← Chapters

အခန်း ၅၄

Vol. 6 Ch. 54

အခန်း ၅၄

Vol. 6 Ch. 54

အခန်း (၅၄)

သို့သော် စျေးနှုန်းများမှာ မေးခိုင်သွားလောက်အောင် အလွန်အမင်း မြင့်မားလွန်းလှသည်။ ဝတ်စုံတစ်စုံလျှင် ယွမ်ခြောက်ရာ ခုနစ်ရာခန့်ရှိပြီး ခါးပတ်တစ်ကွင်းလျှင်ပင် ယွမ်နှစ်ရာ သုံးရာခန့် ရှိလေသည်။

ဤမျှ သေးငယ်လှသော အတွင်းခံလေးကို အထင်မသေးလိုက်သင့်ပေ။ တစ်ထည်လျှင် ယွမ် ၅၀ ထက် မနည်းပေးရ၏။

သာမန်လူတစ်ယောက်၏ တစ်လပျမ်းမျှလစာ ယွမ် ၃၀၀ သာရှိသော ခေတ်ကာလတွင် လူအများစုမှာ မဝယ်နိုင်ကြပေ။

ထို့ကြောင့် လူအများက ထိုတံဆိပ်ကို ပီယဲဖင်ပြောင်ဟု နောက်ပြောင်ကာ နာမည်ပေးထားကြသည်။

“ပီယဲဖင်ပြောင်လို့ ခေါ်မှန်း သားက ဘယ်လိုလုပ်သိတာလဲ”

ချန်မေ့လန်က အတွင်းခံမှ တံဆိပ်ကို ကတ်ကြေးဖြင့် ညှပ်ထုတ်နေရင်း ရှောင်လန်ကို စိတ်ဝင်စားသွားမိသည်။

“မေမေ့ဆီမှာလည်း အဲ့ဒါမျိုး ရှိတယ်။ တစ်ယောက်ယောက်က ပေးထားတာ”

ရှောင်လန်က ခေါင်းအုံးပေါ်တွင် ခေါင်းမှီထားရင်း ပြန်ဖြေ၏။

‘ယန်ကျောက်က ကျိုးရွှယ်ချင်းကို ပီယဲကာဒင်အတွင်းခံ ဝယ်ပေးခဲ့ဖူးတာများလား၊ ကလေးက မှတ်မိနေတာလား'

ဘယ်သူ ထင်ထားမည်နည်း။ သူမနှင့် စကားပြောရုံဖြင့် နားရွက်ဖျားလေးများ နီရဲသွားတတ်သော အမျိုးသားသည် တစ်ချိန်က ထိုမျှရိုမန်တစ်ဆန်ခဲ့လိမ့်မည်ဟု သူမ မတွေးမိခဲ့ပေ။

ထိုစဉ် အပြင်ဘက်မှ ချောင်းဟန့်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ယန်ကျောက်၏ ချောင်းဟန့်သံပင်။

“ဒီလိုစကားမျိုးက ဖြစ်ကတတ်ဆန်း မပြောသင့်ဘူးနော်၊ အခုကစပြီး အတွင်းခံအကြောင်းမပြောကြေး၊ ဟုတ်ပြီလား”

ချန်မေ့လန်က အလျင်အမြန်ပင် တားမြစ်လိုက်သည်။

“ဘာဖြစ်လို့လဲဟင်”

အပြစ်ကင်းစင်သော နှုတ်ခမ်းငယ်လေးနှစ်ခုက ပြိုင်တူ မေးခွန်းထုတ်လိုက်ကြ၏။

“ဘာလို့လဲဆိုတော့ အတွင်းခံဆိုတာ လူတစ်ယောက်ရဲ့ အလုံခြုံဆုံးနေရာမှာ ၀တ်ထားရမယ့် အရာပဲလေ။ အဲ့ဒီအကြောင်းပြောရင် တခြားလူတွေက သားတို့ကို လှောင်ကြလိမ့်မယ်”

ချန်မေ့လန်က ရှောင်လန်၏ ဖြူဖြူဖွေးဖွေး ဖောင်းအိနေသော တင်ပါးလေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

“ကဲ... အခု အိပ်ကြတော့”

