← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈)

သူမ၏ မိသားစုလေးကို ကာကွယ်ဖို့ ဤအရာက အရေးကြီးဆုံးခြေလှမ်းတစ်ခု ဖြစ်သည်။

‘အခုလောလောဆယ်တော့ ကလေးတွေကို ကာတွန်းကားကြည့်တဲ့ ပျော်ရွှင်မှုထဲမှာ နစ်မြောပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ခံစားပါစေဦးလေ’

သူမက ကလေးများကို ပြုံးစစဖြင့် တမင်သက်သက် လှမ်းမေးလိုက်သည်.

“မေမေ ရေခဲချောင်း သွားဝယ်မလို့၊ အဖေကြီးရော စားဦးမလား”

‘ရှောင်ဝမ်ရဲ့ဖေဖေ ကနေ အဖေကြီးလို့ တိုက်ရိုက် အဆင့်တက်သွားတာလား'

‘သူမက တကယ်ပဲ ငါ့ကို အဲဒီလို ခေါ်လိုက်တာလား'

ယန်ကျောက်၏ မျက်နှာမှာ သိသိသာသာ ရှုံ့မဲ့သွားသော်လည်း အမူအရာကင်းမဲ့နေဆဲပင်

သို့သော် ကလေးများအတွက်တော့ အကျိုးသက်ရောက်မှုက ကြီးမားလှသည်။ ကျောင်းတိက ရှောင်လန်၏ပခုံးကို ဖက်ထားရင်း ရှောင်ဝမ်ကိုလည်း လှမ်းဆွဲလိုက်၏။

ကလေးသုံးယောက်ကြားက သံယောဇဉ်ကြိုးလေးဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် ခိုင်ခံ့သည့်ကော်နှင့် ကပ်လိုက်သည့်အလား ဘယ်တော့မှ မပြတ်တောက်နိုင်တော့မည့်ပုံ ပေါက်သွားလေတော့၏။

ဤသည်က သူမ မျှော်လင့်ထားသည့် လုံခြုံနွေးထွေးသော မိသားစုလေး၏ အစပြုခြင်းမဟုတ်လော။

ချန်မေ့လန်က တွေးလိုက်သည်။

‘ကလေးတွေအတွက်သာ မဟုတ်ရင် အဲဒီလူယုတ်မာ သူသွားချင်တဲ့နေရာကို သွားနေပါစေဆိုပြီး လွှတ်ထားလိုက်တယ်’

…………

ညနေ ၂ နာရီ ရှိပြီဖြစ်ပြီး ခြံဝန်းထဲရှိ ဘိလပ်မြေများမှာ လျင်မြန်စွာ ခြောက်သွေ့နေလေပြီ။

ပြင်းထန်သော အပူရှိန်ကြောင့် ရေငွေ့များက မြူခိုးပါးပါးလေးအဖြစ် ပြောင်းလဲသွားကာ နေရောင်ခြည်ကို အနည်းငယ် ပျော့ပျောင်းသွားစေသည်။

အိမ်ထဲမှနေ၍ အပြင်သို့ လှမ်းကြည့်လိုက်သောအခါ မြေပြင်တစ်ခုလုံးမှာ တောက်ပနေသော ကြယ်ပွင့်လေးများ ခင်းကျင်းထားသည့်အလား ဖြစ်နေလေသည်။

ယနေ့ ယန်ရှောင်ဝမ် အမျှော်လင့်ဆုံးအရာမှာ ရေခဲသေတ္တာကြီးပင်။ အိတ်ကပ်ထဲရှိ ယွမ်သုံးဆယ်ကျော်ဖြင့် ရေခဲချောင်းများကို လက်ကားဝယ်ယူရန် သူ ရည်ရွယ်ထားသည်။

ရေခဲချောင်း လက်ကားဈေးမှာ ရှစ်ဖန်ဖြစ်ပြီး တစ်ကျောင်းဖြင့် ပြန်ရောင်းနိုင်သည်။ တစ်ချောင်းကို နှစ်ဖန်းသာ မြတ်သော်လည်း ကက်ဆက်တိပ်ခွေများ ရောင်းရသည်ထက် အများကြီး နည်းပါးသော်ငြား သူ၏တိပ်ခွေဖွင့်စက်မှာ ပျက်သွားပြီဖြစ်သဖြင့် ယခုအခါတွင် ရေခဲချောင်းရောင်း၍ အမြတ်အစွန်း နည်းနည်းသာ ရှာနိုင်တော့မည် ဖြစ်သည်။

