အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂)
“ကျောင်းတိ၊ သွား၊ ဒီခေါက်ဆွဲပွဲကို နင့်အစ်ကို ရှောင်ဝမ်ဆီ သွားပို့ပေးလိုက်”
ရုတ်တရက် ယန်ရှောင်ဝမ်က ပျော်ရွှင်စွာဖြင့် လှမ်းအော်လိုက်သည်။
“ဖေဖေ၊၊ ဖေဖေ၊ ကျွန်တော်တို့မှာ ရေခဲသေတ္တာ ရှိနေပြီ၊ မြန်မြန်လာပြီး အိမ်ထဲသယ်ပေးပါဦး”
နေ့လယ်ခင်းအချိန်တွင် ယန်ကျောက် ပြန်ရောက်လာသည်။ စစ်စိမ်းရောင် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ကျယ်ဝန်းသောအစွန်းပါသည့် ဦးထုပ်ကို လက်တွင် ကိုင်ထားသည်။
ယန်ကျောက်၏ မည်းနက်သောမျက်နှာတွင် အမူအရာတစ်ခု ပေါ်လာပြီး အံ့ဩဟန်ဖြင့် မေးလိုက်၏။
“ဒီမှာ ဘာလို့ ရေခဲသေတ္တာရောက်နေတာလဲ”
ယန်ရှောင်ဝမ်က ချန်မေ့လန်ကို လက်ညှိုးထိုးပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“သူ ဝယ်လာတာလေ၊ အခု ကျွန်တော်တို့အိမ်မှာလည်း ရေခဲသေတ္တာ ရှိသွားပြီ၊ ပြီးတော့ ကျွန်တော် ဘယ်သူ့ကိုမှ အိမ်ထဲပေးမဝင်ဘူး သိလား”
ယန်ကျောက်က သူ့ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်ရာ ရှောင်ဝမ်လည်း ငြိမ်ကျသွားလေသည်။
ယုတ္တိကျကျ စဉ်းစားကြည့်လျှင် ဤရက်ပိုင်းအတွင်း ယန်ကျောက် အမြဲတမ်း အိမ်တွင် ရှိနေသင့်၏။
ချန်မေ့လန် ပြန်ရောက်လာပြီး ယန်ရှီရှန်း၏ အိမ်ဟောင်းတွင် နေထိုင်နေသည်ကို ယန်ရှီရှန်းက သေချာပေါက် လာရောက် ပြဿနာရှာပေလိမ့်မည်။
မဖြေရှင်းနိုင်လျှင် အလုပ်ကို လက်မခံသင့်ပေ။ ယန်ကျောက်၏ တင်းကျပ်ပြီး အေးစက်သော အသွင်အပြင်မှာ ဝင်ပေါက်တွင် ကပ်ထားသော တံခါးစောင့်နတ်မင်းတစ်ပါးအလား ဖြစ်နေပြီး သူသည် ချန်မေ့လန်ကိုယ်တိုင် ဖိတ်ခေါ်ထားသော ယန်ရှီရှန်းကို ကာကွယ်ရန် ရည်ရွယ်သည့် တံခါးစောင့်နတ်မင်းပင် ဖြစ်လေသည်။
ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်ရေးအတွက် သူက အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်၏။
ထို့ကြောင့် သူပြန်ရောက်လာသည်ကို မြင်သောအခါ ချန်မေ့လန်က မျက်နှာတွင် အပြုံးပန်းများ ဝေဆာနွေးထွေးစွာ ကြိုဆိုလိုက်သည်။
“အလုပ်ပြီးပြီလား”
ယန်ကျောက်က ခြံဝန်းတစ်ဝိုက်ကို ဝေ့ကြည့်ရင်း ပြန်ဖြေ၏။
