← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃)

ချီတုန်မိန်သည် မုဆိုးမဘဝမှ ယခုအခြေအနေသို့ ရောက်ရှိလာအောင် သူမ၏ ဉာဏ်နီဉာဏ်နက်များဖြင့်သာ အပြည့်အဝ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ရုတ်တရက် အနီရောင်ကားတစ်စီးက လမ်းမပေါ်တွင် အရှိန်ဖြင့် ပြေးဝင်လာသည်။ ဆံပင်ကောက်ကောက်၊ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ကိုယ်လုံးကိုယ်ပေါက်ရှိပြီး အနီရောင်အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ကားထဲမှ ထွက်လာသည်။

သူ၏ မျက်နှာပေါက်ကို ကြည့်လိုက်ရုံဖြင့် ထူထဲသော မျက်ခုံးမွှေးများ၊ မျက်လုံးဝိုင်းကြီးများ၊ ဖြောင့်စင်းသော နှာတံနှင့် ချိုင့်ဝင်နေသော မျက်လုံးများဖြင့် နိုင်ငံခြားသားတစ်ဦးအလား ထူးကဲစွာ ချောမောလှပနေလေ၏။

ထိုသူမှာ ယန်ရှီရှန်းပင် ဖြစ်သည်။ သူ၏ ရုပ်ရည်ကြောင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်များအတွင်းက ‘အမေရိကန် နယ်ချဲ့ခွေး’ မျက်နှာပေါက်ရှိသည်ဟု တံဆိပ်ကပ်ခံခဲ့ရပြီး ဝေဖန်ခံရလွန်းသဖြင့် သေလုမတတ်ပင် ဖြစ်ခဲ့ရသည်။

သို့သော် ယမန်နှစ်က ဖေးရှန်သည် ဗဟိုရုပ်မြင်သံကြားမှ ‘ဆောင်းရာသီမှမီးတောက်’ သီချင်းကို သီဆိုခဲ့ချိန်တွင် သူက နာမည်ကြီးကြယ်ပွင့် ဖေးရှန်နှင့် တစ်ပုံစံတည်းတူနေကြောင်း အားလုံးက သတိထားမိသွားကြသည်။

ထိုအချိန်မှစ၍ ယန်ရှီရှန်းသည် ‘ဖေးရှန်လေး’ ဆိုသည့် နာမည်ပြောင်ကိုပါ ရရှိသွားခဲ့လေ၏။

ယန်ရှီရှန်းမှာ မျက်နှာပေါ်တွင် အမြဲတမ်း အပြုံးတစ်ခုကို ဆင်မြန်းထားတတ်သော်လည်း မိစ္ဆာတစ်ကောင်ထက်ပင် ပို၍ ကောက်ကျစ်စဉ်းလဲသော အကြံအစည်များ ရှိသူဖြစ်သည်။

သူသည် ချီတုန်မိန်၏အကူအညီဖြင့် ချမ်းသာလာခဲ့ခြင်းဖြစ်သဖြင့် သူမအပေါ်တွင် အထူးပင် ရိုသေလေးစားမှုရှိကာ ပုံမှန်အားဖြင့် ‘ယောက္ခမကြီး’ ဟုသာ ခေါ်ဝေါ်လေ့ရှိသည်။

သို့သော် ယနေ့တွင်တော့ သူ၏မျက်နှာမှာ ပြာနှမ်းနေပြီး အတော်လေး မပျော်မရွှင် ဖြစ်နေပုံရသည်။

ဟူရှောင်မေနှင့် ချီတုန်မိန်တို့ အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူလည်း ချန်မေ့လန် ပြန်ရောက်နေသည့် သတင်းကို ကြားပြီးပြီဆိုသည်မှာ မေးစရာပင် မလိုတော့ပေ။

