အခန်း ၃၇
Vol. 4 Ch. 37
အခန်း (၃၇)
ဟူရှောင်မေ၏ စကားများက အတော်လေးနားလည်မှုရှိဟန် ပေါက်နေလေ၏။
သို့ပေမယ့် ထိုစကားတစ်ခွန်းထဲတွင် အဓိပ္ပာယ်အမြောက်အမြား ပါနေလေ၏။
ပညာရေးဗျူရိုမှ ခေါင်းဆောင်များက ဆရာဟွမ်ကို အခြေအနေ သွားရှင်းပြရန် သူမအား ကိုယ်တိုင်တောင်းဆိုခဲ့သည်။
ဤသည်က တိုင်စာရေးသူမှာ ဆရာဟွမ်ဖြစ်ကြောင်း သေချာသတ်မှတ်ပေးလိုက်ခြင်း မဟုတ်လော။
ယောင်းမမဟွမ်၏ အသံမှာ ငိုသံများပင် စွက်လာလေပြီ။
“မိုးကြိုးပဲ ပစ်ချပါစေတော့၊ တကယ်လို့ ဆရာဟွမ်က တကယ်ပဲ နင့်ကို တိုင်ခဲ့တယ်ဆိုရင်၊ ငါတို့လင်မယားနှစ်ယောက်လုံး မိုးကြိုးပစ်ခံရပါစေ၊ ဒါမှမဟုတ် လျှပ်စစ်ရှော့ခ်ဖြစ်ပါစေ”
ဟူရှောင်မေ၏ လေသံမှာလည်း အခက်တွေ့နေဟန် ပေါက်နေ၏။
“ယောင်းမဟွမ်၊ ညီမကိုတိုင်တာ ဆရာဟွမ်လို့ ဘယ်သူကမှ မပြောပါဘူး၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ညီမအတွက် သက်သေအဖြစ် လုပ်ပေးပါနော်၊
မေ့လန်က ညီမရဲ့ သူငယ်ချင်းကောင်းဖြစ်သလို ရှီရှန်းရဲ့ ဇနီးဟောင်းလည်း ဖြစ်တယ်လေ၊ သူက ညီမအတွက် အခြေအနေကို ရှင်းပြပေးနိုင်တယ်၊ ဟုတ်တယ်မလား”
ထိုအချိန်တွင် ချန်မေ့လန်က ယန်ကျောက်ရှေ့ရှိ စာအိတ်ကို ဆွဲယူကာ အပြင်သို့ ထွက်လာခဲ့သည်။
ယန်ကျောက်ကတော့ လျင်မြန်သော လှုပ်ရှားမှုအနည်းငယ်ဖြင့် ပြတင်းပေါက်များအားလုံးနှင့် တံခါးကိုပါ အမြန်ပိတ်လိုက်လေ၏။
ယခုက နွေရာသီ နေ့လယ်ခင်းအချိန်ဖြစ်ပြီး အိမ်ကလည်း အနောက်ဘက်သို့ မျက်နှာမူထားသည်။
‘အထဲမှာရှိတဲ့ ကလေးတွေ အသက်ရှူကျပ်ပြီး သေသွားမှာကို သူ မကြောက်ဘူးလား'
ဟူရှောင်မေက ချန်မေ့လန်ကို မြင်သည်နှင့်တစ်ပြိုင်နက် သူမ၏မျက်လုံးများ ပျော်ရွှင်မှုကြောင့် တောက်ပသွားပြီး ချန်မေ့လန်၏လက်ကို လှမ်းဆွဲကာ ပြောလိုက်သည်။
“မေ့လန်၊ ခုလေးတင် အစ်မမော်က နင် အိမ်မှာမရှိဘူးလို့ ပြောတာ၊ အခု နင် ဒီမှာရှိနေတာပဲဟာ၊ နင် တောကို ခဏပြန်သွားတာတောင် အသားအရေတွေ ပိုကောင်းလာတယ်နော်၊ မြန်မြန်ပြောစမ်း၊ ဘယ်အလှကုန်ပစ္စည်းတွေ သုံးနေတာလဲ”
တိတ်တိတ်ပုန်းအားလုံးက မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထက်တန်းကျသည်ဟု ယူဆကာ တခြားသူများကို အထင်သေးတတ်သည်ဟု မထင်လိုက်ပါနှင့်။
