← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း (၃၁)

အရောင်းသမလေးက ပြန်ဖြေလာသည်။

“ကျွန်မတို့က ဆိုင်ရှေ့အထိပဲ ပို့ပေးနိုင်တယ်၊ အိမ်အထိ သယ်သွားချင်ရင်တော့ သုံးဘီးဆိုင်ကယ် ငှားရမှာပေါ့”

ဆယ်ယွမ်တန် ငွေစက္ကူအထပ်လိုက်ကြီးကို မြင်လိုက်ရသဖြင့် သူမ၏လေသံမှာ ယဉ်ကျေးလာခြင်းပင်။ နောက်ဆုံးတော့လည်း ငွေက စကားပြောသွားသည်မဟုတ်လော။

ယွမ် ၈၀၀ တန် ရေခဲသေတ္တာတစ်လုံး သူမ ပိုင်ဆိုင်သွားလေပြီ။

ချန်မေ့လန်က သူမ ချထားသော ငွေများကို လက်ဖြင့်ဖိထားရင်း မေးလိုက်သည်။

“ကျွန်မက လေအေးပေးစက်နဲ့ ရောင်စုံတီဗွီ ဝယ်ချင်တယ်ဆိုရင် ဝယ်ယူခွင့်လက်မှတ်ကို ဘယ်လိုရနိုင်မလဲ”

အရောင်းသမလေး၏ လေသံမှာ ပို၍ပင် ယဉ်ကျေးလာ၏။

“ဝယ်ယူခွင့်လက်မှတ်အတွက် အလုပ်ဌာနကနေ ခွင့်ပြုချက်ရဖို့ လိုတယ်၊ အလုပ်ဌာနက ထုတ်ပေးမှ ဝယ်လို့ရမှာ”

ဤခေတ်တွင် ပစ္စည်းကြီးအများစုမှာ ပြည်တွင်းဖြစ်များသာဖြစ်ပြီး ရှားပါးလှသည်။

အလုပ်ဌာနရှိသူများ၊ အဆက်အသွယ်ရှိသူများ သို့မဟုတ် နောက်ပေါက်လမ်းကြောင်းရှိသူများသာ ဝယ်ယူနိုင်ကြသည်။ သာမန်လူများကတော့ မနာလိုတမ်းတစွာဖြင့် ငေးကြည့်နေရုံသာရှိ၏။

ချန်မေ့လန်က ကလေးများကို နူးညံ့စွာ မေးလိုက်သည်။

“ဒါဆို ငါတို့ ရေခဲသေတ္တာ အရင်ဝယ်ရအောင်၊ တီဗွီ၊ လေအေးပေးစက်နဲ့ အဝတ်လျှော်စက်တွေအတွက် ရက်အနည်းငယ်လောက် စောင့်ကြတာပေါ့၊ သားတို့ သမီးတို့ ဘယ်လိုထင်လဲ”

သူမ၏သမီးဖြစ်သော ကျောင်းတိလေးက ပို၍ ယုံကြည်မှုရှိစွာဖြင့် ဖြေလိုက်သည်။

“ရပါတယ် မေမေ၊ ရေခဲသေတ္တာလေး ရတာကိုပဲ သိပ်ကောင်းနေပါပြီ”

ဤသည်မှာပင် အိပ်မက်တစ်ခု တကယ်ဖြစ်လာခြင်းပင်။

ရှောင်ဝမ်နှင့် ရှောင်လန်တို့မှာ အလွန်အမင်း စိတ်လှုပ်ရှားလွန်း၍ မျက်နှာများပင် နီရဲနေကြပြီး ရေခဲသေတ္တာဘေးတွင် အစောင့်ချနေကြလေသည်။

ထိုခေတ်အခါက ကုန်တိုက်ကြီးများတွင် မည်သည့်ဝန်ဆောင်မှုမှမရှိပေ။ ရေခဲသေတ္တာ သို့မဟုတ် လေအေးပေးစက် ဝယ်ယူသူများသည် ထမ်းပိုးများနှင့် ကြိုးများကို ကိုယ်တိုင်ယူဆောင်လာရသည်။

နေရာမှာပင် ငွေရှင်းပြီးနောက် လူအတော်များများ ဝိုင်းထမ်းကာ မထွက်ခွာမီ ဗြောက်အိုးများပင် ဖောက်ကြလေသည်။

