← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း (၂၈)

ကန်းကုတင်မှသည် ကြမ်းပြင်အထိ ကလေးများ ထမင်းစားနေဆဲဖြစ်သော ဆယ်မိနစ်ကျော် အချိန်လေးအတွင်းမှာပင် ယန်ကျောက်သည် အခြားအခန်းတစ်ခန်းလုံးကို အထက်မှအောက် ချောမွေ့သွက်လက်သော လှုပ်ရှားမှုများဖြင့် အပြစ်အနာအဆာမရှိ သန့်ရှင်းသွားအောင် လုပ်ဆောင်နိုင်ခဲ့လေသည်။

ဟွာနိုင်ငံတွင် စောင်အစွပ် စွပ်ခြင်း သို့မဟုတ် အိပ်ရာခင်းခြင်းကဲ့သို့သော အလုပ်များကို လုပ်ဆောင်နိုင်စွမ်းရှိသည့်အမျိုးသား အလွန်နည်းပါးလိမ့်မည်ဟု ချန်မေ့လန် ရဲရဲကြီး အလောင်းအစား လုပ်ရဲ၏။

လုကျင်းယွီ အမြဲတမ်း ပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။

“ယောက်ျားတစ်ယောက်ကို လက်ထပ်တယ်ဆိုတာ အဝတ်အစားနဲ့ စားစရာအတွက်ပဲလေ၊ ငါက မင်းကို ထောက်ပံ့ပေးမယ်၊ ဒါကြောင့် မင်းက ငါနဲ့ ငါ့မိသားစုတစ်ခုလုံးကို ကောင်းကောင်းစောင့်ရှောက်ပေးရမယ်၊ အဲဒါ မိန်းမတစ်ယောက်ရဲ့တာဝန်ပဲ”

ဤနိုင်ငံရှိ အမျိုးသားများအားလုံး ထိုသို့သာ ဖြစ်ကြလိမ့်မည်ဟု ချန်မေ့လန် အမြဲတမ်း ထင်မြင်ခဲ့သည်။

သို့သော် ယန်ကျောက်ကတော့ ဟန်ဆောင်ပြနေခြင်းဖြစ်စေ၊ တကယ့် အရည်အချင်းပင်ဖြစ်စေ ချန်မေ့လန် ဘယ်တုန်းကမှ မမြင်ဖူးခဲ့သော စောင်အစွပ် စွပ်သည့် နည်းလမ်းတစ်ခုကို ပြသသွားခဲ့လေသည်။

သူက စောင်နှင့် စောင်အစွပ်ကို ကန်းကုတင်ပေါ်တွင် ပြန့်ကျဲအောင် ခင်းလိုက်ပြီး ဘယ်မှညာသို့ လိပ်ကာ လျင်မြန်စွာ ခါရမ်းလိုက်သည်။ ချန်မေ့လန်

ချန်မေ့လန် ရေတွက်ကြည့်လိုက်ရာ ၁၂ စက္ကန့်အတွင်းမှာပင် စောင်စွပ်ထဲသို့ စောင်ကို သပ်ရပ်စွာ ထည့်သွင်းပြီးဖြစ်ကာ ပြီးပြည့်စုံသော အိပ်ရာတစ်ခု ဖြစ်သွားလေတော့သည်။

ဤအမျိုးသားသည် သူမ တွေ့ဖူးသမျှထဲတွင် အိမ်မှုကိစ္စအကျွမ်းကျင်ဆုံးသူပင်။

ချန်မေ့လန်က ယန်ကျောက်ကို ပန်းကန်တစ်လုံး လှမ်းပေးရင်း ပြောလိုက်သည်။

“မြန်မြန်စားလိုက်၊ ခေါက်ဆွဲတွေ အေးပြီး ပွကုန်လိမ့်မယ်”

ကလေးများမှာ ခန္ဓာကိုယ်သေးငယ်ကြသော်လည်း ဆာလောင်နေကြသဖြင့် ဆီပူလောင်းခေါက်ဆွဲ ပန်းကန်လုံးကြီး တစ်လုံးစီကို ကုန်စင်အောင် စားသောက်နိုင်ခဲ့ကြသည်။

