အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀)
“ရဲဘော်၊ အမြင်ကျယ်တာပဲ၊ အခု စာချုပ်အတိုးနှုန်းက နိမ့်နေပေမဲ့ သေချာပေါက် ပြန်တက်လာမှာပါ၊ ယွမ် ၅၀၀ ဖိုးဝယ်ပြီး တစ်နှစ်လောက်ကိုင်ထားရင် ယွမ်ဆယ်ဂဏန်းလောက် မြတ်မယ်လို့ အာမခံပါတယ်”
ချန်မေ့လန်က ငွေအထပ်လိုက်ကြီး ကောင်တာပေါ်သို့ တွန်းပို့လိုက်ရင်း ပြောလိုက်သည်။
“ယွမ် တစ်သောင်းရှစ်ထောင်၊ အကုန်လုံးဝယ်ချင်တယ်”
ဘဏ်စာရေးမလေး၏ လက်များမှာ ငွေတွက်စက်သုံးနေစဉ် ပါကင်ဆန်ရောဂါရနေသည့်အလား တုန်ယင်နေလေ၏။
သူမက ချန်မေ့လန်ကို ငွေတိုက်စာချုပ်အထပ်လိုက်ကြီး ကမ်းပေးရင်း အထူးတလည် သတိပေးလိုက်သည်။
“အခု စိတ်ပြောင်းချင်ရင်တောင် ဒီနေ့ ပြန်ရောင်းလို့မရဘူးနော်၊ မနက်ဖြန်မှ ပြန်ရောင်းလို့ ရမယ်၊ နားလည်တယ်မလား'
သူမက ချန်မေ့လန် စိတ်ပြောင်းသွား၏ သူမ၏အရောင်းရမှတ် ထိခိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
မှင်နံ့လေး သင်းနေဆဲဖြစ်သော အသစ်စက်စက် ငွေတိုက်စာချုပ်အထပ်လိုက်ကြီးကို ကိုင်ထားရင်း ချန်မေ့လန်က အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်သည်။
အကယ်၍ အတိုးနှုန်းက ၉ ရာခိုင်နှုန်းလောက်သာ တက်သွားမည်ဆိုလျှင် သူမ ယွမ် ၂,၀၀၀ နီးပါး မြတ်နိုင်ပေမည်။
‘ဒါဆိုရင် ငါ ရေခဲသေတ္တာဖိုး ကျေသွားပြီပေါ့'
သူမ၏ အတိတ်ဘဝတွင် ကျောင်းတိကို သူမနှင့်အတူ အမြန်ဆုံး လာရောက်နေထိုင်နိုင်စေရန်အတွက် အစိုးရငွေတိုက်စာချုပ်များ၏အတက်အကျကို နေ့စဉ် အနီးကပ်စောင့်ကြည့်ခဲ့ဖူးသည်။
တိတိကျကျ မမှတ်မိသော်လည်း အကြမ်းဖျင်းအတက်အကျများကို သူမ မှတ်မိနေသေး၏။ နောက်ထပ် အရောင်းအဝယ် အနည်းငယ်ထပ်လုပ်ဖြစ်လျှင် သူမ ပိုပြီးမြတ်နိုင်ဦးမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် အိမ်အတွက် လေအေးပေးစက်တပ်ပြီး ရောင်စုံတီဗွီအကြီးကြီး ဝယ်လို့ရပြီမဟုတ်လော။
ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်ရေးမှာ ကိုယ်ပိုင်ငွေရှာနိုင်ခြင်းက အရေးပါသောခြေလှမ်းတစ်ခု ဖြစ်သည်။
ဤသည်က ချန်မေ့လန် ပထမဆုံးအကြိမ် ငွေရှာခြင်းဖြစ်သည်။ ငွေက လက်ထဲမရောက်သေးသော်ငြား ကိုယ့်ခွန်အားနဲ့ကို ငွေရှာနိုင်သည့်ခံစားချက်က တကယ့်ကို အံ့မခန်းကောင်းမွန်လှလေ၏။
