အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃)
ဥပဒေချိုးဖောက်ခြင်းနှင့် ပြစ်မှုကျူးလွန်ခြင်းဟူသော စကားလုံးနှစ်ရပ်မှာ အသံထွက် ဆင်တူသော်ငြားလည်း ဥပဒေချိုးဖောက်ခြင်းအတွက် ဝေဖန်ပညာပေးရုံမျှဖြင့် ပြီးဆုံးနိုင်သော်လည်း ပြစ်မှုကျူးလွန်ပါကမူ ပြင်းထန်သော ဥပဒေ၏ အပြစ်ပေးအရေးယူမှုများကို ခံစားရမည်ဖြစ်သည်။
ထိုငွေကြေးများကို ဟူရှောင်ဟွာ ခိုးယူသွားခဲ့သည်မှာ သေချာသော်လည်း ယန်ရှီရှန်းသည် ထိုအချက်ကို ကောင်းကောင်း သိရှိနေပါလျက်နှင့် အပြစ်တင်မည့်အစား သူ့ကို ကာကွယ်ပေးရန်ပင် ကြိုးပမ်းနေသည်။
မည်သို့ပင်ဆိုစေ ယန်ရှီရှန်းသည် ငွေရှာရန်အတွက် ချီတုန်မိန်ကို အားကိုးနေရပြီး ဟူရှောင်ဟွာမှာလည်း သူ၏ အရင်းနှီးဆုံးလူယုံတစ်ဦးဖြစ်လေ၏။
သူတို့သည် အေးအတူ ပူအမျှ ခံစားကြမည့် မိသားစုဝင်များသဖွယ် ရင်းနှီးသော သွေးသောက်ညီအစ်ကိုများ ဖြစ်ကြသည်။
သူမ၏ အတိတ်ဘ၀က ချန်မေ့လန်သည် ယန်ရှီရှန်း၏ ဖောက်ပြန်မှုများကို လျစ်လျူရှုရန် ဆုံးဖြတ်ခဲ့ပြီး နေအိမ်ကိုပင် ပြန်လည်ရယူရန် မတောင်းဆိုခဲ့ပေ။
ယခုအချိန်တွင်လည်း ထိုအောက်တန်းစား ယန်ရှီရှန်းနှင့် ပတ်သက်၍ ချန်မေ့လန် အနည်းငယ်မျှပင် ဂရုစိုက်နေရန် မလိုအပ်တော့ပေ။ ကျောင်းတိအတွက် ငွေကြေးအချို့ကို သူမ တောင်းဆိုသင့်သော်ငြားလည်း ယခုအခါ လုံးဝမလိုချင်တော့ပေ။
အကြောင်းမူကား ထိုငွေများအားလုံးသည် ကျောက်မီးသွေး အလုပ်သမားများ၏ ချွေးသွေးများသာ ဖြစ်သောကြောင့်ပင်။
ယန်ရှီရှန်းသည် ယခုအချိန်တွင် ထိုငွေများကို သုံးစွဲနေနိုင်သော်လည်း အနာဂတ်တွင်မူ သေချာပေါက် ဝဋ်လည်မည်သာဖြစ်သည်။ ကျောင်းတိကို ထိုကဲ့သို့သော ညစ်ထေးသည့်ငွေကြေးများဖြင့် မပျက်စီးစေလိုတော့ပေ။
သို့သော် ဟူရှောင်ဟွာက သူမ၏ငွေများကို ခိုးယူခြင်းမှာ ခိုးမှုမြောက်ပြီး ယန်ရှီရှန်းကသာ သူ၏လူယုံကို ကာကွယ်ပေးမည်ဆိုပါက ရဲတပ်ဖွဲ့အနေဖြင့် အမှန်တကယ်ပင် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ လူမိုက်များက အကြောင်းပြချက်ကင်းမဲ့စွာ ပြုမူနိုင်သော်ငြားလည်း ရဲအရာရှိများကမူ ညှဉ်းပန်းနှိပ်စက်၍ ထွက်ဆိုချက်ရယူပိုင်ခွင့် မရှိပေ။
