အခန်း ၄၃
Vol. 5 Ch. 43
အခန်း (၄၃)
ချန်မေ့လန် ရှာဖွေတွေ့ရှိလိုက်သောအမျိုးသားမှာ အမှန်တကယ်ပင် ယန်ကျောက် ဖြစ်နေသည်လော။
သူမသည် ပညာအရည်အချင်းနိမ့်ကျကာ ယဉ်ကျေးမှုမရှိသည့်အပြင် စကားအပြောအဆို ကြမ်းတမ်းပြီး ခက်ထန်သောကိုယ်ရည်ကိုယ်သွေးရှိသည့် တောသူမလေးတစ်ဦးသာ ဖြစ်လေ၏။
ယန်ကျောက်က မျက်စိကွယ်နေလေခြင်ူလော။
‘သူက တကယ်ကြီး သူမကို လက်ထပ်ပေါင်းသင်းလိုနေတာလား’
ယန်ရှီရှန်း၏ ဦးနှောက်မှာ တစ်ခဏမျှ အလုပ်မလုပ်နိုင်လောက်အောင် ရှုပ်ထွေးသွား၇သည်။
သူ အရက်မူးပြီး စိတ်တိုနေချိန်တွင် ကျောင်းတိကို နှစ်ချက်ခန့် ကန်ကျောက်မိရုံမျှဖြင့် ချန်မေ့လန်က အဘယ်ကြောင့် သူ့ကို ကွာရှင်းပြတ်စဲချင်ရသနည်းဟူသော အချက်ကို သူ နားမလည်နိုင်ခဲ့သကဲ့သို့ပင်။
ဤမျှ သေးငယ်လှသော ကိစ္စလေးတစ်ခုအတွက် ထိုမျှလောက်အထိ အစွန်းရောက်ရန် လိုအပ်သည်လော။
သို့သော် ယခုအချိန်တွင် ထိုအရာများမှာ အရေးမကြီးတော့ပေ။ အရေးကြီးဆုံးအချက်မှာ သူနှင့် ချန်မေ့လန်တို့ ကွာရှင်းပြတ်စဲလိုက်ခြင်းကြောင့် သူ၏ မိသားစုပိုင် အိမ်ဟောင်းကြီးမှာ ယခုအခါ ယန်ကျောက်၏လက်အောက်သို့ ကျရောက်သွားပြီဟူသော အချက်ပင်ဖြစ်သည်။
‘သွားသေလိုက်’
သူသည် ယခင်က မြေရှင်ကြီးတစ်ဦး၏ သားဖြစ်ခဲ့ပြီး ယန်ကျောက်၏ မိသားစုမှာမူ မျိုးဆက်သုံးဆက်တိုင်တိုင် ဆင်းရဲမွဲတေခဲ့သော အစစ်အမှန် တော်လှန်ရေးသမားများသာ ဖြစ်လေသည်။
ငယ်ရွယ်စဉ်ကာလကတည်းက ယန်ရှီရှန်းသည် ယန်ကျောက်နှင့် သူ့ညီအစ်ကိုများ၏ ဖိနှိပ်အနိုင်ကျင့်မှုကို ခံစားခဲ့ရသူဖြစ်၏။
ယခုအခါ ယန်ကျောက် မိမိ၏နေအိမ်တွင် နေထိုင်ကာ မိမိ၏ ဇနီးဟောင်းနှင့် အတူအိပ်စက်ပြီး မိမိ၏ ကလေးများကိုပါ ရိုက်နှက်ဆုံးမချင်နေသည်လော။ သူ လုံးဝ လက်သင့်ခံနိုင်မည်မဟုတ်ပေ။
သို့သော် ရင်တွင်း၌ ဒေါသအမျက်များ မည်မျှပင် ထောင်းထောင်းထနေပါစေ ယန်ကျောက်ဟူသည် လောင်ရှန်းစစ်မျက်နှာပြင်တွင် ရဲဝံ့စွာ တာဝန်ထမ်းဆောင်ခဲ့သော တပ်ရင်းမှူးအဆင့်ရှိ အရာရှိတစ်ဦးဖြစ်၏။ သူသည် သာမန်ရွှေ့ပြောင်းအလုပ်သမားတစ်ဦး လုံးဝမဟုတ်ပေ။
ဟူရှောင်ဟွာသည် ဂေါ်ပြားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ရှေ့သို့ ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေသော်လည်း ယန်ရှီရှန်းက နောက်လှည့်ကာ သူ့အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