“ကျင်းတုန်းလမ်း ရဲစခန်းခွဲမှာ သွားသတင်းပို့ခဲ့တာ၊ စုံစမ်းစစ်ဆေးရေး တာဝန်ယူရမှာမို့လို့ ညတွင်းချင်း စုပုံနေတဲ့ အလုပ်တွေကို အရေးပေါ် ဖြေရှင်းခဲ့ရတယ်၊ အခု ရက်အနည်းငယ်လောက် နားလို့ရပြီ၊ ခြံဝန်းကို သန့်ရှင်းရေးလုပ်ဖို့ ကျွန်တော် ကူညီပေးမယ်”
‘သူက ခြံဝန်းကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမယ်ဆိုတာ သိလို့လား'
ယန်ကျောက်က ထပ်မံမေးလိုက်သည်။
“ပြတင်းပေါက်တွေ ခြင်ထောင်ဇာ တပ်ဖို့လိုလား”
‘သူ ခြင်ထောင်ဇာလည်း တပ်တတ်တယ်လား'
ယန်ကျောက်က အင်္ကျီလက်မောင်းများကို ခေါက်တင်ရင်း ပြောလိုက်သည်။
“ကျွန်တော် အခုပဲ လုပ်လိုက်မယ်လေ”
ချန်မေ့လန်က တော်လောက်ပြီဟု ပြောချင်နေ၏။ အမျိုးသားများသည် အိမ်ထောင်ပြုပြီးခါစတွင် အနည်းငယ် ကြွားဝါပြလိုကြကြောင်း သူမ သိထားသည်။
သို့သော် ဤမျှလောက် စိတ်အားထက်သန်နေစရာ မလိုပေ။
လိုအပ်ပါက ဤအလုပ်များကို လုပ်ရန် လူငှား၍ ရနိုင်သည်မဟုတ်လော။
ဤနေရာတွင် အိမ်မှုကိစ္စများ လုပ်နေမည့်အစား ယန်ကျောက်ကို ရဲဝတ်စုံဖြင့် ယန်ကွမ်ရွာတစ်ဝိုက် လမ်းလျှောက်ခိုင်းပြီး စပ်စုချင်နေသော ရွာသူရွာသားများကို မျက်စိအစာကျွေးလိုက်ခြင်းက ပိုကောင်းပေမည်။
မည်သို့ပင်ဖြစ်စေ ယန်ရှီရှန်း၏အိမ်တွင် မည်သူများ ရဲရဲတင်းတင်း လာနေရဲသနည်းဟု လူများစွာက သိချင်နေကြပြီး သူတို့၏စပ်စုချင်စိတ်များမှာ အထွတ်အထိပ်သို့ ရောက်နေကြလေပြီ။
သို့သော် ယနေ့အတွက် ယန်ကျောက်၏ ချန်မေ့လန်အပေါ် အံ့အားသင့်စရာများမှာ ပြီးဆုံးသေးသည်မဟုတ်ပေ။
အစ်မမော်သည် အိမ်နီးချင်းအနေဖြင့် လာရောက်လည်ပတ်ဟန်ဆောင်ကာ မေ့လန်ရှာတွေ့ခဲ့သော အမျိုးသားမှာ မည်သို့သောလူစားမျိုးဖြစ်ကြောင်း စပ်စုရန် ရောက်ရှိလာခဲ့သည်။
ခြံတံခါးဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမ အံ့ဩမှင်တက်သွားရသည်
“ဒါက၊ ပထမအဖွဲ့က ယန်ပေဟုန်းရဲ့သား ယန်ကျောက်လေး မဟုတ်လား၊ နင့်အဖေပြောင်းရွှေ့ခံရလို့ နင်တို့ ပြောင်းသွားတာမလား၊ နင် ပြန်မလာတာ အနည်းဆုံး ဆယ်နှစ်လောက်တော့ ရှိပြီပေါ့၊ ဟုတ်တယ်မလား”
‘ဒါဆို ယန်ကျောက်၏ ဇာတိအိမ်က ယန်ကွမ်ရွာမှာပေါ့'
ယန်ကွမ်ရွာကို အဖွဲ့ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ ချန်မေ့လန်က မြို့နှင့် အနီးဆုံးဖြစ်သော သတ္တမအဖွဲ့တွင် နေထိုင်ပြီး ပထမအဖွဲ့မှာ မြို့နှင့် အဝေးဆုံးဖြစ်၏။
