← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅)

“ခင်ဗျား ယန်ရှီရှန်းနဲ့ အိမ်ထောင်ကျနေတုန်းက သူ အပြင်မှာ ဘာတွေလုပ်နေလဲ၊ ဘယ်လိုကိစ္စတွေမှာ ပါဝင်ပတ်သက်နေလဲဆိုတာကို တကယ်ပဲ ဘာမှမသိခဲ့တာလား”

ယန်ရှီရှန်းမှာ အသောက်အစား၊ လောင်းကစားနှင့် ပြည့်တန်ဆာအိမ်သွားခြင်းတို့တွင်သာ နစ်မွန်းနေသည်မဟုတ်ဘဲ သူ့လက်အောက်တွင် လူမိုက်ဂိုဏ်းကြီးတစ်ခုကိုပါ ပိုင်ဆိုင်ထားသည်။

သူက နေ့တိုင်းလိုလို သေမတတ် အရက်မူးပြီးမှ ပြန်လာတတ်သော်လည်း သူမအိမ်သို့ ပြန်လာခဲလှသည်။ ချန်မေ့လန်အနေဖြင့် သူ အပြင်တွင် မည်သည့်အရာများ လုပ်နေသည်ကို တကယ်ကို မသိခဲ့ပေ။

သူမက သိဖို့ပင် စိတ်မ၀င်စားခဲ့ချေ။ မည်သို့ပင်ဖြစ်စေ ယန်ရှီရှန်းက အပေါ်ယံတွင် ပြုံးနေသော်လည်း သူ၏အတွင်းစိတ်မှာ လှည့်စားမှုများဖြင့် ပြည့်နှက်နေသည်။

သူတို့၏ ဆက်ဆံရေး ပျက်စီးသွားရုံသာမက သူမနှင့် ယန်ရှီရှန်းတို့၏ တန်ဖိုးထားမှုများကလည်း ကွဲပြားခြားနားနေလေသည်။

‘ဒါနဲ့ ယန်ကျောက်က ဘာကြောင့်များ ဒီလောက် ဒေါသထွက်နေတဲ့ လေသံပေါက်နေရတာလဲ'

စာအိတ်ကို လှမ်းယူလိုက်စဉ် ချန်မေ့လန်၏ လက်ချောင်းများက ယန်ကျောက်၏လက်များနှင့် မတော်တဆ ထိမိသွား၏။

ယန်ကျောက် ရုတ်တရက် လန့်ဖြတ်သွားပြီး လျှပ်စီးလက်သကဲ့သို့ လက်ကို ပြန်ရုပ်သွားကာ စာအိတ်ကို ပြတင်းပေါက်ဘောင်ပေါ် တင်ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“အချိန်ယူပြီး ဖြည်းဖြည်းကြည့်ပါ၊ ကျွန်တော် ဟိုဘက်ပြတင်းပေါက်ကို ခြင်ထောင်ဇာ သွားတပ်လိုက်ဦးမယ်”

ဤအမျိုးသား ဒေါသထွက်နေခြင်းမဟုတ်ဘဲ ရှက်ရွံ့နေခြင်းဖြစ်ကြောင်းကို ချန်မေ့လန် ရုတ်တရက် သဘောပေါက်သွားလေသည်။

‘အသက် သုံးဆယ်နား ကပ်နေပြီး အရင်က ဇနီးသည်တစ်ယောက် ရှိခဲ့ဖူးတဲ့ သားနှစ်ယောက်တောင် ရနေပြီးသား အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ဦးနဲ့ ရင်ဆိုင်ရချိန်မှာ ရှက်ရွံ့နေတယ်တဲ့လား'

……….

