အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀)
သူတို့သည် ယခင်က သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသော်လည်း မေ့လန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဟူရှောင်မေသည် ယန်ရှီရှန်းနှင့် ပွင့်ပွင့်လင်းလင်း ဖောက်ပြန်သွားခဲ့လေသည်။
‘သူတို့ အရင်ကတည်းက မပတ်သက်ခဲ့ကြဘူး ဆိုတာကို ဘယ်သူက ယုံကြည်မှာလဲ'
မကြာသေးမီက ယန်ရှီရှန်းသည် ရှလီကားတစ်စီး ဝယ်ယူခဲ့ပြီး ဟူရှောင်မေကို အလုပ်အသွားအပြန် လိုက်ပို့ပေးနေသည်။
သူမသည် ယန်ကွမ်မူလတန်းကျောင်း တစ်ကျောင်းလုံးတွင် အတောက်ပဆုံးနှင့် အဆွဲဆောင်နိုင်ဆုံးသူ ဖြစ်လာခဲ့လေပြီ။
အကယ်၍ မေ့လန်သာ သိသွားခဲ့လျှင် အလွန်တရာ နှလုံးကြေကွဲရပေလိမ့်မည်။
လတ်လတ်ဆတ်ဆတ် ကြော်ထားသော အီကြာကွေးများမှာ အပြင်ဘက်တွင် ကြွပ်ရွနေဆဲဖြစ်ပြီး ရွှေရောင်ကြက်ဥမှာ ဂျုံနှင့် ပြောင်းဖူးမှုန့်တို့ ရောစပ်ထားသော မုန့်အနှစ်လွှာလေးအတွင်းမှ ထင်ရှားပေါ်လွင်နေ၏။
နံနက်စာကို အိမ်ထဲသို့ သယ်ဆောင်လာသော ချန်မေ့လန်၏အနောက်မှ အစားအသောက်အနံ့ရသွားသော ရေချိုးပြီးကာစ ရှောင်လန်လေးက တကောက်ကောက် လိုက်ပါလာလေသည်။
သူတို့သည် စတုရန်းမီတာ ၄၂ မီတာ ကျယ်ဝန်းပြီး ထမင်းစားပွဲနှင့် ထိုင်ခုံပုလေးများ ပါရှိသော ချန်မေ့လန်၏အခန်းထဲတွင် ထမင်းစားကြလေသည်။
ရာသီဥတုက ပူပြင်းလှပြီး ခြံဝန်းထဲတွင် ဟင်းသီးဟင်းရွက်များ အလွန်အကျွံ စိုက်ပျိုးထားသည်။ တစ်ညတည်းမှာပင် အပြင်ဘက် ပြတင်းပေါက်တွင် ပိုးဖလံများနှင့် ယင်ကောင်များ ထူထပ်စွာ ကပ်ငြိနေကြ၏။
နံနက်စာကို ချထားလိုက်သည်နှင့်တစ်ပြိုင်နက် ယင်ကောင်များ အုံခဲလာကြလေတော့သည်။
ဤကဲ့သို့သော အိမ်တွင်းအခြေအနေများမှာ သေချာပေါက် လက်ခံနိုင်စရာမရှိဘဲ တိုးတက်ကောင်းမွန်အောင်ပြုပြင်ရန် လိုအပ်နေသည်။
ခြင်နှင့် ယင်ကောင်များ မဝင်နိုင်စေရန် ခြင်ထောင်ဇာပြတင်းပေါက်များ ဝယ်ယူရမည်။ ခြံဝန်းထဲတွင် ဟင်းသီးဟင်းရွက်ခင်းများ များပြားလွန်းနေသဖြင့် ၎င်းတို့ကို တူးဆွကာ ဘိလပ်မြေလောင်းထည့်ပြီး ကွန်ကရစ်ခြံဝန်းတစ်ခုဖြစ်အောင် ညှိပေးမည့်သူတစ်ဦးကို ရှာဖွေရမည်။
ယခုအခါ လေအေးပေးစက်များ ရရှိနေပြီဖြစ်ရာ လေအေးပေးစက် နှစ်လုံးခန့် ဝယ်ယူလာရန် ချန်မေ့လန် စဉ်းစားလိုက်သည်။
ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြစေမည်ဖြစ်သဖြင့် မီးဖိုပင် လိုအပ်တော့မည်မဟုတ်ပေ။
ရေခဲသေတ္တာတစ်လုံးလည်း လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ တစ်နေ့ သုံးနပ်အတွက် ရေခဲသေတ္တာမရှိဘဲ မည်သို့လုပ်၍ ချက်ပြုတ်နိုင်မည်နည်း။
အိမ်မှုကိစ္စများကို သပ်ရပ်စွာစီမံခန့်ခွဲနိုင်ရေးသည် သူမ၏ အဓိကရည်မှန်းချက်တစ်ခု ဖြစ်ပေသည်။
ကလေးများ နံနက်စာကို အငမ်းမရ စားသောက်နေကြစဉ် ချန်မေ့လန်သည် ဝယ်ယူရန်လိုအပ်သော အိမ်သုံးပစ္စည်းများ အပြည့်ပါဝင်သည့် ရှည်လျားသော စာရင်းတစ်ခုကို ကိုယ်တိုင် ပြုစုလိုက်လေ၏။
ရှောင်ဝမ်မှာ အသားထည့်ထားသော ပေါင်မုန့်ပြားကို အလွန်နှစ်သက်ပုံရသော်လည်း တစ်ဝက်ကိုသာဖဲ့ယူပြီး အလွန်ဖြည်းညင်းစွာ စားသောက်ကာ အထူးတလည် သေချာဝါးစားနေလေသည်။
သူသည် ပထမတန်းသာ ရှိသေးသော်လည်း အပြင်ဘက်တွင် အမြဲတမ်း ပြေးလွှားသွားလာနေခဲ့ဖူးသဖြင့် စာလုံးအတော်များများကို သိရှိနားလည်နေလေပြီ။
စက္ကူပေါ်တွင် ရေးထားသော ‘ရေခဲသေတ္တာ’ ဆိုသည့် စာလုံးများကို မြင်သောအခါ သူက နှာခေါင်းရှုံ့လိုက်သည်။ စိမ်းသက်နေသော ဤအန်တီနှင့် စကားမပြောဘဲ ခပ်ကင်းကင်းနေရန် အစွမ်းကုန် ကြိုးစားနေခဲ့သော်လည်း စူးစမ်းချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးလိုက်မိ၏။
“အန်တီ၊ ခင်ဗျား ရေခဲသေတ္တာဝယ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်”
ချန်မေ့လန်က တုံ့ပြန်လိုက်သည်။
“အဲတာစဉ်းစားနေတာပဲလေ”
ထိုအခါ ကောင်လေးက သူမ လုံးဝမျှော်လင့်မထားသော မေးခွန်းတစ်ခုကို ပစ်ပေါက်လိုက်လေသည်။
“ခင်ဗျားရဲ့ ရေခဲသေတ္တာကို သုံးပြီး ရေခဲချောင်းတွေ သိုလှောင်ထားလို့ ရမလား၊ ပြီးရင် အပြင်မှာသွားရောင်းမလို့”
‘ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်က ဒီလောက်ကောင်းတဲ့ စီးပွားရေးအမြင်မျိုး ဘယ်ကနေများ ရလာတာပါလိမ့်'
တိပ်ခွေဖွင့်စက် ပျက်သွားပြီဖြစ်သဖြင့် ကက်ဆက်တိပ်ခွေများ ဆက်ရောင်း၍ မရတော့ရာ ရေခဲချောင်းရောင်းချသည့်ဘက်သို့ ပြောင်းလဲချင်နေခြင်းဖြစ်သည်။
သူက သူ၏မိခင်ဖော်ပြခဲ့သလို အသုံးမကျသည့် ကလေးတစ်ယောက် တကယ်ပဲ ဟုတ်သည်လော။