အစောပိုင်းက အထင်သေးဟန်ဖြင့် ဆက်ဆံခဲ့သော အရောင်းသမလေးမှာ ယခုအခါ အများကြီး ပိုမိုကောင်းမွန်သော သဘောထားဖြင့် အပြင်ဘက်မှ သုံးဘီးဆိုင်ကယ်များနှင့် ယာယီအလုပ်သမားနှစ်ဦးကို ခေါ်ယူကာ ရေခဲသေတ္တာကို ကားပေါ်သို့တင်ရန် ညွှန်ကြားနေလေသည်။

ကလေးများက သုံးဘီးဆိုင်ကယ်ကို စောင့်နေကြစဉ် ချန်မေ့လန်သည် ကုန်တိုက်ထဲသို့ ပြန်ဝင်သွားပြီး ယွဲ့ဆိုက် အလှကုန်ကောင်တာတွင် ရပ်လိုက်၏။

သူမ၏ အတိတ်ဘဝက လုကျင်းယွီ ဘီလျံနာတစ်ဦး ဖြစ်လာချိန်တွင် ချန်မေ့လန်မှာ ရိုးရိုးစင်းစင်း အိမ်ရှင်မကြီးတစ်ဦးအဖြစ်သာ ရှိနေခဲ့သည်။

သူမ၏ ဘဝရည်မှန်းချက်များက မိသားစုအတွက်သာ အချိန်ပေးနေရသဖြင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့လျော့နေခဲ့သည်။

ကျောင်းတိက သူမအတွက် အလှကုန်ပစ္စည်း အစုံလိုက်များကို ဝယ်ယူပေးခဲ့သော်လည်း အကောင်းဆုံးသော အသားအရေထိန်းသိမ်းမှု ပစ္စည်းများကပင် အချိန်၏တိုက်စားမှုကြောင့် ကျန်ရစ်ခဲ့သော အရေးအကြောင်းများကို မဖယ်ရှားနိုင်ခဲ့ပေ။

အသက်ငါးဆယ်အရွယ်ရောက်မှ အသားအရေကို စတင်ထိန်းသိမ်းခြင်းက နောက်ကျလွန်းနေပြီဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင် ဘီလျံနာခင်ပွန်းများနှင့်အတူ ယှဉ်တွဲတိုက်ပွဲဝင်ခဲ့ကြသော မူလဇနီးမယားများအားလုံးမှာ သူမကဲ့သို့ပင် အဆုံးသတ်ခဲ့ကြသည်။

သူတို့၏ ခင်ပွန်းများက ခေတ်မီလှပသော အမျိုးသမီးအတွင်းရေးမှူးများနှင့်အတူ အပြင်ထွက်လေ့ရှိကြပြီး သူတို့ကို ဘယ်တော့မှ ခေါ်မသွားတတ်ကြပေ။ သူတို့ကိုယ်တိုင်ကလည်း ထိုကဲ့သို့သော အခမ်းအနားများတွင် မပါဝင်ချင်ကြပေ။

ငယ်ရွယ်၊ လှပပြီး လန်းဆန်းတက်ကြွသော ဘွဲ့ရအမျိုးသမီးငယ်လေးများ၏ တည်ရှိမှုက သူတို့ကို ခေတ်နောက်ကျနေသူများအဖြစ် ပိုမိုပေါ်လွင်စေသည်။

သူမက အခြားသူများထက် ကံကောင်းသည်ဆိုသည်မှာ လုကျင်းယွီက သူမကို မစွန့်ပစ်ခဲ့ခြင်း သို့မဟုတ် တိတ်တိတ်ပုန်းများကို သူမရှေ့သို့ ခေါ်မလာခဲ့ခြင်းတို့ကြောင့်သာ ဖြစ်၏။

အနည်းဆုံးတော့ အခြားသူများ၏အမြင်တွင် သူမ ကံကောင်းပုံရသည်။

သို့သော် ထိုသို့ဖြစ်ရခြင်းမှာ သူမက သူ့ကို လက်ပူးလက်ကျပ် မဖမ်းမိခဲ့ခြင်း၊ ဂရုမစိုက်ခြင်း၊ ဝင်မပါခြင်းနှင့် သူ၏ငွေများကို သိပ်အသုံးမပြုခြင်း စသည့် သူမ၏ သဘောထားကြီးမှုအတွက် အလဲအလှယ်လုပ်ထားသော ရလဒ်ဖြစ်ကြောင်း မည်သူကမျှမသိကြပေ။