ချန်မေ့လန်သည် ယန်ပေဟုန်းဆိုသည့် နာမည်ကို ကြားဖူးသည်။ သူသည် ရွာမှ စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။ ယန်ကျောက်က သူ၏သားများ ဖြစ်နေသည်လော။
ယန်ကျောက်က တကယ်ကြီး ပြန်ဖြေလိုက်သည်။
“ကျွန်တော် ယန်ကျောက်ပါ”
အစ်မမော်မှာ ယန်ကျောက်၏ မျက်နှာကို ဆွဲခွာပြီး သေချာကြည့်ချင်နေသည့်အလား အထပ်ထပ်အခါခါ ရေရွတ်နေတော့သည်။
“တကယ်ပဲ ယန်ကျောက်လေး ဖြစ်နေတာကိုး”
ထို့နောက် အနောက်သို့ လှည့်ကာ ချန်မေ့လန်ကို စိတ်လှုပ်ရှားစွာဖြင့် ပြောပြလေ၏။
“နင် ဒါကို သိမှာမဟုတ်ဘူး၊ ယန်ကျောက်ရဲ့ မိသားစုက ပထမအဖွဲ့မှာလေ၊ သူက ငါတို့ရွာမှာ ကြီးပြင်းလာတာ၊ ရှီရှန်းက ငယ်ငယ်က အရမ်းပြုံးတတ်တော့ သူ့ကို အားလုံးက ပြုံးရွှင်ယန်မင်းသား လို့ ခေါ်ကြတယ်၊
ယန်ကျောက်က မျက်နှာထားကြမ်းတမ်းလို့ အေးစက်ယန်မင်းသားလို့ နာမည်ပြောင်ပေးထားတာ၊ ယန်ကျောက်က ငယ်ပေမဲ့ လက်သီးအရမ်းပြင်းတာ၊ လူတွေက အမြဲပြောကြတယ်၊ ရှီရှန်းက အသက်ပိုကြီးပေမဲ့ ပြုံးရွှင်ယန်မင်းသားက အေးစက်ယန်မင်းသားကို မနိုင်ဘူးတဲ့”
အစ်မမော်၏ မျက်လုံးများ ပြူးကျယ်လာရုံသာမက ချန်မေ့လန်လည်း အံ့ဩလွန်း၍ လဲကျလုမတတ် ဖြစ်သွားရလေသည်။
သူမ လက်ထပ်လိုက်သော အမျိုးသားအသစ်က သူမ၏ခင်ပွန်းဟောင်း သူဌေးပေါက်စကို ငယ်ငယ်ကတည်းက ရိုက်နှက်ခဲ့ဖူးသူလော။
သူမ၏ ယောင်းမဖြစ်သူက တကယ့်ကို အံဖွယ်လူသားနှင့် အောင်သွယ်ပေးခဲ့ခြင်းပင်။
……..
ကောလာဟလများဆိုသည်မှာ များသောအားဖြင့် တိကျမှုမရှိတတ်သော်လည်း လေထက်ပင် မြန်ဆန်စွာ ပျံ့နှံ့တတ်လေသည်။
ချန်မေ့လန် ပြန်ရောက်လာသည်မှာ နှစ်ရက်၊ သုံးရက်ခန့်သာ ရှိသေးသော်လည်း သတ္တမအဖွဲ့သာမက ယန်ကွမ်ရွာ တစ်ရွာလုံးကပါ ဤသတင်းကို သိရှိနေကြပြီဖြစ်၏။
ယန်ကျောက်က အမြဲတမ်း အပြင်ထွက်နေတတ်သဖြင့် ထိုအမျိုးသား၏ တိကျသော အထောက်အထားကို မည်သူမျှ မသိကြသော်လည်း မေ့လန်က ယန်ရှီရှန်း၏အိမ်သို့ အမျိုးသားတစ်ဦး ခေါ်ဆောင်လာကြောင်းကိုတော့ အားလုံးက သိနေကြလေသည်။
မိသားစုလေးတစ်ခု တည်ဆောက်လိုသော သူမ၏ ရည်မှန်းချက်များက ယခုအခါတွင် တစ်ရွာလုံး စိတ်ဝင်တစားစောင့်ကြည့်ရမည့် အရာတစ်ခု ဖြစ်လာခဲ့သည်။