‘သူက သူ့ရဲ့ စရိုက်ကို ချိုးဖောက်နေတာ မဟုတ်ဘူးလား'
ချန်မေ့လန်က အသင့်ရှိနေသလိုပင် တန်းဖြေလိုက်သည်။
“ရတာပေါ့”
ထိုကလေးက နှာခေါင်းကို တရှုံ့ရှုံ့လုပ်လိုက်ပြန်ကာ လက်များကို ပွတ်သပ်လိုက်သည်။ ထို့နောက် နံနက်စာ စားခဲ့သော ပန်းကန်ကို ကောက်ကိုင်ပြီး သူ၏ ဖခင်ထက်ပင် ပိုမိုသွက်လက်စွာ ဆေးကြောရင်း ပြောလိုက်၏။
“ဒါဆို ဒီနေ့ ရေခဲသေတ္တာသွားဝယ်ကြတာပေါ့”
နောင်တစ်ချိန်တွင် နေရာတိုင်း၌ ရွှေရောင်အခွင့်အလမ်းများ ပြည့်နှက်နေသောခေတ်အဖြစ် အမှတ်ရကြမည့် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းကာလတွင် ချန်မေ့လန်သည် ငွေမည်သို့ရှာရမည်ကို အစီအစဉ် မဆွဲရသေးပေ။
သို့သော် အိမ်သို့ရောက်သည်မှာ တစ်ရက်သာ ရှိသေးသော သူမ၏ လင်ပါသားငယ်ကမူ ငွေရှာရန်အတွက် ရည်မှန်းချက်ကြီးမားနေလေပြီ။
သူသည် လုတာ့ပေါင်၊ လွီအာနျိုတို့နှင့် မတူပေ။ သူမကို အပေါ်ယံ မြှောက်ပင့်ဖော်ရွေခြင်း မပြုသလို လျှို့ဝှက်မျက်စောင်းထိုးခြင်းမျိုးလည်း မရှိချေ။ ထို့ပြင် ကျောင်းတိကိုလည်း အနိုင်မကျင့်ပေ။
ထိုအစား သူက သူမ၏အတိတ်ဘဝမှ ကျောင်းတိလေးနှင့် တူနေလေသည်။
ငွေရှာရန်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်နှင့် မိသားစုမှ ခွဲထွက်ရန်အတွက်သာ တစ်သိုက်မတ်မတ် စိတ်ဆန္ဒပြင်းပြနေလေသည်။
သူ၏ ရည်မှန်းချက်များက ရှင်းလင်းပြတ်သားလှ၏။
ဤကဲ့သို့သော ရည်မှန်းချက်မျိုးကို ချန်မေ့လန် အထူးပင် လေးစားမိသည်။
ချန်မေ့လန်က ကလေးငယ်ကို စနောက်ရင်း ရယ်ချင်စိတ်ကိုအောင့်ထားကာ ပြောလိုက်သည်။
“ကျန်နေတဲ့ ကြက်ဥမုန့် တစ်ဝက်ကို အရင်ကုန်အောင် စားလိုက်ပါဦး၊ ရေခဲသေတ္တာသယ်ဖို့ ခွန်အားတွေ လိုတယ်လေ၊ အန်တီ ရေခဲသေတ္တာဝယ်ပြီးတဲ့အချိန်ကျမှ သားက မ,မနိုင်လောက်အောင် အားနည်းနေမှာကို စိုးရိမ်လို့ပါ”
ကောင်လေးက ချန်မေ့လန်ကို နောက်တစ်ကြိမ် အံ့ဩသွားစေပြန်သည်။ သူက မီးဖိုချောင်ထဲသို့ ပြေးသွားကာ ပန်းကန်လုံးအသေးလေးထဲမှ အနီရောင် ငရုတ်ဆီအနှစ်တစ်ခဲကို တူဖြင့် ဂရုတစိုက် ညှပ်ယူလာပြီး သူ၏ပေါင်မုန့်ပြားထဲသို့ ထိုးထည့်လိုက်သည်။
ထိုအခါမှသာ သူက သက်ပြင်းတစ်ချက်ချကာ အကြီးကြီး တစ်ကိုက် ကိုက်စားလိုက်လေ၏။