‘သဘောထားကြီးမှုတွေလား၊ သွားသေလိုက်'

ဤဘဝတွင်တော့ သူမစိတ်ကြိုက် နေထိုင်သွားမည်ဟု ဆုံးဖြတ်ထားသည်။ မိသားစုကိုလည်း ဂရုစိုက်သလို ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ကာ လှလှပပလေး နေထိုင်သွားပေမည်။

အရောင်းသမလေးက အံ့ဩတကြီးဖြင့် ခေတ်မီသော အသုံးအနှုန်းကို ပြောင်းလဲအသုံးပြုကာ မေးလိုက်သည်။

“မဒမ်၊ ယွဲ့ဆိုက် တစ်စုံက ၃၈၀ ယွမ်ပါ၊ တကယ်ယူမှာ သေချာလားရှင်”

ချန်မေ့လန်က ဆယ်ယွမ်တန် လေးအုပ်ကို ချက်ချင်းထုတ်ယူကာ ငွေစက္ကူနှစ်ဆယ်ကို ရေတွက်ပြီး ကျန်တာကို အရောင်းသမလေးထံ ကမ်းပေးလိုက်သည်

“သေချာပါတယ်”

ဤဘဝတွင် သူမက ကိုယ့်ကိုယ်ကိုယ် စောစောစီးစီး ဂရုစိုက်ချင်သည်။ ယောက်ျားတစ်ယောက်အတွက် မဟုတ်ဘဲ ပြန်လည်မွေးဖွားလာသော သူမ၏ဘဝကို တန်ဖိုးထားသောအားဖြင့် ဖြစ်၏။

သုံးဘီးဆိုင်ကယ် ယန်ကွမ်ရွာထဲသို့ ဝင်ရောက်လာချိန်တွင် အဖြူအမည်း တီဗွီတစ်လုံး ဝယ်နိုင်သော မိသားစုမှာ ရွာတစ်ရွာလုံးတွင် ရက်အတော်ကြာ အားကြခံရသော ခေတ်ကာလဖြစ်ရာ ရေခဲသေတ္တာတစ်လုံးက ရွာသူရွာသားများအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

“မေ့လန်က လူချမ်းသာတစ်ယောက်ကို ရှာတွေ့ခဲ့တာပဲဖြစ်ရမယ်၊ ရေခဲသေတ္တာတောင် ဝယ်နေပြီဆိုတော့”

“သူက ရှီရှန်းထက် ပိုချမ်းသာနေလို့လား”

“ဟူရှောင်မေက သူ့အစ်ကိုအတွက် ရေခဲသေတ္တာ ဝယ်ချင်တာကို ယန်ရှီရှန်းက တံတွေးထွေးပြီး လက်သီးနဲ့တောင် ရွယ်သေးတာ၊ မေ့လန်က ရေခဲသေတ္တာ ဝယ်နိုင်တယ်ဆိုရင် သူရှာတွေ့တဲ့ ယောက်ျားက သူဌေးပေါက်စတွေထက်တောင် ပိုချမ်းသာလိမ့်မယ်လို့ ငါထင်တယ်”

ရေခဲသေတ္တာတစ်လုံးက ရွာသူရွာသားများ၏ အမြင်ကို ချက်ချင်း ပြောင်းလဲသွားစေပြီး မေ့လန်၏ ခင်ပွန်းအသစ်အပေါ် ပိုမိုစပ်စုချင်စိတ်များ ဖြစ်ပေါ်လာစေကာ ဤနက်နဲသော ပုဂ္ဂိုလ်မှာ မည်သူဖြစ်မည်နည်းဟု တွေးတောနေကြလေသည်။

ယန်ရှောင်ဝမ်ကတော့ စက္ကူဖာကြီးကို တင်းကျပ်စွာ ဖက်ထားပြီး သူ၏မျက်နှာလေးမှာ ပျော်ရွှင်မှုကြောင့် နီရဲနေလေ၏။