ဤကလေးငယ်လေးမှာတော့ အတွင်းခံမရှိဘဲ ဗလာကျင်းနေရှာ၏။

‘နောက်တစ်နေ့ကျရင် သူ့အတွက် အတွင်းခံတစ်ထည်လောက် ဝယ်ပေးရဦးမယ်’

သူမ မီးပိတ်လိုက်စဉ် အပြင်ဘက်မှ လေးလံသော ခြေသံများကို ကြားလိုက်ရသည်။

ယန်ကျောက် ထွက်သွားလေပြီ။

တစ်ချိန်တည်းမှာပင် ဘေးခန်း၌ ယန်ကျောက် အခန်းထဲဝင်ဝင်ချင်း ရေဇလုံတစ်ဝက်ခန့် ရေခပ်ထည့်လိုက်ပြီး ဆပ်ပြာယူကာ လက်ကို စတင်ဆေးကြောတော့သည်။

တစ်ခါဆေးရုံဖြင့် မလုံလောက်ဟု ခံစားရသဖြင့် နောက်တစ်ကြိမ်၊ ထပ်ပြီး နောက်တစ်ကြိမ် အကြိမ်ကြိမ်အခါခါ ဆေးကြောပြီးနောက်မှ လက်ကိုခါကာ အိပ်ရာပေါ်သို့ တက်လိုက်သည်။

“ဖေဖေ၊ အန်တီချန်က မဆိုးဘူးလို့ သားထင်တယ်။ သူက လူကို ရိုက်မယ့်ပုံမပေါ်ဘူး”

ရှောင်ဝမ်က ရိုးရိုးသားသားပင် ဖွင့်ဟလိုက်၏။

“သူ့ကို မေမေလို့ခေါ်လေ”

ယန်ကျောက်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သား မခေါ်ချင်ပါဘူး၊ အလွန်ဆုံးခေါ် မိထွေးပေါ့”

ဘေးခန်းမှ ကျောင်းတိ၏ ညင်သာသော သီချင်းသံလေး ထွက်ပေါ်လာသောကြောင့် ရှောင်ဝမ်၏အသံလေးမှာ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားသည်။

“ဒီလောကကြီးမှာ မေမေတွေကသာ အကောင်းဆုံးပဲ၊ မေမေရှိတဲ့ ကလေးတွေက ရတနာလေးတွေလိုပါပဲ...”

“ထပ်ဆိုပါဦး၊ ထပ်ဆိုပါဦး၊ သား ထပ်နားထောင်ချင်သေးတယ်”

ရှောင်လန်၏ ချိုသာသောအသံလေး ထွက်ပေါ်လာ၏။

“ဖေဖေ၊ သားကိုရော သီချင်းလေးတစ်ပုဒ်လောက် မဆိုပြချင်ဘူးလားဟင်”

ရှောင်ဝမ်က မျက်ရည်များဝဲလည်လျက် စိတ်ပျက်အားငယ်စွာဖြင့် လှည့်မေးလိုက်သည်။

ယန်ကျောက်က လက်မြှောက်လိုက်သည်။ သီချင်းဆိုရန် စည်းချက်လိုက်ပေးမည်ဟု ထင်မှတ်ကာ ရှောင်ဝမ်က မျှော်လင့်တကြီး စိုက်ကြည့်နေမိ၏။

ကလစ် ဟူသော အသံနှင့်အတူ မီးခလုတ်ကို ပိတ်ချလိုက်သည်။

အမှောင်ထုထဲတွင် သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း ဘေးခန်းမှ ပျော်ရွှင်ကြည်နူးဖွယ် အသံများကို တိတ်တဆိတ် နားထောင်နေကြသည်။

ရှောင်ဝမ်က ကိုယ်ကိုလှည့်ရန် ပြင်လိုက်စဉ် ယန်ကျောက်က ဂရုတစိုက်ဖြင့် ချက်ချင်းမေးလိုက်၏။

“ထပြီး ဒိုက်ထိုးချင်လို့လား။ ဖေဖေ သားနဲ့အတူတူ ထိုးပေးမယ်လေ”

“ခူး... ခူး၊ သား အိပ်ပျော်သွားပြီ”

