဖြစ်ကြောင်း သူ မသိဘူးလော။ သို့မဟုတ် ကျိုးရွှယ်ချင်းပြောခဲ့သလိုပင် သူက အားနည်းသော ကလေးတစ်ဦး ဖြစ်သော်လည်း သူ၏ကျေးဇူးကန်းမှုက ရှောင်ဝမ်ထက်ပင် ပိုမိုဆိုးရွားနေလေသလော။

မြို့စွန်တွင် နေထိုင်ရခြင်း၏ အားသာချက်များလည်း ရှိလေသည်။

ရွာပြင်သို့ မီတာ ၅၀၀ ခန့် ထွက်လိုက်သည်နှင့် ညဈေးတန်းလေးများကို တွေ့ရသည်။

ဟွာနိုင်ငံ၏ ကုန်းတွင်းပိုင်းတွင် တည်ရှိသော ရှီဖျင်မြို့မှာ အသားညှပ်ပေါင်မုန့်၊ ပန်းကန်လုံးကြီးထဲမှ သိုးသားဟင်းနှင့် ဆီပူလောင်းထားသော လက်လုပ်ခေါက်ဆွဲများ စသည့် သရေစာအမျိုးမျိုးဖြင့် နာမည်ကြီးလေ၏။

လမ်းလျှောက်သွားလိုက်သည်နှင့် လမ်းဘေးတစ်လျှောက်တွင် ဈေးဆိုင်တန်းများ ပြည့်နှက်နေသည်ကို မြင်တွေ့ရသည်။

သို့သော် ဤဈေးဆိုင်များမှာ ရွာသူရွာသားများအတွက်မူ ဈေးကြီးလွန်းလှသည်။

ဖောက်သည်အများစုမှာ အနီးအနားရှိ တုန်းဖန်အုပ်စု၊ ရှီမေအုပ်စုနှင့် ချင်ချွမ် အပေါ့စားစက်မှုလုပ်ငန်း ကဲ့သို့သော စက်ရုံကြီးများမှ အလုပ်သမားများနှင့် အရာရှိများသာ ဖြစ်ကြ၏။

ဆီပူလောင်း လက်လုပ်ခေါက်ဆွဲများကို ကြိုတင်နယ်ထားသော ဂျုံမှုန့်များဖြင့် ပြုလုပ်ပြီး မှာယူမှသာ လတ်လတ်ဆတ်ဆတ် ပြုလုပ်ပေးခြင်းဖြစ်သည်။

နူးညံ့သော ဂျုံသားကို ခါးပတ်ပြားအရွယ်အစားခန့် ကျယ်ဝန်းပြီး ပါးလွှာတောက်ပသော ခေါက်ဆွဲဖတ်များအဖြစ် ဆွဲဆန့်လိုက်ချိန်တွင် စဉ်းတီတုံးပေါ်မှ ဖောင်းခနဲ အသံများ ထွက်ပေါ်လာကာ ဆူပွက်နေသော ရေနွေးအိုးထဲသို့ ပစ်ချပြုတ်ပြီး ပြန်ဆယ်ယူလိုက်သည်။

အပေါ်မှ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူအညှောင့်များနှင့် ပဲပင်ပေါက်များကို ဖြူးလိုက်ပြီး နှမ်းနှင့် မြေပဲလှော် အနည်းငယ်ကို ထည့်ကာ ဆီပူပူ ဇွန်းတစ်ဝက်ခန့် လောင်းချလိုက်ချိန်တွင်တော့ မွှေးပျံ့သော ရနံ့များက ပတ်ဝန်းကျင်တစ်ခွင်သို့ လွင့်ပျံသွားလေတော့၏။

အနီရောင်ငရုတ်သီးများပေါ်သို့ ဆီပူနှစ်ဇွန်းခန့်ကို လျင်မြန်စွာ လောင်းချလိုက်သည်နှင့် ဆီပူလောင်းခေါက်ဆွဲ လေးပွဲ အသင့်ဖြစ်သွားတော့သည်။

ကြွေရည်သုတ် ပန်းကန်လုံးကြီးလေးလုံးကို ထပ်လျက်သယ်ဆောင်လာရင်း ကလေးနှစ်ယောက်က အရှေ့မှ ပြေးလွှားသွားနေကြသည်။

ကျောင်းတိလေးက ရှောင်လန်ကို အရှေ့မှ ပြေးသွားရန် တမင်တကာ တိုက်တွန်းလိုက်ပြီး သူမကတော့ ခြေလှမ်းများကို နှေးလိုက်ကာ ချန်မေ့လန်နှင့် နှစ်ယောက်တည်း ယှဉ်လျှောက်လာခဲ့၏။

