အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈)
ချန်မေ့လန်က မေးမြန်းလိုက်၏။
“ဒါ ရှောင်ဟွာမဟုတ်လား၊ နင့်အစ်မရော ဘယ်မှာလဲ”
ဟူရှောင်ဟွာက အမှိုက်ပုံနောက်မှ ထွက်လာရင်း ပြန်ဖြေသည်
“အစ်မမေ့လန်၊ ကျွန်တော့်အစ်မကတော့... အာ မပြောပါနဲ့တော့၊ အိမ်မှာငိုနေတယ်”
ချန်မေ့လန်က ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ မေးလိုက်သည်။
“တရား၀င်ရာထူးအတွက် စာရွက်စာတမ်းကိစ္စတွေ အဆင်မပြေလို့လား”
ဤသည်မှာ တမင်သက်သက် ရိသဲ့သဲ့မေးမြန်းလိုက်သော မေးခွန်းမှန်း သိသာလှသည်။
ဟူရှောင်ဟွာက စီးကရက်ကို အားပါးတရ ရှိုက်ဖွာလိုက်ပြီး အစီခံကို မြေကြီးပေါ် ပစ်ချလိုက်၏။
“အဲဒီ အရှက်မရှိတဲ့ စာကြမ်းပိုးကောင် ဟွမ်ကျန်းတက ကျွန်တော့်အစ်မကို ပညာရေးဌာနမှာ တိုင်တောမယ်တဲ့၊ သူတော့ သေချင်နေပြီထင်တယ်”
ရုတ်တရက် ရေပက်သံနှင့်အတူ ချန်မေ့လန်သည် အမှိုက်ပုံးတစ်ပုံးလုံးကို ဟူရှောင်ဟွာ၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် လောင်းချလိုက်လေသည်။
ဟူရှောင်ဟွာ ဒေါသပေါက်ကွဲတော့မည့် ဆဲဆဲတွင် ချန်မေ့လန်က အလန့်တကြားဟန်ဖြင့် အော်လိုက်၏။
“အို... ရှောင်ဟွာ၊ ငါက အမှိုက်ပစ်လိုက်တာလေ၊ နင်က ဘာလို့ မရှောင်တာလဲ”
သူက သူမ၏ ကိုယ်ပေါ်သို့ ပြာများ တမင်သက်သက် လောင်းချခဲ့သဖြင့် သူမကလည်း သူ့ကိုယ်ပေါ်သို့ အမှိုက်များ ပြန်လည်လောင်းချခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ တရားမျှတမှုမရှိဘူးလော။
ဟူရှောင်ဟွာတစ်ယောက် ကြက်သေ သေသွားပြီး ဒေါသထွက်ချင်သော်လည်း ဒေါသထွက်၍မရနိုင်အောင် ဖြစ်သွားရသည်။
ယခင်က ချန်မေ့လန်သည် ယန်ရှီရှန်း၏ဇနီးဖြစ်ခဲ့သဖြင့် မည်သူတစ်ဦးတစ်ယောက်ကမျှ သူမကို အနိုင်မကျင့်ရဲခဲ့ကြပေ။
ယခုအခါတွင်လည်း သူမက ရဲအရာရှိတစ်ဦးကို အားကိုးအဖြစ် ရှာဖွေတွေ့ရှိသွားပြန်ရာ သူသည် သူမအား ဗြောင်ကျကျအနိုင်ကျင့်ရန် မစွမ်းသာတော့ပေ။
ဟူရှောင်ဟွာက အံတင်းတင်းကြိတ်လျက် ဆိုလိုက်၏။
“ကျွန်တော် သတိလက်လွတ်ဖြစ်သွားလို့ပါ အစ်မမေ့လန်၊ ကျွန်တော်သွားလိုက်ပါဦးမယ်”
ထို့နောက် သူသည် နောက်လှည့်ကာ ကျောက်မီးသွေးကွင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။