တကယ်အောင်မြင်သော တိတ်တိတ်ပုန်းများမှာ နူးညံ့သိမ်မွေ့ပြီး နားလည်ပေးတတ်ကြ၏။ ဟူရှောင်မေက တစ်စုံတစ်ယောက်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်ပြီဆိုလျှင် စကားအနည်းငယ်ပြောလိုက်ရုံဖြင့် ထိုသူအား နွေဦးလေညင်းလေးအလား ခံစားရစေနိုင်သည်။
ဟူရှောင်မေနှင့် ချန်မေ့လန်တို့ ဆက်ဆံရေးကောင်းမွန်ခဲ့ရသည့် အကြောင်းရင်းမှာ အတော်လေးထူးဆန်းလှသည်။
ချန်မေ့လန် ဘယ်အဝတ်အစား ဝယ်ဝယ်၊ သူမကလည်း အတူတူ လိုက်ဝယ်သည်။ ချန်မေ့လန် ဘယ်အလှကုန် သုံးသုံး၊ သူမကလည်း ချက်ချင်း တစ်ပုလင်း လိုက်ဝယ်၏။
သူမက ချန်မေ့လန်၏ ရင်းနှီးသော၊ ရင်ဘက်ချင်းထပ်တူကြသော သူငယ်ချင်းအဖြစ် အမြဲတမ်းဟန်ဆောင်ကာ အဆက်မပြတ် တွယ်ကပ်နေခဲ့သဖြင့် သူတို့၏ဆက်ဆံရေး ကောင်းမွန်လာခဲ့ခြင်းဖြစ်သည်။
သူမက ချန်မေ့လန်နှင့် တစ်ပုံစံတည်း ဆင်တူဝတ်ဆင်ချင်ရုံသာမက သက်ပြင်းချကာ မကြာခဏ ပြောလေ့ရှိသေးသည်။
“အာ၊ အတူတူဝတ်တာတောင် နင်ဝတ်တာက ငါ့ထက် ပိုကြည့်ကောင်းနေတာပဲ”
အရှေ့သို့ တက်လှမ်းနိုင်ရန် နောက်တစ်လှမ်းဆုတ်ခြင်း၊ သူတစ်ပါးကို ချီးမွမ်းရန် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်း၊ ချီးမွမ်းပြီးရင်း ချီးမွမ်းကာ နောက်ဆုံးတွင် သင့်ကို ဓားဖြင့် ထိုးခြင်း။
ဤသည်မှာ ဟူရှောင်မေ၏ ပုံစံပင်။
ချန်မေ့လန်က ဖြေလိုက်သည်။
“ငါ့အသားအရေက ကောင်းလို့လား၊ ငါ ယွဲ့ဆိုက် သုံးနေတာလေ”
ဟူရှောင်မေက ချက်ချင်းပင် ထအော်လိုက်သည်။
“အို၊ နင် ယွဲ့ဆိုက်တောင် သုံးနိုင်နေပြီလား၊ နင့်ယောက်ျားအသစ်က တော်တော်ချမ်းသာတာပဲ ဖြစ်ရမယ်”
ဤစကားများက တိတ်တိတ်ပုန်းတစ်ယောက်၏ စိတ်နေစိတ်ထားကို အပုပ်နံ့ထွက်စေသည်။
‘အလှကုန်ဝယ်တာကို ဘာလို့ ယောက်ျားတစ်ယောက် ရှာတွေ့တာနဲ့ ပတ်သက်နေရတာလဲ'
သို့သော် ဟူရှောင်မေ၏ငွေကြေးအမြင်တွင်တော့ အမျိုးသမီးတစ်ဦးပိုင်ဆိုင်သမျှ အရာအားလုံးက အမျိုးသားများထံမှ ရလာခြင်းသာ။
သို့သော် ယခု ဤအကြောင်းကို ဆွေးနွေးနေခြင်းက အဓိကမဟုတ်ပေ။ ဟူရှောင်မေ လာရခြင်းတွင် ရည်ရွယ်ချက်တစ်ခုရှိပြီး ထိုရည်ရွယ်ချက်ကို သူမ အောင်မြင်အောင် လုပ်ရမည်ဖြစ်သည်။
“မေ့လန်၊ ပညာရေးဗျူရိုက လူတော်တော်များများက ငါ့အကြောင်း ပြောနေကြတယ်... ဒါပေမဲ့ နင် သိပါတယ်... ရှီရှန်းလိုယောက်ျားက နင့်လို မိန်းမကောင်းတစ်ယောက်နဲ့ မတန်ပါဘူး၊
ငါလည်း ငါ့အမေ အတင်းအကျပ် တိုက်တွန်းလို့ပါ၊ ဒါပေမဲ့ အခု လူတော်တော်များများက ငါ့အကြောင်း ပြောနေကြတော့ နင်က...”