သို့သော် အိမ်တံခါးဝသို့ ရောက်၍ ယာဉ်မောင်းက ပစ္စည်းချကာ အိမ်ထဲသို့သယ်ယူရန် ပြင်သောအခါ သူက ယာဉ်မောင်းကို အိမ်ထဲသို့ ဝင်ခွင့်မပြုပေ။

သူ၏အရပ်ထက် ခေါင်းတစ်ဝက်ခန့် ပိုမြင့်သော သေတ္တာကြီးကို လက်ညှိုးထိုးပြကာ သူက အတင်းအကြပ် ပြောလေသည်။

“ကျွန်တော့်ဘာသာ အိမ်ထဲသယ်သွားနိုင်တယ်”

ယာဉ်မောင်းမှာ လမ်းတစ်လျှောက်လုံး ချန်မေ့လန်နှင့် စကားအလျှင်းသင့်ခဲ့သဖြင့်သာ ဤအလေးအပင်များကို သယ်မပေးခြင်းဖြစ်သည်။ သူက ပြုံးကာ ကောင်လေး၏ ခေါင်းကို ပုတ်လိုက်၏။

“ဦးလေး သယ်ပေးမယ်လေ၊ သား ဒါကြီးကို မ,နိုင်မှာ မဟုတ်ဘူး”

ချန်မေ့လန်၏အိမ်ကို ကြည့်ပြီး ယာဉ်မောင်းက ထပ်ပြုံးလိုက်သည်။

“အစ်မတို့အိမ်က တော်တော်ထူးခြားတာပဲ၊ ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ အပြည့်စိုက်ထားတယ်”

ယန်ရှောင်ဝမ်က သူ တကယ် မ,မနိုင်မှန်း သိသွားသဖြင့် ရှောင်လန်လေးထံမှ အကူအညီ တောင်းလိုက်သည်။

“ကျွန်တော်တို့အိမ်ထဲကို မဝင်ပါနဲ့၊ ဒီရေခဲသေတ္တာကို ကျွန်တော့်ဘာသာ သယ်နိုင်ပါတယ်၊ ရှောင်လန်၊ မင်း အနောက်ကနေ မ,ပေး၊ ငါ အရှေ့ကနေသယ်မယ်”

ချန်မေ့လန်မှာ စိတ်ရှည်သည်းခံနိုင်စွမ်း ကောင်းသော်လည်း ဤကလေး၏ ခေါင်းမာမှုကြောင့် စိတ်မရှည်တော့ပေ။

သို့သော် သူမက ကျောင်းတိလေးနှင့် ဤကဲ့သို့ ကြုံဖူးခဲ့ပြီးဖြစ်ရာ မိထွေးဖြစ်သူ၏ စကားတစ်ခွန်းက မိသားစုအသစ်သို့ ဝင်ရောက်လာခါစ ကလေးငယ်တစ်ဦးအပေါ် မည်မျှကြာအောင် အကျိုးသက်ရောက်နိုင်ကြောင်း ကောင်းကောင်း သိရှိထား၏။

ဤအချက်သည် သာယာသော မိသားစုလေးတစ်ခု တည်ဆောက်ရေးတွင် အရေးကြီးကြောင်းကိုလည်း သူမ နားလည်ထားသည်။

ယန်ရှောင်ဝမ်က ရေခဲသေတ္တာအား မည်သူ့ကိုမျှ အထိမခံသဖြင့် သူ၏ဖခင်ကိုသာ သယ်ခိုင်းလိုက်တော့ပေမည်။

မည်သို့ပင်ဖြစ်စေ သူ၏ဖခင်တွင်တော့ ခွန်အားများ ရှိသည်မဟုတ်လော။

ချန်မေ့လန်အနေဖြင့် လူတစ်ယောက်ငှားရန် လိုအပ်နေသေးသည်။ ပထမအချက်မှာ ခြံဝန်းထဲရှိ ဟင်းသီးဟင်းရွက်များကို ရှင်းလင်းပြီး ကွန်ကရစ်ခင်းရန်ဖြစ်ကာ ဒုတိယအချက်မှာ ပြတင်းပေါက်အားလုံးတွင် ခြင်ထောင်ဇာများ တပ်ဆင်ရန်ဖြစ်၏။