ချန်မေ့လန် ခြံဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသောအခါ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်လျက် အကြွေစေ့များကို တစ်စေ့ချင်း ဂရုတစိုက် ရေတွက်နေသော ရှောင်ဝမ်ကို မြင်တွေ့လိုက်ရ၏။
ချန်မေ့လန်က ပြောလိုက်သည်။
“ကပ်စေးနှဲလေး၊ ပိုက်ဆံဆိုတာ လုံခြုံတဲ့နေရာမှာ ဝှက်ထားရတယ်၊ ဘာလို့ အမြဲတမ်း အိတ်ကပ်ထဲမှာပဲ ထည့်ထားရတာလဲ၊
သူခိုးတွေ ခိုးသွားမှာကို သတိထားဦး၊ အန်တီကတော့ ပိုက်ဆံတွေကို အမြဲတမ်း ဝှက်ထားတတ်တယ်၊ အိတ်ကပ်ထဲမှာ ဘယ်တော့မှမထားဘူး”
ယန်ရှောင်ဝမ်က စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
“ဒီရွာမှာ သူခိုးတွေရှိလို့လား၊ ဒါဆို အန်တီက ပိုက်ဆံတွေကို ဘယ်မှာဝှက်ထားတာလဲ”
ချန်မေ့လန်၏ အိတ်ကပ်အတွင်း၌ တောက်ပြောင်ကြွပ်ရွနေသော ယွမ်ငွေစက္ကူ အချပ် ၂၁ ချပ် အတိအကျ ရှိနေ၏။
သူမက ထိုငွေစက္ကူများကို လေးနက်သော ဟန်ပန်ဖြင့် ထုတ်ယူကာ လေထဲတွင် ဝှေ့ယမ်းပြလိုက်ပြီး ခြေဖျားထောက်ကာ အိမ်သာခေါင်မိုးစွန်းမှ အုတ်ကြွပ်ပြားတစ်ပြားအား ပင့်မလျက် ငွေများကို ထိုနေရာသို့ ထည့်သွင်းလိုက်၏။
“ကြည့်ထား၊ အန်တီ ဒီမှာဝှက်ထားတယ်”
ယန်ရှောင်ဝမ်က နှာခေါင်းရှုံ့လိုက်သည်။
“ကျွန်တော်က ပိုက်ဆံမခိုးပေမယ့် အန်တီ ဘယ်မှာဝှက်ထားလဲဆိုတာကို မြင်သွားပြီ၊ ပြီးတော့ အဲဒီလောက် သိသာတဲ့နေရာမှာ ဝှက်ထားမှတော့ မကြာခင် သေချာပေါက် အခိုးခံရတော့မှာပဲ”
ချန်မေ့လန်က ပြန်ဖြေလိုက်၏။
“ဒါကို သားက နားမလည်သေးလို့ပါ၊ အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးနေရာပဲလေ၊ ဒီမှာ ပိုက်ဆံဝှက်ထားမယ်လို့ ဘယ်သူကတွေးမိမှာလဲ”
ချန်မေ့လန်သည် စကားပြောဆိုနေရင်း မျက်စိတစ်မှိတ်အတွင်းမှာပင် ငွေစက္ကူများအားလုံးကို ပြန်လည်ထုတ်ယူကာ သူမ၏အိတ်ကပ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်လေသည်။
ရှောင်ဝမ်က ချက်ချင်း ငြင်းခုံလေသည်။
“ကျွန်တော် တွေးမိချင်မှ တွေးမိမှာဆိုပေမယ့် မြင်တော့ မြင်လိုက်တယ်လေ”
ချန်မေ့လန်က ခြေဖျားထောက်ပြရင်း မေးလိုက်၏။
“ဒါပေမယ့် သားအရပ်နဲ့ မှီလို့လား”
ရှောင်ဝမ်က စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်သည်။
‘ဒီမိထွေးက တုံးလှချည်လား၊ ငါ အရပ်မမှီရင်တောင် တကယ်လို့ သူ့ပိုက်ဆံတွေကို ခိုးချင်တယ်ဆိုရင် ခွေးခြေခုံလေးတစ်ခုံ ယူလိုက်ရုံနဲ့ အလွယ်တကူ ရနိုင်တာပဲ မဟုတ်ဘူးလား’