ယခုအခါ လူအတော်များများမှာ တံခါးဝတွင် စုရုံးကာ စောင့်ကြည့်နေကြပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ ရွာသူရွာသားများမှာ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြပြီးဖြစ်ရာ မေ့လန်၏သဘောထားကို မည်သူက မစပ်စုချင်ဘဲ နေမည်နည်း။
ဟူရှောင်မေက မေ့လန်ကို ထိုစကားများကို ကိုယ်တိုင်ပြောထွက်လာစေရန် အတင်းအကျပ် ဖိအားပေးချင်နေသည်။
‘ယန်ရှီရှန်းကို မလိုချင်ခဲ့တာ ငါပါ' ဆိုသည့်စကားမျိုး ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မေ့လန်က ဂုဏ်ယူဝင့်ကြွားတတ်ပြီး ယန်ရှီရှန်းကို လက်ထပ်ကတည်းက သူ့ကို ဘယ်တော့မှ အထင်မကြီးခဲ့ပေ။
သူမ သေချာပေါက် အဲဒီလိုစကားမျိုး ပြောပေလိမ့်မည်။
သို့သော် ချန်မေ့လန်က ထိုသို့မပြောဘဲ ယောင်းမဟွမ်ဘက်ကို လှည့်၍ မေးခွန်းတစ်ခု မေးလိုက်၏။
“ယောင်းမဟွမ်၊ ဆရာဟွမ်က အခုထိ တရား၀င်ရာထူး မရသေးဘူးလား”
ယောင်းမဟွမ်မှာ ဒေါသထွက်နေ၏။
“ဘာတရား၀င်ရာထူးလဲ၊ ငါက သူ့ကို စီးပွားရေးလုပ်ဖို့ အမြဲတမ်းပြောနေတာကို သူက မလုပ်ဘူး၊ စောစောစီးစီး စီးပွားရေးလုပ်တဲ့သူတွေအကုန်လုံး ငွေတွေအများကြီး ရှာနိုင်နေကြပြီ၊
သူကတော့ ကျောင်းဆရာပဲ ဆက်လုပ်ချင်နေတယ်၊ သူက တစ်သက်လုံး တရား၀င်ရာထူးမရတာ နည်းတောင်နည်းသေးတယ်”
ဟုတ်ပေသည်။ ဟူရှောင်မေအကြောင်း တိုင်စာရေးခဲ့သူမှာ ဟွမ်ကျန်းတ ပင်ဖြစ်သည်။
အကြောင်းမှာ ဟူရှောင်မေကိုယ်တိုင်က ဗဟုသုတနှင့် ယဉ်ကျေးမှုမရှိဘဲ ကလေးများကို အမှားများ သင်ကြားပေးလေ့ရှိသောကြောင့် ဖြစ်သည်။
သူမက ကလေးများကို “ဖိနပ်” (shoes) ကို “ပေါက်ပြား” (hoes) ဟု အသံထွက်ရန်နှင့် “ခြေထောက်” (foot) ကို “ဂျွတ်” (joot) ဟု အသံထွက်ရန်ပင် သင်ကြားပေးခဲ့သည်။
ဟွမ်ကျန်းတမှာ စာကြမ်းပိုးတစ်ဦးဖြစ်သဖြင့် ဟူရှောင်မေက ကလေးများအား လမ်းမှားသို့ ပို့ဆောင်နေသည်ဟု ခံစားခဲ့ရသည်။
သူမတွင် အဆက်အသွယ်များ ရှိနေသည်ကိုလည်း သူ ထည့်မတွက်ခဲ့ပေ။
‘တကယ်လို့ သူမက ကလေးတွေကို လမ်းမှား ပို့နေတယ်ဆိုရင်ကော ဘာဖြစ်လဲ၊ ပညာရေးဗျူရိုက ခေါင်းဆောင်တွေကတောင် ဂရုမစိုက်တာကို သူက ဘာကြောင့် စိုးရိမ်နေရတာလဲ'