“မြန်မြန်သွားပြီး ကျောက်မီးသွေးတွေချစမ်း”
ဟူရှောင်ဟွာက နားမလည်နိုင်စွာဖြင့် ပြန်မေးလာ၏။
“ယောက်ဖ၊ အဲဒီယောက်ျားက”
ယန်ရှီရှန်းက အသံကို ပိုမိုမြှင့်တင်ကာ ဟောက်လိုက်သည်။
“ထွက်သွားစမ်း၊ အဲဒါ ငါ့အစ်ကိုကွ”
သူ၏ မျက်နှာထက်တွင် အတင်းအကျပ်ဖန်တီးထားသော အပြုံးတစ်ခုကို ဆင်မြန်းကာ ရှေ့အြန်လှည့်လာရင်း စီးကရက်တစ်လိပ်ကိုပင် ကမ်းပေးလိုက်သေးသည်။
လူစုကွဲသွားပြီး ကျောက်မီးသွေးကွင်းဆီသို့ ပြန်လည်ထွက်ခွာသွားသော အလုပ်သမားများကို လက်ညှိုးထိုးပြရင်း ယန်ရှီရှန်းက ရင်းနှီးဟန်ဖြင့် ဆိုလိုက်၏။
“ငါက ဒီကနေ ဖြတ်သွားရင်း ကျောက်မီးသွေးလာချတာမို့လို့ လမ်းကြုံဝင်ကြည့်တာပါ၊ ယန်ကျောက်၊ မတွေ့ရတာတောင်ကြာပြီနော်”
ယန်ကျောက်က စီးကရက်ကို လှမ်းယူခြင်းမပြုဘဲ အိမ်တံခါးကို ဖွင့်ပေးရင်း ဖိတ်ခေါ်လိုက်သည်။
“လာလေ ဝင်ထိုင်ပါလား”
ဤနေရာသည် ယခုအခါ သူ၏ကိုယ်ပိုင်အိမ်ရာ ဖြစ်လာခဲ့ချေပြီ။
ယန်ကျောက်သည် စစ်တပ်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လာပြီးနောက် ရဲတပ်ဖွဲ့အတွင်းသို့ ဝင်ရောက်မည်ဟု ကြားခဲ့ဖူးသည်ကို ယန်ရှီရှန်း ရုတ်တရက် သတိရသွားသည်။
သူက စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်ရင်း ပြုံးရွှင်စွာ မေးမြန်းလိုက်၏။
“ခင်ဗျား ပြောင်းလာတယ်လို့ ကြားတယ်၊ ဘယ်ဌာနမှာလဲ”
ရဲအရာရှိငယ်တစ်ဦးမျှသာ ဆိုလျှင်မူ ယန်ရှီရှန်းသည် ရဲဌာနအတွင်း၌ အဆက်အသွယ်များစွာ ရှိထားပြီးဖြစ်သဖြင့် သူ့ကို အနည်းငယ်မျှပင် ကြောက်ရွံ့မည်မဟုတ်ပေ။
ယန်ကျောက်က စီးကရက်ကို မယူသေးဘဲ တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
“ကျင်းတုန်း ခရိုင်ရုံးခွဲ၊ စုံစမ်းစစ်ဆေးရေးနဲ့ ကင်းလှည့်ရေးတာဝန်”
ယန်ရှီရှန်း၏ ဒူးများမှာ ရုတ်တရက် အားအင်ကုန်ခမ်းသွားသကဲ့သို့ ခွေယိုင်သွားတော့သည်။
စုံစမ်းစစ်ဆေးရေးနှင့် ကင်းလှည့်ရေးတပ်ဖွဲ့ဟူသည် လမ်းမများ၊ စက်ရုံအလုပ်ရုံများနှင့် မိုင်းတွင်းများအားလုံးကို အဓိက တာဝန်ယူရပြီး လက်အောက်ခံ ရဲစခန်းအားလုံးကိုပါ ကြီးကြပ်ကွပ်ကဲရသော ဌာနဖြစ်၏။
