အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉)
၎င်းတို့မှာ ကိုရီးယားနိုင်ငံထုတ် ဖိနပ်များဖြစ်ပြီး ဖိနပ်အောက်ခြေတွင် ရော်ဘာဆူးချွန်လေးများ ပါရှိသဖြင့် လမ်းလျှောက်သည့်အခါတိုင်း ခုန်ပေါက်နေသကဲ့သို့ ခံစားရစေ၏။
ကလေးငယ်များက ဤဖိနပ်များကို အထူးတလည် သဘောကျနှစ်သက်ကြသည်။ သူမ၏ အတိတ်ဘဝကာလက ကျောင်းတိသည် ဤဖိနပ်တစ်ရန်ကို အလွန်အမင်း လိုချင်ခဲ့သော်လည်း ငွေကြေးမရှိသဖြင့် တစ်ကြိမ်တစ်ခါမျှ မဝယ်ယူပေးနိုင်ခဲ့ပေ။
ဤဖိနပ်များမှာ တစ်ရန်လျှင် ၃၈ ယွမ်အထိ ပေးရသဖြင့် ထိုခေတ်အခါက အလွန်တရာဈေးကြီးသော ဖိနပ်များစာရင်းတွင် ပါဝင်လေသည်။
၁၉၈၀ ပြည့်လွန်နှစ်များက ကလေးငယ်များအတွက် ဤဖိနပ်များက မည်သို့သောအဓိပ္ပာယ်ကို ဆောင်ကြသနည်း။ လွန်ခဲ့သော နှစ်အနည်းငယ်က ခေတ်စားခဲ့သော ဝါရီယာဖိနပ်များနှင့် အလားသဏ္ဍာန်တူလှသည်။
ဖိနပ်အသစ်ရရှိသော ကလေးငယ်များစွာမှာ အိမ်ပြင်သို့ ဂုဏ်ယူဝင့်ကြွားစွာ ထွက်ခွာသွားလေ့ရှိသော်လည်း အိမ်အပြန်တွင်မူ ခြေဗလာဖြင့် ပြန်လာရသည်က များလေ၏။
ဖိနပ်များ ဘယ်ရောက်သွားသနည်း။
အခြားကလေးများ၏ လုယက်ခြင်း သို့မဟုတ် ခိုးယူခြင်းကို ခံလိုက်ရသောကြောင့်ပင်။
သို့သော်ငြား ဤခေတ်ကာလရှိ ကလေးငယ်တိုင်းသည် ဗစ်ထရီ ဆူးချွန်ဖိနပ်တစ်ရန်ကို အပိုင်ရလိုစိတ်များ ပြင်းပြနေကြဆဲဖြစ်သည်။
ချန်မေ့လန်က ပြောလိုက်၏။
“ကျွန်မကို သုံးရန်လောက်ပေးပါ၊ ဖိနပ်တွေ ယူလာခဲ့ပေးပါ၊ ကျွန်မ ဆိုဒ်ကို စစ်ကြည့်ချင်လို့၊
ယခင်တစ်ခေါက်ကတည်းက ချန်မေ့လန်၏လက်ဖွာမှုကို ကောင်းကောင်း သိရှိထားသော အရောင်းဝန်ထမ်းလေးသည် သူမ ဆိုဒ်ရွေးချယ်နိုင်ရန် ဖိနပ်အရံပေါင်းများစွာကို အလျင်အမြန် ထုတ်ယူပြသလေသည်။
ချန်မေ့လန်သည် ကလေးသုံးဦးလုံး၏ ခြေဖဝါးအရွယ်အစားများကို ယုံကြည်မှုအပြည့်ဖြင့် မှန်းဆတိုင်းတာကာ တစ်ဦးစီအတွက် တစ်ရန်စီ ဝယ်ယူလိုက်သည်။
တန်ဖိုးကြီး ယွမ်တစ်ရာတန် ငွေစက္ကူနှစ်ရွက်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏လက်ထဲမှ ပျောက်ကွယါသွားတော့သည်။
သုံးဘီးဆိုင်ကယ်ဖြင့် ပြန်လာသောအခါ သူမသည် နေအိမ်သို့ တိုက်ရိုက်မပြန်ဘဲ ဘေးအိမ်သို့ ဝင်ရောက်ကာ တံခါးခေါက်လျက် အော်ခေါ်လိုက်၏။
