အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇)
အချိန်အတော်ကြာ အားထုတ်ရုန်းကန်ပြီးနောက်တွင် ယန်ရှီရှန်းက နောက်ဆုံးတွင် ခက်ခဲစွာ စကားဆိုလာ၏။
“ယန်ကျောက်၊ ဒါကိုတော့ ငါ သဘောတူပါတယ်၊ ဒါပေမယ့် ဒီနေ့ ငါ ပထမအဖွဲ့ဆီသွားတော့ မင်းရဲ့ ဇနီးဟောင်း ကျိုးရွှယ်ချင်းက မင်းအိမ်မှာ တခြားယောက်ျားတစ်ယောက်နဲ့ အတူနေနေတာကို တွေ့ခဲ့တယ်၊
မင်းက တကယ်ပဲ ကိစ္စမရှိဘူးဆိုရင်၊ ငါလည်း ကိစ္စမရှိပါဘူး”
ယန်ကျောက်၏ မျက်နှာထားမှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏အသံမှာလည်း ယခင်ကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သော်ငြား ယန်ယုံးကမူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။
ဝဋ်လည်ခြင်းပင်။
သူက ယန်ရှီရှန်း၏ခြံကို လာရောက်သိမ်းပိုက်ခဲ့ပြီး ကျိုးရွှယ်ချင်းကမူ သူ၏နေအိမ်တွင် လာရောက်နေထိုင်ရန် အခြားအမျိုးသားတစ်ဦးကို ခေါ်ဆောင်လာခဲ့၏။
ခြံဝင်းအတွင်းရှိ ယောက်ျားသားများ၊ လူကြီးလူငယ်အားလုံးကသာ ယန်ရှီရှန်းနှင့် ယန်ကျောက်တို့ နှစ်ဦးလုံး၏ မှုန်ကုပ်ကုပ် မျက်နှာထားများကို မမြင်တွေ့ရပါက အူတက်မတတ် အော်ဟစ်ရယ်မောမိကြမည်မှာ သေချာလှသည်။
ဤအရာသည် အရမ်းကို ယုတ္တိမတန်သလို တကယ့်လညါး အဓိပ္ပာယ်မဲ့လွန်းလှ၏။
သို့သော် သူတို့၏ အသက်အရွယ်နှင့် ဂုဏ်သိက္ခာများအရ ရယ်မောချင်နေလျှင်ပင် ရယ်ချင်စိတ်ကို အစွမ်းကုန် အောင့်အည်းထားရလေသည်။
ယန်ကျောက်က သူ၏တည်ကြည်ခန့်ညားသော ဟန်ပန်ကို ဆက်လက်ထိန်းသိမ်းထားပြီး အသံမှာလည်း အေးချမ်းတည်ငြိမ်နေဆဲပင်။
“ငါ လုံး လုံ၀ဂရုမစိုက်ဘူး”
သူက ဂရုမစိုက်ဘဲ နေနိုင်ပေ၏။ သို့သော် နေအိမ်အတွင်း၌မူ ယန်ရှောင်ဝမ်လေးက အသားညှပ်ပေါက်စီကို ကောက်ကိုင်လိုက်သည့် အချိန်၌ပင် သူ၏မိခင်အရင်းဖြစ်သူက ပထမအဖွဲ့တွင် နေထိုင်နေသည်ဟူသော စကားကို ကြားလိုက်ရသည်။
သူ၏ ရင်တွင်း၌ ဆို့နင့်ကာ နာကျင်မှုကြောင့် မျက်ရည်ပူများက သူ၏အသားညှပ်ပေါက်စီပေါ်သို့ တစ်ပေါက်ပေါက် ကျဆင်းသွားတော့၏။ ငန်ကျိကျိ မျက်ရည်များက ပေါက်စီ၏ အရသာကိုပင် ခါးသက်သွားစေသည်။
‘အရမ်းသနားစရာကောင်းတဲ့ ကလေးငယ်လေး'