ရှောင်ဝမ်မှာ မျက်လုံးထဲတွင် မျက်ရည်ပူများ ပြည့်လျှံနေပြီး ငိုချင်စိတ်ပေါက်နေသော်လည်း အိပ်ချင်ယောင်ဆောင်ကာ ပြန်ဖြေလိုက်သည်။

သူ အမှန်တကယ်ပင် အိပ်မောကျသွားပြီး ဟောက်သံများပင် ထွက်ပေါ်နေပြီဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျောင်းတိက မျက်လုံးတစ်ဝက်ပွင့်လာပြီး သူမ၏ မျက်နှာလေးကို စမ်းသပ်ကြည့်လိုက်၏။

“မေမေ၊ မေမေ့အသားအရေက ဖြူဖွေးပြီး နူးညံ့နေတာပဲ”

အရင်ဘဝတုန်းက ကျောင်းတိသည် မူလတန်းပြီးကတည်းက အိမ်မှထွက်ကာ ကျောင်းတွင်အိပ်‌လေ့ရှိသည်။ အိမ်ပြန်လာတိုင်း သူမ အမြဲပြောလေ့ရှိသည့် စကားတစ်ခွန်းရှိ၏။

“မေမေ၊ ဘာလို့ထပ်အိုသွားပြန်တာလဲ”

အမျိုးသမီး ပေါ့ပ်စတားတစ်ယောက်နှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ကို သူမကိုယ်တိုင် ကြိုးစားပမ်းစား ပြုစုပျိုးထောင်ခဲ့ရသဖြင့် အိုမင်းရင့်ရော်လာသည်မှာ သဘာဝပင်။

အသားအရေ ဖြူဖွေးသည်ဟူသော ကျောင်းတိ၏ စကားလေးတစ်ခွန်းကြောင့် ချန်မေ့လန်က အသစ်စက်စက် အဖြူရောင်ဂါဝန်လေးကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။

ယွဲ့ရှီအလှကုန်ပစ္စည်းများက တကယ်ကောင်းမွန်လှ၏။ ကျေးလက်တွင်နေစဉ်က သူမ၏မျက်နှာမှာ နေလောင်ထားသော်လည်း ရက်အနည်းငယ်မျှ လိမ်းကျံပြီးသည်နှင့် အသားအရေမှာ သိသိသာသာ ဖြူဝင်းလာခဲ့ပြီဖြစ်သည်။

သူမ မျက်နှာသစ်၊ သွားတိုက်ရန် ပြင်လိုက်စဉ် ယန်ကျောက်လည်း အိပ်ရာမှ ထလာသည်။

စစ်သားများသည် မည်သည့်အခါမျှ ဝဖြိုးမလာတတ်ဘဲ သူတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အချိုးအစားကျနပြီး သန်မာထွားကြိုင်းသည့် အသွင်အပြင် အမြဲရှိနေပုံရ၏။

ချန်မေ့လန်မှာ ဘဝနှစ်ခုလုံး နေထိုင်ဖြတ်သန်းခဲ့ပြီးဖြစ်သဖြင့် ယခုအခါ အန်တီကြီးတစ်ယောက်အရွယ်သို့ ရောက်နေပြီဖြစ်ကာ လောကီဆန္ဒများ ကင်းစင်နေသင့်ပြီဖြစ်သည်။

သို့သော် ယန်ကျောက်၏ခန္ဓာကိုယ်ကို ခိုးကြည့်မိရင်း သူမ၏ရင်ဘတ်ထဲတွင် ရင်ခုန်သံများ မြန်ဆန်လာခြင်းကိုတော့ မတားဆီးနိုင်ခဲ့ပေ။

ကိုယ်လက်သန့်စင်ပြီးနောက် ယန်ကျောက်သည် သူ၏ အစိမ်းရောင်ဦးထုပ်ကို ဆောင်းလိုက်ပြီး လက်အောက်ငယ်သားများအား အမိန့်ပေးညွှန်ကြားနေသည့် လေသံမျိုးဖြင့် စကားစလာသည်။

“ဒီနေ့ ငါ ခရီးထွက်ရမယ်။ မနက်ဖြန်ညလောက်မှ ပြန်ရောက်မယ်ထင်တယ်။ ဟူရှောင်ဟွာကို (၄၈) နာရီ ထိန်းသိမ်းထားဖို့ အချိန်ရတယ်။ ငါပြန်လာမှ သူ့ကို စစ်ဆေးရေးလုပ်မယ်၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်၊ ကြားလား၊”