“ချင်ယွီ၊ အိမ်မှာရှိလား”
အိမ်အတွင်းမှ အမျိုးသမီးတစ်ဦး ထွက်ပေါ်လာပြီး မေးလိုက်လေသည်။
“မေ့လန်၊ ဘာကိစ္စရှိလို့လဲ”
ချန်မေ့လန်ဖြစ်နေသည်ကို မြင်သောအခါ သူမသည် ဘီးတစ်ချောင်းကို ပျင်းရိပျင်းတွဲ ရှာဖွေကာ ဆံပင်များကို ဖြီးသင်နေလိုက်သည်။
သူမမှာ ယန်တာ့ဝေ၏ဇနီး ချင်ယွီ ဖြစ်ပြီး တုန်းဖန်ကျောင်းတွင် အသံပိုင်းဆိုင်ရာ ဂီတဆရာမအဖြစ် သင်ကြားပေးနေသူဖြစ်စ။
သို့သော် သူမသည် အပြင်လောကတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ကြည့်ရှုလေ့မရှိပေ။
မည်သို့ပင်ဆိုစေ သူမသည် အဆင့်အတန်းမြင့်မားသော ဆရာမတစ်ဦးဖြစ်လေသည်။
ချန်မေ့လန်က မေးမြန်းလိုက်၏။
“ကျောင်းတိရဲ့ အိမ်ထောင်စုစာရင်းက ငါတို့ယန်ကွမ်းရွာမှာပဲ ရှိတာဆိုတော့ သူက ဒီနှစ် စက်တင်ဘာမှာ မူလတန်း စတက်ရတော့မှာ၊ သူ့ကို တုန်းဖန်ကျောင်းကို ပြောင်းပေးချင်လို့၊ ယာယီကျောင်းတက်ခ ဆိုပြီး ပိုက်ဆံနည်းနည်းပါးပါး ပေးဖို့လိုမလား”
ချင်ယွီက မျက်မှောင်အနည်းငယ်ကြုတ်လျက် ပြန်ဖြေလေသည်။
“ငါတို့က ခရိုင်တစ်ခုတည်းမှာ ရှိတာဆိုတော့ ရွာကကလေးတွေ ယာယီကျောင်းသားအနေနဲ့ တက်လို့ရပါတယ်၊ ဒါပေမယ့် ကျောင်းလခကတော့ တော်တော်လေးဈေးကြီးတယ်၊ နင် ထားနိုင်ပါ့မလား”
ချန်မေ့လန်က ကုန်ကျစရိတ်ကိုသာ ပွင့်ပွင့်လင်းလင်း မေးလိုက်လေ၏။
“ဘယ်လောက်ကျမလဲ၊ ပြောသာပြောပါ၊ ငါ့မှာ ပိုက်ဆံရှိပါတယ်၊ စပေါ်ငွေအနေနဲ့ ယွမ်နှစ်ထောင်လောက် ပေးထားရမလား”
ချန်မေ့လန်သည် ယွမ်တစ်ရာတန် ငွေစက္ကူ အချပ်နှစ်ဆယ်ကို တိုက်ရိုက်ပင် ထုတ်ပြလိုက်ရာ ချင်ယွီမှာ များစွာ အံ့သြသွားရ၏။
“နင် ယန်ကျောက်နဲ့ အခုလေးတင် လက်ထပ်ထားတာ မဟုတ်ဘူးလား၊ ဒါက နင့်ရဲ့ ဒုတိယအိမ်ထောင်လေ၊ ဟုတ်တယ်မလား၊ နင်က မိသားစုရဲ့ ငွေကြေးကိစ္စတွေကို ဆုံးဖြတ်ပိုင်ခွင့်ရှိလို့လား၊
ပြီးတော့ နင့်ကလေးကိုပဲ ပြောင်းပေးမှာလား၊ ဒါမှမဟုတ် ယန်ကျောက်ရဲ့ ကလေးတွေကိုပါ ထည့်တွက်ထားတာလား”
ချန်မေ့လန်၏ မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုဟန်ပန်များမှာ ဖုံးကွယ်၍ပင် မရနိုင်တော့ပေ။
“ကလေးတွေအားလုံးကို ပြောင်းပေးလိုက်ပါ၊ ဒါက ငါကိုယ်တိုင်ရှာထားတဲ့ ပိုက်ဆံတွေပဲ၊ ငါ ဆုံးဖြတ်လို့ရပါတယ်”