ဤသည်မှာ သူ၏လုပ်ငန်းများအတွက် အကြီးမားဆုံးသော အားနည်းချက်ကြီးတစ်ခု ဖြစ်နေသည်။
မြို့တော်ရဲဌာနချုပ်တွင်ပင် ယန်ရှီရှန်းကို နောက်ကွယ်မှ ကာကွယ်စောင့်ရှောက်ပေးမည့်သူများ ရှိသော်ငြားလည်း ယန်ကျောက်မှာ အခြားသော ရဲအရာရှိများနှင့် လုံးဝမတူညီပေ။
သူသည် ငယ်ရွယ်စဉ်ကတည်းက ပြဿနာရှာရန် ဝန်မလေးသူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူဖြစ်သည်။
ယန်ရှီရှန်းက သူ့လူများကို မြန်မြန်ဆုတ်ခွာရန် လက်ဝှေ့ယမ်းပြလိုက်ရင်း ပြောလိုက်၏။
“မင်းတို့တွေ အလုပ်ဆက်လုပ်ကြဦး၊ ငါတို့ညီအစ်ကိုတွေ နောက်တစ်နေ့မှ အေးဆေး၀င်ထိုင်ကြတာပေါ့”
ဟူရှောင်ဟွာမှာ အခြေအနေကို နားမလည်သေးဘဲ ဝင်ရောက်ပြောဆိုလေ၏။
“ယောက်ဖ၊ ကျွန်တော်တို့ကိစ္စ ပြောလို့မပြီးသေးဘူးလေ”
ယန်ရှီရှန်းက သူ၏ ဒေါသအားလုံးကို ဟူရှောင်ဟွာအပေါ်သို့ ပုံချကာ အော်ဟစ်လိုက်သည်။
“မင်းက ဘယ်သူ့ကို ယောက်ဖလို့ ခေါ်နေတာလဲ၊ မင်းယောက်ဖက ဘယ်သူလဲ၊ ထွက်သွားစမ်း”
သေချာသည်မှာ သူသည် ထိုအိမ်ကြီးကို ပြန်လည်ရယူလိုသေးသည်။ သို့သော် ယခုလေးတင် ဖြစ်ပျက်သွားသောအရာမှာ အသေးအဖွဲ ပွတ်တိုက်မှုလေးတစ်ခုသာ ဖြစ်သည်။
ဤအိမ်ကို ပြန်လည်ရယူရန်မှာ အလွန်ကြီးမားခက်ခဲသော ပြဿနာကြီးတစ်ခုဖြစ်ကြောင်းကို ယခုမှသာ ယန်ရှီရှန်း အမှန်တကယ် သဘောပေါက်သွားတော့၏။
သူ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်ကျန်စီးကရက်တိုကို မြေကြီးပေါ်သို့ ပစ်ချကာ ခြေဖဝါးဖြင့် ကြေမွသွားသည်အထိ နင်းခြေလိုက်သည်။
ဤအိမ်ကို သူ မည်သည့်နည်းဖြင့်မဆို ပြန်လည်ရယူရမည်ဟူသော လောဘစိတ်များက ရင်တွင်း၌ လှိုက်တက်လာ၏။
ထိုလူအုပ်ကြီး ရွာအတွင်းမှ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် ယန်ကျောက်သည် မိမိ၏ လုပ်လက်စအလုပ်များကို ဆက်လက်လုပ်ကိုင်လေသည်။ ကလေးငယ်များမှာလည်း နှုတ်ခမ်းလေးများစူကာ အိမ်တွင်းသို့ ပြန်လည်ဝင်ရောက်လာကြ၏။
ဤထမင်းဝိုင်းတွင် ကလေးများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်ခြင်း မရှိကြတော့ပေ။
အစ်မမော် ဦးဆောင်သော ရွာအတွင်းရှိ အမျိုးသမီးတစ်စုမှာမူ ယန်ကျောက်နှင့် ယန်ရှီရှန်းတို့ ရန်ပွဲဖြစ်ပွားကြမည်ကို စိုးရိမ်ပူပန်နေခြင်းမဟုတ်ပေ။