ကားပေါ်သို့ ရောက်သောအခါ ‘ဆောင်းရာသီမှမီးတောက်’ သီချင်းက ဖွင့်ထားဆဲဖြစ်ပြီး လူသုံးယောက်၏ စိတ်ခံစားချက်များနှင့် ကိုက်ညီနေကာ သူတို့တစ်ဦးခြင်းစီ၏ရင်ထဲတွင် ဒေါသမီးတောက်များ လောင်ကျွမ်းနေကြလေသည်။

ချီတုန်မိန်က ဟူရှောင်မေကို တမင်တကာ လှမ်းပြောလိုက်၏။

“မေ့လန် ပြန်ရောက်လာတယ်လို့ အမေကြားတယ်၊ ရှီရှန်းတော့ အရမ်းပျော်နေမှာပဲ၊ မေ့လန်က သိပ်ကို အကျင့်စာရိတ္တကောင်းတဲ့ ဇနီးကောင်းတစ်ယောက်လေ”

ဟူရှောင်မေကလည်း တမင်တကာပင် ဝင်ထောက်လိုက်သည်။

“မေမေရယ်၊ အဲဒီအကြောင်း မပြောပါနဲ့တော့၊ မေ့လန်က သူနဲ့အတူ ယောက်ျားတစ်ယောက် ခေါ်လာတယ်တဲ့၊ ရွာသူရွာသားတွေ ရှီရှန်းကို ဘယ်လိုတွေ ကျိန်ဆဲနေကြလဲဆိုတာ မေမေ မကြားမိဘူးလား”

ချီတုန်မိန်က ဆက်ပြော၏။

“အဲဒါက ဘာအရေးလဲ၊ ငါတို့ရှီရှန်းက လုံးဝ ဂရုမစိုက်ပါဘူး၊ သူက သူ့ရဲ့ ဘိုးဘေးတွေ လှောင်ပြောင်မှာကိုတောင် မကြောက်တာ၊ တခြားလူတွေ လှောင်ပြောင်တာကို ဘာလို့ ဂရုစိုက်ရမှာလဲ၊

အမေ့အမြင်တော့ မေ့လန်က နောက်ထပ်ယောက်ျားရှစ်ယောက်လောက် ရှာတွေ့ခဲ့ရင်တောင် ရှီရှန်းက သူ့ကို ချစ်နေတုန်းပဲ ဖြစ်မှာပါ၊”

နောက်ဆုံးတော့ ယန်ရှီရှန်းက စကားစလာ၏။

“ယောက္ခမကြီး၊ ဒီအကြောင်းတွေ ဆက်မပြောပါနဲ့တော့၊ ရက်အနည်းငယ်နေရင် ယန်ကွမ်ရွာကို ကျောက်မီးသွေးပို့ဖို့ လူတချို့လွှတ်ပြီး အခြေအနေကို စုံစမ်းကြည့်ခိုင်းလိုက်ပါ့မယ်”

သားအမိနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြုံးလိုက်ကြသည်။ လူလွှတ်မည်ဆိုသည်မှာ ကျောက်မီးသွေးတူးသမားများကို လွှတ်မည်ဟု ဆိုလိုခြင်းဖြစ်၏။ ကျောက်မီးသွေးသည် အမည်းရောင်ရွှေများဖြစ်ပြီး ထိုဒေသရှိ ကျောက်မီးသွေးသူဌေး အတော်များများမှာ မကြာခဏ အငြင်းပွားလေ့ရှိကြသည်။

ထိုကျောက်မီးသွေးတူးသမားများမှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ မကြာခဏ ရန်ပွဲများ ဖြစ်ပွားလေ့ရှိကြပြီး သွေးထွက်သံယိုဖြစ်မှုမှာ အသေးအမွှားကိစ္စသာဖြစ်ကာ လက်ကျိုးခြေကျဖြစ်မှုများမှာလည်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပင်။

သူတို့တွင် တိုက်ခိုက်ရေးအတွေ့အကြုံများစွာ ရှိကြလေသည်။

ထိုသူစိမ်းအမျိုးသားမှာ မည်သူမည်ဝါဖြစ်ကြောင်း သူတို့ တိတိကျကျ မသိကြသေးသော်လည်း သားအမိနှစ်ယောက်လုံး ယန်ရှီရှန်း၏ဒေါသကို ကောင်းကောင်း သိထားကြသည်။