ဤငွေကြေးများကို မည်သို့ရှာဖွေခဲ့သနည်းဟူသော ကိစ္စရပ်နှင့် ပတ်သက်၍မူ လျှို့ဝှက်ထားနိုင်သရွေ့ ယန်ကျောက်ကို လိမ်ညာထားရန်သာ သူမ ဆုံးဖြတ်ထားသည်။
အိမ်ထောင်ရေးအတွင်း၌ အချင်းချင်းပြဿနာမဖြစ်သရွေ့ အရာအားလုံး အဆင်ပြေချောမွေ့နေမည်သာ။
ချင်ယွီက မနေနိုင်တော့ဘဲ မှတ်ချက်ပေးလိုက်၏။
“အင်း... မေ့လန်၊ နင် ဒီလောက်တောင် လက်ဖွာမယ်လို့ ငါ မထင်ထားခဲ့ဘူး”
သူမ၏ အတိတ်ဘဝက ချင်ယွီသည် နောက်ပိုင်းတွင် တုန်းဖန်ကျောင်းမှ ထွက်ကာ စီးပွားရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ဂီတကျောင်းခွဲများစွာကို ဖွင့်လှစ်ခဲ့သည်။
လွီအာနျိုက ထိုကျောင်းတွင် ပညာသင်ကြားခဲ့သဖြင့် ချန်မေ့လန်သည် ချင်ယွီနှင့် မကြာခဏ အဆက်အသွယ် ရှိခဲ့သော်လည်း ချင်ယွီမှာ သူမကို အမြဲတစေ အထင်အမြင်သေးကာ အလွန်အေးစက်စက်သာ ဆက်ဆံခဲ့၏။
ချင်ယွီက အဘယ်ကြောင့် သူမကို အထင်အမြင်သေးရသနည်းဟူသည်ကို ချန်မေ့လန် လုံးဝ နားမလည်နိုင်ခဲ့သော်လည်း ယခု ပြန်လည်မွေးဖွားလာချိန်တွင်မူ ထိုအကြောင်းရင်းကို ကောင်းကောင်း သဘောပေါက်သွားပြီဖြစ်သည်။
လွီအာနျိုနှင့် ပြဿနာဖြစ်ပြီးနောက် သူမ ပြောဆိုခဲ့သကဲ့သို့ပင် သူမသည် အချမ်းသာဆုံး သူဌေးကြီးတစ်ဦး၏ ဇနီးဖြစ်နေလျှင်ပင် လုကျင်းယွီ၏ ဘေးနားမှ ကပ်ပါးကောင်တစ်ကောင်မျှသာ ဖြစ်လေသည်။
ချင်ယွီ၏ အဆင့်အတန်းနှင့် ရပ်တည်မှုများမှာ သူမ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြင့် ရရှိထားခြင်းဖြစ်၏။ သူမနှင့် ချင်ယွီတို့အကြားတွင် ဘုံတူညီသော စကားပြောဆိုစရာ အကြောင်းအရာဟူ၍ မရှိခဲ့ရာ ချင်ယွီက သူမကို မည်ကဲ့သို့ လေးစားမှုပေးနိုင်မည်နည်း။
ချန်မေ့လန်က ငွေများကို ထပ်မံထုတ်ယူရန် ပြင်ဆင်ရင်း ဆိုလိုက်သည်။
“ဒါနဲ့ နင်က အသံပိုင်းဆိုင်ရာဂီတကို သင်ပေးတာ မဟုတ်လား၊ ငါ့သမီး ကျောင်းတိက သီချင်းဆိုရတာ အရမ်းဝါသနာပါတယ်၊ သူ့ကို နင့်ဆီမှာ လာသင်ခိုင်းရင်ကော၊ ငါ သင်တန်းကြေးပေးပါ့မယ်၊ ဘယ်လိုလဲ”
ချင်ယွီက သူမ၏လက်ကို တိုက်ရိုက်ပင် ဖိချလိုက်ပြီး ပြောလာ၏။
“ကျောင်းတိ တကယ်သင်ချင်တယ်ဆိုရင် နေ့တိုင်းသာ လာခဲ့ခိုင်းလိုက်၊ ဘာပဲဖြစ်ဖြစ် အခုက ကျောင်းပိတ်ရက်ပဲလေ၊ နင်နဲ့အတူတူ တွဲပြီး သင်ပေးလိုက်ပါ့မယ်၊ ပိုက်ဆံမလိုပါဘူး၊ ငါတို့က အိမ်နီးချင်းတွေပဲဟာကို၊ ငါ အခကြေးငွေမယူပါဘူး”