အမြဲတစေ ခက်ထန်သောမျက်နှာထားရှိသည့် ယန်ကျောက်သည် ထိုမျှလောက် မာနကြီးမားသော ယန်ရှီရှန်းကို မြင်တွေ့ပြီးနောက်တွင် စိတ်ပြောင်းသွားကာ ချန်မေ့လန်နှင့် စကားများပြီး သူမအား စွန့်ပစ်သွားမည်ကိုသာ အလွန်အမင်း စိုးရိမ်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် မုန်ညင်းဖြူ လာရောက်ဝယ်ယူမည်ဟူသော အကြောင်းပြချက်ကို အသုံးချကာ သူမထံသို့ လာရောက်စုံစမ်းကြလေ၏။
အစ်မမော်က ရှေ့ဆောင်လမ်းပြကာ အမျိုးသမီးအနည်းငယ်သည် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာကြသည်။
သူတို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် လတ်ဆတ်သော လေပြည်ညင်း ဟူသော စကားစု၏ အဓိပ္ပာယ်ကို သူတို့ မသိရှိကြသော်ငြားလည်း မေ့လန်၏နေအိမ်လေးမှာ ဖုန်တစ်မှုန်မျှမရှိအောင် သန့်ရှင်းသပ်ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။
ပြတင်းပေါက်မှန်များအားလုံးမှာ ပြောင်လက်တောက်ပနေပြီး ဘိလပ်မြေခင်းထားသော ခြံဝင်းကျယ်ကြီးမှာ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့ပြောင်လက်နေကာ ပေါင်းပင်တစ်ပင်မျှပင် ရှာမတွေ့နိုင်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မြင်တွေ့ခဲ့ရသည့် ညစ်ထေးဟောင်းနွမ်းနေသော ပုံစံနှင့် လုံးဝကို ကွာခြားသွားပြီဖြစ်သည်။
ခြံဝင်းလေးမှာ အလွန်အမင်း သန့်ရှင်းလှပလွန်းနေသဖြင့် လာရောက်သူ အမျိုးသမီးများအားလုံးမှာ ကိုယ့်ကိုယ်ကို ရှက်ရွံ့သွားကြ၏။
အစ်မမော်က ဆယ်ပြားစေ့ကို ဦးစွာထုတ်ပေးလိုက်ပြီး မုန်ညင်းဖြူတစ်စည်း လှမ်းယူကာ မေ့လန်ကို အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
“မေ့လန်၊ ယန်ကျောက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများတွေးနေသေးလဲ”
ချန်မေ့လန်က နူးညံ့စွာပြုံးပြရင်း ပြန်ဖြေလိုက်၏။
“မပူပါနဲ့ အစ်မမော်ရယ်၊ သူ အဆင်ပြေပါတယ်”
ယန်ကျောက်၏ ရင်တွင်း၌ အမှန်တကယ် မည်သို့တွေးတောနေမည်ကို ချန်မေ့လန် မသိရှိနိုင်သော်လည်း မိမိ၏စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်သောအရာများကို မက်မောခြင်းမပြုသင့်ကြောင်းကိုမူ သူမ ကောင်းကောင်း သိရှိထားသည်။