ကောင်းကင်ပြိုကျလျှင်ပင် ပြုံးနေတတ်သူမျိုးဖြစ်ရာ ယနေ့တွင် သူ မပြုံးနိုင်ခြင်းမှာ အခြေအနေက တကယ်ကို ဆိုးရွားနေပြီဆိုသည့် သဘောပင်။

ဟုတ်ပေသည်။ ချန်မေ့လန်က သူမအပေါ်ထားရှိသော သူ၏ ခံစားချက်များကို မသိနိုင်သော်လည်း ချီတုန်မိန်ကတော့ ကောင်းကောင်းကြီး နားလည်ထားလေ၏။

ဟူရှောင်မေနှင့် သူ စတင်ပတ်သက်ခဲ့ချိန်က ချန်မေ့လန်မှာ ကိုယ်ဝန်ဆောင်ထားရဆဲ ဖြစ်သည်။ လေးငါးနှစ်တိုင်တိုင် သူတို့နှစ်ဦး ခိုးကြောင်ခိုးဝှက် တွေ့ဆုံခဲ့ကြပြီး ရဲများ၏ဖမ်းဆီးခြင်းကိုပင် တစ်ကြိမ် ခံခဲ့ရဖူးသည်။

ချန်မေ့လန် မသိစေရန်အတွက် ယန်ရှီရှန်းက အခြေအနေကို ပြေလည်အောင် ဖြေရှင်းရန် ငွေယွမ်ငါးထောင်တိတိ အသုံးပြုခဲ့ရ၏။

ချန်မေ့လန်၏ ဒေါသကြီးမှုနှင့် ခေတ်မမီမှုတို့ကို သူ မနှစ်မြို့သော်လည်း၊ ချီတုန်မိန်၏ ဖိအားပေးမှုကြောင့် ကွာရှင်းရန် စဉ်းစားခဲ့သော်လည်း၊ ဟူရှောင်မေနှင့် သူ၏ အစီအစဉ်မှာ တရားဝင်လက်ထပ်ရန် ဖြစ်သော်လည်း မေ့လန်နှင့် သူမ၏ကလေးကို အမြဲတမ်း စောင့်ရှောက်သွားခိုင်းရန် စဉ်းစားခဲ့ဖူးသည်။

ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်လိုသော သူမ၏ ရည်မှန်းချက်များက ဤရှုပ်ထွေးလှသော လူမှုရေးပြဿနာများကြားတွင် ချုပ်ချယ်ခံနေရလေသည်။

ဟူရှောင်မေကလည်း သဘောတူလိုစိတ်ရှိသည်။ မည်သို့ပင်ဆိုစေ သူမသည် တတိယလူဖြစ်ပြီး ထိုအမျိုးသားက သူမကို သဘောကျစေရန်အတွက် နားလည်ပေးတတ်သူတစ်ဦးအဖြစ် နေထိုင်ရန် လိုအပ်သည်မဟုတ်လော။

ယခုတော့ ချန်မေ့လန်က သူ့အိမ်ကို ယောက်ျားတစ်ယောက် ရဲရဲတင်းတင်း ခေါ်လာရဲပြီဖြစ်ရာ ယန်ရှီရှန်းသည် အိမ်ကို ဆုံးရှုံးရုံသာမကတော့ပေ။

ဘယ်ယောက်ျားကများ ကိုယ့်မိန်းမကို တခြားယောက်ျားတစ်ယောက်နှင့် အိပ်ခွင့်ပြုမည်နည်း။

ထိုအမျိုးသားကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်ဖို့ မဆိုထားနှင့်၊ ချန်မေ့လန်ကိုယ်တိုင်ပင် အလွယ်တကူ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ကျောင်းတိလေးအတွက်တော့…..