ချင်ယွီက ငွေလက်ခံရန် ငြင်းဆန်နေသဖြင့် လောလောဆယ်တွင် ချန်မေ့လန် ဆက်လက်၍ အတင်းအကျပ် မတိုက်တွန်းတော့ပေ။
သို့သော် သူမ၏ အတိတ်ဘဝကာလတွင် လွီအာနျို သီချင်းဆိုသင်တန်း တက်ရောက်စဉ်က သီးသန့်သင်တန်းကြေးမှာ ယွမ် ၂၀ မှ ၂၀၀ အထိ မြင့်တက်သွားခဲ့ပြီး နောက်ပိုင်းတွင် ယွမ် ၄၀၀ အထိပင် ဖြစ်သွားခဲ့သည်။
အကနှင့် စန္ဒရား သင်တန်းများကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက အလယ်တန်းအဆင့်သို့ ရောက်ရှိချိန်တွင် ဝါသနာပါရာ သင်တန်းများအတွက် တစ်လလျှင် ယွမ်တစ်သောင်းကျော် ကုန်ကျခဲ့သည်။
ကျောင်းတိ ဂီတပညာကို သင်ယူလိုသည်ဖြစ်စေ၊ မသင်ယူလိုသည်ဖြစ်စေ မေ့လန်အနေဖြင့် ဤငွေကြေးများကို သမီးဖြစ်သူအတွက် ကြိုတင်ဖယ်ထားပေးရမည်သာ။
ချန်မေ့လန်၏ ရင်တွင်း၌ ကြီးမားသောရည်မှန်းချက်များ ကိန်းအောင်းလာသည်။ ကလေးငယ်များ၏ ပညာရေးနှင့် အနာဂတ်အတွက် သူမသည် ငွေကြေးများစွာ ရှာဖွေစုဆောင်းရမည်မှာ အသေအချာပင်ဖြစ်၏။
ကလေးများကို အိမ်အတွင်း၌ သော့ခတ်ထားခဲ့သဖြင့် နေ့လယ်ခင်းအချိန်တွင် အားလုံးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်။
ယန်ရှောင်ဝမ်၏ ဝမ်းဗိုက်လေးမှာ ဖောင်းမို့နေဟန်ရှိသည်။ ချန်မေ့လန် ဝင်ရောက်လာပြီး သူ၏ အင်္ကျီကို တိတ်တဆိတ် လှန်ကြည့်လိုက်သောအခါ ကလေးငယ်မှာ သူစုဆောင်းထားသမျှ ငွေကြေးများကို သူ၏ကိုယ်လုံးပေါ်တွင် တိပ်ဖြင့် ကပ်ထားသည်ကို တွေ့လိုက်ရ၏။
ငွေစက္ကူ အတန်အသေးလေးများ တစ်ထပ်ကြီးကို ကလေးငယ်၏ ချိုင့်ဝင်နေသော ဝမ်းဗိုက်ပေါ်တွင် တင်းကျပ်စွာ ကပ်ထားလေသည်။
ချန်မေ့လန်သည် ရှောင်ဝမ်၏ဝမ်းဗိုက်လေးကို ညင်သာစွာ ပြန်လည်ဖုံးအုပ်ပေးလိုက်ပြီး အိမ်သာဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်၏။
အိမ်သာအနီးသို့ ရောက်ရှိသည်နှင့် ခြေသံပြင်းပြင်းများ ကြားလိုက်ရသည်။
ယန်ကျောက် အိမ်ပြန်ရောက်လာပြီဖြစ်သည်။
အစိမ်းရောင်ဖျော့ဖျော့ လက်တိုအင်္ကျီ၊ အစိမ်းရင့်ရောင် ဘောင်းဘီများ၊ ၁၉၈၃ ခုနှစ်ထုတ် ရဲဝတ်စုံမှာ သူနှင့် အထူးတလည် လိုက်ဖက်ညီလွန်းလှပြီး မော်ဒယ်တစ်ဦးကဲ့သို့ပင် ခံ့ညားထည်ဝါနေ၏။