သူတို့နှစ်ဦး အချေအတင် စကားများနေစဉ် ရုတ်တရက် တစ်စုံတစ်ယောက်က တံခါးလာခေါက်လေ၏။ အမျိုးသားတစ်ဦးဖြစ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ယန်ရှောင်ဝမ်သည် ချက်ချင်း သတိဝီရိယ ကြီးလာပြန်သည်။
“ဦးလေး၊ ခင်ဗျားက ဘယ်သူလဲ၊ ကျွန်တော်တို့အိမ်ကို ဘာလာလုပ်တာလဲ”
ရောက်လာသူမှာ ရွာခံတစ်ဦးဖြစ်ပြီး တုန်းဖန်အုပ်စု၏ ပစ္စည်းထောက်ပံ့ရေးဌာနတွင် အလုပ်လုပ်ကိုင်နေသော ချန်မေ့လန်၏ အိမ်နီးချင်း ယန်တာ့ဝေ ဖြစ်သည်။
ယန်တာ့ဝေက တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
“မေ့လန်၊ စောစောက အားလုံး ဘယ်လိုဆုံးဖြတ်လိုက်ကြလဲ၊ မင်းအိမ်ကိစ္စ ဘယ်လိုပြီးသွားလဲ”
အမှန်တကယ်တော့ လွန်ခဲ့သော ခြောက်လခန့်က ချန်မေ့လန် ကွာရှင်းပြတ်စဲခြင်း မပြုရသေးမီ အချိန်ကတည်းက ယန်တာ့ဝေသည် ပစ္စည်းအချို့သိုလှောင်ရန် နေရာအခက်အခဲဖြစ်နေကြောင်း ပြောဆိုခဲ့ဖူးသည်။
ချန်မေ့လန်တို့ မိသားစုတွင် အခန်းကျယ်ကြီးများစွာ ရှိနေသဖြင့် ဂိုဒေါင်အဖြစ် အသုံးပြုရန် အခန်းနှစ်ခန်းခန့်ကို သူမထံမှ ငှားရမ်းလိုခဲ့၏။
ချန်မေ့လန်က သူ ဤကိစ္စအတွက် လာရောက်ခြင်းဖြစ်မည်ဟု မှန်းဆမိသဖြင့် အလျင်အမြန် ဖြေကြားလိုက်သည်။
“အိမ်ကတော့ သေချာပေါက် ကျွန်မပိုင်တာပေါ့၊ အစ်ကို အသုံးပြုချင်တယ်ဆိုရင်လည်း ရွာခံအချင်းချင်းပဲ ဈေးနှုန်းသင့်တင့်အောင် ညှိနှိုင်းလို့ရပါတယ်၊ ကျွန်မ ငှားပေးပါ့မယ်”
ယန်တာ့ဝေက ပွင့်ပွင့်လင်းလင်း ပြောလာ၏။
“ကောင်းပြီ၊ ငါ ငှားချင်တဲ့အခါ မင်းဆီလာခဲ့ပါ့မယ်”
ယန်တာ့ဝေ ထွက်ခွာသွားသည်ကို မြင်သောအခါ ယန်ရှောင်ဝမ်သည် လူကြီးတစ်ဦးကဲ့သို့ ဟန်ပန်ဖမ်းကာ ချန်မေ့လန်၏အနီးသို့ ချက်ချင်း ကပ်လာပြန်သည်။
“အန်တီ၊ အိမ်လာငှားတဲ့လူတွေက လူကောင်းတွေမဟုတ်ဘူး၊ ကျွန်တော်တို့အိမ်ကို မငှားဘဲ နေလို့မရဘူးလား”
ချန်မေ့လန်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ယန်ရှောင်ဝမ်သည် သူမ၏အရိပ်ကလေးသဖွယ် ကပ်ပါလာပြီး ပြောနေလေ၏။
“အဘွားတို့အိမ်မှာတုန်းက အိမ်လာငှားတဲ့ လူတွေရှိတယ်၊ သူတို့က မာဂျောက်ကစားတာနဲ့ အရက်သောက်တာကို အရမ်းဝါသနာပါကြတယ်၊ အမေ့ကိုလည်း အမြဲတမ်း အရက်လာသောက်ဖို့ ခေါ်တတ်တယ်၊ ပြီးတော့ သူတို့အရက်မူးလာရင်...”