လက်ရှိဘဝတွင် ကြုံတွေ့ရမည့် အခက်အခဲများကို ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းကာ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းမည်ဟူသော သူမ၏ရည်မှန်းချက်က ယခုအခါတွင် ပိုမိုခိုင်မာလာသည်။
သို့သော် တိုက်ဆိုင်စွာပင် ယန်ရှီရှန်းကို ကိုင်တွယ်ဖြေရှင်းရန် သူမ၌ အထူးနည်းလမ်းကောင်းတစ်ခု ရှိနေလေသည်။ ဟူရှောင်မေ၏အတွင်းခံကို သူမ ရှာဖွေတွေ့ရှိခဲ့ချိန်ကတည်းက ယန်ရှီရှန်းကို မည်သို့မည်ပုံ ချုပ်ကိုင်ရမည်ဆိုသည်ကို သူမ ကြိုတင်စဉ်းစားထားပြီးဖြစ်၏။
ရေချိုးခန်းအတွင်းမှ အတွင်းခံကို ယူဆောင်လာရင်း ယန်ကျောက်က မေးလိုက်သည်။
“မင်းရဲ့ အတွင်းခံကို လျှော်ပစ်ချင်တာလား၊ လွှင့်ပစ်ချင်တာလား”
ချန်မေ့လန်သည် ဒေါသထွက်နေသည့်အပြင် အနည်းငယ် စိတ်လိုက်မာပါ ဖြစ်နေသဖြင့် ဘာကိုမျှ စဉ်းစားမနေဘဲ ချက်ချင်းတုံ့ပြန်လိုက်၏။
“ဒါက ကျွန်မအတွင်းခံ မဟုတ်ဘူး၊ ဟူရှောင်မေရဲ့အတွင်းခံ၊ သူ ကျွန်မကို စွပ်ပေးသွားတဲ့ အစိမ်းရောင်ဦးထုပ် (ဖောက်ပြန်ခြင်းသင်္ကေတ) ပဲ”
ရုတ်တရက် ယန်ကျောက်၏မျက်ခုံးများ တွန့်ကွေးသွားပြီး မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားတော့သည်။
ချန်မေ့လန် မော့ကြည့်လိုက်သောအခါမှ…..
‘အို... ဘုရားရေ’
ယန်ကျောက်၏ ခေါင်းပေါ်တွင် ဆောင်းထားသည်မှာ အစိမ်းရောင်ဦးထုပ်ကြီးမဟုတ်လော။
သူမက ‘အစိမ်းရောင်ဦးထုပ်၊ အစိမ်းရောင်ဦးထုပ်’ ဟု ထပ်ခါတလဲလဲ အော်ဟစ်ပြောဆိုနေခဲ့မိသည်။
ထို့အပြင် ယန်ကျောက်မှာ အလုပ်သွားတိုင်း နေ့စဉ်ရက်ဆက် အစိမ်းရောင်ဦးထုပ်ကြီးကို ဆောင်းထားရသည်မဟုတ်လော။
ရဲစခန်းတွင် အစိမ်းရောင်ဦးထုပ်ကို ဆောင်းထားရုံသာမက သူသည် စစ်တပ်အတွင်း၌ ဆယ်စုနှစ်တစ်ခုကျော်ကြာ တာဝန်ထမ်းဆောင်စဉ်ကလည်း နေ့စဉ်ရက်ဆက် အစိမ်းရောင်ဦးထုပ်ကိုသာ ဆောင်းထားခဲ့ရလေသည်။
ဤအရာက တကယ့်ကို ဆိုးရွားလွန်းလှသည်။
သူမသည် ရည်ရွယ်ချက်မရှိဘဲ သူ၏သိက္ခာကို စော်ကားထိခိုက်မိသကဲ့သို့ ဖြစ်သွားခဲ့လေပြီ။
ဤအမျိုးသားသည် အနာဂတ်တွင် မြို့တော်ကြီး၏ ရဲမှူးချုပ် ဖြစ်လာမည့်သူဖြစ်သည်။ လုကျင်းယွီနှင့် ယန်ရှီရှန်းတို့က သူ့အကြောင်းကို ပြောဆိုမိရုံဖြင့်ပင် ကြောက်လန့်တကြား တုန်ယင်သွားတတ်ကြသည်။