သို့သော် ငွေရှာချင်စိတ် ပြင်းပြနေသော်ငြားလည်း တီဗွီဖွင့်လိုက်ပြီး ကြောင်နက်စုံထောက်၏ ခမ်းနားသော အဖွင့်တေးသံ ထွက်ပေါ်လာချိန်တွင် ‘လူဆိုးကြီး နားရွက်တစ်ဖက်က ဒီနေ့ ဘာတွေများ ဆိုးသွမ်းဦးမလဲ၊ ကြောင်နက်စုံထောက်ကရော အမှုကို ဘယ်လိုဖော်ထုတ်မလဲ’ ဟု တွေးကြည့်ရင်း ယန်ရှောင်ဝမ်တစ်ယောက် နေရာမှပင် မရွေ့နိုင်တော့ပေ။

ထို့အပြင် အပြင်ဘက်တွင် တိပ်ခွေရောင်းရင်း အမြဲတမ်း အလုပ်များနေတတ်သော ယန်ရှောင်ဝမ်အတွက် ဤသည်မှာ ခုံတန်းလေးပေါ်တွင် တိတ်ဆိတ်စွာထိုင်ရင်း တီဗွီကြည့်ရသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုခံစားချက်မှာ တကယ့်ကို အံ့မခန်းကောင်းမွန်လှပေသည်။

…

လူတိုင်းက ယောင်းမဟွမ်ကို ကြည့်နေကြသည်။

ဟူရှောင်မေမှာ ငိုလုမတတ် ဖြစ်နေသည်။ ယောင်းမဟွမ်က အခြားဘက်ရှောင်ထွက်သွားလျှင် သူမကလည်း အနောက်မှ လိုက်သွားရသည်၊ ဟိုဘက်ရှောင်ထွက်သွားလျှင်လည်း သူမက အနောက်မှ ထပ်လိုက်သွားပြန်သည်။

ယောင်းမဟွမ်က အိမ်သို့ အလျင်စလိုပြန်လာခဲ့ပြီး သူမ၏စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေကာ သူမ၏ ခင်ပွန်းကိုလည်း ကျိတ်ပြီး အပြစ်တင်နေမိသည်။

ရုတ်တရက် သူမ ရပ်တန့်ကာ စိုက်ကြည့်လိုက်ပြီး ထိုပြည့်တန်ဆာမှု ပြစ်ဒဏ်ပေးစာကို မြင်လိုက်ရသောခဏတွင် သူမ ရူးသွပ်လုမတတ် အော်ဟစ်ချင်သွားသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာခဲ့၏။

ဟွမ်ကျန်းတမှာ အထက်တန်းကျောင်းမှ ဘွဲ့ရကတည်းက မူလတန်းကျောင်းဆရာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။

ယခု သူအသက် ၄၂ နှစ် ရှိပြီဖြစ်ပြီး ပညာရေးလောကတွင် အလုပ်လုပ်လာခဲ့သည်မှာ ၂၄ နှစ် ရှိပြီဖြစ်၏။ မြေဖြူမှုန့်များကို ၂၄ နှစ်တိုင်တိုင် ရှူရှိုက်ခဲ့ပြီး သားအဖနှစ်ဆက်တိုင်တိုင် စာသင်ကြားပေးခဲ့သော်လည်း တရား၀င်ရာထူး မရသေးပေ။

သူတို့၏ တစ်ဦးတည်းသောသားဖြစ်သူမှာ မြို့ပေါ်ရှိ အကောင်းဆုံးအထက်တန်းကျောင်းသို့ တက်ရောက်နေပြီး အတန်းထဲတွင် အမြဲတမ်းပထမရကာ ချင်းဟွာ သို့မဟုတ် ပေကျင်းတက္ကသိုလ်သို့ တက်ရောက်ရန် သေချာနေသူဖြစ်သည်။