ကောင်မလေးက အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“မေမေ၊ ဒီနေ့ သမီး ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား”

ချန်မေ့လန်က နူးညံ့စွာ ရှင်းပြလိုက်သည်။

“သမီးက သိပ်ကို တော်လွန်းပါတယ်၊ ဒါပေမဲ့ မေမေ့သမီးလေး ကျောင်းတိအနေနဲ့ တမင်တကာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေစရာမလိုဘူးလို့ မေမေထင်တယ်၊ မေမေတို့က တစ်ရက် နှစ်ရက်လောက်ပဲ အတူတူနေကြရမှာမှ မဟုတ်တာ၊

ရှေ့ဆက်ပြီး အချိန်အကြာကြီး ဖြတ်သန်းရဦးမှာလေ၊ သမီးအနေနဲ့ ရှောင်ဝမ်နဲ့ ရှောင်လန်အပေါ်ကို ပုံမှန်အတိုင်းပဲ ဆက်ဆံသင့်တယ်၊ တကယ်လို့ သူတို့က သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရင် သမီး ပွင့်ပွင့်လင်းလင်းပြောရမယ်၊

သမီးက အမြဲတမ်း သူတို့အလိုကို လိုက်နေမယ်ဆိုရင် သူတို့က သမီးကို စိတ်မဆိုးတတ်ဘူးထင်ပြီး အနိုင်ကျင့်ကြလိမ့်မယ်၊ နားလည်လား သမီးလေး”

ကျောင်းတိလေးက ကြီးမားသော ရည်မှန်းချက်များ ပြည့်နှက်နေဟန်ဖြင့် အလေးအနက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

“သူတို့ သောင်းကျန်းရင် သမီး သူတို့ကို ပညာပေးလိုက်မယ်”

ဤနေရာမှာ သူမ၏ အိမ်၊ သူမ၏ ကိုယ်ပိုင်နယ်မြေပင် ဖြစ်သည်။ ကျောင်းတိလေးမှာ သူမ၏ အတိတ်ဘဝကထက် အများကြီး ပိုမိုယုံကြည်မှုရှိနေပြီး ကိုယ်ပိုင်အိမ်တွင် ပိုင်ရှင်တစ်ဦး၏ ခံစားချက်ကို သဘာဝကျကျပင် ခံစားနေရ၏။

ဤအချက်က ချန်မေ့လန်ကို အထူးပင် ကျေနပ်ပီတိဖြစ်စေခဲ့သည်။

သို့သော် ယန်ကျောက်အပေါ် မည်သည့်မျှော်လင့်ချက်မှ မထားသော်ငြားလည်း တံခါးဝသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရပြန်သည်။

ယန်ကျောက်က အိတ်ကပ်ထဲလက်နှိုက်ကာ ရပ်နေသည်။ ဖခင်ဖြစ်သူ၏ ပေါင်လယ်လောက်သာ အရပ်ရှိသော ယန်ရှောင်ဝမ်ကလည်း အိတ်ကပ်ထဲ လက်နှိုက်ထားပြီး သူ့ဖခင်၏ ကိုယ်ဟန်အမူအရာနှင့် မျက်နှာထားကို အတိအကျ အတုခိုးကာ ရပ်နေလေ၏။

သူတို့၏ ခြေရင်းတွင်တော့ သတ္တုသေတ္တာကြီးတစ်ခု ချထား၏။

‘ဒီသားအဖနှစ်ယောက်က အိမ်မှာ သခင်ကြီးတွေလို ထမင်းစားဖို့ စောင့်နေကြတာလား'

‘ချန်ရွာမှာတုန်းက ယန်ကျောက်က သူ အိမ်မှုကိစ္စတွေ ကျွမ်းကျင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာပဲ။ သူ တခြားဘာမှမလုပ်နိုင်ရင်တောင် စားပွဲလေးတော့ သုတ်ထားပေးလို့ မရဘူးလား။ ဒါမှမဟုတ်ရင် သူတို့ ဘယ်လိုလုပ် ထမင်းစားကြမှာလဲ'

သို့သော် ကိစ္စမရှိပေ။ မကြာမီ သူမ သူတို့ကို အခန်းတစ်ခန်း ပြပေးလိုက်မည်။ အိမ်ငှားတွေဟု သဘောထားလိုက်ရုံပင်။