“လမ်းခရီးမှာ ဂရုစိုက်သွားပါဦး”

ချန်မေ့လန်က ပြုံး၍ နှုတ်ဆက်လိုက်သည်။

‘ရှင် ပြန်လာတဲ့အချိန်ကျရင် ဟူရှောင်မေနဲ့ ယန်ရှီရှန်းတို့ ကျွန်မတို့ အိမ်တံခါးဝမှာ ဒူးထောက်ပြီး သူတို့ကို ခွင့်လွှတ်ပေးဖို့ ငိုယိုတောင်းပန်နေတာကို ရှင် တွေ့ရလိမ့်မယ်’ ဟုသာ သူမ ပြောလိုက်ချင်၏။

‘ရှင့်မျက်လုံးတွေ ပြူးထွက်မသွားဖို့ မျှော်လင့်ပါတယ်’

ယန်ကျောက်၏ လုပ်နည်းလုပ်ဟန်မှာ ဥပဒေနှင့်ညီသော ပုံမှန်လုပ်ထုံးလုပ်နည်းသာ ဖြစ်သည်။ ရဲတပ်ဖွဲ့ဆိုသည်မှာ လူမိုက်များမဟုတ်ပေ။

ဟူရှောင်ဟွာက လူများကို နောက်ကွယ်မှ အုတ်ခဲဖြင့် ခိုးရိုက်ချင်သလို ရိုက်နိုင်သော်လည်း ရဲတပ်ဖွဲ့ကမူ လူများကို အတင်းအကျပ် အပြစ်ဝန်ခံခိုင်း၍မရပေ။ ဥပဒေနှင့် အထောက်အထားများအပေါ် အခြေခံ၍သာ လုပ်ဆောင်ရမည်ဖြစ်သည်။

သူမ လိုချင်သည့်အရာမှာ ဟူရှောင်ဟွာအား သူကျူးလွန်ခဲ့သော လုပ်ရပ်များအတွက် ထိုက်တန်သော ပြစ်ဒဏ်ခံစားရစေရန်နှင့် ထောင်ထဲတွင်ဘဝဆုံးသွားစေရန် ဥပဒေရှေ့မှောက်သို့ ဆွဲခေါ်သွားရေးပင်။

ယင်းအတွက် သမားရိုးကျမဟုတ်သော မည်သည့်နည်းလမ်းများကိုမဆို အသုံးပြုရန် ဝန်လေးနေမည်မဟုတ်ပေ။

ပီယဲကာဒင်တံဆိပ်ပြားလေး ကပ်ပါနေသေးသော အတွင်းခံမှ ဖြတ်ယူထားသည့် သားရေကြိုးကိုကိုင်ကာ ချန်မေ့လန်က စာအိတ်တစ်အိတ်ထဲသို့ ထည့်လိုက်ပြီး စာတိုက်သို့ တိုက်ရိုက် ဦးတည်ထွက်ခွာသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်တစ်ရက် ကုန်ဆုံးသွားပြန်သည်။

ယနေ့တွင် တုန်းဖန် လုပ်ငန်းစု၏ ခန်းမကြီးထဲတွင် အနီရောင်နှံစားပြောင်း ဇာတ်ကားကို ပြသနေ၏။

ရှန်ပေါင်ဖုန်၏ အပေါ်ပိုင်းဗလာကျင်းနေသော ခန္ဓာကိုယ်နှင့် ကုန်းလီ၏ ရင်ဖုံးအင်္ကျီလေးကို လူအများက မည်မျှကြည့်ကြည့် ရိုးအီသွားခြင်းမရှိကြပေ။

‘ညီမလေးရေ၊ ရဲရဲဝံ့ဝံ့ ရှေ့ဆက်လျှောက်ပါ’ ဟူသော သီချင်းသံကိုလည်း သူတို့ နားထောင်၍ မဝနိုင်ကြသေးပေ။