သူစီးထားသော ရော်ဘာဖိနပ်လေးများမှာ သန့်ရှင်းနေသော်ငြား အချိန်ကာလကြာမြင့်စွာ စီးနင်းထားရသဖြင့် ဖိနပ်အောက်ခံပြားများက ဖိနပ်ကိုယ်ထည်နှင့် ကွာဟနေသည်ကို ချန်မေ့လန် ယခုမှပင် သတိပြုမိလိုက်သည်။
သူ၏ မိခင်အရင်းဖြစ်သူက လုတာ့ပေါင်နှင့် လုအာနျိုတို့အတွက်မူ ဖိနပ်အသစ်စက်စက်များ ဝယ်ယူပေးထားကြောင်းကိုသာ ဤကလေးငယ် သိရှိသွားပါက သူ၏ နုနယ်သောနှလုံးသားလေး မည်မျှလောက်အထိ ကြေမွသွားမည်နည်း။
………
တစ်ဖက်တွင်မူ ယန်ရှီရှန်းက သူ၏မာနကို မြိုသိပ်ကာ သဘောထားကြီးဟန်ဆောင်လျက် ယန်ကျောက်၏ပခုံးကို ပုတ်ရင်း ဆိုလိုက်၏။
“ဒါဆိုလည်း အဆင်ပြေပါတယ်၊ တတိယဦးလေး၊ ရွာလူကြီး၊ ပါတီအတွင်းရေးမှူး၊ တုန်းဖန်အုပ်စုအဆောက်အအုံမှာ ကျွန်တော်ပိုင်တဲ့ တိုက်ခန်းတစ်ခန်း ရှိပါတယ်၊ ဒီအိမ်ကို ယန်ကျောက် ယူချင်လည်း ယူပါစေ၊ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်ရဲ့ အစ်ကိုကြီးပဲလေ”
ပါတီအတွင်းရေးမှူးဖြစ်သူ ယန်ရှုန်းက ဤကိစ္စရပ်ကို အဆုံးသတ်ပေးရန် စကားဆိုလာသည်။
“ယောက်ျားသားတွေအနေနဲ့ ရှီရှန်းနဲ့ ယန်ကျောက်တို့ဆီကနေ အတုယူသင့်တယ်၊ ဒါပေမယ့် ငါ စကားနှစ်ခွန်းလောက်တော့ ပြောပါရစေ၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒက ကောင်းမွန်ပေမယ့် လူငယ်တွေ အိမ်ထောင်ရေးအပေါ် ပေါ့ပေါ့ဆဆ သဘောထားလာကြတာက ပြဿနာကြီးတစ်ခုပဲ၊
ဖြစ်နိုင်ရင် ကိုယ့်ရဲ့ မူလအိမ်ထောင်ဖက်နဲ့ပဲ ခိုင်ခိုင်မြဲမြဲ ပေါင်းဖက်သင့်တယ်၊ အဆင်ပြေအောင်ကြိုးစားပြီး အတူတူဆက်နေကြပါ၊ အားလုံးပဲ ကွာရှင်းပြတ်စဲတာမျိုး မဖြစ်အောင် ကြိုးစားကြပါစို့လား”
လူအုပ်ကြားထဲမှ တစ်စုံတစ်ဦးက ချက်ချင်း ဝင်ရောက်ထောက်ခံ၏။
“မှန်တာပေါ့၊ ကွာရှင်းလိုက်ရင် တခြားလူတွေက ကိုယ့်ကလေးတွေကို ရိုက်နှက်ပြီး ကိုယ့်မိန်းမနဲ့ အိပ်ကြမှာပဲ၊ အဲဒီလိုအဖြစ်မျိုးကို ဘယ်သူက ကြည်ဖြူနိုင်မှာလဲ”
ဤသည်မှာ တမင်သက်သက် ထိုးနှက်ပြောဆိုလိုက်ခြင်းမဟုတ်လော။
ဖေးရှန်ထက်ပင် ပိုမိုချောမောခန့်ညားသော ယန်ရှီရှန်း၏ မျက်နှာမှာ ဝက်သည်းကဲ့သို့ နီရဲနေပြီဖြစ်သည်။ သူ လှည့်ထွက်သွားရန် ပြင်ဆင်နေစဉ် ဤစကားလုံးများက သူ၏ရင်ကို စူးနစ်သွားစေသဖြင့် နောက်သို့ ပြန်လှည့်ကာ လူတစ်ဦးဦးကို ထိုးကြိတ်ပစ်ရန်ပင် ရည်ရွယ်မိသွားသည်။