သူ၏ စစ်ဆေးမေးမြန်းမှုများက ရာဇဝတ်ကောင်များကို သေလုမတတ် ထိတ်လန့်သွားစေနိုင်သည်ဟူသော ကောလာဟလများပင် ရှိခဲ့ဖူး၏။
သူသည် နောက်ပြောင်ရမည့် အမျိုးသားတစ်ဦး လုံးဝမဟုတ်ပေ။
ချန်မေ့လန်က အလျင်အမြန် ပြန်ရှင်းပြလိုက်သည်။
“ကျွန်မ ရှင့်ကိုပြောတာမဟုတ်ပါဘူး”
ယန်ကျောက်၏ မျက်နှာမှာ ပိုမို၍ မည်းမှောင်လာသဖြင့် သူမက ပြာပြာသလဲ ထပ်မံဖြည့်စွက်ပြောဆိုလိုက်၏။
“ဒါက ရှင်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျွန်မကိုယ်ကျွန်မ အစွပ်ခံခဲ့ရတဲ့ အစိမ်းရောင်ဦးထုပ်အကြောင်းကို ပြောနေတာပါ”
ယန်ကျောက်သည် တိတ်ဆိတ်စွာဖြင့် သူ့ခေါင်းပေါ်မှ ဦးထုပ်ကို ချွတ်ယူလိုက်သည်။
လက်တစ်ဖက်တွင် အနီရောင်အတွင်းခံကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင် အစိမ်းရောင်ဦးထုပ်ကို ကိုင်ဆောင်ထားလျက် မည်သည့်ခံစားချက်မျှမရှိဟန်ရသော မျက်နှာသေဖြင့်သာ ရပ်နေလေ၏။
ချန်မေ့လန်မှာ အမှန်တကယ်ပင် ကြောက်လန့်သွားမိသော်ငြား သူမ၏ရယ်မောချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာကာ အသံကျယ်ကြီးဖြင့် အော်ဟစ်ရယ်မောလိုက်တော့သည်။
……..
တကယ်တန်းတွင် ထိုအရာက အတွင်းခံဘောင်းဘီတစ်ထည်မျှသာ ဖြစ်သည်။ ထိုအရာပေါ်တွင် ဟူရှောင်မေ၏နာမည် ရေးထိုးထားလျှင်ပင် ပိုင်ရှင်ဖြစ်သူက ဝန်မခံသရွေ့ ချန်မေ့လန်အနေဖြင့် မည်သို့လုပ်၍ အတင်းအကျပ် ဝန်ခံခိုင်းနိုင်မည်နည်း။
ထို့အပြင် ချန်မေ့လန်က ဟူရှောင်မေကို ထိုအတွင်းခံ၏ ပိုင်ရှင်ဖြစ်ကြောင်း ဝန်ခံခိုင်းနိုင်ခဲ့လျှင်ပင် ဘာထူးခြားသွားမည်နည်း။ ဟူရှောင်မေ၏ ဂုဏ်သိက္ခာမှာ စိစိညက်ညက် ကျေမွနေခဲ့ပြီးသားပင်
“မေမေ၊ ဘာတွေဒီလောက်တောင် ရယ်စရာကောင်းနေလို့လဲ”
ယန်ကျောက် တစ်စုံတစ်ရာပြောရန် ပြင်လိုက်စဉ်မှာပင် ကျောင်းတိထံမှ စကားသံထွက်ပေါ်လာ၏။
သူတို့လေးတွေမှာ နေစရာအိမ်လေးတစ်လုံး ရှိကြသော်လည်း အိမ်ထဲတွင် ရယ်မောသံများ ကြားရခဲလှသော ကလေးငယ်များ ဖြစ်ကြသည်။
မိဘများ၏ စိတ်ခံစားချက်မှာ သူတို့လေးတွေ၏ ချစ်ကြည်ရင်းနှီးမှုအတွက် တွန်းအားတစ်ရပ် ဖြစ်ပေသည်။ သူမက ခပ်ဖွဖွလေး ပြုံးပြလိုက်ရုံသာ ရှိသေးသော်လည်း ကလေးသုံးယောက်လုံး လက်ချင်းချိတ်ထားမိပြီးသား ဖြစ်နေကြ၏။
“သားသိပြီ၊ အသားဟင်းနံ့ပဲ”