စာအိတ်ကို ဖွင့်လိုက်သောအခါ အထဲတွင် အဖြူရောင် စာရွက်တစ်ထပ် ပါရှိလေသည်။

စာရွက်တစ်ရွက်ကို လှန်ကြည့်လိုက်ရာ ‘လောင်းကစားမှုအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးစာ’ ဟု ရေးသားထားသည်။

နောက်တစ်ရွက်တွင်တော့ ‘ရန်စမှုနှင့် အနှောင့်အယှက်ပေးမှုအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးစာ’ ဟု ရေးသားထားပြီး၊ အခြားတစ်ရွက်တွင်မူ ‘ထရပ်ကား အလေးချိန်ပိုတင်မှုအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးစာ’ ဟု ပါရှိသည်။

ထူးခြားသည်မှာ ထိုစာရွက်အားလုံးတွင် ပြစ်ဒဏ်ပေးခံရသူ၏ နာမည်မှာ ဟူရှောင်ဟွာ ပင် ဖြစ်နေလေ၏။

ဤစာရွက်များမှာ တကယ်တော့ ရဲစခန်းတွင် ယန်ရှီရှန်း ချန်ထားခဲ့သော အမှုတွဲမှတ်တမ်းများပင်။

ဟူရှောင်ဟွာမှာ ယန်ရှီရှန်း၏ ကျောက်မီးသွေးစက်ရုံမှ မန်နေဂျာဖြစ်သဖြင့် ဟူရှောင်ဟွာက ပြစ်ဒဏ်များကို ခံယူပေးရပြီး ယန်ရှီရှန်းကတော့ တကယ့်သူဌေးကြီးအဖြစ် နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

ချန်မေ့လန် အံ့ဩမနေပေ။ မည်သို့ပင်ဖြစ်စေ ယန်ရှီရှန်းက မသန့်ရှင်းသော ငွေများကို ရှာဖွေခဲ့ခြင်းဖြစ်သည်။

သူ၏ ကိုယ်ပိုင်အသုံးအနှုန်းအရ ပြောရလျှင် သူသည် ‘ဥပဒေချိုးဖောက်လုဆဲဆဲ အစွန်းပေါ်တွင် ဒစ္စကိုကနေခြင်း’ ဖြစ်သည်။

ဥပဒေမဲ့ဖြစ်သော်လည်း ပြစ်မှုမြောက်သည်အထိတော့ မဟုတ်ပေ။ သူက တစ်ဖက်မှ ဒဏ်ငွေများပေးဆောင်ကာ ကျန်တစ်ဖက်မှ ငွေများကို ခြစ်ကုတ်ယူနေခြင်းဖြစ်၏။

ရဲများအနေဖြင့် သူ့ကို ဒဏ်ငွေသာ တပ်နိုင်ပြီး ဖမ်းဆီး၍တော့ မရနိုင်ချေ။

နောက်ဆုံးစာရွက်ကို လှန်ကြည့်လိုက်သောအခါ ချန်မေ့လန်တစ်ယောက် အံ့ဩမှင်တက်သွားရလေသည်။ ၎င်းမှာ ‘ပြည့်တန်ဆာမှုအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးစာ’ ပင် ဖြစ်နေသည်။

ရက်စွဲ။ ။ ၁၉၈၆ ခုနှစ် ဇူလိုင်လ။

ဖြစ်စဉ်အကျဉ်းချုပ်။ ။ ယန်ရှီရှန်းနှင့် ဟူရှောင်မေတို့ကို ရဲတပ်ဖွဲ့၏ ပြည့်တန်ဆာမှု ဖမ်းဆီးစစ်ဆေးရေး စစ်ဆင်ရေးတစ်ခုအတွင်း XX တည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့နှစ်ဦးတွင် တရားဝင်အိမ်ထောင်ရေး ပတ်သက်မှုမရှိဘဲ လိင်ဆက်ဆံမှုများ ပြုလုပ်နေကြောင်း တွေ့ရှိရသည်။

ဤစာရွက်ကို ကိုင်ထားရင်း ချန်မေ့လန်တစ်ယောက် ဆွံ့အသွားရသည်။

ဟူရှောင်မေနှင့် ယန်ရှီရှန်းတို့ကြား တရားမဝင်ဖောက်ပြန်မှုများ ရှိနေသည်ကို ချန်မေ့လန် သိရှိထားပြီး သက်သေအဖြစ် အတွင်းခံဘောင်းဘီတစ်ထည်ပင် သိမ်းဆည်းထားသေးသည်။

