← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀)

ရှောင်ဝမ်ကမူ သူမ အမှန်တကယ်ပင် ထိုငွေများကို ခေါင်မိုးအောက်တွင် ဝှက်ထားခဲ့သည်ဟု ထင်မှတ်နေ၏။

သို့သော် သူမသည် လှည့်စားနေခြင်းသာဖြစ်ပြီး အမှန်တကယ်တွင်မူ သူခိုးဖမ်းရန် ထောင်ချောက်ဆင်ထားခြင်းဖြစ်သည်။

ထိုသူခိုးမှာ ဟူရှောင်မေ၏အစ်ကို ဟူရှောင်ဟွာ ဖြစ်မည်ကိုလည်း သူမ အသေအချာ ယုံကြည်ထားသည်။

ချန်မေ့လန် ပြန်လည်ရောက်ရှိလာပြီးကတည်းက နေအိမ်၏တံခါးမကြီးသော့ကို မလဲလှယ်ရသေးပေ။

ဟူရှောင်ဟွာသည် ယန်ကွမ်းရွာသို့ မကြာခဏ လာရောက်လေ့ရှိသည်။

ဟူရှောင်မေမှတစ်ဆင့် သူမ၏နေအိမ်သော့ကို သေချာပေါက် ရရှိထားမည်ဖြစ်သည်။

ကျောက်မီးသွေးကွင်းမှာလည်း အနီးအနားတွင်ရှိသဖြင့် လူလစ်ချိန်တွင် အလွယ်တကူ ဝင်ရောက်နိုင်သောကြောင့် သူမ သော့မလဲလှယ်ရသေးခြင်းဖြစ်၏။

စောစောက သူမ အပြင်သို့ ထွက်ခွာသွားချိန်တွင် မြေကြီးပေါ်သို့ ကျောက်မီးသွေးမှုန့်များကို တမင်သက်သက် ဖြန်းပက်ခဲ့သည်။ နေ့ခင်းကြောင်တောင် အချိန်ဖြစ်သော်လည်း မွန်းတည့်ချိန်တွင် အပြင်ဘက်၌ လူသူကင်းမဲ့နေတတ်သည်။

အကယ်၍ ဟူရှောင်ဟွာသာ အုတ်ကြွပ်ပြားများအောက်တွင် ငွေများရှိနေကြောင်း ကြားသိသွားပါက သေချာပေါက် ခြံစည်းရိုးကို ကျော်တက်ကာ ဝင်ရောက်စစ်ဆေးမည်ဖြစ်ပြီး ခြံတွင်းသို့ ဝင်ရောက်လာသည်နှင့် သူ၏ခြေရာများ ကျန်ရစ်နေခဲ့မည်ဖြစ်သည်။

ထို့အပြင် အုတ်ကြွပ်ပြားများပေါ်တွင်လည်း သူ၏လက်ဗွေရာများ ကျန်ရစ်နေမည်သာဖြစ်သည်။

သူမ၏ ခင်ပွန်းမှာ ရဲအရာရှိတစ်ဦး ဖြစ်သော်ငြားလည်း ချန်မေ့လန်အနေဖြင့် တန်ပြန်သက်သေအထောက်အထားများကို လုံလောက်စွာ ပြင်ဆင်ထားရန် လိုအပ်ပေ၏။

မည်သို့ပင်ဆိုစေ ယခုခေတ် ရဲတပ်ဖွဲ့မှာ လွန်ခဲ့သော နှစ်အနည်းငယ်ကကဲ့သို့ ဖြူစင်သန့်ရှင်းခြင်းမရှိတော့ပေ။

ယန်ရှီရှန်းသည် အထက်အထိ တက်လှမ်းနိုင်သကဲ့သို့ အောက်ခြေအထိလည်း ဆင်းသက်နိုင်သူဖြစ်ရာ အဆင့်မြင့်အရာရှိများကိုရော အောက်ခြေဝန်ထမ်းများကိုပါ လာဘ်ပေးလာဘ်ယူ ပြုလုပ်ကာ ဖျက်ဆီးနိုင်စွမ်းရှိသည်။

ထိုငွေများကို သူမ ပြန်လည်ရယူလိုပါက ကြိုတင်ပြင်ဆင်မှုများ အသေအချာ ပြုလုပ်ထားမှသာ ရမည်ဖြစ်၏။