အစားအသောက်ကြူးသော ရှောင်လန်က အနံ့ရသွားခဲ့ခြင်းဖြစ်သည်။
ကလေးများ ဖရဲသီးစားကာ ဗိုက်ဝသွားကြပြီဖြစ်ပြီး ညနေဘက်တွင် ချန်မေ့လန်က ခေါက်ဆွဲပြုတ်ပေးမည် ဖြစ်သောကြောင့် ဝက်သားကြွပ်ကြော်လေးပါ ကြော်ပေးလိုက်သည်။
အလွန်ရိုးရှင်းသော ဟင်းလျာလေးဖြစ်သော်လည်း ကျောင်းတိက အထူးနှစ်သက်လှ၏။ အရင်ဘဝတုန်းက ဟော့ပေါ့ဆိုင်သွားစားတိုင်း သူမ အမြဲတမ်း မှာယူလေ့ရှိသော ဟင်းလျာလေးဖြစ်သည်။
ဝက်သားကြွပ်ကြော် ပူပူနွေးနွေးလေး ရလာသောအခါ ချန်မေ့လန်က အပိန်ဆုံးကောင်လေး ရှောင်ဝမ်ကို အဖတ်ကြီးတစ်ဖတ် တမင်ရွေးပေးလိုက်၏။
ရှောင်လန်ကို တစ်ဖတ်ပေးပြီးနောက် ယန်ကျောက်ကိုပါ အလေးထားကာ တစ်ဖတ်ထည့်ပေးလိုက်သေးသည်။ အကြီးဆုံးနှင့် အကြွပ်ဆုံး နောက်ဆုံးအဖတ်လေးကိုတော့ ကျောင်းတိအတွက် ဖယ်ထားပေးလိုက်သည်။
“မေမေ၊ အခုကစပြီး နေ့တိုင်း ဒီလိုမျိုး ပြုံးနေမှာလားဟင်”
ပန်းကန်ထဲမှ ခေါက်ဆွဲဖတ်လေးများကို ဆွနေရင်း ကျောင်းတိက မေးလိုက်၏။
“မေမေတင် မဟုတ်ပါဘူး၊ ကျောင်းတိရယ်၊ ရှောင်ဝမ်ရယ်၊ ရှောင်လန်ရယ် အားလုံး နေ့တိုင်း ပြုံးပျော်နေရမယ်လေ၊ ဟုတ်ပြီလား”
ချန်မေ့လန်က အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
လက်တစ်ဖက်က အနီရောင်အတွင်းခံဘောင်းဘီကိုကိုင်ကာ ကျန်လက်တစ်ဖက်က အစိမ်းရောင်ဦးထုပ်ကို ကိုင်ထားသည့် ယန်ကျောက်၏ပုံရိပ်မှာ သူမ၏စိတ်အာရုံထဲတွင် တဖျပ်ဖျပ် ပေါ်လာနေသည်။
သို့သော် သူ ဒေါသထွက်သွားမည်ကို စိုးရိမ်သဖြင့် အပြုံးတစ်ပွင့်ဖန်တီးကာ အကြောင်းပြချက် ရှာလိုက်ရခြင်းဖြစ်၏။
ကလေးငယ်များမှာလည်း ဝမ်းသာရွှင်မြူးသည့် ခံစားချက်များ ကူးစက်သွားကာ တသောသော ရယ်မောလိုက်ကြသည်။
ယန်ကျောက် တစ်ယောက်တည်းသာ မျက်နှာကြီး မည်းမှောင်နေခဲ့တော့သည်။
ညစာစားပြီးနောက် အိပ်ရာဝင်ချိန် ရောက်လာခဲ့၏။
ယနေ့တွင် ရှောင်ဝမ်သည် ရှောင်လန်အနားမှ တစ်ဖဝါးမျှ မခွာတော့ဘဲ ရေချိုးပေးခြင်းနှင့် အဝတ်အစားလဲပေးခြင်းများကို ကူညီလုပ်ဆောင်ပေးကာ ကန်အိပ်ရာထက်သို့ အဆင်ပြေချောမွေ့စွာ နေရာချပေးခဲ့သည်။
သို့သော် ဘေးခန်းမှ ကျောင်းတိ၏ သီချင်းညည်းသံလေး ထွက်ပေါ်လာသည်။
“ဆည်ဘောင်ပေါ်မှာ... အဲ့ဒီကုန်းလေးပေါ်မှာ... အဲ့ဒါဘယ်သူများလဲ...”