သို့သော် ညစာသင်ချိန်အပြီး အိမ်အပြန်လမ်းတွင် ထရပ်ကားကြီးတစ်စီးက တိုက်သတ်သွားခဲ့လေသည်။

ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ကလေးလေးကိုလည်း ဆုံးရှုံးသွားခဲ့ရ၏။

အငြိမ်းစားယူခွင့် ရရှိစေမည့် တရား၀င်ရာထူးသည်သာ သူတို့၏ အိုမင်းမစွမ်းအချိန်အတွက် တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်လေသည်။

အမှားတစ်ခုခုကြောင့် တရား၀င်ရာထူး ဆုံးရှုံးသွားမည်ကို စိုးရိမ်သဖြင့် သူက အလွန်တရာသတိထား၍ နေထိုင်ရလေသည်။

ခေါင်းဆောင်များအပေါ် အထင်ကြီးလေးစားမှု ရရှိစေရန် သူက စာကို ကြိုးစားပမ်းစား သင်ကြားရုံသာမက ယာယီဆရာလစာလေးဖြင့် ကျောင်းအုပ်ကြီးမှသည် ညွှန်ကြားရေးမှူးအထိ၊ အားလပ်ရက်များတွင် ပညာရေးဗျူရိုသို့ပင် လက်ဆောင်များ ပေးရလေ၏။

သို့သော် တရား၀င်ရာထူးအတွက် အရည်အချင်းစစ်ဆေးမှုများ ကျလာတိုင်း ဟွမ်ကျန်းတ ဘယ်တော့မှ မပါခဲ့ပေ။ ခေါင်းဆောင်များ အမြဲတမ်းပြောလေ့ရှိသည်မှာ….

“ဆရာဟွမ်၊ နည်းနည်းလောက် ထပ်ကြိုးစားလိုက်ပါ၊ နောက်နှစ်တော့ ဆရာ သေချာပေါက် ရမှာပါ”

ထိုလင်မယားနှစ်ယောက်မှာ နိုင်ငံတော်နှင့် အစိုးရကို အပြစ်တင်ခဲ့ကြသည်။ ညတိုင်း ဟွမ်ကျန်းတမှာ စာမသင်ချင်လောက်အောင် ဒေါသထွက်လေ့ရှိသော်လည်း မနက်နိုးလာသောအခါ ကလေးများကို အားနာသဖြင့် သင်ခန်းစာမှတ်စုများအား ကိုင်ကာ ကျောင်းသို့ သွား‌ေမြဲပင်။

သို့သော် လွန်ခဲ့သော နှစ်နှစ်က ယန်ရှီရှန်းနှင့် ပြည့်တန်ဆာမှုဖြင့် အဖမ်းခံရဖူးသော ဟူရှောင်မေက မည်သို့လုပ်၍ တရား၀င်ရာထူး ရပိုင်ခွင့်ရှိနေသနည်း။

ဟုတ်ပေ၏။ ဟူရှောင်မေက ရနိုင်သည်။ အကြောင်းမှာ ပညာရေးဗျူရိုမှ ခေါင်းဆောင်သည် သူမ၏ရွာမှဖြစ်ပြီး သူတို့နှစ်ဦး ဆက်ဆံရေးကောင်းမွန်သောကြောင့်ပင်။

ဟွမ်ကျန်းတက မြေပဲနှင့် နို့ဘီစကစ်ကဲ့သို့သော လက်ဆောင်အသေးစားများကိုသာ ပေးနိုင်သော်လည်း ဟူရှောင်မေက တန်ဖိုးကြီးစီးကရက်များနှင့် အရက်များကို ပေးလေသည်။ သူက ဟူရှောင်မေကို မည်သို့မျှ မယှဉ်နိုင်ပေ။

ယောင်းမဟွမ်က ဟူရှောင်မေကို ရုတ်တရက် မေးလိုက်သည်။

“ရှောင်မေ၊ ပညာရေးဗျူရိုက ညွှန်ကြားရေးမှူးဟူက နင်တို့ တတိယအဖွဲ့က မဟုတ်ဘူးလား”