ယန်ကျောက်၏ဖခင်မှာ မြို့တော်ကြီးတွင် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးဖြစ်သဖြင့် ယုတ္တိကျကျ တွေးတောကြည့်မည်ဆိုလျှင် သူသည် မြို့တော်သို့သာ ပြောင်းရွှေ့သွားသင့်သည်မဟုတ်လော။
သို့သော် သူမ၏ အတိတ်ဘဝကာလများကမူ ကျင်းတုန်းလမ်းတဝိုက်ရှိ အခြေအနေများမှာ အလွန်ထူးဆန်းကြောင်း အခြားသူများ၏ ပြောစကားများကို သူမ ကြားခဲ့ဖူးသည်။
ထိုဒေသတွင် ခေါင်းဆောင်အဖြစ် တာဝန်ယူရသူတိုင်းသည် ရာထူးမှ ကျဆင်းသွားခြင်း သို့မဟုတ် အမှားအယွင်း တစ်စုံတစ်ရာနှင့် ကြုံတွေ့ရလေ့ရှိ၏။
ယန်ကျောက် တစ်ဦးတည်းသာလျှင် ထိုနေရာတွင် အချိန်အကြာဆုံး အလုပ်လုပ်ကိုင်ခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူသည် မိမိ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဤနေရာ၌သာ ဆက်လက်ရပ်တည်လိုဟန်ရှိသည်။
ကျင်းတုန်း ခရိုင်ရုံးခွဲသည် ယန်ကွမ်းရွာနှင့် ဘတ်စ်ကားမှတ်တိုင် နှစ်ခုစာခန့်သာ ကွာဝေးပြီး ယန်ကွမ်းရွာတွင်မူ သူမပိုင်ဆိုင်သော ခြံကျယ်ကြီးတစ်ခြံ ရှိနေသည်။
ထို့ကြောင့် သူက သူမကို လက်ထပ်ရခြင်း၏အဓိက အကြောင်းရင်းမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် တိုက်ဆိုင်မှုတစ်ခုသက်သက်သာ ဖြစ်နိုင်ပေသည်။
သူက ဤဒေသတွင် အခြေချနေထိုင်လိုနေသဖြင့် ယန်ရှီရှန်းအား ကိုင်တွယ်ဖြေရှင်းရန် ကိုယ်ပိုင်နည်းလမ်းကောင်းများကို သေချာပေါက် ရှာဖွေတွေ့ရှိမည်သာဖြစ်၏။
ထို့ကြောင့် ဤကိစ္စရပ်အတွက် သူမ လုံးဝ စိုးရိမ်ပူပန်နေခြင်းမရှိပေ။
အမျိုးသမီးတစ်စုမှာ တံခါးဝတွင် စုပြုံနေကြပြီး အားလုံး၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာနေကြသည်။
သူတို့ထဲမှ အများစုမှာ ယန်ကျောက်ကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးကြခြင်းဖြစ်ပြီး သူက ရေချိုးခန်းအတွင်း၌ ရှိနေသောကြောင့် အားလုံးက ထိုနေရာဆီသို့သာ မျက်တောင်မခတ်တမ်း ငေးမောကြည့်ရှုနေကြသည်။
ထိုအချိန်တွင် ယန်ကျောက်သည် တံမြက်စည်းတစ်ချောင်းကို ကိုင်ဆောင်လျက် ရေချိုးခန်းအတွင်းမှ ပြန်လည်ထွက်ပေါ်လာပြီး တံမြက်စည်းရိုးပေါ်တွင် ပလတ်စတစ်အိတ်ငယ်တစ်လုံးကို ချိတ်ဆွဲထားလေ၏။