ယခင်တစ်ခေါက်က သူမ အလုခံရစဉ်တွင် သတင်းစာရွက်ပေါ်၌ အမည်းရောင်ခြေရာတစ်ခု ကျန်ရစ်နေခဲ့သည်ကို သူမ ရှာဖွေတွေ့ရှိခဲ့သည်။

ချန်မေ့လန်သည် မျက်မြင်သက်သေအဖြစ် ထိုသတင်းစာရွက်ကို ဦးစွာယူဆောင်လျက် ယန်ကျောက်ကို အိမ်သာတံခါးဝသို့ ဆွဲခေါ်ကာ အခြေအနေအရပ်ရပ်ကို အသေးစိတ် ရှင်းပြလိုက်သည်။

ယန်ကျောက်က နားထောင်ပြီးသည်နှင့် ချက်ချင်းတုံ့ပြန်သည်။

“ဟူရှောင်ဟွာလို့ သံသယရှိရင် ရဲစခန်းမှာ ချက်ချင်းသွားတိုင်ရမှာပေါ့”

စကားတစ်ဝက်ခန့်အရောက်တွင် သူက ထပ်မံဖြည့်စွက်လာသည်။

“ရဲဘော် မေ့လန်၊ ငါက ရဲအရာရှိတစ်ယောက် ဖြစ်ပေမယ့် ငါ့ရဲ့ ရာထူးအာဏာကို သုံးပြီး မင်းကို အထူးအခွင့်အရေး ပေးမှာမဟုတ်ဘူး၊ ငါတို့တွေ နိုင်ငံတော်နဲ့ အစိုးရကို ယုံကြည်ရမယ်၊

ဘာကိစ္စပဲဖြစ်ဖြစ် မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ သွားရမယ်”

သူ ပြောဆိုလိုက်သောလေသံမှာ သူမက သူ၏ရာထူးအာဏာကို အလွဲသုံးစားပြုကာ မလျော်ကန်သော ကိစ္စရပ်များကို လုပ်ဆောင်လိုနေသကဲ့သို့ ဖြစ်နေလေ၏။

ချန်မေ့လန်က တမင်သက်သက် သက်ပြင်းချလျက် ဆိုလာသည်။

“ဒါဆိုရင်လည်း ကျွန်မ သွားတိုင်လိုက်ပါ့မယ်၊ ကျွန်မ နိုင်ငံတော်နဲ့ အစိုးရကို ယုံကြည်ပါတယ်၊ ဟူး... အရင်တစ်ခေါက်ကစခဲ့တဲ့ လုပ်ထုံးလုပ်နည်းတောင် မပြီးသေးဘူး၊ အဲဒါကို အရင်ပြီးအောင် လုပ်ရဦးမယ်ထင်တယ်”

ကျိုးရွှယ်ချင်းက ဤမျှလောက် တောင့်တင်းခက်ထန်ပြီး ရှေးရိုးဆန်သော ဤအမျိုးသားကို အထင်အမြင်သေးသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

ယခုအချိန်သည် ၁၉၉၀ ပြည့်လွန်နှစ်များသို့ ရောက်ရှိနေပြီဖြစ်သည်။ ယန်ရှီရှန်းသည် သူ၏အဆက်အသွယ်များကို အသုံးပြုကာ သူမ၏ အိမ်ထောင်စုစာရင်းကို ရှီးဖျင်မြို့မှ တိုက်ရိုက် ပြောင်းရွှေ့ပစ်နိုင်စွမ်း ရှိလေသည်။

သူ့အနေဖြင့် အဆက်အသွယ်များကို အသုံးမပြုဘဲ အနည်းဆုံးတော့ အမှုဖွင့်တိုင်ကြားပေး၍ မရနိုင်ခြင်းလော။

ယခင်တစ်ခေါက်က သူမ အမှုသွားဖွင့်စဉ် ရဲစခန်းရှိ ရဲအရာရှိများသည် သူမ၏ဇာတ်လမ်းကို ကြားသိပြီးနောက် သက်သေခံသတင်းစာရွက်ကိုပင် သိမ်းဆည်းလုနီးပါး ဖြစ်ခဲ့သည်။