ချန်မေ့လန်က စာအိတ်ကို ကမ်းပေးရင်း ပြောလိုက်သည်။
“ယောင်းမဟွမ်၊ ကျွန်မဆီမှာလည်း တိုင်စာတစ်စောင် ရှိတယ်၊ အထဲကိုတော့ ဖွင့်မကြည့်ရသေးဘူး၊ ဆရာဟွမ် ရေးထားတာလားတော့မသိဘူး၊ အရင်ကြည့်ချင်သေးလား”
ဤစကားကို ကြားသောအခါ ယောင်းမဟွမ်မှာ အလွန်ဒေါသထွက်သွား၏။
“ဘာ၊ ဆရာဟွမ်က နင့်ဆီကိုပါ စာရေးလိုက်သေးတာလား”
‘ဒီယောက်ျားက ဘာလို့ ဒီလောက်တောင် ပြဿနာရှာရတာလဲ'
‘သူက မေ့လန်ဆီကိုတောင် တိုင်စာရေးလိုက်သေးတယ်၊ ဟူရှောင်မေနဲ့ ယန်ရှီရှန်းတို့ရဲ့ ဖောက်ပြန်မှုအကြောင်းပဲ ဖြစ်မှာပေါ့။ သူ ဘာလို့ မသေသေးတာလဲ'
ချန်မေ့လန်က ဆက်ပြောလာသည်။
“ယောင်းမ၊ ဒီစာကို အိမ်ယူသွားပြီး ဆရာဟွမ်ကို ပေးလိုက်ပါ၊ ကိစ္စတစ်ခုခုရှိရင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းကြပေါ့၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”
ကြည့်ရှုနေသူများအားလုံး၏ အာရုံမှာ ယောင်းမဟွမ်ဆီသို့ ရောက်သွားရုံသာမက ဟူရှောင်မေပင် ချန်မေ့လန်ကို ထားရစ်ကာ ယောင်းမဟွမ်ဆီသို့ ကပ်သွားလေပြီ။
ဤစာအား ဟွမ်ကျန်းတ ရေးထားတာလားဆိုသည်က သူမက မည်သူ့ထက်မဆို ပိုသိချင်နေသည်။
အကယ်၍ ဟုတ်ခဲ့လျှင် ချန်မေ့လန် ပါးစပ်ဟစရာပင်မလိုဘဲ သူမ၏နာမည်ကို ရှင်းလင်းပြီးသား ဖြစ်သွားပေလိမ့်မည်။
ချန်မေ့လန်က တံခါးကို ဝုန်းခနဲပိတ်လိုက်ရာ ယန်ကျောက်၏ မည်းနက်ပြီး တွေဝေနေသော အကြည့်များနှင့် ဆုံမိသွားသည်။ သူ၏ မျက်လုံးများက ယခင်ကလိုပင် မည်းနက်နေဆဲဖြစ်၏။
သူမက လက်ခုပ်တီးကာ ပြုံးလျက် ကလေးများကို မေးလိုက်သည်။
“သားတို့ သမီးတို့ တီဗွီကြည့်ချင်ကြလား”
ရှောင်ဝမ်မှာ မယုံနိုင်အောင်ပင် ဖြစ်သွားသည်။
“ကျွန်တော်တို့လည်း တီဗွီကြည့်လို့ရတာလား”
မည်သို့ပင်ဆိုစေ အဘိုးအဘွားအိမ်ရှိ တီဗွီမှာ အဘိုး၏ လက်ဝါးကြီးအုပ်မှုအောက်တွင် အမြဲရှိနေပြီး သူတို့ ကြည့်ခွင့်ရခဲလှသည်။
ချန်မေ့လန်က အထဲသို့ဝင်ကာ တီဗွီဖွင့်လိုက်၏။
“ရတာပေါ့၊ အစီအစဉ်ဇယားကို မေမေကြည့်ပြီးပြီ၊ ဒီနေ့ နေ့လယ် ‘ကြောင်နက်စုံထောက်’ လာမယ်လေ၊ သားတို့ ကြိုက်သလိုကြည့်လို့ရတယ်၊ ဒီနေ့ နေ့လယ်ခင်း တစ်ခုလုံး ကြည့်လို့ရတယ်”