ကလေးငယ်၏ စကားသံမှာ တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။
မိခင်ဖြစ်သူ အခြားသူများနှင့် အရက်သောက်လေ့ရှိပုံများ၊ အရက်မူးလာလျှင် အခြားသူများ ငွေပိုမိုရှာဖွေနိုင်သည်ကို မနာလိုဖြစ်ကာ ဖခင်ဖြစ်သူ အိမ်မပြန်လာသည်ကို ဒေါသထွက်တတ်ပုံများအား ပြန်လည်သတိရလာသဖြင့် သူ၏ မျက်ဝန်းများ နီရဲလာပြီး စကားဆက်ရန် မစွမ်းသာတော့ချေ။
သူ စကားဆက်မပြောသော်လည်း ချန်မေ့လန် အခြေအနေကို ကောင်းကောင်း မှန်းဆနိုင်ပေသည်။ ဤကာလသည် မြို့ပြနှင့် ကျေးလက်ဒေသများအကြား လူနေမှုစနစ် ကူးလူးဆက်နွှယ်မှုများ အရှိန်အဟုန်မြင့်မားလာသော အချိန်အခါဖြစ်သည်။
အိမ်ငှားရမ်းနေထိုင်သူ အများစုမှာ စီးပွားရေးလုပ်ငန်းငယ်များကို လုပ်ကိုင်ကြသူများဖြစ်၏။
ငွေကြေးအနည်းငယ် ရရှိလာသည်နှင့် အရက်သောက်ခြင်း၊ ရန်ဖြစ်ခြင်းများကို လုပ်တတ်ကြရာ အိမ်ငှားအချို့ကို လက်ခံထားမိပါက ထိုအိမ်သည် မည်သည့်အခါမျှ ငြိမ်းချမ်းတော့မည်မဟုတ်ပေ။
ဤသည်မှာလည်း ချန်မေ့လန်သည် အိမ်ကို ဂိုဒေါင်အဖြစ်သာငှားရမ်းလိုပြီး လူနေထိုင်ရန် အိမ်ငှားများ လက်မခံလိုခြင်း၏ အဓိကအကြောင်းရင်းပင်။
ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် ဤကဲ့သို့သော အသေးအဖွဲကိစ္စရပ်များကို ကလေးငယ်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးနေရန် မလိုအပ်ပေ။
ချန်မေ့လန်၏ နေအိမ်သည် သူ၏ဖခင်ပင်လျှင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိရာ ယန်ရှောင်ဝမ်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။
သို့သော် ဤယဉ်ကျေးလိမ္မာသော ကလေးငယ်လေးအား ပိုင်ဆိုင်မှုခံစားချက်လေး ရရှိစေရန်အလို့ငှာ ချန်မေ့လန်က နူးညံ့စွာ ရှင်းပြလိုက်သည်။
“အန်တီတို့က အိမ်ကို ဘယ်သူ့ကိုမဆို လွယ်လွယ်နဲ့ မငှားပါဘူး၊ ဒါပေမယ့် ခုနက ဦးလေးကတော့ ကွာတယ်လေ၊ သူက တက္ကသိုလ်ကျောင်းဆင်း တစ်ယောက်ဖြစ်သလို တုန်းဖန်စက်ရုံက ခေါင်းဆောင်ငယ်တစ်ယောက်လည်း ဖြစ်တယ်၊ သြော်... သား နင်ကို တွေ့ဖူးတယ်မဟုတ်လား၊ အဲဒါ သူ့သမီးလေးလေ”