ယန်ကျောက်က ကလေးများ၏ ပန်းကန်ထဲမှ ကျန်နေသော ငရုတ်ဆီ၊ ပဲပင်ပေါက်နှင့် ကြက်သွန်ဖြူများကို သူ၏ ပန်းကန်ထဲသို့ ခြစ်ထည့်လိုက်၏။ ထို့နောက် ညစ်ပတ်နေသော ပန်းကန်များကို အပြင်သို့ ယူသွားကာ ရေပိုက်ခေါင်းမှ စီးကျနေသော ရေများဖြင့် ပန်းကန်များကိုရော သူ၏ လက်များကိုပါ သေချာဆေးကြောလိုက်သည်။

သူ၏ အင်္ကျီကို ဝတ်ဆင်ပြီးနောက် ခေါက်ဆွဲပန်းကန်ကို ကောက်ကိုင်ကာ အပြင်သို့ ထွက်ရန်ပြင်ရင်း လှမ်းမှာလိုက်သည်။

“ကျွန်တော် အလုပ်ထဲမှာပဲ စားလိုက်တော့မယ်၊ ဒီည ကလေးနှစ်ယောက်ကို…”

ရှောင်ဝမ်က ဝင်ရောက်ပြောဆိုလိုက်၏။

“စိတ်မပူပါနဲ့၊ ကျွန်တော် ရှောင်လန်ကို သေချာပေါက် ဂရုစိုက်ပါ့မယ်”

ရှောင်လန်လေးကလည်း သူ၏ အစ်ကိုဖြစ်သူ၏ တိုက်တွန်းမှုကြောင့် လက်ပြနှုတ်ဆက်လိုက်သည်။

“တာ့တာ ဖေဖေ”

‘ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ'

ရှောင်ဝမ်နှင့် ရှောင်လန်တို့မှာ လုကျင်းယွီ၏ ကလေးနှစ်ယောက်ထက် အများကြီး ပိုမိုလိမ္မာကြသည်။ သူတို့

သူတို့ ဖခင် ထွက်သွားချိန်တွင် ငိုယိုဂျီကျခြင်း မရှိဘဲ ယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်ကြသည်။

ယဉ်ကျေးသော်လည်း အနေကင်းသော ဤကလေးငယ်နှစ်ဦးမှာ သူမထက် သူတို့၏ဖခင်နှင့် ပိုမို စိမ်းကားနေပုံရလေသည်။

ညစာစားပြီးနောက် သူတို့ ရေချိုးသင့်သော်လည်း ဤအိမ်တွင် ရေချိုးခန်းမရှိသေးပေ။ ထို့အပြင် ရှောင်လန်နှင့် ရှောင်ဝမ်တို့မှာ ရေချိုးသည့်အလေ့အထ ရှိပုံမရချေ။

ညစာစားပြီးသည်နှင့တစ်ပြိုင်နက် ရှောင်ဝမ်က ဘေးအခန်းသို့ ဝင်သွားသော်လည်း ရှောင်လန်လေးကမူ ထွက်မသွားချင်ပေ။

သူက ကျောင်းတိနှင့်အတူ ရုပ်မြင်သံကြား ကြည့်ချင်နေသော်လည်း နှစ်မိနစ်ခန့်အကြာမှာပင် ကျောင်းတိ၏ ပခုံးပေါ်တွင် ခေါင်းလေးစိုက်ကျကာ အိပ်ငိုက်နေလေပြီ။

ကျောင်းတိလေးက ဖိနပ်ချွတ်ကာ ကန်းကုတင်ပေါ်သို့ တက်သွားသည်။ သူကလည်း အိပ်ချင်မူးတူးဖြင့် အနောက်မှ တရွတ်တိုက် လိုက်တက်လာခဲ့သည်။