“မမကျောင်းတိ၊ သားလာပြီ”
ရှောင်လန်က ချက်ချင်းပင် ကိုယ်ကိုလှည့်ကာ ကန်အိပ်ရာပေါ်မှ ဆင်းပြေးသွားတော့၏။
“ပါးပါးဖောင်းဖောင်းနဲ့ မောင်လေး၊ နင့်ဆီက နို့နံ့လေးတွေ ထွက်နေတယ်”
ကျောင်းတိက ရှောင်လန်အား ဖက်ထားပြီး ပါးလေးကို ပွတ်သပ်ပေးလိုက်သည်။
ကျောင်းတိ၏ မျက်နှာလေးမှာ မိခင်ဖြစ်သူ၏ မျက်နှာလိမ်းခရင်မ်ကို ခိုးလိမ်းထားသောကြောင့် ချောမွေ့နုဖတ်နေပြီး ပို၍ပင် မွှေးကြိုင်နေသည်။
ချန်မေ့လန် ရေချိုးပြီးနောက် အနီရောင်အတွင်းခံဘောင်းဘီထည့်ထားသော ပလတ်စတစ်အိတ်ကို ကြမ်းပြင်ပေါ်မှ ကောက်ယူလိုက်၏။
ယန်ရှီရှန်းနှင့် ဟူရှောင်မေတို့ လူးလှိမ့်ချစ်တင်းနှီးနှောခဲ့ပြီးကတည်းက ဤအတွင်းခံမှာ သူမ၏ကန်အိပ်ရာပေါ်တွင် လအတော်ကြာ ပစ်ချထားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အိပ်ရာခင်းများကိုပင် ချန်မေ့လန် လွှင့်ပစ်ခဲ့ပြီးဖြစ်၏။။
ယခု ဤအတွင်းခံ တစ်ထည်တည်းသာ ကျန်ရစ်နေခဲ့လေ၏။
သူမအနေဖြင့် ဤမျှ ညစ်ပတ်ပေရေနေသောအရာကို လုံးဝ မကိုင်တွယ်ချင်ခဲ့ပေ။ သို့သော် သူမ၏ငွေကြေးများကို ပြန်လိုချင်ပြီး ဟူရှောင်ဟွာအား ဥပဒေနှင့်အညီ အပြစ်ပေးနိုင်ရန်အတွက် ဤအတွင်းခံကို အသုံးပြုမှသာ ရပေလိမ့်မည်။
ညစ်ညမ်းလှသော ထိုအရာကို လက်ဖြင့်တော့ သူမ မကိုင်တွယ်ဝံ့ပေ။ ကံဆိုးမှုများ ကပ်ငြိလာမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် လက်နှစ်ဖက်လုံးတွင် ပလတ်စတစ်အိတ်များ စွပ်လိုက်ပြီးမှ ကတ်ကြေးဖြင့် အတွင်းခံကို ဆွဲထုတ်လိုက်သည်။
“မေမေ၊ ဒီအတွင်းခံလေးက အနီရောင်လေး၊ လှလိုက်တာ။ မေမေ့ဟာလားဟင်”
လုံးလုံးဝန်းဝန်း ခေါင်းလေးနှစ်လုံး ပူးကပ်သွားပြီး ကျောင်းတိက အာမေဍိတ်သံလေးဖြင့် ရေရွတ်လိုက်၏။
“ဒါက... ပီယဲကာဒင်ပဲ”
ကျောင်းတိဘေးတွင် လှဲနေသော ရှောင်လန်က ခေါင်းလေးပြူထွက်လာကာ မမျှော်လင့်ဘဲ ဝင်ပြောလိုက်သည်။
အမှန်တကယ်ပင် ပီယဲကာဒင်တံဆိပ် အတွင်းခံ ဖြစ်နေသည်။ ရှီးဖျင်မြို့ရှိ နိုင်ငံပိုင် ကုန်တိုက်ကြီးတွင် ပီယဲကာဒင် အရောင်းကောင်တာပင် ရှိ၏။