ကျောင်းတိက ဤအရာမှာ ပုံမှန်သာဖြစ်သည်ဟု ခံစားရပြီး တီဗွီချန်နယ်ပြောင်းရန် လှည့်လိုက်၏။
ရှောင်ဝမ်နှင့် ရှောင်လန်တို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကလေးငယ်လေးများ၏ မျက်လုံးများတွင် ကြယ်ပွင့်လေးများ တောက်ပလာကြသည်။
‘နေ့လယ်ခင်းတစ်ခုလုံး ငါတို့ စိတ်ကြိုက် တီဗွီကြည့်ခွင့်ရတာထက် ပိုပြီး အံ့ဩစရာကောင်းတဲ့အရာ ဒီကမ္ဘာကြီးမှာ ရှိနိုင်သေးလို့လား'
ချန်မေ့လန်က ယန်ကျောက်ကို ထပ်မံကြည့်လိုက်ရာ သူ၏မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိသော်လည်း သူက ပြတင်းပေါက်များနှင့် တံခါးကို တိတ်တဆိတ်ဖွင့်ထားပြီး လိုက်ကာများပင် ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
သူမက ခေါင်းငုံ့ကာ အနည်းငယ်ပြုံးလိုက်ပြီး ကလေးများအတွက် ရေခဲချောင်းသွားဝယ်ရန် ပြင်ဆင်လိုက်၏။
“ဒီလူက တကယ်ကို ရယ်စရာကောင်းတာပဲ၊ အမြဲတမ်း ရန်ဖြစ်ဖို့ပဲ တွေးနေတော့တာ'
‘ငါက ဟူရှောင်မေနဲ့ အစကတည်းက ရန်ဖြစ်ဖို့ မရည်ရွယ်ထားတဲ့ဟာကို၊ ငါက ပိုပြီးထိုက်တန်တဲ့သူကို ပြည်သူ့ကျောင်းဆရာ အရည်အချင်းစစ်လက်မှတ် ပေးချင်ရုံသက်သက်ပါပဲ'
‘ယောင်းမဟွမ်ကလည်း ကြားလူတစ်ယောက်သက်သက်ပဲ၊ ဟူရှောင်မေအနိုင်ကျင့်တာကို ခံရပြီးနောက် ဒီနေရာမှာ ပြဿနာကြီးကြီးမားမား လုပ်လိုက်ရင် သူမပဲ နစ်နာသွားမှာပေါ့၊ သူမက အဲဒီစာရဲ့ တန်ဖိုးကို အစွမ်းကုန်အသုံးချမှာ သေချာပါတယ်'
'ဒါ့အပြင် ယောင်းမဟွမ်က စိတ်လိုက်မာန်ပါနဲ့ အပြင်မှာ ပြဿနာကြီးကြီးမားမားရှာပြ ဟူရှောင်မေကို လူရှေ့သူရှေ့မှာ အရှက်ခွဲလိုက်ရင်တောင် ဘာဖြစ်မှာလဲ'
‘ယန်ရှီရှန်းရဲ့ နာမည်ဂုဏ်သတင်းက အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီးသားလေ၊ ကျောင်းတိလေးကလည်း ယန်ရှီရှန်းရဲ့ ရိုက်နှက်မှုကို ဆိုးဆိုးရွားရွား ခံခဲ့ရပြီးပြီမို့လို့ သမီးလေးအနေနဲ့ သူမရဲ့ ဖခင်အရင်းနဲ့ ပတ်သက်တဲ့ အမှန်တရားကို ရင်ဆိုင်ရမှာပဲ’
ချန်မေ့လန် တကယ်လိုချင်သည်က ကျောင်းတိလေးအား ယန်ရှီရှန်း၏ ညစ်ညမ်းမှုနှင့် ယုတ်မာမှုအားလုံးကို နားလည်သဘောပေါက်စေပြီး သူ့အလိုလို အဆက်အသွယ်ဖြတ်သွားစေချင်ခြင်းပင်။