ဈေးသို့ ပြန်ရောက်သောအခါ ဟင်းသီးဟင်းရွက်များ ဝယ်ရန်မလိုသော်လည်း ငရုတ်သီးခြောက်အနည်းငယ်ဝယ်ပြီး ဆိုင်ရှင်ကို ငရုတ်သီးမှုန့်ဖြစ်အောင် ကြိတ်ခိုင်းရန်လိုအပ်သည်။
နှမ်းက အမြဲတမ်း ဈေးကြီးပြီး ၅၀ ဂရမ်ကို ပြား ၃၀ ပေးရသည်။
၎င်းတို့ကို ချွေတာသုံးစွဲရပြီး အချိန်ကြာကြာထားပါက အနည်ထိုင်သွားတတ်သဖြင့် ချန်မေ့လန်က ၁၀၀ ဂရမ်သာ ဝယ်ယူလိုက်၏။
ပမာဏနည်းသော်လည်း ဤအရာမှာ ဆီပူလောင်းခေါက်ဆွဲ၏ အဓိကအနှစ်သာရပင်။
လှော်ထားသော နှမ်းပေါ်သို့ ဆီပူများ လောင်းချလိုက်သောအခါ ခေါက်ဆွဲပန်းကန်မှ ပိုမိုမွှေးပျံ့သောရနံ့များ ထွက်ပေါ်လာလေသည်။
သူမ အပြင်ထွက်သွားသည်မှာ နှစ်နာရီပင် မကြာသေးပေ။ အိမ်ထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် တီဗွီပိတ်ထားသည်ကို မြင်လိုက်ရပြီး ကလေးသုံးယောက်က အိမ်အမိုးအောက်တွင် တန်းစီထိုင်ကာ မြေကြီးထဲမှတူးဖော်ထားသော ဟင်းသီးဟင်းရွက်များကို ရွေးချယ်နေကြ၏။
ယန်ရှောင်ဝမ်မှာ အလုပ်လုပ်ရာတွင် သပ်ရပ်တိကျသူဖြစ်သည်။ မြေကြီးများကို သေချာ ခါချရုံသာမက ဟင်းသီးဟင်းရွက်များကို အစည်းသေးသေးလေးများ စည်းကာ ဝါဂွမ်းကြိုးဖြင့် သပ်ရပ်စွာ ချည်နှောင်ထားလေ၏။
သူက အနည်းငယ် ပြီးပြည့်စုံမှုကို လိုလားသူဖြစ်ပြီး ဟင်းသီးဟင်းရွက် အသေးလေးများအားလုံးကို မျှော်စင်ပုံစံ စီစီရီရီထပ်ထားလေသည်။
ချန်မေ့လန်က မေးလိုက်၏။
“သားတို့ ဘာလို့ တီဗွီမကြည့်ကြတာလဲ”
ရှောင်လန်လေးက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလေသည်။
“ဖေဖေက ပေးမကြည့်ဘူး”
မေ့လန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ယန်ကျောက်က တီဗွီကို ပိတ်လိုက်ပြီး ကလေးများကို တင်းမာသောအကြည့်ဖြင့် ကြည့်ကာ အပြင်ထွက်အလုပ်လုပ်ရန် ခိုင်းစေခဲ့သည်။
သူတို့ ဒေါသထွက်နေကြသော်လည်း စကားမပြောရဲဘဲ အလွန်အမင်းမတရားခံရသည်ဟုသာ ခံစားနေကြရသည်။
ချန်မေ့လန်က အကြံပြုလိုက်သည်။
“ဒီလိုလုပ်ရအောင်၊ ဒီဟင်းသီးဟင်းရွက်တွေက တစ်ထိုင်တည်း စားလို့ကုန်မှာမဟုတ်ဘူး၊ အပြင်ထွက်ပြီး ဆိုင်လေးခင်းပြီး ရောင်းလိုက်ကြပါလား”
အငယ်နှစ်ယောက်မှာ ကြောင်တောင်တောင် ဖြစ်နေကြဆဲဖြစ်သော်လည်း ယန်ရှောင်ဝမ်က ရုတ်တရက် ခုန်ထလိုက်သည်။
“အန်တီ၊ ကျွန်တော့်ကို ရောင်းခွင့်ပေး၊ နာရီဝက်အတွင်း အကုန်ရောင်းထွက်စေရမယ်လို့ အာမခံတယ်”