ထို့နောက် သူတို့နှစ်ဦး ဘေးချင်းယှဉ်လျက် အိပ်ပျော်သွားကြလေသည်။

ချန်မေ့လန် ရေနွေးကြိုရန် အပြင်သို့ ထွက်သွားလိုက်၏။ အထဲသို့ ပြန်ဝင်လာချိန်တွင်တော့ ယန်ရှောင်ဝမ်တစ်ယောက် တင်ပါးလေး ကုန်းကာ ရှောင်လန်အား အစွမ်းကုန်ဆွဲထူပြီး ပွေ့ချီသွားရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။

ရှောင်လန်လေးက အိပ်ချင်မူးတူးဖြင့် ရေရွတ်လိုက်သည်။

“ဟင့်အင်း၊ မမနဲ့ အိပ်ချင်တယ်”

ယန်ရှောင်ဝမ်က အိပ်ပျော်နေသော ညီငယ်လေး၏မျက်နှာကို ပုတ်ကာ ငိုသံကြီးဖြင့် ချော့မော့ပြောဆိုနေသည်။

“လာပါကွာ၊ ဒီနေရာကြီးက စိမ်းသက်သက်ကြီး၊ အစ်ကိုကြီးတစ်ယောက်တည်း အိပ်ရမှာကြောက်လို့ပါ၊ မင်း အစ်ကို့ကို အဖော်ပြုပေးဖို့လိုတယ်လေ”

ကံဆိုးစွာပင် သူ၏ ညီလေးမှာ ဝတုတ်တုတ်လေးဖြစ်နေပြီး သူကိုယ်တိုင်ကလည်း ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်နေသည်။ ထို့ကြောင့် သူ မချီနိုင်သလို၊ ဆွဲလည်းမခေါ်နိုင်ပေ။

ရုပ်မြင်သံကြားစက်မှ ကြော်ငြာသံများ ဆူညံစွာ ထွက်ပေါ်နေဆဲဖြစ်သည်။

တစ်ခဏတွင် ကမ္ဘာကြီးကို အေးမြစေမည့် ဂန္ဓမာပန်း လျှပ်စစ်ပန်ကာကြော်ငြာ၊ နောက်တစ်ခဏတွင် အာကာသစံချိန်မီ ရှန်ဟိုင်း အာကာသအမှတ်တံဆိပ် ရေခဲသေတ္တာကြော်ငြာ၊ ထို့နောက် မျိုးဆက်သစ် တံတိုင်းကြီးစီးရီး မိုက်ခရိုကွန်ပျူတာ ကြော်ငြာများသို့ ပြောင်းလဲသွားလေသည်။

သူ၏ညီလေးကို မရွှေ့နိုင်သဖြင့် ယန်ရှောင်ဝမ်တစ်ယောက် စိတ်ပျက်အားငယ်စွာ ခေါင်းငိုက်စိုက်ကျသွားပြီး ခေတ္တအကြာတွင် တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွား၏။

သူ လှည့်ကြည့်လိုက်သောအခါ တံခါးဝတွင် ရယ်ချင်စိတ်ကို အောင့်ထားသော အပြုံးဖြင့် ရပ်နေသည့် ချန်မေ့လန်ကို မြင်လိုက်ရသည်။

ထိုကောင်လေး၏ မျက်နှာပေါ်ရှိ စိတ်ဆင်းရဲမှုနှင့် ကြောက်ရွံ့မှုအမူအရာများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက စောင်ကို မတင်ကာ စောင်အောက်သို့ တိုးဝင်သွားလိုက်၏။ ထို့နောက် အိပ်ပျော်နေသော ရှောင်လန်လေးကို တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ဘာ၊ မင်းကြောက်နေလို့လား၊ ကောင်းပြီလေ၊ ဒါဆို ငါ မင်းနဲ့ အတူတူအိပ်ပေးမယ်”

ရင်ထဲတွင် ကြောက်ရွံ့နေသော်လည်း နှုတ်ခမ်းများကတော့ ရဲတင်းနေဆဲပင်။

ကလေးငယ်မှာ တစ်ခဏအတွင်းမှာပင် သူ၏မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်လေတော့သည်။