သို့သော် ထိုအရာက ဘာကိုမျှ သက်သေမပြနိုင်ပေ။ သူမတွင် တကယ့် ခိုင်လုံသောသက်သေအထောက်အထား မရှိခဲ့ချေ။

‘ဒီလို ပြည့်တန်ဆာမှုအတွက် ပြစ်ဒဏ်ပေးစာမျိုးကို အဲဒီအချိန်တုန်းက ရဲတွေက ငါ့ကို ပေးသင့်တာပေါ့။ သူတို့ကို အာမခံနဲ့ သွားထုတ်ဖို့ သူမကို အကြောင်းကြားသင့်တယ်လေ’

သို့သော် ယန်ရှီရှန်းက အဆက်အသွယ်တွေ ရှိနေသည်။ ရဲများ၏ ဖမ်းဆီးခြင်းကို ခံရလျှင်ပင် ငွေအနည်းငယ် သုံးလိုက်ရုံဖြင့် ပြန်လည်လွတ်မြောက်လာနိုင်လေသည်။

‘ဒါဆို ဟူရှောင်မေနဲ့ ယန်ရှီရှန်းတို့ ဖောက်ပြန်တာကို အရင် နှစ်နှစ်ကတည်းက ရဲတွေ ဖမ်းမိခဲ့ပေမယ့် ငါ့ကတော့ လူမိုက်တစ်ယောက်လို ယန်ကျောက်ကို လက်ထပ်ပြီးမှ ဒီပြစ်ဒဏ်ပေးစာကို ရခဲ့တာပေါ့လေ'

ချန်မေ့လန်သည် သူမကို ဤစာရွက်စာတမ်းများ ပေးလာသော ယန်ကျောက်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။

ယန်ရှီရှန်းသည် ‘ခေါင်းမှာ အနာ၊ ခြေထောက်မှာ ပြည်တည်’ ဆိုသည့် စကားပုံလိုပင်။ အတွင်းအပြင် ပုပ်ပွနေသူဖြစ်သည်။

ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်ရေးအတွက် ဤကဲ့သို့သော အတိတ်က အမှိုက်များကို ရှင်းလင်းပစ်ရန် လိုအပ်သည်ကို ယန်ကျောက်က ညွှန်ပြနေခြင်းပင်။

သူမသည် ယန်ရှီရှန်း၏ လောင်းကစားမှု၊ ရန်စမှု၊ သို့မဟုတ် ရိုက်နှက်မှု စသည့်ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခဲ့ခြင်း ရှိမရှိ သူက သေချာစစ်ဆေးချင်နေခြင်းဖြစ်ရပေမည်။

မည်သို့ပင်ဖြစ်စေ ယခုခေတ်ကာလ ‘ပင်လယ်ထဲဆင်း’ (ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ခြင်း) ကြသော စီးပွားရေးသမားများအနက် အချို့မှာ အကျိုးအမြတ်အတွက် ပြဿနာရှာရန် လူမိုက်များကို ငှားရမ်းလေ့ရှိကြပြီး ဈေးဆိုင်ခန်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရန်ဖြစ်လေ့ရှိကြသည်။

အချို့သော အမျိုးသမီးများမှာ အမျိုးသားများထက်ပင် ပို၍ ကြမ်းတမ်းတတ်ကြလေ၏။

ချန်မေ့လန်အနေဖြင့် ယန်ရှီရှန်း၏ စီးပွားရေးလုပ်ငန်းများနှင့် သူမ ဘာမှမပတ်သက်ကြောင်း ရှင်းပြရန် လိုအပ်ပေမည်။

သို့သော် ထိုအချိန်မှာပင် အစ်မမော်၏အသံက အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်

“မေ့လန်၊ အိမ်မှာရှိလား”

ခြင်ထောင်ဇာများကို သံဖြင့်ရိုက်နေသော ယန်ကျောက်က ပြောလိုက်သည်။

“သတင်းစာတွေပေါ်ကနေ လျှောက်သွားလေ”