‘ဒီကောင်လေးက စီးပွားရေးလုပ်ရတာကို အရမ်းသဘောကျပြီး တကယ့်ကို ကိုယ်ပိုင်အကြံဉာဏ်လေးတွေ ရှိတဲ့သူလေးပဲ’
ဤခေတ်တွင် လူများက အရမ်းရိုးသားပြီး ပွင့်လင်းသည်ကို သူမ သိသည်။
ထို့အပြင် ညှိုးနေသည့် ဟင်းသီးဟင်းရွက်များက ရောင်းရမည်မဟုတ်သည်ကိုလည်း သူမ သိသဖြင့် အရွက်မျာူ လန်းဆန်းသွားအောင် ရေနည်းနည်းဖျန်းလိုက်လေစ။
ချန်မေ့လန်က သူတို့သုံးရန်အတွက် သူမ၏ဟင်းခြင်းတောင်းကိုပေးလိုက်ပြီး ကလေးများ လက်ချင်းတွဲကာ ထွက်သွားသည်ကိုကြည့်ရင်း ပြုံးလျက် မီးဖိုချောင်ထဲသို့ ဝင်သွားလေ၏။
…………
ပုံမှန်အားဖြင့် ယန်ကျောက်၏ မိသားစုက အခန်းတစ်ခန်းတွင် အိပ်မည်ဖြစ်ပြီး ချန်မေ့လန်နှင့် ကျောင်းတိတို့က အခြားအခန်းတစ်ခန်းတွင် အိပ်ကြမည် ဖြစ်သည်။
သို့သော် ယနေ့ညတွင် ကျောင်းတိက ဘေးအခန်း၌ ရှိနေပြီး သီချင်းဆိုလည်း အလွန်တော်လေသည်။
ညဉ့်နက်ချိန်တွင် သူမက ရေချိုးရင်း သီချင်းများ စတင်သီဆိုလေ၏။
‘သိုးကျောင်းသူလေး’ မှသည် ‘မေမေ့အိမ်သို့ အပြန်’၊ ထို့နောက် ‘တောင်ပေါ်က တောင်ဇလပ်ပန်းတွေ နီရဲနေပြီ’ အထိ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုနေလေသည်။
သူမ၏ အသံလေးမှာ ဓာတ်ပြားစက်ထဲမှ တကယ့်အဆိုတော်ပေါက်စလေးတစ်ဦးအလား ချိုမြိန်လှသည်။
သူမက ရေချိုးဇလုံကြီးထဲတွင် ဟောက်နေပြီဖြစ်သော ရှောင်လန်လေးကို ရေချိုးပေးရင်း သီချင်းဆိုနေခြင်းဖြစ်၏။ ရေချိုးပြီးနောက် သူတို့နှစ်ဦး အတူတကွ အိပ်ရာထဲသို့ ဝင်သွားကြလေသည်။
သူတို့ အိပ်ပျော်သွားပြီးနောက် ချန်မေ့လန်သည် သူမ၏ ကိုယ်ပိုင်အိပ်ခန်းထဲတွင် ကိုယ်လက်သန့်စင်ပြီး ရေချိုးလိုက်လေသည်။
ကန်းကုတင်ပေါ်တွင် အိပ်ပျော်နေသော ကျောင်းတိလေးကိုကြည့်ရင်း သူမ ငွေများအား တွက်ချက်နေလေ၏။ မည်သည့်ခေတ်တွင်မဆို ပြင်ပသင်တန်းများအတွက် ငွေကုန်ကြေးကျရှိလေသည်။
ကျောင်းတိလေး သီချင်းဆို အရမ်းကောင်းသဖြင့် သူမအတွက် ဆရာကောင်းတစ်ဦး ရှာပေးရန် ငွေအမြန်ရှာရပေမည်။
သို့သော် ဤကိစ္စများကို ယန်ကျောက်အား ပြောပြရန် သူမ မရည်ရွယ်ထားပေ။
အမျိုးသားများ၏သဘာဝကို ချန်မေ့လန် အလွန်ကောင်းစွာ နားလည်ထားသည်။ ဥပမာ-