………

ဤခြံဝန်းသည် ယန်ကွမ်ရွာတွင် အကြီးဆုံးဖြစ်ပြီး စတုရန်းမီတာ ၄၀ စီရှိသော ကျယ်ဝန်းသည့် အခန်းရှစ်ခန်း ပါဝင်သည်။ ချန်မေ့လန်သည် ဤအိမ်ကြီးကို ချန်တကုန်းနှင့်အတူ အုတ်တစ်ချပ်သဲတစ်ပွင့်မှစ၍ ကိုယ်တိုင်တည်ဆောက်ခဲ့ခြင်းဖြစ်၏။

ယန်ရှီရှန်းက အပြင်တွင် ငွေရှာရန် တာဝန်ယူပြီး သူမကတော့ အိမ်တွင် အိမ်ဆောက်မည့်ကိစ္စများကို တာဝန်ယူခဲ့သည်။ ဤအိမ်ကြီးသည် သူမ၏ နွေးထွေးသော မိသားစုဘဝတစ်ခု တည်ဆောက်လိုသည့် ရည်မှန်းချက်များ၏ ပြယုဂ်တစ်ခုပင် ဖြစ်ပေသည်။

အုတ်မြစ်ချစဉ်ကတည်းက ဒုတိယထပ်ဆောက်ရန် ရည်ရွယ်ထားခဲ့သဖြင့် နောင်တစ်ချိန်တွင် သုံးထပ်၊ လေးထပ်အထိပင် ခံနိုင်ရည်ရှိစေရန် အုတ်မြစ်ကို နက်နက်တူးကာ အခိုင်အမာ တည်ဆောက်ထားခဲ့၏။

ရေချိုးပြီးနောက် အိမ်ထဲသို့ ဝင်လာချိန်တွင် ချန်မေ့လန်၏ ခြေထောက်သည် တစ်စုံတစ်ရာနှင့် ခလုတ်တိုက်မိသွားသည်။

ဝုန်းခနဲ မြည်သံနှင့်အတူ မာကျောက်ခုံများပါသော သေတ္တာကြီးတစ်ခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ပြန့်ကျဲသွားလေတော့သည်။

သူတို့မှာ တောင်သူလယ်သမားများ ဖြစ်ကြသော်လည်း ရွာသူရွာသားများ၏ မြေယာများအားလုံး သိမ်းဆည်းခံခဲ့ရပြီးဖြစ်ရာ သူတို့တွင် အားလပ်ချိန်များစွာ ရှိနေကြ၏။

လူအများစုမှာ မာကျောက်ကစားခြင်းကို နှစ်သက်ကြသဖြင့် အိမ်တိုင်းလိုလိုတွင် မာကျောက်ခုံတစ်စုံစီ ရှိကြလေသည်။

သို့သော် ချန်မေ့လန်ကတော့ မာကျောက် လုံးဝ မကစားတတ်ပေ။ ဤမာကျောက်ခုံများမှာ ယန်ရှီရှန်း ပိုင်ဆိုင်သော အရာများသာ ဖြစ်သည်။

အသုံးမကျသော ခင်ပွန်းဟောင်း၏ ပစ္စည်းများကို အဘယ်ကြောင့်များ ဆက်သိမ်းထားရမည်နည်း။ သူမက ထိုအရာများကို လွှင့်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

ချန်မေ့လန်သည် ဗီရိုထဲရှိ ယန်ရှီရှန်း၏ ပန်းပွင့် အင်္ကျီများနှင့် ဂျင်းဘောင်းဘီများကိုလည်း ရှင်းလင်းပစ်ရန် လိုအပ်နေသဖြင့် အားလုံးကို အပြင်သို့ လွှင့်ပစ်လိုက်လေသည်။

ထို့နောက် ဗီရိုထဲရှိ ဓာတ်ပုံအယ်လ်ဘမ်များကို ထုတ်ယူကာ ယန်ရှီရှန်း ပါဝင်နေသော ဓာတ်ပုံများအားလုံးမှ သူ၏ပုံကို ကတ်ကြေးဖြင့် တိတိကျကျ ညှပ်ထုတ်ပစ်လိုက်လေ၏။