အခန်းလိုက်ကာကို ဆွဲဖယ်ကာ အထဲသို့ ဝင်လိုက်ချိန်တွင်တော့ ချန်မေ့လန်တစ်ယောက် အံ့ဩမှင်တက်သွားရလေသည်။

ဤနေရာမှာ သူမ အစောပိုင်းက ထွက်သွားစဉ်က အမှိုက်ပုံငယ်လေးတစ်ခုနှင့် တူနေခဲ့သော သူမ၏ အိပ်ခန်းပင်။

သို့သော် ယခုအခါ ကန်းကုတင်ပေါ်ရှိ အိပ်ရာခင်းဟောင်းများအားလုံးကို အပြင်သို့ လွှင့်ပစ်ထားပြီး အသစ်များနှင့် အစားထိုးထားသည်။

ဗီရိုများအား ဖုံးအုပ်ထားသော ပန်းပွင့်ရောင် အဝတ်စများကိုလည်း အသစ်များဖြင့် လဲလှယ်ထားကာ အဟောင်းများကိုတော့ ကြမ်းပြင်ပေါ်ရှိ ဇလုံကြီးတစ်ခုထဲတွင် ပစ်ထားလေသည်။

နံရံပေါ်ရှိ ပိုစတာများအားလုံးကိုလည်း ခွာချထားသဖြင့် ရှင်းလင်းနေ၏။ ပြတင်းပေါက် မှန်ချပ်များမှာ တောက်ပလွန်းလှသဖြင့် ယင်ကောင်များပင် ဝင်တိုက်မိလောက်သည်အထိ ပြောင်လက်နေတော့သည်။

ကြမ်းပြင်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ဗီရိုများ၏အောက်ခြေကိုပင် အသေအချာ တံမြက်လှည်းကာ သန့်ရှင်းရေး လုပ်ထားလေသည်။

ဗီရိုများကို ကြည့်လိုက်လျှင်လည်း အစွန်းအထင်း တစ်စက်မျှပင် မရှိတော့ချေ။

‘ယန်ကျောက်နဲ့ ယန်ရှောင်ဝမ်တို့က ဒီအရာတွေ အားလုံးကို လုပ်ထားခဲ့တာလား'

‘နာရီဝက်လေးအတွင်းမှာ ခြေချဖို့တောင် ရွံစရာကောင်းလောက်အောင် ညစ်ပတ်နေတဲ့ အခန်းတစ်ခန်းကို အသစ်စက်စက် နေရာလေးတစ်ခုလို ဖြစ်သွားအောင် သူတို့ ပြောင်းလဲလိုက်တာလား'

‘ဒီ ယန်ကျောက်ဆိုတဲ့လူက လူ့ပုံစံဖန်တီးထားတဲ့ သန့်ရှင်းရေးစက်ရုပ် တစ်ခုခုများလား။ စင်ဒရဲလားရဲ့ ယောက်ျားလေး ဗားရှင်းလား’

ယန်ရှောင်ဝမ်က သူမနောက်မှလိုက်လာရင်း မေးလိုက်သည်။

“အန်တီ၊ ဒီည ကျွန်တော်တို့ ဘယ်အခန်းမှာအိပ်ရမှာလဲ”

နာရီဝက်အတွင်း အမျိုးသားတစ်ဦးက အခန်းတစ်ခန်းကို ဤမျှလောက် သပ်သပ်ရပ်ရပ်ဖြစ်အောင် ရှင်းလင်းနိုင်လိမ့်မည်ဟု ချန်မေ့လန် မယုံကြည်နိုင်သေးပေ။

သူမ မော့ကြည့်လိုက်ရာ ယန်ကျောက်၏ အေးစက်နေဆဲဖြစ်သော အကြည့်များနှင့် ဆုံမိသွားသည်။

ထိုအကြည့်က ချန်မေ့လန်ကို အဖြေတစ်ခုအမြန်ပေးရန် ဖိအားပေးနေသယောင် ရှိသည်။ ယန်ရှောင်ဝမ်ကလည်း သူ၏ ဖခင်ဖြစ်သူမှာ သူမ ဝါးမျိုစားသောက်မည့် သန့်ရှင်းသော ဘုန်းတော်ကြီးတစ်ပါးအလား ကာကွယ်ဟန်ဖြင့် ဆက်ပြောရန် ပြင်လိုက်၏။

“ဒီည ကျွန်တော်တို့ ဖေဖေနဲ့ အတူတူအိပ်မှာနော်”