ဥပမာ- လုကျင်းယွီကို ကြည့်နိုင်ပေ၏။ သူမက အစိုးရငွေတိုက်စာချုပ်များဝယ်ရန် အကြံပေးပြီး ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာချိန်တွင် သူက သူမကို ကံကောင်းစေသော ဇနီးလေးဟု ချီးကျူးခဲ့သည်။ သို့သော် သူမအတွက် အနည်းငယ်ဝယ်ပေးရန် အကြံပြုသောအခါ သူက ပြုံးကာပြောခဲ့၏။
“မိန်းမတွေက ရိုးရိုးအေးအေးနေတာ ပိုကောင်းတယ်၊ မေ့လန်၊ မင်းကို ငါအချစ်ဆုံးအရာက မင်းရဲ့ လိမ္မာရေးခြားရှိမှုပဲ၊ ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲပါနဲ့၊ ရိုးသားပြီး တာဝန်သိတဲ့မိန်းမတွေက အချစ်ခံရဆုံးပဲ၊ နားလည်လား၊”
ထိုအချိန်မှစ၍ အမျိုးသားများသည် အမျိုးသမီးများ ငွေရှာသည်ကို မနှစ်သက်ကြောင်း မေ့လန်သိရှိခဲ့ရသည်။
ရုတ်တရက် ကျောင်းတိလေးက မျက်လုံးပွင့်လာပြီး ခေါင်းအုံးအောက်မှ ပြား ၄၀ ကို ဆွဲထုတ်ကာ ပြောလိုက်၏။
“မေမေ၊ ဒီနေ့ မုန်ညင်းထုပ် လေးစည်းရောင်းရလို့ ၄၀ ပြား မြတ်တယ်၊ သမီးဆီမှာ အကုန်ရှိတယ်”
ချန်မေ့လန် ခေတ္တမျှ မှင်တက်သွားပြီး ယန်ရှောင်ဝမ်က တော်တော်ထူးခြားသည်ဟု တွေးလိုက်မိသည်။
မည်သို့ပင်ဆိုစေ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးအများစုမှာ ငွေကြေးနှင့်ပတ်သက်၍ အသိအမြင်မရှိကြသော်လည်း ယန်ရှောင်ဝမ်ကတော့ ငွေကို အလွန်နှစ်သက်သူဖြစ်၏။
ဟင်းသီးဟင်းရွက် ရောင်းရငွေကို သူကိုယ်တိုင် သိမ်းထားသင့်သည် မဟုတ်လော။ အဘယ်ကြောင့် ကျောင်းတိကို ပြန်ပေးရသနည်း။
သူက စည်းကမ်းရှိရုံသာမက လောဘလည်း မကြီးပေ။
အနည်းဆုံးတော့ သူက လူကြီးပေါက်စလေးတစ်ယောက်ပင်။
'ဒါပေမဲ့ အတိတ်ဘဝတုန်းက ကျိုးရွှယ်ချင်းက ဘာလို့များ သူ့အကြောင်းကို အဲဒီလောက်ခါးခါးသီးသီး အမြဲပြောနေခဲ့ရတာလဲ၊ ဒီကလေးက အနာဂတ်မှာ ခွင့်လွှတ်လို့မရတဲ့အရာတွေ ဘာတွေများ လုပ်ခဲ့လို့လဲ'
အခြားအခန်းထဲတွင်တော့ ထိုအနာဂတ်သူပုန်လေးမှာ အိပ်ရာထဲတွင် လှဲနေပြီး နားရွက်များစွင့်ကာ မျက်လုံးများက မီးသီးများအလား ဝိုင်းစက်နေ၍ သူ၏ဖခင် အဝတ်အစားလဲသည်ကို ကြည့်နေလေသည်။
ဘေးအခန်းမှ သီချင်းသံများ ရပ်တန့်သွားပြီဖြစ်သော်လည်း ရေကျသံကိုတော့ ကြားနေရဆဲဖြစ်၏။
သူ၏ဖခင်က ဘေးအခန်းမှ ရေသံကို နားစွင့်နေသည့်အလား နားစောင်းကာ အဝတ်အစားများကို အလွန်ဖြည်းညင်းစွာ ချွတ်နေသည်။ သူ၏ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