ချန်မေ့လန်က သတင်းစာများပေါ်မှ ဖြတ်လျှောက်သွားကာ တံခါးကို ဖွင့်လိုက်၏။

“အစ်မမော်၊ ဘာကိစ္စရှိလို့လဲ”

အစ်မမော်က အလျင်စလို ပြောလိုက်သည်။

“နင့်အိမ်သော့ ငါ့ကို မြန်မြန်ပေး၊ နင့်အိမ်တံခါးကို အပြင်ကနေ ငါသော့ခတ်ပေးထားခဲ့မယ်၊ ဟူရှောင်မေလာနေတယ်၊ နင် သူ့ကို တွေ့စရာမလိုဘူး”

ချန်မေ့လန်က ယန်ရှီရှန်း ရောက်လာမည်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။

‘ယန်ရှီရှန်း မရောက်လာဘဲ ဟူရှောင်မေက အရင်ရောက်လာတာလား'

ချန်မေ့လန်က ထပ်မေးလိုက်၏။

“အဲဒါ ဘာဖြစ်လို့လဲ”

အစ်မမော်က လက်ကာပြရင်း ရှင်းပြသည်။

“သူက ပုဂ္ဂလိကကျောင်းဆရာမ မဟုတ်လား၊ သူ့ရဲ့ ရာထူး ကျတော့မယ်လို့ ကြားတယ်၊ တခြားဆရာမတချို့က ပညာရေးဗျူရိုကို စာရေးပြီးတိုင်ထားကြတယ်၊ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဘဝက ပျက်စီးနေပြီး သူဌေးပေါက်စ ယန်ရှီရှန်းနဲ့ မရှင်းမလင်း ပတ်သက်နေတယ်ဆိုပြီးလေ၊

ခုလေးတင်ပဲ သူက နင့်ရဲ့ ဦးလေးယန်ဆီကို ဆီတစ်ပုံးသွားပေးပြီး နောက်မှ နင့်ဆီလာခဲ့မယ်လို့ ပြောသွားတယ်၊ သူနဲ့ ယန်ရှီရှန်းက အောင်သွယ်ကတစ်ဆင့် တရားဝင်လက်ထပ်ထားတာပါလို့ နင်နဲ့ နင့်ဦးလေးယန်ကို သက်သေလိုက်ပေးစေချင်နေတာ၊

နင်စဉ်းစားကြည့်လေ၊ သူက နင့်ကို အကွက်ဆင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား၊ နင့်ဦးလေးယန်က နေမကောင်းချင်ယောင်ဆောင်ပြီး လာမှာမဟုတ်ဘူး၊

နင်လည်း တံခါးကို သော့ခတ်ထားလိုက်၊ အဲဒီလို မိန်းမမျိုးနဲ့ ငါတို့ အရှုပ်ခံစရာ မလိုဘူး၊”

မည်သို့ပင်ဖြစ်စေ ချန်မေ့လန်မှာ ဇနီးဟောင်းဖြစ်ပြီး ကွာရှင်းပြီးသားသူ ဖြစ်သည်။

ယန်ရှီရှန်းနှင့် အိမ်ထောင်ကျနေစဉ်အတွင်း ယန်ရှီရှန်း၏ ဖောက်ပြန်မှုကို သက်သေပြရန် သူမတွင် တိုက်ရိုက်အထောက်အထား မရှိခဲ့သလို ရွာသူရွာသားများတွင်လည်း မရှိကြချေ။

ယခု ဟူရှောင်မေက ကျေးရွာအတွင်းရေးမှူးထံ သွားရောက်ပါက အတွင်းရေးမှူးမှာ အမှန်တရားကို သိသော်လည်း ဝင်မပါချင်သဖြင့် နေမကောင်းချင်ယောင်သာ ဆောင်နေရပေမည်။

အကယ်၍ ဟူရှောင်မေက ချန်မေ့လန်၏အိမ်သို့ ရောက်လာလျှင်…….