ထိုသူများသည် ယန်ရှီရှန်းနှင့် ပူးပေါင်းကြံစည်နေသူများဖြစ်ကြောင်းကို သူမ ရိပ်မိပြီး သတင်းစာရွက်ကို အလျင်အမြန် ပြန်လည်ဆွဲယူမလာခဲ့ပါက သူမ၏ တစ်ခုတည်းသော သက်သေအထောက်အထားပါ ဆုံးရှုံးသွားရမည်ဖြစ်၏။

ယခုအခါတွင် သူက သူမကို လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် လုပ်ဆောင်စေလိုနေပြန်လေ၏။

ဤအမျိုးသားသည် အသက် ၁၆ နှစ်အရွယ်ကတည်းက စစ်တပ်တွင်းသို့ ဝင်ရောက်ခဲ့ပြီး ယခုအခါ စစ်မှုထမ်းသက်တန်း ၁၂ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

စစ်တပ်တွင်း၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရခြင်းက သူ့ကို ဤမျှလောက် တုံးအသွားစေခဲ့သည်လော။

သို့သော် ထိုအချိန်တွင် ယန်ကျောက်က လှည့်ထွက်သွားရန် ပြင်ဆင်ရင်း ဆိုလာ၏။

“အရမ်းပူတယ်၊ မင်း ဒီမှာပဲနားနေလိုက်၊ ယန်ကွမ်းရဲစခန်းက အလုပ်တွေ ဒီတလော နည်းနည်း အလွဲအချော် ဖြစ်နေတယ်၊ ကိုယ် ကိုယ်တိုင်သွားတိုင်ရင်း သူတို့ရဲ့ အလုပ်တွေကိုပါ တစ်ခါတည်း ဝင်စစ်ဆေးလိုက်မယ်”

ဤစကားတစ်ခွန်းက သူမသည် လူ့သဘာဝကို နားလည်စာနာတတ်သော အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်းကို ချန်မေ့လန်အား နောက်ဆုံးတွင် အပြည့်အဝယုံကြည်သွားစေခဲ့၏။

သေချာကြည့်မည်ဆိုလျှင် သူ၏ နားရွက်အနောက်ဘက်မှ အသားအရေလေးများမှာ ပန်းရောင်သမ်းနေဆဲပင်။

သူ၏ ကိုယ်ပေါ်ရှိ ကြွက်သားများမှာ မာကျောတောင့်တင်းနေသော်ငြားယ သူ၏ နားရွက်လေးများမှာမူ ထူးခြားစွာ နူးညံ့ပျော့ပျောင်းနေဟန်ရှိသည်။

အထူးသဖြင့် အရှေ့ဘက်နှင့် လုံးဝမတူညီသော အနောက်ဘက်မှ ပန်းရောင်သမ်းနေမှုလေးက ယုန်ပေါက်လေးတစ်ကောင်၏ နားရွက်လေးများနှင့် လုံး၀နီးပါး တူညီနေရာ ချန်မေ့လန်သည် လက်ချောင်းများဖြင့် ထိုနားရွက်လေးများကို ဖွဖွလေး ဖျစ်ညှစ်ဆွဲနယ်ချင်စိတ်များ တဖွားဖွား ပေါ်လာတော့၏။

………

အမှန်တကယ်တော့ ကွာရှင်းပြတ်စဲခြင်းစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ကျိုးရွှယ်ချင်း မိဘအိမ်သို့ နောက်ဆုံးအကြိမ် ခြေချခဲ့စဉ်က ဗစ်ထရီတံဆိပ် ဆူးချွန်ရော်ဘာဖိနပ် အသစ်စက်စက်နှစ်ရန်ကို သယ်ဆောင်လာခဲ့ဖူးသည်။

ယန်ရှောင်ဝမ်က ထိုဖိနပ်များကို သူ့အတွက်နှင့် ညီငယ် ရှောင်လန်အတွက် ဝယ်ယူလာခြင်းဖြစ်မည်ဟု လှိုက်လှိုက်လှဲလှဲ မျှော်လင့်ကာ စမ်းသပ်စီးနှင်ရန် ပြင်ဆင်ခဲ့၏။