ဤအလုပ်များဖြင့် ညတစ်ဝက်ခန့် အလုပ်များနေခဲ့ပြီး အမှိုက်များ သွားရောက်စွန့်ပစ်ကာ ပြန်အလာတွင် အမှောင်ထုထဲ၌ ဖျတ်လတ်သော ကြောင်တစ်ကောင်အလား မှန်ပြတင်းပေါက်မှတစ်ဆင့် တောက်ပနေသော မျက်လုံးတစ်စုံကို သူမ သတိပြုမိလိုက်သည်။

သူမကို စောင့်ကြည့်နေသူမှာ ယန်ရှောင်ဝမ်ပင်။

သို့သော် သူမ ဝင်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ထိုကောင်လေးက ချက်ချင်းပင် လှဲချလိုက်ကာ အိပ်ပျော်နေဟန်ဆောင်လိုက်ပြီး ကြောင်ကလေးတစ်ကောင် ဟောက်နေသည့်အလား တရှူးရှူး အသံလေးများပင် ပြုလုပ်နေသေးသည်။

ကလေးသုံးယောက်မှာ ကန်းကုတင်ပေါ်တွင် ဘေးချင်းယှဉ်လျက် လဲလျောင်းနေကြပြီး ငွေရောင်လမင်း၏ အလင်းရောင်က သူတို့အပေါ်သို့ ကျရောက်နေ၏။

အလယ်ရှိ ဝတုတ်တုတ် ကလေးငယ်မှာ အသားအဖြူဆုံးဖြစ်ပြီး ကျောင်းတိလေး၏ မျက်တောင်လေးများမှာ ယပ်တောင်ကြီးနှစ်ခုအလား အိပ်မက်ထဲတွင်ပင် လှုပ်ခတ်နေဆဲဖြစ်သည်။

ချန်မေ့လန် မီးပိတ်လိုက်ပြီး မျက်လုံးမှိတ်ရန် ပြင်လိုက်ချိန်တွင် ယန်ရှောင်ဝမ်က ရုတ်တရက်အသံထွက်လာသည်။

“စောစောက ခင်ဗျား မာကျောက်ခုံတွေကို လွှင့်ပစ်လိုက်တာ ကျွန်တော်မြင်တယ်”

ချန်မေ့လန်က အေးအေးဆေးဆေးပင် ပြန်မေးလိုက်သည်။

“ငါက မာကျောက်မကစားတတ်ဘူးလေ၊ အဲဒါကြောင့် ဘာလို့ သိမ်းထားရမှာလဲ၊ မင်းကစားချင်လို့လား”

ကောင်လေးက ချက်ချင်း ပြန်ပက်လိုက်၏။

“အသုံးမကျတဲ့ လူယုတ်မာတွေပဲ မာကျောက်ကစားတာ”

ထို့နောက် သူက အလျင်အမြန်ပင် အိပ်ချင်ယောင်ဆောင်လိုက်သည်။

“ရှူး၊ ရှူး”

ဤကလေးငယ်မှာ ခေါင်းမာရုံသာမက ဂုဏ်ယူဝင့်ကြွားတတ်သည့် စိတ်ဓာတ်လေးလည်း ရှိနေလေသည်။

သူ၏ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လိုစိတ်က တကယ့်ကို အံ့မခန်းပင်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျေးရွာပါတီအတွင်းရေးမှူး ယန်ရှုန်း၏အိမ်သို့ အစ်မမော်တစ်ယောက် မာကျောက်သေတ္တာကြီးတစ်လုံး ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သည်။ သူမက ယန်ရှုန်းအား ဝမ်းသာအားရ ပြသရင်း စကားဆို၏။

“ဒီမှာကြည့်စမ်း၊ အကောင်းပကတိ ရှိသေးတဲ့ မာကျောက်ခုံတွေကို အမှိုက်ပုံထဲ ပစ်ထားတာလေ၊ ငါတို့အတွက် အကုန်သွားကောက်လာခဲ့တာ၊ အဝိုင်းတစ်နဲ့ နဂါးဖြူတစ်ခုစီပဲ လိုတော့တယ်”

All Chapters