အမှန်ပင်၊ ဟူရှောင်မေက ညွှန်ကြားရေးမှူးဟူ၏ အိမ်မှ ယခုလေးတင် ပြန်လာခဲ့ခြင်းဖြစ်သည်။

သူမ၏နာမည်ကို ရှင်းလင်းရန် ပထမအဖွဲ့သို့ သွားရောက်ဖို့ရာ အရိပ်အမြွက် ပြောကြားခဲ့သူမှာ ညွှန်ကြားရေးမှူးဟူပင်။

…

ယောင်းမဟွမ်က စာအိတ်ကို ကိုင်ထားရင်း ပြောလိုက်သည်။

“ဒီစာကို ဟွမ်ကျန်းတရေးတာ အမှန်ပဲ၊ သူ့ကိုယ်စား ငါ တောင်းပန်ဖို့ လာခဲ့တာပါ၊ လာ၊ ညွှန်ကြားရေးမှူးဟူဆီ သွားကြရအောင်”

ဟူရှောင်မေက ပြန်ပြောလာသည်။

“တကယ်တော့ ဆရာဟွမ် ကြိုးစားရင် တရား၀င်ရာထူး ရနိုင်ပါသေးတယ်၊ တောင်းပန်စရာ မလိုပါဘူး၊ ညီမရဲ့ နာမည်ကို ရှင်းလင်းပေးဖို့ ဆရာဟွမ်ကို ကူညီခိုင်းပေးရင် ရပါပြီ”

သူမက ဉာဏ်မကောင်း၍မဟုတ်ဘဲ ‘ပြည့်တန်ဆာမှု အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးစာ’ တစ်စောင် ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သောကြောင့် ဖြစ်သည်။

ယောင်းမဟွမ်က ဟူရှောင်မေကို ဆွဲခေါ်ကာ အစ်မလျိုကို အော်ပြောလိုက်၏။

“အစ်မလျို၊ သွား၊ ဟွမ်ကျန်းတကို သွားခေါ်ချေ၊ ငါတို့ ရှောင်မေကို တောင်းပန်ဖို့ တတိယအဖွဲ့က ညွှန်ကြားရေးမှူးဟူအိမ်ကို သွားကြမယ်”

တစ်ယောက်က ဝင်ပြောလိုက်သည်။

“ဘာ၊ ယောင်းမဟွမ် ဘာဖြစ်သွားတာလဲ၊ မေ့လန်က တကယ်ပဲ ကမ်းကုန်တယ်၊ ဒီလိုတိုင်စာမျိုးကို ဟူရှောင်မေဆီ ပေးလိုက်ရတယ်လို့၊ ဟွမ်ကျန်းတက သူ့ကို မတရားခံရတယ်ထင်လို့ ရေးပေးခဲ့တာလေ၊ ဘယ်လိုလုပ်ပြီး ဟူရှောင်မေဆီ ပေးလိုက်ရတာလဲ၊ ဒီမိန်းမတွေက ဖြောင့်ဖြောင့်တန်းတန်းကို မတွေးတတ်ကြဘူး”

အခြားတစ်ယောက်ကလည်း ဆက်ပြော၏။

“သနားစရာ ဟွမ်ကျန်းတ၊ သူ စာသင်လာတာ ဒီလောက်နှစ်တွေ အကြာကြီးရှိနေပြီကို အခု ကောင်မလေးတစ်ယောက်ကို တောင်းပန်ဖို့ အတင်းအကျပ် ခိုင်းစေခံနေရတယ်တဲ့လား”

အချို့ကလည်း ပြောကြသည်။

“သွားကြည့်ရအောင်၊ ဘာတွေဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့”

မည်သို့ပင်ဆိုစေ လူအများမှာ ကိုယ်ချင်းစာစိတ် ရှိကြသည်။ ဟွမ်ကျန်းတမှာ အလွန်တရာ အနိုင်ကျင့်ခံနေရသည်ဟု ထင်နေကြ၏။

ဤအရာက ထောင်ချောက်တစ်ခုဖြစ်မှန်း မသိသော ဟူရှောင်မေမှာတော့ အလွန်အမင်း ပျော်ရွှင်နေလေသည်။