ယန်ရှီရှန်း၏ လက်ရှိ စေ့စပ်ထားသူ ဟူရှောင်မေ……
တတိယအဖွဲ့ရှိ လမ်းဘေးတွင် ဟူရှောင်မေနှင့် သူမ၏မိခင်ဖြစ်သူ ချီတုန်မိန်တို့သည် အနီရောင် သစ်စေးသုတ်ထားသော အိတ်ငယ်တစ်လုံးစီကို ကိုင်ဆောင်ထားကြ၏။
သူတို့က ပန်းပွင့်ရောင် ဂါဝန်များ၊ သားရေဖိနပ် အသစ်စက်စက်များကို ဆင်တူဝတ်ဆင်ထားပြီး ဆံပင်ကောက်ပုံစံများကိုလည်း ဆင်တူပြုလုပ်ထားကြသည်။ သူတို့သည် ယန်ရှီရှန်း၏ ကားလာကြိုမည့်အချိန်ကို လမ်းဘေးတွင် စောင့်ဆိုင်းနေကြခြင်းဖြစ်၏။
လမ်းသွားလမ်းလာ ကျောင်းသားမိဘတစ်ဦးက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“ဆရာမဟူ၊ အခုက နွေရာသီကျောင်းပိတ်ရက် မဟုတ်လား၊ ဒီနေ့ ဆရာမနဲ့ အန်တီချီတို့ ဘာဖြစ်လို့ ရွာကို ပြန်လာကြတာလဲ”
ဟူရှောင်မေကလည်း ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။
“အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စလေးတွေ ရှိနေလို့ ညွှန်ကြားရေးမှူးဟူကို လာတွေ့တာပါ”
ထိုကျောင်းသားမိဘက သဘောပေါက်သွားသည်။ ကျင်းတုန်းလမ်း ပညာရေးဗျူရိုမှ ညွှန်ကြားရေးမှူးဟူသည် တတိယအဖွဲ့တွင် နေထိုင်လေသည်။ ဟူရှောင်မေမှာ လက်ရှိတွင် ပုဂ္ဂလိကကျောင်း ဆရာမတစ်ဦးသာ ဖြစ်ပြီး အမြဲတမ်းရာထူးရရန် စောင့်ဆိုင်းနေဆဲဖြစ်၏။
သူမက ထိုကိစ္စအတွက် ညွှန်ကြားရေးမှူးဟူကို လာရောက်တွေ့ဆုံခြင်း ဖြစ်ပေမည်။
ချီတုန်မိန်ကတော့ တစ်ချိန်လုံး ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့သည်။ ကျောင်းသားမိဘ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမက မျက်စောင်းထိုးကာ ပြောလိုက်သည်။
“ရွာကျောင်းက မိဘတွေအားလုံးက ကြည့်ရတာ ဆင်းရဲပြီး အဆင့်အတန်းမရှိတဲ့ပုံပဲ၊ အဲဒီမိန်းမက ငါ့ကို ‘အန်တီ’ လို့တောင် ခေါ်သွားသေးတယ်၊ သူကိုယ်တိုင် ဘယ်လောက် အိုစာနေပြီလဲဆိုတာ မသိဘူး၊ သမီး ကျောင်းဆရာမဖြစ်သွားတာနဲ့၊ ဖန်ရှန်ကို အကူအညီတောင်းပြီး သမီးကို တုန်းဖန်မူလတန်းကျောင်းဆီ ပြောင်းပေးဖို့ ပြောရမယ်”
ဟူရှောင်မေကလည်း ရွာကျောင်းတွင် ဆက်လက်၍ စာမသင်ချင်တော့ပေ။ လစာကလည်း နည်းပါးပြီး မိဘများကလည်း သူမကို လက်ဆောင်များ မကြာခဏ ပေးနိုင်စွမ်းမရှိကြချေ။