ကံကောင်းထောက်မစွာဖြင့် လူအုပ်ကြီးက သူ့ကို တွန်းထုတ်ကာ တံခါးပြင်သို့ အတင်းအကျပ် ဖယ်ရှားလိုက်ကြ၏။
အချိန်မှာ နံနက် ၈ နာရီခွဲခန့် ရှိနေပြီဖြစ်ရာ ယန်ကျောက်သည်လည်း အလုပ်သွားရန်ရှိသဖြင့် အခြားသူများနှင့်အတူ ခြံဝင်းအတွင်းမှ ထွက်ခွာသွားလေသည်။
သူ၏ ဝမ်းကွဲညီအစ်ကိုဖြစ်သူ ယန်ယုံးမှာ ရွာလူကြီးဖြစ်ပြီး ယန်ပင်းဟုခေါ်သော အခြားဝမ်းကွဲတစ်ဦးမှာလည်း ယန်ကွမ်းရဲစခန်းတွင် ရဲအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသည်။
ထိုသူနှစ်ဦးသည် ယန်ကွမ်းရွာတစ်ရွာလုံးတွင် ယန်ကျောက်အတွက် အနီးကပ်ဆုံးသော ဆွေမျိုးအရင်းအချာများ ဖြစ်သည်။
ထို့အပြင် ယန်ဖေးဟန်သည် အိမ်နှင့်ဝေးကွာသော စစ်တပ်တွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်နေခဲ့ပြီး သားကြီးနှစ်ဦးကိုပါ စစ်တပ်အတွင်းသို့ ခေါ်ဆောင်သွားခဲ့၏ယ
ယန်ကျောက် တစ်ဦးတည်းသာလျှင် မိခင်ဖြစ်သူကို အဖော်ပြုပေးရန် အိမ်တွင် ကျန်ရစ်ခဲ့ပြီး ယန်ယုံး၊ ယန်ပင်းတို့နှင့်အတူ ကြီးပြင်းလာခဲ့ရသည်။
ထို့ကြောင့် မြို့တော်တွင်ရှိသော သူ၏ မောင်နှမအရင်းနှစ်ဦးထက်ပင် ထိုဝမ်းကွဲများနှင့် ညီအစ်ကိုအရင်းသဖွယ် ပိုမိုရင်းနှီးကျွမ်းဝင်လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျိုးရွှယ်ချင်း ပထမတပ်မဟာသို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိလာမှုနှင့် ပတ်သက်၍ ယန်ကျောက်နှင့် သူတို့ ကြိုတင်တိုင်ပင်ဆွေးနွေးခဲ့ပြီးဖြစ်ရာ ဤအရာမှာ သတင်းဆန်းတစ်ခုတော့ မဟုတ်ပေ။
ထို့ထက်ပို၍ ယန်ကျောက်ကို ကျင်းတုန်းလမ်း ရဲစခန်းသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ချန်မေ့လန် တွေးတောထားသကဲ့သို့ပင် ကျင်းတုန်းခရိုင်၏ လုံခြုံရေးအခြေအနေများကြောင့် ဖြစ်လေသည်။
ကျင်းတုန်းခရိုင်သည် ရှီးဖျင်မြို့တစ်မြို့လုံးတွင် စက်ရုံအလုပ်ရုံ အများဆုံး တည်ရှိရာဒေသဖြစ်၏။
၁၉၉၀ ပြည့်လွန်နှစ်များသို့ ကူးပြောင်းလာသည်နှင့်အမျှ ဤခရိုင်သည် မှောင်ခိုကူးခြင်း၊ သေနတ်နှင့် ကလေးငယ်များ လူကုန်ကူးခြင်း၊ ကုန်တင်ကားများ အလွန်အမင်း အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ နယ်မြေလု ဂိုဏ်းစတားများ၏ ရန်ပွဲများနှင့် အခြားသော ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော ခေတ်ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