ချန်မေ့လန်က ရယ်ချင်စိတ်ကို ရင်ထဲတွင် မြိုသိပ်ထားရင်း ဖြေလိုက်သည်။

“ဘေးကအခန်းမှာပဲ အိပ်ကြပေါ့၊ အဲဒီမှာလည်း ကန်းကုတင် ရှိတယ်၊ ပိုတောင်ကြီးသေးတယ်၊ ရှင်တို့သားအဖတွေ လူးလှိမ့်နေဖို့ နေရာအလုံအလောက်ရှိပါတယ်”

ကလေးအားလုံးက အတူတူပင်။ လုကျင်းယွီနှင့် သူမ၏ ယခင်အိမ်ထောင်ရေးတွင် သူတို့မိသားစု အတူတကွ အိပ်စက်ရခြင်းမျိုး အလွန်နည်းပါးလှသည်။

အိမ်တစ်အိမ်တည်းတွင် အတူတကွ နေထိုင်ကြတိုင်း မိသားစုနှစ်ဖက်လုံးမှ ကလေးများက ဗိုက်နာသည်ဖြစ်စေ၊ ဖင်ယားသည်ဖြစ်စေ အမြဲတမ်း ညည်းညူတတ်ကြပြီး လူကြီးများကို ခွဲခွာရန် နည်းလမ်းမျိုးစုံ ရှာဖွေတတ်ကြ၏။

ဒုတိယအိမ်ထောင်ဆိုသည်မှာ အိမ်ထောင်ဖက် နှစ်ဦးလုံးက မိမိတို့၏ ကိုယ်ပိုင်သားသမီးများကိုသာ တကယ်ဂရုစိုက်ကြပြီး ၎င်းတို့၏ အနာဂတ်အတွက်သာ အမြဲတမ်း တွက်ချက်နေတတ်ကြသည်။

သူတို့ကြားတွင် ကလေးများ ရှိနေသရွေ့ သူတို့ ဘယ်တော့မှ အမှန်တကယ် ပေါင်းစည်းနိုင်မည်မဟုတ်ပေ။

ယခုအတိုင်းလေး ဆက်သွားလိုက်သည်က ပိုကောင်းပေလိမ့်မည်။

ယန်ကျောက်က တံမြက်စည်းကို ကောက်ကိုင်ကာ အပြင်သို့ထွက်သွားရင်း ပြောလိုက်သည်။

“ရှောင်ဝမ်၊ သွားစားတော့၊ ကျန်တဲ့အလုပ်တွေကို ငါ ဆက်လုပ်လိုက်မယ်”

သူက တကယ်ပဲ စင်ဒရဲလား ယောက်ျားလေးဗားရှင်းပင်။ သို့မဟုတ် သန့်ရှင်းရေးလုပ်ရန် အကူအချို့ကို အိမ်ထဲတွင် တိတ်တဆိတ် ဖွက်ထားခြင်းများလော။

ဤတစ်ကြိမ်တွင်တော့ ချန်မေ့လန်တစ်ယောက် သူမမျက်စိဖြင့် သေချာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အတွင်းခံစွပ်ကျယ်တစ်ထည်တည်းသာ ဝတ်ဆင်ထားသော ယန်ကျောက်သည် ဦးစွာ ဇလုံထဲမှ ညစ်ပတ်နေသော အိပ်ရာခင်းများနှင့် ခေါင်းအုံးစွပ်များကို ယူကာ လျင်မြန်စွာ ပွတ်တိုက် လျှော်လိုက်ပြီး အဝတ်လှန်းကြိုးပေါ်တွင် လှန်းလိုက်သည်။

ထို့နောက် ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်များ ငြိမ်ကျသွားစေရန် ရေအနည်းငယ် ဖျန်းလိုက်ပြီးနောက် မျက်နှာကျက်မှသည် နံရံများအထိ တစ်ခန်းလုံးကို တံမြက်စည်းဖြင့် သေသေချာချာ လှည်းကျင်းလေ၏။

ထို့နောက် ကျန်ရှိနေသော ဖုန်မှုန့်များကို ဖယ်ရှားရန် သန့်ရှင်းသော အဝတ်စတစ်ခုဖြင့် မျက်နှာပြင်အားလုံးကို သုတ်လိုက်ပြီး ပြတင်းပေါက်များအတွက်တော့ သီးသန့်အဝတ်စတစ်ခုကို အသုံးပြုလေသည်။

All Chapters