သို့သော် တုန်းဖန်မူလတန်းကျောင်းသို့ ပြောင်းရွှေ့ရန်မှာ မလွယ်ကူလှပေ။ အစိုးရကျောင်းဆရာမများသာ ထိုကျောင်းသို့ ပြောင်းရွှေ့ခွင့်ရှိပြီး ဟူရှောင်မေမှာ ပုဂ္ဂလိကကျောင်းဆရာမတစ်ဦးသာ ဖြစ်နေသေးသည်။ ထို့ကြောင့် သူမက အလျင်စလို ပြောလိုက်၏။
“မေမေ၊ ဦးလေးဖန်ကို သေချာပြောပေးပါဦး၊ ရှီရှန်းဆီမှာ ပိုက်ဆံတွေ အများကြီးရှိတယ်၊ သူတို့ ဘယ်လောက်တောင်းတောင်း သူ ပေးနိုင်ပါတယ်”
ချီတုန်မိန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ရှီရှန်းရဲ့ ပိုက်ဆံတွေက သမီးရဲ့ ဦးလေးဖန်ကတစ်ဆင့် အမေ လုပ်ပေးခဲ့တဲ့ အဆက်အသွယ်တွေကနေ ရလာတာလေ၊ တကယ်တော့ ယန်ကွမ်ရွာက အဲဒီအိမ်က ငါတို့ရဲ့ ရှောင်ဟွာကို ပေးသင့်တာ၊
အခု ချန်မေ့လန် ပြန်ရောက်လာပြီဆိုတော့ ငါတို့ သူ့ကို သေသေချာချာ စကားပြောပြီး အဲဒီအိမ်ကို ရအောင်လုပ်ဖို့ နည်းလမ်းရှာရမယ်၊ နားလည်လား”
ဟူရှောင်မေက ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့”
ချီတုန်မိန်က ထပ်မံသတိပေးလိုက်သည်။
“ရှီရှန်း ရောက်လာရင် ဘာပြောရမလဲဆိုတာ သိတယ်မလား၊ မေ့လန်က သူ့ရဲ့ ဇနီးဟောင်းလေ၊ ငါတို့က သူ့ကို ချီးမွမ်းရုံပဲရမယ်၊ အပြစ်သွားမပြောနဲ့၊ သိလား”
ဟူရှောင်မေက စိတ်မရှည်စွာဖြင့် ပြန်ဖြေသည်ပြန်ဖြေသည်။
“မေမေ…. ဘာပြောရမလဲ သမီး သိပါတယ်၊”
ချီတုန်မိန်၏ ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ပြီး တုန်းဖန်စက်ရုံ ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖန်ရှန်နှင့် သူမက ဒုတိယအိမ်ထောင် ပြုခဲ့သည်။
လူအများ မသိသောအချက်မှာ ဖန်ရှန်၏ ယခင်ဇနီးဖြစ်သူ သက်ရှိထင်ရှား ရှိနေစဉ်ကတည်းက သူမသည် တတိယလူအဖြစ် ဝင်ရောက်စွက်ဖက်ခဲ့ခြင်းဖြစ်သည်။
ဇနီးဟောင်းဖြစ်သူ ကွယ်လွန်သွားချိန်တွင်တော့ သူမက သဘာဝကျကျပင် ဇနီးသစ် ဖြစ်လာခဲ့လေ၏။
လင်ပါသားသမီးနှစ်ဦးကို ခေါ်ဆောင်လာပြီးနောက် သူမ၏သမီးကို အလယ်တန်းကျောင်းမှ ဘွဲ့ရသည်နှင့်တစ်ပြိုင်နက် မူလတန်းကျောင်းတွင် ကျောင်းဆရာမအလုပ် ရရှိအောင် ဖန်တီးပေးခဲ့သည်။
သူမ၏ သားဖြစ်သူမှာမူ ကျောင်းတစ်ခါမျှ မနေဖူးသော်လည်း ယခုအခါ ယန်ရှီရှန်း၏ ကျောက်မီးသွေးတွင်းတွင် မန်နေဂျာအဖြစ် အလုပ်လုပ်ကိုင်နေလေသည်။