သနားစရာ ကလေးငယ်လေး သူမ၏ ဖခင်ထံမှ ငွေကြေးတစ်ပြားတစ်ချပ်မျှ ရရှိဖို့ရာ မျှော်လင့်နိုင်မည်မဟုတ်တော့ပေ။

ရွာထဲမှ ထွက်လာချိန်တွင် ယန်ရှီရှန်းက မေးလိုက်သည်။

“ယောက္ခမကြီး၊ တုန်းဖန်စက်ရုံကိုပဲ ပြန်ကြမလား”

ထိုစဉ်က တည်းခိုခန်းတွင် အဖမ်းခံရပြီးနောက် ယန်ရှီရှန်းသည် ဖောက်ပြန်ရ လွယ်ကူစေရန် တုန်းဖန်စက်ရုံတွင် တိုက်ခန်းတစ်ခန်း ဝယ်ယူခဲ့ပြီး ချီတုန်မိန်နှင့် အိမ်နီးချင်း ဖြစ်လာခဲ့သည်။

၎င်းသည် စက်ရုံခေါင်းဆောင်များကို မျက်နှာလိုမျက်နှာရလုပ်ရန်လည်း အဆင်ပြေစေခဲ့၏။ ယခုအခါ သူတို့အားလုံး တုန်းဖန်စက်ရုံတွင် နေထိုင်ကြသဖြင့် သဘာဝကျကျပင် ထိုနေရာသို့ ပြန်သွားသင့်သည်။

သို့သော် ဟူရှောင်မေက ပြောလိုက်သည်။

“အစ်ကိုရှန်း၊ ညီမကို ပထမအဖွဲ့မှာ ချပေးခဲ့လို့ ရမလား၊ မေ့လန်ကို သွားတွေ့စရာရှိလို့ပါ”

ယန်ရှီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လေသံမှာ အနည်းငယ် ကြမ်းတမ်းသွားသည်။

“မင်းက သူ့ကို ဘာလို့ သွားတွေ့ရမှာလဲ”

‘သူက အခုထိတောင် ကာအကွယ်ပေးနေသေးတာပဲ၊ တကယ်ကို ရွံစရာကောင်းတယ်'

ဟူရှောင်မေက ပြန်လည်ချေပလိုက်သည်။

“ရွာသူရွာသားတွေ ညီမအကြောင်း ဘယ်လိုပြောနေကြလဲဆိုတာ အစ်ကိုမသိဘူးလား၊ တစ်ယောက်ယောက်က ပညာရေးဗျူရိုကိုတောင် တိုင်ထားသေးတယ်၊ ညီမရဲ့ အကျင့်စာရိတ္တက မကောင်းဘူးတဲ့၊

အခု ညီမက တရား၀င်ဆရာမဖြစ်ဖို့ ကြိုးစားနေတာဆိုတော့ အရင်တုန်းက ညီမတို့ကြားမှာ ဘာမှမရှိခဲ့ဘူး၊ အစ်ကို သူ့ကိုကွာရှင်းပြီးမှ ညီမတို့ ပေါင်းခဲ့ကြတာပါလို့ မေ့လန်ကို သက်သေပြခိုင်းဖို့လိုတယ်လေ၊

ဒါမှမဟုတ်ရင် ညီမ ဘယ်လိုလုပ် တရား၀င်ရာထူး ရနိုင်မှာလဲ”

ဟူရှောင်မေသည် လက်ရှိတွင် တရား၀င်ကျောင်းဆရာမ ဖြစ်လာရန် ကြိုးပမ်းနေသည်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က သူမ၏ ဖိုင်ကို တင်ပြထားပြီးဖြစ်သော်လည်း ရွာထဲရှိ ကောလာဟလအချို့ကြောင့် အခြားဆရာမများက မကျေမနပ်ဖြစ်ကာ ပြဿနာရှာနေကြ၏။

သူမအနေဖြင့် ချန်မေ့လန်ကိုရှာရန် လိုအပ်ပြီး သူမ၏နာမည်ကို ရှင်းလင်းပေးရန် တောင်းဆိုရမည်ဖြစ်သည်။