သူတို့က ယခင်က သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြပြီး ကျောင်းတိလေးမှာလည်း နောင်တွင် ယန်ကွမ်မူလတန်းကျောင်းသို့ တက်ရောက်ရမည် ဖြစ်သည်။

ချန်မေ့လန်က ဤသက်သေခံချက်ကို ပေးမည်လော။ မပေးဘူးလော။

အကယ်၍ သူမက မပေးလျှင် ယန်ရှီရှန်းတွင် ပညာရေးဗျူရို၌ အဆက်အသွယ်များစွာရှိသည်။ ငွေအနည်းငယ်ထိုးပေးလိုက်လျှင် ဟူရှောင်မေမှာ အလုပ်ထုတ်ခံရမည်မဟုတ်ဘဲ ယခုတစ်ကြိမ် တရား၀င်ရာထူးခန့်အပ်မှုကို လွဲချော်သွားကာ နောက်တစ်ကြိမ်ကို စောင့်ဆိုင်းရရုံသာ ရှိပေမည်။

သို့သော် ကျောင်းတိလေးကတော့ ယန်ကွမ်မူလတန်းကျောင်းသို့ ဆက်လက်တက်ရောက်ရဦးမည်ဖြစ်သည်။ ဟူရှောင်မေတွင် ထိုကျောင်း၌ ဆရာမသူငယ်ချင်းများစွာ ရှိ၏။

သူတို့အားလုံး ပူးပေါင်းကာ ကျောင်းတိကို အခက်တွေ့အောင် လုပ်ကြလျှင်ကော။

အကယ်၍ သူမက သက်သေထွက်ဆိုပေးလိုက်လျှင် ဟူရှောင်မေနှင့် ယန်ရှီရှန်းတို့၏ မလျော်ကန်သောဆက်ဆံရေးကို လူတိုင်းက ရှင်းရှင်းလင်းလင်း သိနေကြသည်။

၎င်းမှာ ခပ်ပျစ်ပျစ် နှပ်ချေးတုံးကြီးတစ်ခုနှင့် တူနေပြီး ချန်မေ့လန်က ကိုယ့်ကိုယ်ကိုယ် ရွံရှာစရာဖြစ်အောင် လုပ်သလို ဖြစ်နေမည်မဟုတ်လော။

အစ်မမော် အလွန်အမင်း ထိတ်လန့်နေသည်ကို မြင်သောအခါ ချန်မေ့လန်သည် ပြတင်းပေါက်ပေါ်ရှိ ပြစ်ဒဏ်ပေးစာရွက်များကို ပြန်ကြည့်လိုက်သည်။

၎င်းတို့အထဲတွင် အသက်ဝင်နေသော သက်သေတစ်ခုဖြစ်သည့် ‘ပြည့်တန်ဆာမှုအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးစာ’ လည်း ပါဝင်နေလေသည်။

ယန်ကျောက်သည် သူမ၏ တံခါးစောင့်နတ်မင်းသာမက သူမ၏ အရှေ့လေပြည်အေးလေးလည်း ဖြစ်နေလေ၏။

ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်ရာတွင် အတိတ်က အညစ်အကြေးများကို ရှင်းလင်းရန် ဤအရာက အကောင်းဆုံးလက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။

အကယ်၍ ဟူရှောင်မေက တိတ်တိတ်ပုန်းလေးတစ်ယောက်သာဆိုလျှင် ချန်မေ့လန်က သူမကို ဂရုစိုက်မည်မဟုတ်ပေ။

သို့သော် ယခု ဟူရှောင်မေက သူမ၏နာမည်ကို ရှင်းလင်းရန်အတွက် ချန်မေ့လန်အား အသုံးချချင်နေသည်။

ထိုသို့တော့ အဖြစ်ခံ၍မရပေ။ ယန်ကွမ်မူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများ၏ အဆင့်အတန်းမှာ သိပ်မကောင်းလှသော်လည်း ဟူရှောင်မေကို ကလေးများအား လမ်းမှားသို့ ပို့ဆောင်ခွင့်မပြုနိုင်ပေ။

All Chapters