‘အရင် နှစ်ရက်က ကျောင်းတိနဲ့ မကြာခဏ လာရောက်ကစားတတ်တဲ့ ချစ်စရာကောင်မလေးတစ်ဦး ရှိတယ်'
‘ဒါဆို အဲဒီကောင်မလေးက အဲဒီဦးလေးရဲ့ သမီးပေါ’
ရှောင်ဝမ်ကမူ ချန်မေ့လန် ငွေများအား ပြန်လည်သိမ်းဆည်းသွားသည်ကို သတိမပြုမိလိုက်သဖြင့် အိမ်သာခေါင်မိုးပေါ်ရှိ အုတ်ကြွပ်ပြားများဆီသို့သာ အခါအားလျော်စွာ မော့ကြည့်နေမိ၏။
သေချာသည်မှာ သူသည် ထိုငွေများကို လုံးဝ ခိုးယူမည်မဟုတ်သော်လည်း အခြားသူတစ်ဦးဦးက ခိုးယူသွားမည်ကိုမူ အလွန်အမင်း စိုးရိမ်ပူပန်နေရှာသည်။
အသားညှပ်ပေါက်စီတစ်လုံးစီက ကလေးများအတွက် ဗိုက်ပြည့်စေရန် လုံလောက်လေသည်။ မွန်းတည့်ချိန်တွင် ကလေးများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ထမင်းမစားလိုကြတော့ပေ။
ထို့ကြောင့် ကျောက်ဖရုံယိုနှင့် ပဲစိမ်းဟင်းချိုကိုသာ ပြုတ်၍ သောက်သုံးစေခဲ့၏။
နေအလွန်ပူပြင်းသော နေ့လယ်ခင်းဖြစ်သဖြင့် ကလေးများအားလုံး နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်စက်ရန် လှဲလျောင်းလိုက်ကြသည်။
ချန်မေ့လန်သည် ရှောင်ဝမ်နှင့် ရှောင်လန်တို့၏ ခြေဖဝါးအရွယ်အစားများကို သူမ၏လက်ဖြင့် အကြမ်းဖျင်း တိုင်းတာလိုက်ပြီးနောက် အိတ်ကပ်ထဲတွင် ငွေများထည့်ကာ အိမ်မှထွက်လာခဲ့သည်။ သုံးဘီးဆိုင်ကယ်တစ်စီးကို ငှားရမ်းလျက် ကုန်တိုက်ကြီးဆီသို့ တိုက်ရိုက်ဦးတည်ကာ ထွက်ခွာလာခဲ့၏။
မူလက သူမသည် ကလေးများအတွက် ‘ဝါရီယာ’ တံဆိပ် ဖိနပ်တစ်ရန်စီ ဝယ်ယူပေးရန် ရည်ရွယ်ထားသော်လည်း ဝါရီယာဖိနပ် အရောင်းကောင်တာ၏ မျက်နှာချင်းဆိုင်တွင် ကောင်တာအသစ်တစ်ခု ဖွင့်လှစ်ထားသည်ကို တွေ့လိုက်ရသည်။
အရောင်းဝန်ထမ်းမှာလည်း လွန်ခဲ့သော ရက်အနည်းငယ်က ချန်မေ့လန်အား အလှကုန်ပစ္စည်းများ ရောင်းချပေးခဲ့သော အမျိုးသမီးပင်။
အရောင်းဝန်ထမ်းက တက်ကြွစွာ နှုတ်ဆက်လာသည်။
“အစ်မကြီး၊ ကလေးတွေအတွက် ဖိနပ်လာဝယ်တာလား၊ ဗစ်ထရီတံဆိပ် ဆူးချွန်ဖိနပ်လေးတွေ စမ်းကြည့်ပါလား၊ အခုဆို ကလေးတွေအားလုံး ဒီဖိနပ်တွေကိုပဲ စီးချင်နေကြတာ”
‘ဗစ်ထရီတံဆိပ် ဆူးချွန်ဖိနပ်လား'
ချန်မေ့လန်သည် ဤဖိနပ်များအကြောင်းကို ကောင်းကောင်းကြီး မှတ်မိနေသေးသည်။