ထူးဆန်းသည်မှာ ချန်မေ့လန်သည် အခြားသူများအပေါ်တွင် ဤကဲ့သို့ ခံစားရလေ့မရှိသော်လည်း ယန်ကျောက်ကို မြင်တွေ့လိုက်ရသည်နှင့် သူမကိုယ်သူမ ရာဇဝတ်ကောင်တစ်ဦးကဲ့သို့ ခံစားရကာ မျက်နှာများ ရဲတက်လာပြီး ရင်ခုန်သံများ မြန်ဆန်လာလေ့ရှိသည်။
‘အရေးကြီးတာကို အရင်လုပ်ရမယ်'
ချွေးများ ရွှဲရွှဲစိုနေသော ယန်ကျောက်အား မြင်သောအခါ ချန်မေ့လန်က ရေအေးတစ်ခွက် ခပ်ယူကာ ယန်ကျောက်ကို ကမ်းပေးလိုက်ပြီးနောက် တိုးညှင်းသော အသံဖြင့် ဆိုလိုက်သည်။
“ရှင် မကွာရှင်းခင်က ကလေးတွေနဲ့ တိုင်ပင်ခဲ့သေးလား၊ ရှောင်ဝမ်က ပိုက်ဆံတွေစုနေတယ်၊ သူ့အမေဆီ သွားချင်နေပုံရတယ်”
ယန်ကျောက်က ချက်ချင်း ငြင်းဆန်လာ၏။
“မဖြစ်နိုင်တာ၊ သူကိုယ်တိုင်က ငါနဲ့အတူနေမယ်လို့ ရွေးချယ်ခဲ့တာ”
ချန်မေ့လန်က ဆက်လက် မေးခွန်းထုတ်နေသည်။
“သူက အိမ်ကနေ ထွက်မပြေးချင်ဘူးဆိုရင် ဘာလို့ ပိုက်ဆံတွေ စုနေရတာလဲ၊ သူ သေချာပေါက် ထွက်ပြေးဖို့စီစဉ်နေတာပဲ၊ ကလေးသာ ထွက်ပြေးသွားရင် ကျွန်မတို့ ဘယ်သွားရှာကြမလဲ”
ယန်ကျောက်က ရေအေးကို အငမ်းမရ သောက်ချလိုက်ပြီးနောက် ပြောလိုက်၏။
“ငါ ရှင်းလိုက်မယ်၊ တစ်ကြိမ်လောက် ကောင်းကောင်းရိုက်နှက်ဆုံးမလိုက်ရင် ရသွားမှာပါ”
‘ရိုက်နှက်ဆုံးမမယ်တဲ့လား’
‘အဲတာက သူ့ကလေးတွေအပေါ် ပညာပေးဆုံးမတဲ့ နည်းလမ်းလား'
ချန်မေ့လန်တစ်ယောက် အံ့သြမှင်တက်သွားတော့သည်။
ဤအမျိုးသားသည် သူ၏ ကိုယ်ပိုင်သွေးသားကို အနည်းငယ်မျှပင် ကာကွယ်စောင့်ရှောက်လိုစိတ် မရှိလေသလော။
တကယ်လို့များ သူမသာ ရက်စက်ယုတ်မာသော မိထွေးတစ်ဦးဖြစ်ခဲ့ပြီး သူ့အား ဒေါသထွက်စေရန် စကားအနည်းငယ် မြှောက်ပင့်ပေးလိုက်မည်ဆိုပါက ယန်ကျောက်သည် သူ၏သားအရင်းကို သေသည်အထိ ရိုက်နှက်တော့မည်လော။
ချန်မေ့လန်က စကားလမ်းကြောင်းကို အလျင်အမြန် လွှဲပြောင်းလိုက်၏။
“ထားပါတော့၊ ထားပါတော့၊ ကလေးတွေကိစ္စကို ကျွန်မပဲ ရှင်းလိုက်ပါ့မယ်၊ ရှောင်ဝမ်နဲ့ သေချာ စကားပြောကြည့်လိုက်မယ်၊ ကျွန်မမှာ ရှင့်အကူအညီလိုနေတဲ့ တခြားကိစ္စတစ်ခု ရှိသေးတယ်”
စောစောက သူမသည် ရှောင်ဝမ်နှင့် စကားပြောဆိုနောက်ပြောင်နေစဉ် ယွမ် ၂,၁၀၀ ကို အိမ်သာခေါင်မိုးစွန်းအောက်တွင် တမင်သက်သက် ထားရစ်ခဲ့သည်။