သို့သော် ကျိုးရွှယ်ချင်းက ထိုဖိနပ်များကို အကြင်နာကင်းမဲ့စွာ ပြန်လည်လုယူသွားခဲ့ပြီး ရှောင်ဝမ်စီးထားသော ရော်ဘာဖိနပ်စုတ်လေးကို ခြေထောက်ဖြင့် ကြမ်းတမ်းစွာ ကန်ကျောက်ကာ အသစ်စက်စက် ဖိနပ်နှစ်ရန်ကို ကိုင်ဆောင်လျက် နောက်သို့ တစ်ချက်မျှလှည့်မကြည့်တော့ဘဲ ထွက်ခွာသွားခဲ့လေသည်။

ထိုအချိန်မှစ၍ ရှောင်ဝမ်သည် သူနှင့် ရှောင်လန်အတွက် ဗစ်ထရီတံဆိပ် ရော်ဘာဖိနပ်တစ်ရန်စီ ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူနိုင်ရေးဟူသော ပြင်းပြသည့် ရည်မှန်းချက်ဖြင့် အကြွေစေ့လေးများကို အငတ်ခံကာ မရမက စုဆောင်းနေခဲ့ခြင်းဖြစ်၏။

ယခုလည်း ကလေးငယ်သည် သူစုဆောင်းထားသမျှ ငွေကြေးများ အခိုးခံလိုက်ရပြီဟု အိပ်မက်ဆိုး မက်ကာ ကြောက်လန့်တကြား အော်ဟစ်လိုက်ရင်းမှ လန့်နိုးလာခဲ့သည်။

သူ နိုးလာချိန်တွင်မူ ကန် အုတ်မီးဖိုကုတင်စွန်း၌ ထိုင်နေသော ရှောင်လန်ကို အံ့သြဖွယ်ရာ မြင်တွေ့လိုက်ရသည်။

သူ့ညီငယ်၏ ခြေထောက်တွင် အသစ်စက်စက် ဗစ်ထရီတံဆိပ် ဆူးချွန်ဖိနပ်တစ်ရန်ကို ဆင်မြန်းထားလေ၏။

‘ငါ အိပ်မက်မက်နေတုန်းပဲလား’

ရှောင်လန်က ဖိနပ်အသစ်ကို စမ်းသပ်စီးနှင်နေရင်း သူ၏ ဝဝကစ်ကစ်ခြေဖဝါးလေးများကို ဖိနပ်အတွင်းသို့ သွင်းကာ မြေကြီးပေါ်သို့ ဖြည်းညင်းစွာ နင်းချလိုက်သည်။

“ဖိနပ်လေး၊ သားဖိနပ်လေး”

ရော်ဘာဆူးချွန်လေးများက ကလေးငယ်၏ ဖိုင့်ကားနေသော ခြေဖဝါးလေးများကို အပေါ်သို့ ပြန်လည်ကန်တင်ပေးလိုက်ရာ သူက အံ့သြတကြီးဖြင့် အော်ဟစ်လိုက်၏။

“ဖိနပ်ကြီးက လှုပ်ရှားနေတယ်”

ဤဖိနပ်များမှာ အလွန်ထူးဆန်းလှသည်။ အောက်သို့ဖိချလိုက်သည်နှင့် ခြေဖဝါးကို အပေါ်သို့ ပြန်လည်ကန်တင်ပေးသော ဂုဏ်သတ္တိရှိလေသည်။

ကလေးငယ်လေးသည် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခုန်ဆွခုန်ဆွ ဖြစ်သွားကာ သူ၏ ကောက်ကြောင်းပေါ်နေသော တင်ပါးလုံးလုံးလေးမှာလည်း တုန်ခါသွားပြီး သူ၏ နှုတ်ခမ်းဖူးဖူးလေးများက အိုပုံစံ ဝိုင်းစက်သွားကာ ခြေလှမ်းတိုင်းတွင် ‘အို... အို’ ဟူ၍ အသံထွက်နေလေ၏။

ဤဖိနပ်အသစ်လေးများအား စီးရသည်မှာ တကယ်ကို ပျော်ရွှင်ဖွယ်ကောင်းလွန်းလှသည်။

နွေရာသီ၏ အပူပြင်းဆုံး အချိန်ကာလဖြစ်သဖြင့် ကျောင်းတိမှာ ပုံမှန်အားဖြင့် ခြေညှပ်ဖိနပ်များကိုသာ စီးလေ့ရှိသော်လည်း ဘေးအိမ်မှ ကလေးမလေး နင်သည် မကြာသေးမီက ဆူးချွန်ဖိနပ်တစ်ရန်ကို စီးနေခဲ့သည်။