ကျင်းတုန်းလမ်း ရဲစခန်းတွင် ထိုကဲ့သို့သော ရာဇဝတ်မှုများ အထူးတလည် ပေါများလှ၏။ သို့သော် ထူးဆန်းသည်မှာ ထိုရဲစခန်းရှိ ရဲမှူးရာထူးနှင့် မှုခင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ရာထူးများမှာ လူဝင်လူထွက်အကြမ်းဆုံးသော ရာထူးများဖြစ်နေခြင်းပင်။
‘စခန်းက သံမဏိလို ခိုင်မာပေမယ့် စစ်သားတွေက ရေလိုစီးဆင်းသွားတယ်’ ဟူသော ဆိုရိုးစကားအတိုင်း လူအများစုမှာ ရက်အနည်းငယ်ကြာရုံမျှဖြင့် ထွက်ပြေးသွားတတ်ကြပြီး ကျန်ရစ်နေသူများမှာလည်း နောက်ဆုံးတွင် အခက်အခဲပြဿနာတစ်ခု မဟုတ် တစ်ခုနှင့် ရင်ဆိုင်ကြရမြဲဖြစ်သည်။
ရဲမှူးကြီး စွန်းနွီထောင်သည် စစ်တပ်တွင်းကတည်းက ယန်ကျောက်၏ အထက်လူကြီးဟောင်းတစ်ဦးဖြစ်သည်။
သူကိုယ်တိုင်ပင် ယန်ကျောက်ကို မှုခင်းစုံစမ်းထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးရန် အထက်ဌာနသို့ အထူးအစီရင်ခံစာ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်၏။
အင်အားကြီးမားသော နဂါးတစ်ကောင်သည်ပင် ဒေသခံမြွေဟောက်ကို မနှိမ်နင်းနိုင်ဟူသော ဆိုရိုးစကားရှိလေသည်။
ဤနေရာသည် အပေါ်ယံတွင်သာ အေးချမ်းငြိမ်သက်နေဟန်ရှိသော်လည်း ရေအောက်ရေစီးကြောင်းမှာမူ လွန်စွာ နက်ရှိုင်းကြမ်းတမ်းလှသည်။
ဤနေရာကို နှိမ်နင်းထိန်းချုပ်ရန်အတွက် မြို့တော်မှ စွမ်းရည်ရှိပြီး မာကျောသော ပုဂ္ဂိုလ်များစွာကို စေလွှတ်ခဲ့သော်လည်း အများစုမှာ လက်ဗလာဖြင့်သာ ပြန်လည်ဆုတ်ခွာခဲ့ကြရ၏။
အကြောင်းရင်းမှာ ထိုဒေသတွင် အမြစ်တွယ်နေသော ဒေသခံမြွေဟောက်များ အလွန်အမင်း များပြားလွန်းသောကြောင့်ဖြစ်သည်။
ယန်ကျောက်သည် အင်အားကြီးမားသော နဂါးတစ်ကောင်ဖြစ်သကဲ့သို့ ဒေသခံမြွေဟောက်တစ်ကောင်လည်း ဖြစ်လေသည်။
အထက်လူကြီးများ၏ အဓိကရည်မှန်းချက်မှာ ကျင်းတုန်းလမ်း ရဲစခန်းတွင် ကာလရှည်ကြာ ဖြေရှင်းနိုင်ခြင်းမရှိဘဲ တောင်ပုံယာပုံ စုပုံနေသော အမှုအခင်းများကို သူ့အား စုံစမ်းစစ်ဆေးစေရန်နှင့် ထိုနေရာ၌ အချိန်ကြာမြင့်စွာ ရပ်တည်လုပ်ကိုင်နိုင်ရန် မျှော်လင့်ခြင်းပင်။