ထိုငရုတ်ဆီအနှစ်မှာ ယမန်နေ့ညက စားခဲ့သော ‘ဆီပူလောင်း’ ခေါက်ဆွဲထဲမှ ဖြစ်သည်။
‘အဲဒီအချိန်က သူ မစားရက်ဘဲ ချန်ထားခဲ့ပြီး ဒီကနေ့ သူရဲ့ ပေါင်မုန့်ပြားထဲ ထည့်စားဖို့ရာ သိမ်းထားခဲ့တာလား'
ဤကလေးက တကယ်ကို စားတတ်သောက်တတ်သူပင်။
ရှောင်၀မ်က တစ်ကိုက်ပြီး တစ်ကိုက် ဝါးမျိုလိုက်လေ၏။ ဤပေါင်မုန့်က အိမ်မှထွက်ခွာရန်၊ ကိုယ်ပိုင်ရပ်တည်နိုင်ရန်နှင့် အောင်မြင်မှုအတွက် ကြိုးပမ်းရန်ဆိုသည့် သူ၏ ကြီးမားသော ရည်မှန်းချက်များအတွက် လောင်စာများပင် ဖြစ်တော့သည်။
………
ချန်မေ့လန် မိသားစုအသုံးစရိတ်များကို စတင်တွက်ချက်စဉ်က နေ့စဉ်သုံးပစ္စည်းများ၏ ဈေးနှုန်းများကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ချမ်းသာနေသည်ဟု ထင်မှတ်မှားခဲ့မိသည်။ သို့သော် တကယ့် လက်တွေ့မှာတော့ ခက်ခဲကြမ်းတမ်းလှပေ၏။
ကလေးများ ထမင်းစားပြီးနောက် သူမက သုံးဘီးဆိုက်ကားတစ်စီး ငှားကာ မြို့ထဲရှိ ရှီဖျင်မြို့၏ အကြီးဆုံး နိုင်ငံပိုင် ကုန်တိုက်ကြီးဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
ထိုသို့ပြုလုပ်ရခြင်းမှာ သူမ၏ အိမ်လေးကို သက်တောင့်သက်သာရှိစေရန်နှင့် မိသားစုဘဝလေးကို ပိုမိုပြည့်စုံစေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်၏။
သို့သော် ရလဒ်မှာမူ လက်တွေ့ဘဝ၏ အေးစက်လှသော ရေခဲရေဖြင့် ပက်ဖျန်းခံလိုက်ရသလိုပင် ဖြစ်သွားလေသည်။
ထိုနှစ်များအတွင်းက အိမ်သုံးလျှပ်စစ်ပစ္စည်းအားလုံးမှာ အလွန်တရာ ဈေးကြီးလှသည်။
ချွန်းလန် လေအေးပေးစက်တစ်လုံးလျှင် ၃၈၀၀ ယွမ်၊ ဟန်ထျန် အမှတ်တံဆိပ် ရေခဲသေတ္တာ အသေးဆုံးတစ်လုံးလျှင် ၈၈၀ ယွမ်နှင့် အနည်းငယ် ပိုကြီးသည်မှာ ၁၂၀၀ ယွမ်၊ ထို့အပြင် ၁၈ လက်မ ရောင်စုံရုပ်မြင်သံကြားစက်တစ်လုံးမှာ ၄,၈၀၀ ယွမ်ပင် ရှိလေ၏။
အဓိကပြဿနာမှာ ငွေရှိရုံဖြင့်လည်း မရသေးပေ။ လေအေးပေးစက်နှင့် ရောင်စုံရုပ်မြင်သံကြားစက်များ ဝယ်ယူရန် ဝယ်ယူခွင့်လက်မှတ်များ လိုအပ်ပြီး ထိုလက်မှတ်မရှိပါက ပစ္စည်းများကို ထိကြည့်ခွင့်ပင်မရချေ။
အကယ်၍ သူမသာ ယခုမျိုး ဆက်သုံးနေမည်ဆိုပါက သူမ၏ စုဆောင်းငွေ ၁၈,၀၀၀ ယွမ်မှာ သုံးလအတွင်း ကုန်သွားပေလိမ့်မည်။