ယခုအခါ သူမ၌လည်း အသစ်စက်စက်ဖိနပ်တစ်ရန် ရုတ်တရက် ရရှိလာပြီဖြစ်ရာ ထိုဖိနပ်ကို စီးလျက် အိမ်ပြင်သို့ထွက်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြေးလွှားကစားချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာတော့၏။ သူမသည် ခြံတံခါးအပြင်ဘက်သို့ ပြေးထွက်ကာ အော်ခေါ်လိုက်သည်။

“နင်နင်၊ အိမ်မှာ ရှိလား၊ အပြင်ထွက်လာပြီး ကစားကြရအောင်”

ကလေးမလေးသည် မိမိ၏ ပိုင်ဆိုင်မှုအသစ်လေးကို ပြသကာ အနည်းငယ်မျှ ကြွားဝါလိုနေရှာသည်။

ချင်ယွီက နင်နင်ကို အိပ်ရာမှ ထစေရန် ချော့ပြောနေရင်း ခြံစည်းရိုးပေါ်မှနေ၍ လှမ်းအော်လိုက်၏။

“ကျောင်းတိ၊ သမီးအမေက သမီးကို အသံပိုင်းဆိုင်ရာ ဂီတသင်ဖို့ ခေါ်ခိုင်းလိုက်တယ်၊ မြန်မြန်လာခဲ့၊ အန်တီ အခုအားနေတုန်း သမီးနဲ့ နင်နင်ကို သီချင်းဆိုသင်ပေးမယ်”

ကျောင်းတိသည် ခုန်ဆွခုန်ဆွဖြင့် ပြေးထွက်သွားရာ ရှောင်လန်လေးကလည်း သူမ၏အနောက်မှ တကောက်ကောက် လိုက်ပါသွားပြီး ဘေးအိမ်ဆီသို့ အလျင်စလို ဝင်ရောက်သွားကြသည်။

ချန်မေ့လန်သည် အရွယ်အစား အကြီးဆုံးနှင့် အသစ်လွင်ဆုံးဖြစ်သော ဖိနပ်တစ်ရန်ကို ရှောင်ဝမ်ထံသို့ ကမ်းပေးလိုက်သည်။

“ရော့၊ ဒါက သားအတွက်ဝယ်လာတာ၊ စီးကြည့်လိုက်ဦး”

ဤအမျိုးသမီးက တကယ်ပဲ သူ့အတွက် ဆူးချွန်ဖိနပ်တစ်ရန် ဝယ်လာပေးခဲ့သည်လော။

သူ အရူးအမူး လိုချင်တပ်မက်ခဲ့ပြီး နေ့စဉ်နှင့်အမျှ ငွေကြေးများ စုဆောင်းကာ ပိုင်ဆိုင်နိုင်ရန် အိပ်မက်မက်နေခဲ့ရသော ဗစ်ထရီတံဆိပ် ဆူးချွန်ဖိနပ်တစ်ရန်ကို သူမက ဝယ်လာပေးခဲ့ခြင်းလော။

ယန်ရှောင်ဝမ်၏ မျက်ဝန်းများ၌ သံသယအရိပ်အယောင်များ စွန်းထင်းသွားပြီး သူ၏ မွေးရာပါခေါင်းမာမှုကလည်း ချက်ချင်း ထွက်ပေါ်လာသည်။

ဤမျှ ကြီးမားလှသော အံ့သြဖွယ်ရာ လက်ဆောင်က သူ၏ဦးနှောက်ကို အလွယ်တကူ လွှမ်းမိုးသွားနိုင်ခြင်းမရှိခဲ့ပေ။

အမျိုးသမီးများအားလုံးသည် တစ်ပုံစံတည်းသာမဟုတ်လော။

သူ၏ဖခင်သည် ငွေကြေးအမြောက်အမြား ရှာဖွေနိုင်သော သူဌေးပေါက်စတစ်ဦး မဟုတ်သကဲ့သို့ ယခုခေတ်အခါတွင် တရားဥပဒေစိုးမိုးရေး အရာရှိတစ်ဦး ဖြစ်နေခြင်းကလည်း လေးစားဖွယ်ရာ အလုပ်အကိုင်တစ်ခု မဟုတ်တော့ပေ။

All Chapters