မဟုတ်ပါက မူလတန်းကျောင်းဆရာမတစ်ဦးအနေဖြင့် နေ့စဉ်နှင့်အမျှ အိမ်ထောင်ခွဲသူ၊ တိတ်တိတ်ပုန်းမယားငယ် စသည်ဖြင့် နောက်ကွယ်မှ အခေါ်ခံနေရခြင်းက မည်မျှစိတ်ပျက်စရာကောင်းလိုက်မည်နည်း။

ယန်ရှီရှန်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး စတီယာရင်ကို လှည့်ကာ ပထမအဖွဲ့ရှိရာသို့ ဦးတည်မောင်းနှင်သွားလေသည်။

ဟူရှောင်မေသည် မည်သို့ပင်ဖြစ်စေ ပြည်သူ့ဆရာမတစ်ဦး ဖြစ်၏။ ယန်ရှီရှန်းကိုယ်တိုင်က ပညာမတတ်သူဖြစ်သဖြင့် ဟူရှောင်မေ၏ အဆင့်အတန်းကို အထူးတလည် တန်ဖိုးထားလေသည်။

ကိစ္စရပ်များကို ရှင်းလင်းရန်နှင့် တရား၀င်ရာထူး အမြန်ဆုံးရရှိရန်အတွက် သူမကို ချန်မေ့လန်နှင့် တွေ့ဆုံခိုင်းရန် အမှန်တကယ် လိုအပ်ပေသည်။

ချန်မေ့လန်က ရိုးအပြီး ပွင့်လင်းသူဖြစ်ကာ သူနှင့် ဟူရှောင်မေတို့ကြားတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ယခုတိုင် မသိသေးပေ။

သူမနှင့် ဟူရှောင်မေတို့သည် အရင်က အလွန်ရင်းနှီးသော သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသဖြင့် သူမ သေချာပေါက် သဘောတူပေလိမ့်မည်။

အခြားတစ်ဖက်တွင်မူ….

လူသား ဖုန်စုပ်စက်၊ ပန်းရန်သမား…., ချန်မေ့လန်တစ်ယောက် ယန်ကျောက်ကို ဘယ်လို ဖော်ပြရမည်ကိုပင် မသိတော့ပေ။

ထို့အပြင် သူ၏ အသွင်အပြင်မှာလည်း ထူးဆန်းလှသည်။ အသားမည်းသော်လည်း သူ အင်္ကျီချွတ်လိုက်သောအခါ အင်္ကျီလက်တိုမျဉ်းမှစ၍ သူ၏ အသားအရေမှာ အမည်းရောင်မှ ကြေးနီရောင်သို့ ပြောင်းလဲသွားပြီး ထိုမှတစ်ဖန် အဖြူရောင်အတွင်းခံစွပ်ကျယ်မျဉ်းမှစ၍ ကြေးနီရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားပြန်၏။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တွင် အသားအရောင် သုံးမျိုးရှိနေလေသည်။

သူ၏မျက်နှာပေါက်ကို ကြည့်ရင်း ချန်မေ့လန်မှာ မနေနိုင်ဘဲ တွေးမိလိုက်သည်။

အကယ်၍ သူ့မျက်နှာကသာ သူ၏ ခန္ဓာကိုယ်မှ အဖြူရောင်အပိုင်းကဲ့သို့ ဖြူဖွေးနေမည်ဆိုပါက သူသည် အလွန်ကွဲပြားခြားနားသွားမည်ဖြစ်ပြီး ငြင်းဆိုဖွယ်ရာမရှိအောင် ချောမောလှပနေမည်မှာ အသေအချာပင်။

‘မကောင်းတာဆိုလို့ သူက နည်းနည်းလောက်တော့ အေးစက်လွန်းနေတာလေးပဲ’

သူ၏ အကြည့်တစ်ချက်က သူမ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလောက်အောင် အေးစက်လှသည်။

All Chapters