ထို့အပြင် ဝင်ငွေမရှာနိုင်သေးမီကာလတွင် ယန်ကျောက်၏လစာမှာ မိသားစု၏ လျှပ်စစ်နှင့် ရေဖိုးများကိုပင် ကာမိမည်မဟုတ်ဆိုသည့် လက်တွေ့အခြေအနေကို သူမ ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် သူမမှာ လေအေးပေးစက်နှင့် ရောင်စုံရုပ်မြင်သံကြားစက် ဝယ်ယူမည့်အစီအစဉ်ကို နာကျင်စွာဖြင့် စွန့်လွှတ်လိုက်ရပြီး အလိုအပ်ဆုံးဖြစ်သည့် ရေခဲသေတ္တာတစ်လုံးကိုသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်ရလေသည်။
ရှောင်လန်နှင့် ရှောင်ဝမ်တို့မှာ ရှန်ဟိုင်း ဟန်ထျန် အမှတ်တံဆိပ် ရေခဲသေတ္တာတစ်လုံးကို လောဘတကြီး ငေးကြည့်နေကြပြီး အထဲသို့ပင် ဝင်မတတ် ဖြစ်နေကြ၏။
အရောင်းသမလေးက မျက်စောင်းထိုးကာ ပြောလိုက်သည်။
“ကလေးတို့၊ ရေခဲသေတ္တာပေါ်ကို တစ်ကိုယ်လုံး ဖိမကပ်ထားနဲ့လေ၊ ညစ်ပတ်ကုန်လိမ့်မယ်၊ နင်တို့ ပြန်သန့်ရှင်းရေး လုပ်ပေးမှာမို့လို့လား”
ရှောင်ဝမ်က ချက်ချင်းပင် လိမ္မာစွာ နောက်ဆုတ်သွားသော်လည်း ရှောင်လန်လေးကမူ မနေနိုင်ဘဲ လှမ်းကိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
၁၉၉၀ ပြည့်လွန်နှစ်များက အရောင်းဝန်ထမ်းများသည် ဖောက်သည်များကို အထင်သေးဆုံးအချိန်တွင် ရှိနေကြပြီး ဖောက်သည်များအား မျက်စောင်းထိုးကြည့်လွန်းသဖြင့် ပြင်းထန်သော မျက်စိစွေရောဂါပင် ရနေကြလေသည်။
အရောင်းသမလေးက ဆက်ပြောလာ၏။
“ဒီကလေးမှာ နားမပါဘူးလား၊ လူစကား နားမလည်ဘူးလား”
သူမမွေးထားသော ကိုယ်ပိုင်ကလေးများ မဟုတ်သော်လည်း ချန်မေ့လန်က သည်းမခံနိုင်တော့ပေ။
“ကျွန်မက တစ်လုံးဝယ်မှာလေ၊ ဖွင့်ကြည့်လို့တောင် မရဘူးလား”
အရောင်းသမမလေးက ချန်မေ့လန်ကို မျက်စောင်းထိုးရင်း တုံ့ပြန်လိုက်သည်။
“ဖွင့်ကြည့်ချင်ရင်တော့ ရပါတယ်၊ ပိုက်ဆံအရင်ပေးလေ”
လစာသတ်မှတ်ထားသော ဤခေတ်ကာလတွင်သာ အရောင်းဝန်ထမ်းများသည် ဤမျှလောက် မာနထောင်လွှားနိုင်ကြခြင်းဖြစ်သည်။ မကြာမီ လက်လီရောင်းချရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲလာပြီး ကော်မရှင်စားစနစ် ဖြစ်လာသောအခါ သူတို့၏ သဘောထားများကို ပြောင်းလဲရပေတော့မည်။
ချန်မေ့လန်က ငွေကို ချက်ချင်းထုတ်ယူကာ ပြောလိုက်သည်။
“ဒီတစ်လုံးကို ယူမယ်၊ ရှင်တို့ဆိုင်က ပို့ပေးလား၊ ကျွန်မအိမ်ကို ပို့ပေးပါ”