ထိုသို့မှ မလုပ်လျှင် ညဘက်တွင် ခြင်တွေက သူမနှင့် ကလေးများကို အရှင်လတ်လတ် စားပစ်ရန် လုံလောက်နေပေလိမ့်မည်။

နေ့လယ်စာအတွက် ဆီပူလောင်းခေါက်ဆွဲ မစားကြတော့ပေ။ ခေါက်ဆွဲကို အဓိကစားသုံးသော ဤနေရာတွင် ခေါက်ဆွဲချက်ပြုတ်နည်းပေါင်း မြောက်မြားစွာ ရှိလေသည်။

သူမက ရှာလကာရည်တစ်ထုပ် ဝယ်လာပြီး ဆီသတ်ကာ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူနုပ်နုပ်စင်းကာ ထည့်လိုက်သည်။ ထို့နောက် ပင်လယ်ရေညှိနှင့် ပုစွန်ခြောက် အနည်းငယ်ကို ထည့်ပြီး ဟင်းသီးဟင်းရွက် အနည်းငယ်ကို ရေနွေးဖျောကာ ရိုးရှင်းသော အချဉ်ရည်ခေါက်ဆွဲတစ်ပွဲကို ပြင်ဆင်လိုက်၏။

တစ်ယောက်လျှင် တစ်ပွဲစီ ပြင်ဆင်ထားလေ၏။

ဤပူပြင်းသော နွေရာသီတွင် အေးမြလန်းဆန်းသော အချဉ်ရည်တစ်ငုံက ခံတွင်းမြိန်စေသည်။

ရှောင်လန်နှင့် ကျောင်းတိတို့က ဝက်ပေါက်စလေးများအလား ခေါက်ဆွဲများကို အသံမြည်အောင် စုပ်ယူစားသောက်နေကြသော်လည်း ရှောင်ဝမ်ကတော့ အိမ်ထဲသို့မဝင်ဘဲ ရေခဲသေတ္တာကို စောင့်နေဆဲဖြစ်သည်။

ချန်မေ့လန်က လှမ်းခေါ်လိုက်၏။

“ရှောင်ဝမ်၊ တံခါးဝက ရေခဲသေတ္တာကို ဘယ်သူမှမခိုးပါဘူး၊ ဝင်လာပြီး ထမင်းစားပါ”

ယန်ရှောင်ဝမ်က ပွစိပွစိ ပြောနေသည်။

“မရဘူး၊ ကျွန်တော့်ရေခဲသေတ္တာကို ခိုးချင်နေတဲ့လူ အနည်းဆုံး သုံးယောက်လောက်ကို တွေ့ပြီးသွားပြီ”

နေက အရမ်းပူပြင်းနေသည်။ မနက်ပိုင်းက ဖျတ်လတ်နေခဲ့သော ကလေးငယ်မှာ ယခုအခါ ညှိုးနွမ်းနေသော ဟင်းသီးဟင်းရွက်တစ်ပင်အလား ဖြစ်နေလေပြီ။

သူက စက္ကူဖာကို ကိုင်တွယ်ကြည့်လိုက်၊ စက္ကူဖာပေါ်ရှိ ရေခဲသေတ္တာပုံနှင့် ပုံသဏ္ဌာန်ကို ကိုင်တွယ်ကြည့်လိုက် လုပ်နေသည်။

ဘယ်သူမှ မမြင်ဘူးဟု ထင်မှတ်ချိန်တွင် သူ၏မျက်နှာကို ဖာပေါ်သို့ ဖိကပ်ကာ မျက်ခုံးလေးများ ကွေးသွားသည်အထိပင် ပြုံးလိုက်သေးသည်။

သူ၏ မိခင်အရင်းက သူ့အား ‘အသုံးမကျတဲ့ကောင်’ ဟု ခေါ်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။ ဤကလေး၏ ခေါင်းမာမှုမှာ လိုသည်ထက် ပိုလွန်းနေသည်။

သို့သော် ရေခဲသေတ္တာကိုဖက်ရင်း ညှိုးနွမ်းနေသော သူ့ကို မြင်ရသောအခါ သူမ သနားသွားမိသည်။ ထို့ကြောင့် ကျောင်းတိကို ခေါက်ဆွဲတစ်ပွဲ သွားပို့ခိုင်းလိုက်၏။

All Chapters