သေချာသည်မှာ ချန် မိသားစုရွာမှ စေ့စပ်ပွဲကိစ္စ ပြီးဆုံးပြီး ပြန်လည်ရောက်ရှိလာပြီးနောက် ယန်ကျောက်သည် ချန်မေ့လန်နှင့် လက်ထပ်မည့်အကြောင်းကို ယန်ယုံးအား ချက်ချင်း ပြောပြတိုင်ပင်ခဲ့သဖြင့် ယန်ယုံးမှာ ဤအကြောင်းကို ကြိုတင်သိရှိထားပြီးဖြစ်၏။
ဤသည်မှာ ယန်ကျောက် အဘယ်ကြောင့် ဤမျှလောက် ယုံကြည်မှုရှိနေရသနည်းဟူသော အကြောင်းရင်းလည်းဖြစ်သည်။
စကားတစ်ခွန်းတည်းဖြင့် ယန်ရှီရှန်းကို မောင်းထုတ်နိုင်မည်ဆိုသည်ကို သူ ကောင်းကောင်းကြီး သိထားလေသည်။
ညီအစ်ကိုနှစ်ဦးသည် နေအိမ်မှ အတူတကွ ထွက်ခွာလာခဲ့ကြသော်လည်း ယန်ကျောက်မှာ အလုပ်သွားရမည်ဖြစ်ရာ လမ်းခုလတ်၌ လမ်းခွဲလိုက်ကြ၏။
နေအိမ်သို့ ပြန်ရောက်သောအခါ ချန်မေ့လန်သည် ခြံဝင်းကို တံမြက်စည်းလှည်းကျင်းပြီးနောက် အမှိုက်များသွားရောက်စွန့်ပစ်ရန် အပြင်သို့ ထွက်လာခဲ့သည်။
အမှိုက်ပုံအနီးသို့ ရောက်ရှိသည်နှင့် ရုတ်တရက် တစ်စုံတစ်ယောက်က ကျောက်မီးသွေးပြာခြင်းတောင်းကို သူမအပေါ်သို့ သွန်ချလိုက်၏။
သူမသာ အလျင်အမြန် ရှောင်တိမ်းမလိုက်နိုင်ပါက တစ်ကိုယ်လုံး ပြာများ ဖုံးလွှမ်းသွားမည်မှာ အသေအချာပင်။
သူမ နောက်သို့ လှည့်ကြည့်လိုက်သောအခါ အမှိုက်ပုံ၏အကွယ်တွင် ဂေါ်ပြားတစ်လက်ကို ကိုင်ဆောင်ကာ စီးကရက်သောက်နေသော ဟူရှောင်ဟွာကို မြင်တွေ့လိုက်ရသည်။
ကျောက်မီးသွေးပြာများကို ယခုလေးတင် သွန်ချထားသဖြင့် သူ၏ခြေလှမ်းတိုင်းတွင် အမည်းရောင် ခြေရာများ ကျန်ရစ်နေခဲ့ပြီး ထိုခြေရာများမှာ သူမအတွက် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားရ၏။
ယန်ရှီရှန်းသည် စိတ်ဓာတ်ကျဆင်းစွာဖြင့် နေအိမ်သို့ ပြန်သွားခဲ့ရသော်လည်း ထိုကိစ္စက သူ့ကို သိပ်ပြီး အနှောင့်အယှက်မဖြစ်စေပေ။ သို့သော် ဟူရှောင်ဟွာအတွက်မူ အလွန် စိတ်ပျက်ဒေါသထွက်စရာ ဖြစ်နေသည်။
မည်သို့ပင်ဆိုစေ သူသည် ဤခြံဝင်းကျယ်ကြီးကို မျက်စိကျနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အမြဲတမ်း သိမ်းပိုက်လိုစိတ်များ ပြင်းပြနေခဲ့သူဖြစ်သည်။
ယခုအခါ သူသည် ရင်တွင်း၌ ပိတ်လှောင်နေသော ဒေါသတရားများကို ချန်မေ့လန်အပေါ်သို့ ပုံချနေခြင်းဖြစ်သည်။