သူ၏မျက်နှာမှာ နီရဲနေပြီး ကြွက်သားများ တင်းမာနေကာ ယခင်က သူ့မိခင်နှင့် ရန်ဖြစ်ပြီး ဒေါသထွက်နေသည့်အချိန်ကအတိုင်းပင်။
ရုတ်တရက် ရေသံရပ်တန့်သွားပြီး သူ၏ဖခင်လည်း အသက်ရှူရပ်သွားသည့်အလား ရပ်တန့်သွားသည်။
‘သူ ဒေါသမထွက်တော့ဘူးလား’
ယန်ရှောင်ဝမ်က သတ္တိမွေးကာ အသံတိုးတိုးဖြင့် မေးလိုက်သည်
“ဖေဖေ၊ သားအိပ်မပျော်ဘူး၊ သားကိုလည်း သီချင်းတစ်ပုဒ်လောက် ဆိုပြလို့ရမလား”
ယန်ကျောက်က ခေါင်းကို ဆတ်ခနဲလှည့်လိုက်၏။
သူ၏မည်းနက်သော မျက်လုံးများက သားဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
ယန်ကျောက်က မေးလိုက်သည်။
“ငါက သီချင်းမဆိုတတ်ဘူး၊ မင်း ထလာခဲ့လေ၊ ဒိုက်ထိုးဖို့သင်ပေးမယ်၊ ဘယ်လိုလဲ”
ယန်ရှောင်ဝမ်က ချက်ချင်းပင် စောင်အောက်သို့ တိုးဝင်သွားလေ၏။
သူတို့ အတူတကွဖြတ်သန်းခဲ့ရသော အကြိမ်အနည်းငယ်တွင် ယန်ရှောင်ဝမ်က ညဘက်အိပ်မပျော်ဘူးဟု ပြောတိုင်း ယန်ကျောက်က သူ့အား ဒိုက်ထိုးခိုင်းလေ့ရှိသည်။
အစပိုင်းတွင် ယန်ရှောင်ဝမ်က ပျော်စရာကောင်းသည်ဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ဖခင်က ဒိုက်ကို အဆုံးအစမရှိထိုးနိုင်ပြီး အတူတူထိုးပါက သူ ပင်ပန်းလွန်းလှကြောင်း သဘောပေါက်သွားခဲ့သည်။
ယန်ကျောက်က ထပ်ပြောလာပြန်၏။
“ထ၊ ဒိုက်ထိုးကြမယ်”
ယန်ရှောင်ဝမ်က စောင်အောက်တွင် ခေါင်းဝှက်ထားလိုက်သည်။
“ရှူး... ဖေဖေ၊ သားအိပ်ပျော်သွားပြီ”
တကယ်တော့ ယန်ရှောင်ဝမ် နောက်ဆုံးအကြိမ် ဤဖခင်ကို မြင်တွေ့ခဲ့ရစဉ်က သူသည် အသက်သုံးနှစ်ခွဲသာ ရှိသေးပြီး ဖခင်၏ရုပ်ရည်ကို မမှတ်မိတော့ပေ။ ပြီးခဲ့သည့်လက ဖခင်ဖြစ်သူ စစ်တပ်မှ ထွက်လာချိန်မှသာ ယန်ရှောင်ဝမ် သူ့ကို ပြန်လည်တွေ့ခဲ့ရခြင်းဖြစ်သည်။
သူ အိမ်ပြန်ရောက်နေသည်မှာ လဝက်ခန့်ရှိပြီဖြစ်ပြီး နေ့တိုင်း မိခင်ဖြစ်သူက သူ့ကို ရန်တွေ့ကာ ပြဿနာရှာလေ့ရှိသည်။
သူက ဘယ်တော့မှ ပြန်မရိုက်သလို အော်လည်း မအော်ပေ။
ယန်ကျောက် အမြဲတမ်း ယခုအတိုင်း ရပ်နေတတ်ပြီး မျက်နှာက မှုန်ကုပ်နေကာ မလှုပ်မယှက်ဘဲ ကျိုးရွှယ်ချင်းကို အေးစက်စက် စိုက်ကြည့်နေတတ်၏။
သူနှင့် အတူအိပ်ရသည်မှာ ယန်ရှောင်ဝမ်အတွက် တကယ်ကို နေမထိထိုင်မသာ ဖြစ်စေသည်။
ဘေးအခန်းမှာတော့ ရှောင်လန်လေးတစ်ယောက် သေချာပေါက် အိပ်မောကျနေလောက်ချေပြီ။