မည်သို့ပင်ဖြစ်စေ တရား၀င်ရာထူးရရေးနှင့် သူမ၏ နာမည်ကို ရှင်းလင်းရေးသည် သူမအတွက် အလွန်အရေးကြီးပေသည်။

ဤကမ္ဘာပေါ်တွင် စစ်မှန်သောအချစ်ဆိုသည်မှာ မရှိပေ။ ချန်မေ့လန်က အလွန်လှပပြီး အိမ်တွင် ကြိုးစားပမ်းစား အလုပ်လုပ်နေပါသော်ငြား ယန်ရှီရှန်းက ဖောက်ပြန်နေဆဲပင်။

အမျိုးသားများက အမျိုးသမီးများကို ရွေးချယ်ရာတွင် မည်မျှလှပသည်က အဓိကမဟုတ်ဘဲ သူမ၏ လူမှုအဆင့်အတန်း၊ လူမှုတန်ဖိုးနှင့် မည်မျှလိမ္မာရေးခြားရှိသည်တို့ကိုသာ အဓိကထားကြသည်။

ယန်ရှီရှန်းက မေ့လန်ကို ကွာရှင်းပြီး သူမအားလက်ထပ်ရန် ဆန္ဒရှိခဲ့ခြင်းမှာလည်း ဤအကြောင်းကြောင့်ပင်။

အစိုးရကျောင်းဆရာမ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူမက တုန်းဖန်မူလတန်းကျောင်းသို့ ပြောင်းရွှေ့ချင်ပြီးနောက် အကောင်းဆုံးဆရာမအဖြစ် အကဲဖြတ်ခံရကာ သူမ၏ လူမှုအဆင့်အတန်းကို ပိုမိုမြှင့်တင်လို၏ယ

ဤနည်းဖြင့်သာ ယန်ရှီရှန်းက သူမကို ဆက်လက်တန်ဖိုးထားနေမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျောင်းဆရာမဖြစ်သော ဇနီးတစ်ဦးမှာ ကျေးလက်သူတစ်ဦးထက် ပိုကြွားဝါစရာကောင်းသည်မဟုတ်လော။

နေမကောင်းချင်ယောင်ဆောင်နေသော ယန်ရှုန်းမှလွဲ၍ တစ်ရွာလုံးမှာ တတိယအဖွဲ့သို့ ဦးတည်သွားနေကြသည်။

ရွာကြီးလာပြီး လူဦးရေ တိုးပွားလာသည်နှင့်အမျှ အဖွဲ့များကြားတွင် ရှင်းလင်းသော နယ်နိမိတ်မျဉ်း မရှိတော့ပေ။ ပထမအဖွဲ့ အဆုံးသတ်သည်နှင့် တတိယအဖွဲ့ စတင်လေ၏။

နွေရာသီကျောင်းပိတ်ရက် ဖြစ်သော်လည်း ရုံးဖွင့်ရက်ဖြစ်ရာ ညွှန်ကြားရေးမှူးဟူမှာ အလုပ်တွင် ရှိနေသင့်သည်။

သူ အဘယ်ကြောင့် အိမ်တွင် ရှိနေသနည်း။

ဟူရှောင်မေက ယနေ့ လက်ဆောင်များ လာပေးမည်ဖြစ်သဖြင့် သူမကို စောင့်ဆိုင်းရန် သူက တမင်တကာ ခွင့်ယူထားခြင်းဖြစ်သည်။

မြို့စွန်တွင် လူအများစုမှာ လယ်ယာတစ်ဝက်၊ အလုပ်တစ်ဝက် လုပ်ကိုင်ကြသည်။ ညွှန်ကြားရေးမှူးဟူက ခရိုင်ပညာရေးဗျူရိုတွင် အလုပ်လုပ်သော်လည်း သူ၏ ဇနီးမှာ မြေပိုင်ဆိုင်သော တောင်သူတစ်ဦးဖြစ်သည်။ သူ အိမ်တွင်ရှိသော နေ့များ၌ အလုပ်လုပ်ရဆဲဖြစ်ပြီး ယခုအချိန်တွင် သူက နောက်ဖေးတွင်းမှ မစင်များကို ဂေါ်ပြားဖြင့် ကော်နေလေ၏။

All Chapters