လက်မှတ်များအားလုံး ရောင်းကုန်သွားပြီဖြစ်သော်လည်း ချီတုန်မိန်နှင့် ဟူရှောင်မေတို့ကမူ သွားမကြည့်ဖြစ်ကြပေ။ သူတို့သည် ယန်ရှီရှန်းကို ထောင့်ကျဉ်းလေးထဲ လှောင်ပိတ်ထားသကဲ့သို့ ဝိုင်းထားကာ ဟူရှောင်ဟွာ၏ပြဿနာအား မည်သို့ဖြေရှင်းရမည်နည်း ဟူသည်ကို ဆွေးနွေးနေကြသည်။

ဟူရှောင်မေ၏ဂုဏ်သိက္ခာမှာ အစအနပင် မကျန်တော့လောက်အောင် ပျက်စီးနေပြီဖြစ်သည်။ မြို့နယ်ပညာရေးဗျူရိုမှ အကြီးအကဲများက ယန်ရှီရှန်း၏ လက်ဆောင်များကိုပင် လက်မခံကြတော့ဘဲ ဟူရှောင်မေကို ပညာရေးစနစ်မှ တိုက်ရိုက် ထုတ်ပယ်ပစ်ချင်နေကြ၏။

ဟူရှောင်ဟွာသည်လည်း ခိုးမှုဖြင့် အချုပ်ထဲရောက်နေပြီဖြစ်ရာ သူ့ကို ကယ်ထုတ်နိုင်ရန်အတွက် သူတို့အားလုံး ထွက်ဆိုချက်များကို ဇာတ်တိုက်ထားရန် လိုအပ်နေသည်။

ဒုက္ခများက မိုးသည်းကြီးမည်းကြီး ရွာချသလို တသီတတန်းကြီး ကျရောက်လာခဲ့သည်။ ချီတုန်မိန်မှာ မျက်ရည်ခမ်းသည်အထိ ငိုကြွေးထားရ၏။

ကံကောင်းထောက်မစွာဖြင့် ယန်ရှီရှန်းက ဟူရှောင်ဟွာကို အချုပ်မှထုတ်နိုင်ရန် ထွက်ဆိုချက်များ ညှိနှိုင်းပေးမည်ဟု သဘောတူခဲ့သောကြောင့် သူ ထောင်ကျမည့်ဘေးမှ သီသီလေး လွတ်မြောက်သွားနိုင်မည်ဖြစ်သည်။

ယွမ် ငါးထောင်။

ထိုပမာဏမှာ အနည်းဆုံး အလုပ်ကြမ်းစခန်းတွင် သုံးလခန့်နေရမည့် ပြစ်ဒဏ်ဖြစ်သည်။ ဟူရှောင်ဟွာ ရန်စထားခဲ့ဖူးသော လူအတော်များများရှိရာ အထဲရောက်သွားလျှင် ရိုက်နှက်ခံရပြီး သေသွားနိုင်ခြေများလှသည်။

ထိုစဉ် ဟူရှောင်မေ၏ ပထွေးဖြစ်သူ ဖန်ရှန် အိမ်ပြန်ရောက်လာပြီး မျက်နှာကြီးစူပုပ်လျက် အိမ်ထဲသို့ဝင်လာ၏။

ယန်ရှီရှန်း၏ ကျောက်မီးသွေးတွင်းလုပ်ငန်းမှာ ဖန်ရှန်၏အဆက်အသွယ်များကြောင့်သာ အပြည့်အဝ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဟူရှောင်မေနှင့် ပတ်သက်သော ကောလာဟလများက တောမီးပမာ ပြန့်နှံ့နေခဲ့ရာ ချီတုန်မိန်မှာ ခင်ပွန်းဖြစ်သူရှေ့တွင် အသက်ကျယ်ကျယ်ပင် မရှူရဲရှာပေ။

ဟူရှောင်မေသည်လည်း စိုးရိမ်တကြီး မတ်တတ်ထရပ်လိုက်သည်။

“ဦးလေးဖန်၊ လက်ဖက်ရည်လေး ငှဲ့ပေးရမလားဟင်”

ဘုန်းခနဲ မြည်သံနှင့်အတူ ဖန်ရှန်က ချီတုန်မိန်၏ပေါင်ပေါ်သို့ ပစ္စည်းတစ်ခုကို ပစ်ချလိုက်၏။

All Chapters